ကျိုးရှန့်ဖန်သည် သူမအိမ်တံခါးရှေ့မှ ဖြတ်သွားစဉ် ရုတ်တရက် တင်ပါးကိုရှုံ့ပြီး အော်ဟစ်လိုက်သည်။
"ဒုက္ခပါပဲ ငါထိန်းမထားနိုင်တော့ဘူး၊ ထောင်ဟွား နင့်ရေအိမ်ခဏလောက်သုံးလို့ရမလား"
ကျိုးထောင်ဟွား ခြံတံခါးပိတ်တော့မည်ကို ကျိုးရှန့်ဖန်မြင်လိုက်သဖြင့် ချက်ချင်း လှမ်းတားလိုက်သည်။ ကျိုးထောင်ဟွားလည်း လုပ်လက်စကိုချက်ချင်းရပ်ပြီး သူမကို အထဲဝင်ခွင့်ပြုလိုက်၏။
"ဝေါ့"
မလှမ်းမကမ်းရှိ ကျိုးရှန့်ကျင်းသည် ရုတ်တရက်အန်ချလိုက်ပြီး မျက်နှာဖြူဖျော့သွားလေသည်။ ကျိုးထောင်ဟွား မျက်မှောင်ကြုတ်သွားပြီး သူမရင်ထဲတွင် မကောင်းသောကြိုတင်နိမိတ်တစ်ခု ပေါ်လာလေ၏။ လူတိုင်းနေမကောင်း ဖြစ်နေကြတာလား။ ရှေးခေတ်ကာလတွင် လူအစုလိုက်အပြုံလိုက်ဖျားနာခြင်းသည် ကပ်ရောဂါဖြစ်ရန် အလွန်သေချာသလောက်ပင်ဖြစ်သည်။ ကျိုးထောင်ဟွား အလွန်စိုးရိမ်သွားပြီး ကျိုးရှန့်ဖန် ထွက်သွားပြီးနောက် အဘိုးရှန့်ဖျင်အိမ်သို့ ချက်ချင်းသွားလိုက်၏။ ဤအချိန်တွင် အဘိုးရှန့်ဖျင်ကို ရွာသားများဝိုင်းရံထားကြပြီး သူတို့တစ်ယောက်ချင်းစီတွင် ပုံမှန်မဟုတ်သော ရောဂါလက္ခဏာများပြသနေကြသည်။
အချို့မှာ နှာရည်ယိုနေကြပြီး၊ အချို့က လည်ချောင်းနာနေကြကာ၊ အချို့မှာ ချောင်းဆိုးနေကြ၏။ အဘိုးရှန့်ဖျင်သည် မကြာသေးမီကပင် တစ်ရက်တည်းနှင့် တစ်နှစ်စာလောက်ရှိသော အအေးမိဖျားနာဆေးများကို ရောင်းချခဲ့ရသည်။ ကံကောင်းစွာဖြင့် မနေ့က သူ့သားကိုမြို့ပေါ်လွှတ်ပြီး ဆေးတချို့ထပ်ဝယ်ခိုင်းထားခဲ့၏။ ခူယားကောင်နတ်ဆိုးမှာ သူမကိုသတိပေးလိုက်သည်။
"သခင်မ သူတို့အားလုံးကနေမကောင်းဖြစ်နေကြတာမလို့ ဝေးဝေးနေသင့်တယ်"
ကျိုးထောင်ဟွား နှာခေါင်းစည်းသဘောမျိုးအဖြစ် သူမအင်္ကျီလက်စဖြင့် ပါးစပ်ကိုဖုံးအုပ်ရန် လက်ကိုမြှောက်လိုက်သည်။
အဘိုးရှန့်ဖျင်သည် လူအုပ်အပြင်ဘက်ရှိ ကျိုးထောင်ဟွားကိုမြင်သွား၏။ လူနာများကိုသွေးကြောစမ်းပေးနေရင်း သူမေးလိုက်သည်။
"ထောင်ဟွား သမီးလည်းအအေးမိသွားတာလား"
အဘိုးရှန့်ဖျင်သည် ရွာသားများ၏အထပ်ထပ်ဝိုင်းရံခြင်းကို ခံနေရပြီး အားလုံးမှာ သူ့ထံရောဂါပြသရန်စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးစမ်းသပ်ပြီးစီးချိန်ဆိုမှောင်သည်ထိ အချိန်ယူရလိမ့်မည်ကို ကျိုးထောင်ဟွားသိလိုက်၏။ သူမ စိတ်ထဲရှိနေသော မေးခွန်းကိုမေးလိုက်သည်။
"အဘိုးရှန့်ဖျင် ဒါက ရိုးရိုးအအေးမိတာနဲ့ ဖျားရုံသက်သက်ပဲလား"
သူမမှာ ဆေးပညာ၌ကျွမ်းကျင်သူမဟုတ်သဖြင့် အဘိုးရှန့်ဖျင်ထံသာမေးမြန်းနိုင်ပေသည်။ အဘိုးရှန့်ဖျင်ခေါင်းညိတ်ပြလိုက်၏။ သူသည် ဆေးပညာ၌ကျွမ်းကျင်သော်လည်း သူ့စိတ်ထဲတွင် စိုးရိမ်မှုတစ်ခုရှိနေသည်။
"ထောင်ဟွား ဒီတစ်ခါရွာသားအများစုက အအေးမိပြီး ဖျားနေကြတာ၊ နတ်ဆိုးဝိညာဉ်တစ်ခုခုက ဒုက္ခပေးနေတာများလား"
ရွာထဲတွင် ဤမျှလူအများအပြား အအေးမိနေကြသည်မှာ ပုံမှန်ဟုတ်မနေပေ။ ကျိုးထောင်ဟွား ခေါင်းယမ်းပြလိုက်သည်။
"အဘိုးရှန့်ဖျင် သမီးဘယ်သူ့ဆီမှာမှ နတ်ဆိုးဝိညာဉ်မတွေ့ရဘူး"
အဘိုးရှန့်ဖျင်မျက်မှောင်ကြုတ်သွားသည်။
"မရှိဘူးလား ဒါဆိုသူတို့က ရိုးရိုး အအေးမိရုံသက်သက်ပဲပေါ့"
ကျိုးထောင်ဟွား ခေါင်းထပ်ယမ်းလိုက်သည်။
"အဲဒီလိုလည်း မဟုတ်သေးဘူး၊ ဒီနတ်ဆိုးက သူ့ရဲ့အငွေ့အသက်ကို ဖုံးကွယ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်နေတာဖြစ်နိုင်တယ်၊ သမီးအရင်ဆုံး စုံစမ်းကြည့်လိုက်ဦးမယ်၊ တကယ်လို့ လူတွေကိုဒုက္ခပေးနေတဲ့နတ်ဆိုးသာ တကယ်ဖြစ်နေရင် သမီး လုံးဝခွင့်လွှတ်မှာမဟုတ်ဘူး"
ထို့နောက် ကျိုးထောင်ဟွား ရွာထဲတွင်မည်သူက အရင်ဆုံးအအေးမိခဲ့သည်ကို အဘိုးရှန့်ဖျင်ထံမေးလိုက်သည်။ အဘိုးရှန့်ဖျင် မဖြေနိုင်ခင်မှာပင် ရွာသားတစ်ယောက်မှ ဝင်ပြောလာ၏။
"ရန်ချွန်းမေ့ပဲ၊ အစကတော့ လူတိုင်းနေကောင်းနေကြတာပဲ၊ ဒါပေမဲ့ သူမ တစ်နေကုန်ချောင်းဆိုးနေတာကို ငါတို့ ကြားခဲ့ရတယ်၊ သူမက ငါတို့ကိုကူးစက်စေခဲ့တာများလား"
"သူမယောင်္ကျားနဲ့ သားကရွာကနေထွက်သွားကြပြီကို သူမကဘာလို့ ဒီမှာဆက်နေနေသေးတာလဲ၊ လူတွေကိုဒုက္ခပေးနေတာ မဟုတ်ဘူးလား"
ထိုစကားများကြောင့် လူတိုင်း၏စိတ်ခံစားမှုများ ထိခိုက်သွားကြသည်။ ပုံမှန်အားဖြင့် ကိုယ်ကျင့်တရားကောင်းပြီး နူးညံ့သိမ်မွေ့သော ကျန်းချွေ့အာပင်လျှင် ဝင်မပြောဘဲမနေနိုင်တော့ပေ။
"ဒီလိုဒုက္ခပေးတတ်တဲ့သူကို ရွာကနေ နှင်ထုတ်ပစ်သင့်တယ်"
ထိုသို့ဆဲဆိုပြီးနောက် သူမသည်ပြင်းပြင်းထန်ထန်ချောင်းထပ်ဆိုးလေသည်။ သူမဘေးရှိကျိုးဖုန်းမှ ချက်ချင်း နှစ်သိမ့်လိုက်၏။
"ချွေ့အာ ဒေါသမထွက်ပါနဲ့ ကိုယ်ဝန်ကြီးနဲ့လေ"
ကိုယ်ဝန်ရှိနေသဖြင့် ကျန်းချွေ့အာသည် အထူးသဖြင့် စိတ်ထိခိုက်လွယ်နေသည်။
သူမနေမကောင်းဖြစ်နေပြီး ဆေးသောက်လျှင်ဗိုက်ထဲမှ ကလေးကိုထိခိုက်မည်အား စိုးရိမ်နေသဖြင့် ပုံမှန်မဟုတ်ဘဲ စိတ်ဆတ်နေခြင်းပင်။ ကျိုးထောင်ဟွား သူမဝမ်းဗိုက်ကို တစ်ချက်ကြည့်လိုက်ပြီး ထွက်သွားရန်ပြင်လိုက်စဉ် ရန်ချွန်းမေ့တစ်ယောက် တံခါးပေါက်မှနေတိတ်တဆိတ် ထွက်ပြေးသွားသည်ကို ဖြတ်ကနဲမြင်လိုက်ရသဖြင့် နောက်မှပြေးလိုက်သွားသည်။ ရန်ချွန်းမေ့သည် အိမ်ထဲသို့ငိုယိုပြေးဝင်သွားပြီး တံခါးကိုသော့ခတ်လိုက်သည်။ ကျိုးထောင်ဟွား တံခါးကိုမည်မျှခေါက်ခေါက် ပြန်ထူးမလာခဲ့ပေ။
"သူမ မိုက်မဲတာတစ်ခုခုများလုပ်လိုက်မလား"
ကျိုးထောင်ဟွား မကောင်းသောခံစားချက်တစ်ခု ဝင်လာသည်။ ကံကောင်းစွာဖြင့် သူမနှင့်အတူခူယားကောင်နတ်ဆိုးရှိနေ၏။ သူမခြံဝင်းတံခါးပေါ်မှ ကျော်ပျံသွားပြီး ခေါင်မိုးတန်းတွင်ကြိုးချည်ကာ ခုံကိုကန်ထုတ်လိုက်သော ရန်ချွန်းမေ့အားတွေ့လိုက်ရသည်။
"မြန်မြန် သူ့ကိုအောက်ချလိုက်"
ခူယားကောင်နတ်ဆိုး၏ အကူအညီဖြင့် ရန်ချွန်းမေ့ကို သေဘေးမှဆွဲတင်နိုင်ခဲ့သည်။
"ထောင်ဟွားလား"
ရန်ချွန်းမေ့ ကျိုးထောင်ဟွားကိုမြင်လိုက်သည့် အခိုက်အတန့်တွင် မျက်ရည်များ ထိန်းမနိုင်သိမ်းမရ စီးကျလာလေသည်။
သေရန်ဆုံးဖြတ်ချက်ချထားခဲ့သော ရန်ချွန်းမေ့သည် အသက်ရှင်ကျန်ရစ်ပြီးနောက် ထပ်သေရန်သတ္တိမရှိတော့ပေ။
သူမရင်ထဲတွင် သေခြင်းတရားအား ကြောက်ရွံ့မှုသာ ကျန်ရစ်တော့သည်။
တစ်ကြိမ်သေဖူးသွားသဖြင့် သေခြင်းတရားမှာ မည်မျှကြောက်စရာကောင်းကြောင်း သူမသိသွားခဲ့ပြီပင်။ သို့သော် ယခုချိန်၌ သူမမှာရွာ၏အပြစ်သားတစ်ယောက်ဖြစ်နေပြီဖြစ်ရာ သူမအနေဖြင့်မည်သူ့မျက်နှာကိုကြည့်ပြီး ဆက်အသက်ရှင်ရမည်ပိုပင်မသိတော့ပေ။
သူမထံ၌ သွားစရာနေရာလည်းမရှိတော့ချေ။ ရွာလူကြီးမှာ သူမအားအိမ်ထောင်စုစာရင်းလုပ်ပေးပြီး ရွာ၌အခြေချနိုင်အောင်ကူညီပေးခဲ့သလို တခြားသူများအားလုံးကလည်း သူမအပေါ်အလွန်တရာကောင်းပေးခဲ့ကြပေသိ သူမမှာတော့သူတို့ အအေးမိရောဂါကူးစက်စေခဲ့သည်။ ကျိုးထောင်ဟွား သူမကျောကိုအသာပွတ်သပ်ပြီး နှစ်သိမ့်လိုက်၏။
"အစ်မချွန်းမေ့ မငိုပါနဲ့၊ ညီမတို့နည်းလမ်းတစ်ခုခုတော့ ရှာတွေ့မှာပါ၊ အစ်မအရင်က ဘယ်တွေသွားခဲ့လဲ၊ အဲဒီမှာ ဘာတွေလုပ်ခဲ့လဲဆိုတာ ညီမကိုပြောပြပါ"
ရန်ချွန်းမေ့ငိုကြွေးနေပြီး သူမမျက်နှာထက်တွင်လည်း ဇဝေဇဝါဖြစ်မှုများဖြင့်ပြည့်နှက်နေသည်။ ဒီရက်ပိုင်း သူမသည်မြို့ရိုးဆောက်နေသောအလုပ်သမားများအတွက် ထမင်းဟင်းကူချက်ပေးပြီး ပို့ပေးခဲ့သလို ပိုက်ဆံပိုရရန် ရွာထဲမှဆေးပင်များပါခူးဆွတ်ခဲ့၏။ သူမအချိန်အများစုကို ရွာထဲမှာသာကုန်ဆုံးခဲ့ပြီး အပြင်သိပ်မထွက်ခဲ့ပေ။ သူမ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျိုးထောင်ဟွား မျက်မှောင်အသာကြုတ်လိုက်သည်။ ပုံမှန်မဟုတ်သောအရာ ဘာမှမတွေ့ရပေ။
"အစ်မချွန်းမေ့ အဲဒီအချိန်တုန်းက ပုံမှန်မဟုတ်တာ တစ်ခုခုသတိထားမိခဲ့သေးလား၊ အသေးအမွှားလေးဖြစ်ဖြစ်လေ သေချာစဉ်းစားကြည့်ပါဦး"
ကျိုးထောင်ဟွား မေးခွန်းဆက်ထုတ်လိုက်သည်။ ခဏအကြာတွင် ရန်ချွန်းမေ့ တစ်ခုခုကို ဖြတ်ကနဲသတိရသွား၏။
"အရင်ရက်ပိုင်းက အစ်မတောင်ပေါ်ကို ထမင်းဟင်းတွေသယ်သွားတုန်း ပစ္စည်းတွေနဲ့ အနောက်ဆုံးကနေလမ်းလျှောက်နေခဲ့တာလေ၊ ရုတ်တရက် ကျောထဲကနေ ချမ်းစိမ့်စိမ့်ဖြစ်သွားသလို ခံစားလိုက်ရတယ်၊ ပြီးတော့ အိမ်ပြန်ရောက်တဲ့အခါကျ ပခုံးတွေကိုက်ခဲလာပြီး အားသိပ်မစိုက်နိုင်တော့ဘူး"
ထိုစကားကို ကြားသောအခါ ကျိုးထောင်ဟွားအကြည့်များမှာ ချက်ချင်း သူမနောက်ကျောပြင်ပေါ်သို့ ကျရောက်သွားသည်။
"အစ်မ ညီမကြည့်ရအောင် အင်္ကျီချွတ်လိုက်ပါဦး"
ဟမ်
ရန်ချွန်းမေ့မှာ အစပိုင်းတွင်လန့်သွားသော်လည်း ရှက်ရွံ့နေသည့်ကြားမှ ပြောသည့်အတိုင်း လုပ်လိုက်သည်။ သူမ၏နွေရာသီ အဝတ်အစားများကို ဖယ်ရှားလိုက်သောအခါ သူမ၏ပြည့်ဖြိုးသော ခန္ဓာကိုယ်ချက်ချင်းပေါ်လွင်လာလေ၏။ ရန်ချွန်းမေးတွင် ဂျုံရောင်အသားအရေရှိပြီး သူမကျောပြင်ပေါ်တွင် ထင်ရှားသောအရိပ်တစ်ခု ရှိနေလေသည်။ ၎င်းသည် လုံးဝန်းသောပုံသဏ္ဍာန်ရှိပြီး တုပ်ကွေးဗိုင်းရပ်စ်နှင့်တူကာ ချွန်ထက်သောဆူးချွန်လေးများဖြင့် ဖုံးလွှမ်းနေ၏။ ၎င်းသည် ရန်ချွန်းမေး၏ကျောပြင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော တံဆိပ်ရာတစ်ခုအလား ပေါ်လွင်နေလေသည်။
"ဒီလိုကိုး"
ကျိုးထောင်ဟွားမျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ထောင်ဟွား ဘာဖြစ်လို့လဲ၊ ငါ့ကိုယ်ပေါ်မှာ တစ်ခုခုရှိနေလို့လား"
ကျိုးထောင်ဟွားစကားကိုကြားသောအခါ ရန်ချွန်းမေ့အနည်းငယ် ကြောက်လန့်သွားသည်။ ကျိုးထောင်ဟွား ရန်ချွန်းမေ့ပေါ်မှ ထူးဆန်းသောတုပ်ကွေးနှင့်တူသည့်အငွေ့အသက်ကို ဦးစွာစစ်ဆေးပြီးနောက် ရန်ချွန်းမေ့အား အဝတ်အစားများပြန်ဝတ်ရန် ကူညီပေးလိုက်၏။
"နတ်ဆိုးတစ်ကောင် ဒုက္ခပေးနေတာ အမှန်ပဲ၊ ဒါပေမဲ့ စိတ်မပူပါနဲ့ အားလုံး အဆင်ပြေသွားမှာပါ၊ ညီမအခုပဲ သူ့ကိုသွားရှာလိုက်ဦးမယ်"
ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွား မြေပြင်ပေါ်ရှိကြိုးကို ကောက်ယူလိုက်ပြီး ခူယားကောင်နတ်ဆိုးကို သူမအားတောင်ပေါ်သို့ သယ်ဆောင်သွားစေလိုက်သည်။ ကျိုးကျားရွာတွင် ဤမျှအစွမ်းထက်သည့် နတ်ဆိုးတစ်ကောင်ရှိနေလိမ့်မည်ဟု ကျိုးထောင်ဟွားထင်မထားခဲ့မိပေ။
ဒါကြောင့်လည်း အရင်ကသူမနတ်ဆိုးငယ်လေးတချို့ကိုပဲ ဖမ်းနိုင်ခဲ့တာကိုး။
ဒီတစ်ကောင်က အနည်းဆုံးနှစ်ပေါင်းငါးရာ ကျင့်ကြံခြင်းစွမ်းအားရှိနေပြီ။
ရန်ချွန်းမေ့မှာ ခြံဝင်းထဲမှထွက်ခွာသွားသော သူမကိုကြည့်ရင်း မျှော်လင့်ချက်များ တိုးပွားလာသည်ကို ခံစားလိုက်ရသည်။ ကျိုးထောင်ဟွား လေထဲသို့ရောက်ရှိသွားချိန်မှာပင် အပြေးရောက်လာသော ရွာလူကြီးမှအော်ဟစ်လာလေ၏။
"ထောင်ဟွား ပြဿနာအကြီးကြီးတက်ပြီ၊ မြို့ရိုးဆောက်နေတဲ့ အလုပ်သမား အများစုနေမကောင်းဖြစ်နေကြတယ်၊ လူအများစုက အားအင်ကုန်ခမ်းတဲ့အထိ အန်နေကြပြီး ဘာအလုပ်မှမလုပ်နိုင်ကြတော့ဘူး၊ ဒီအတိုင်းသာ ဆက်သွားနေရင် ငါတို့ရဲ့စီမံကိန်း နှောင့်နှေးသွားတော့မယ်"
"အဘိုးရွာလူကြီး စိတ်မပူပါနဲ့၊ လူတိုင်းမကြာခင် အဆင်ပြေသွားမှာပါ၊ ဒါကိုဘာကဖြစ်စေတာလဲဆိုတာ သမီးသိနေပါပြီ"
ကျိုးထောင်ဟွား ထိုစကားများကိုချန်ထားရစ်ခဲ့ပြီး ခူယားကောင်နတ်ဆိုးလေးနှင့်အတူ တောင်ပေါ်သို့ပျံသန်းသွားလေသည်။ ရွာလူကြီးမှာတော့ စူးစမ်းလိုစိတ်ဖြင့်မေးလာသေး၏။
"ဘာကဖြစ်စေတာလဲ"
***