ကျိုးမိသားစုအိမ်တွင် သူမမွေးမြူထားသော ဖားပေါက်စနတ်ဆိုးလေးများကို ရုတ်တရက် သတိရသွားလေသည်။
မနေ့ည၌ သူမရထားသောကျင့်ကြံခြင်းအမြုတေတစ်ဝက်ခန့် ကျန်သေး၏။ အဲဒါတွေအားလုံးကိုသာ ဖားပေါက်စနတ်ဆိုးတွေဆီကျွေးပြီး အရွယ်ရောက်လာအောင်လုပ်လိုက်ရင် ဖားလောင်းနတ်ဆိုးတွေနဲ့ ဖားပေါက်စနတ်ဆိုးလေးတွေပိုပြီး များလာတော့မှာပဲ။ ကျိုးထောင်ဟွား ထိုအရာအားလုံးလုပ်ပြီးသွားသည်နှင့် ဖားပေါက်စနတ်ဆိုးလေးများအားလုံး လူအသွင်ပြောင်းလဲသွားကြလိမ့်မည်။ သူတို့မှာ ဥ,ဥရန်ရေလိုအပ်သည်ကြောင့် ကျိုးထောင်ဟွား သူတို့ကို တောင်ပေါ်သို့ အရင်လွှတ်လိုက်သည်။
တုပ်ကွေးနတ်ဆိုး သေဆုံးသွားပြီးနောက် ကျိုးကျားရွာတစ်ရွာလုံး ဩချရလောက်အောင်ငြိမ်းချမ်းသွားပြီး မည်သည့် နတ်ဆိုးမှမရှိသလောက်ပင်။ တောင်တစ္ဆေဒင်္ဂါးမှာလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး ရွာထဲရှိနတ်ဆိုးများနှင့် မကောင်းဆိုးဝါးဝိညာဉ်များ အားလုံးကိုလည်း သူမရှင်းလင်းပစ်လုနီးပါးဖြစ်သွားခဲ့ပြီ။ ကျိုးကျားရွာ၏ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်ရန် တစ်ခုတော့လိုအပ်နေသေးသည်။
ကျိုးထောင်ဟွား၏ကြိုးပမ်းအားထုတ်မှုဖြင့် သူမသည် လဝက်ခန့်အချိန်ယူကာ အပြင်ဘက်ရှိ တောင်များအပါအဝင် ကျိုးကျားရွာတစ်ရွာလုံးပတ်လည်ဝိုင်းရံထားမည့် အကာအကွယ်အစီအရင်တစ်ခုကို နောက်ဆုံးတွင် အောင်အောင်မြင်မြင်တည်ဆောက်နိုင်ခဲ့၏။ ဤနည်းဖြင့် မည်သည့် နတ်ဆိုးဝိညာဉ်မှ ကျိုးကျားရွာထဲသို့ ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။
ရွာအတွင်းမှ အာဟာရဖြည့်တင်းပေးမည့် တောင်တစ္ဆေဒင်္ဂါးလည်း မရှိတော့သလို ပြင်ပမှအင်အားစုများလည်း ဝင်ရောက်လာနိုင်ခြင်း မရှိတော့သဖြင့်
ကျိုးထောင်ဟွား နောက်ဆုံးတော့ စိတ်အေးလက်အေးနေနိုင်သွားပြီပင်။ ကျိုးကျားရွာ၏မြို့ရိုးများကို တည်ဆောက်နေခဲ့သည်မှာ နှစ်လရှိပြီဖြစ်သည်။ တစ်နေ့တခြား မြင့်တက်လာသော မြို့ရိုးများကိုကြည့်ရင်း ကျိုးထောင်ဟွား အတွေးနက်သွားရ၏။ မူလကမြို့ရိုးဆောက်ပြီးသွားသည်နှင့် ခူယားကောင်နတ်ဆိုးများကို မြို့ရိုးထက်၌ကပ်ထားဖို့ စီစဉ်ထားခဲ့သည်။
သို့သော် ကျိုးကျားရွာမှ အိမ်ထောင်စုတစ်ရာ့ငါးဆယ့်ကိုးစုအား ဘာမှမလုပ်ပါဘဲအချည်းနှီးနေခွင့်ပေး၍မဖြစ်ပေ။ ဓား၊ လှံနှင့် လေးမြားကဲ့သို့လက်နက်များသာသုံးသည့် ဤခေတ်တွင်မီးလှံလက်နက်တို့မှာ သိသိသာသာအသာစီးရနိုင်ပေလိမ့်မည်။ ထို့ပြင် သူတို့ဘက်မှလူနည်းစုနှင့် တစ်ဖက်ရှိလူအများစုကို အနိုင်ယူနိုင်မည့် အောင်ပွဲမျိုးကိုပင်ရယူနိုင်မည်ပင်။ အလွယ်တကူခုခံနိုင်ပြီး လာရောက်တိုက်ခိုက်ရန်လည်းခက်ခဲသောကြောင့် ကျိုးကျားရွာအတွက်လုံးဝအဆင်ပြေလေသည်။ ထိုသို့ဆိုလျှင် အသက်ခုနစ်ဆယ့်နှစ်နှစ်အရွယ် အဘွားယွဲ့ကျန်းပင်တောင် မီးလှံတစ်လက်ကိုင်ပြီး မြို့ရိုးအောက်ရှိတပ်သားများကို ကြောက်လန့်တကြားတုန်ရီသွားအောင်လုပ်နိုင်ပေလိမ့်မည်။ ကျိုးထောင်ဟွား စိတ်မလှုပ်ရှားဘဲမနေနိုင်တော့ပေ။ ကျိုးကျားရွာကတော့ စစ်သည်တော်တွေချည်းပဲရှိတဲ့ တိုင်းပြည်လေးတစ်ခုလိုဖြစ်လာတော့မှာပဲ။
"ထောင်ဟွား နေ့လယ်စာကျက်ပြီ"
ကျိုးထောင်ဟွား တွေးတောနေစဉ်မှာပင် ရှန်းမင်မှာခါးကိုင်းပြီး သူမကိုဆွဲထူလိုက်သည်။ အကြောင်းပြချက်မရှိဘဲ ကျိုးထောင်ဟွားသည် သူ့ဆီမှရနံ့ကြောင့် အလိုလိုမျက်မှောင်ကြုတ်သွားမိ၏။ ထိုရနံ့မှာ သူမအားနေရခက်စေသည်။ မွန်းတည့်ချိန်တွင် ရှန်းမင်မှာ ကျိုးထောင်ဟွားအကြိုက်ဆုံးဖြစ်သည့် ငါးကြင်းနှင့်တို့ဟူးစွပ်ပြုတ်ကို ချက်ပေးခဲ့၏။ ထင်မထားသည်မှာ ကျိုးထောင်ဟွားသည် ဟင်းရည်တစ်ဇွန်းသောက်လိုက်ရုံဖြင့် ပျို့တက်လာလေသည်။
"ညီမထောင်ဟွား"
သူမကျောကို သူအသာပုတ်ပေးလိုက်သည်။ ကျိုးထောင်ဟွားမှာတော့ ခုနလေးတင်သောက်ထားသော ငါးစွပ်ပြုတ်များကိုသာမက မနက်စာများကိုပါအန်ချလိုက်လေ၏။
"ဒီမှာ ပလုတ်ကျင်းဖို့ရေ"
ရှန်းမင်သည် ကျိုးထောင်ဟွားအတွက် ရေတစ်ပန်းကန်ကို ချက်ချင်းယူလာပေးလိုက်သည်။ ပလုတ်ကျင်းပြီးနောက် ကျိုးထောင်ဟွား အနည်းငယ်သက်သာသွားရ၏။ စားပွဲပေါ်ရှိ ငါးကြင်းနှင့်တို့ဟူးဟင်းထံ သူမလက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"အစ်ကိုရှန်းမင် အဲဒါကိုမြန်မြန်ဖယ်သွားလိုက်ပါ"
ရှန်းမင်၏ဟင်းချက်စွမ်းရည်မှာ ချမ်ရှီ ကိုယ်တိုင် သင်ပေးထားခြင်းဖြစ်ပြီး သူချက်ထားသော ငါးဟင်းသည်လည်းမညှီကြောင်းကို ရှန်းမင်အလွန်ယုံကြည်မှုရှိလေသည်။ ထို့ပြင် ယခင်ကတည်းမှ ဤဟင်းမှာ ညီမထောင်ဟွားအကြိုက်ဆုံးဖြစ်ခဲ့၏။ ကျိုးထောင်ဟွား၏ပုံမှန်မဟုတ်သောအပြုအမူကြောင့် ရှန်းမင်ဇဝေဇဝါဖြစ်သွားရသည်။ နောက်တစ်ခဏတွင် သူ့စိတ်ထဲ၌အတွေးတစ်ခု လက်ခနဲပေါ်လာလေ၏။
"ညီမထောင်ဟွား ညီမကိုယ်ဝန်ရှိနေတာတော့ မဟုတ်ဘူးမလား"
ရှန်းမင်ထိုစကားကို ပြောလိုက်သည်နှင့် သူ့ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ပေ။ ကျိုးထောင်ဟွားသည်လည်း ဤအချိန်တွင် သူမကိုယ်ဝန်ရှိလိမ့်မည်ဟုတွက်ချက်ထားခဲ့ဖူးသည်ကို ရုတ်တရက် သတိရသွားသည်။ ကလေးလေးရောက်လာတော့မည်ကို သူမတွက်ချက်ထားပြီးဖြစ်သော်လည်း အဘိုးရှန့်ဖျင်အား သွေးကြောစမ်းပေးရန် အကူအညီသွားတောင်းခဲ့၏။ ထိုအချိန်တွင် အဘိုးရှန့်ဖျင်၏မိသားစုမှာ ထမင်းစားနေကြသည်။ ကျိုးထောင်ဟွားတို့ရောက်လာသည်ကိုမြင်သောအခါ သူတို့နှင့်အတူဝင်စားရန် နွေးနွေးထွေးထွေးဖိတ်ခေါ်လာကြ၏။ ရှန်းမင်ကျေးဇူးတင်စကားဆိုကာ ပြောလိုက်သည်။
"အဘွားရွှယ်ကို ကျေးဇူးတင်ပေမယ့် အိမ်မှာထမင်းဟင်းတွေ ကျက်နေပါပြီ၊ ဒါပေမဲ့ ထောင်ဟွားက နေသိပ်မကောင်းဖြစ်နေလို့ အဘိုးရှန့်ဖျင်ကို သွေးကြောစမ်းကြည့်ပေးဖို့ အကူအညီလာတောင်းတာပါ"
"အိုကွယ် ထောင်ဟွားကနေမကောင်းဘူးလား၊ အဘိုးကြီးရေ ထောင်ဟွားကိုမြန်မြန် ကြည့်ပေးလိုက်ပါဦး"
အဘွားရွှယ်တိုက်တွန်းလိုက်သည်။ ထိုစကားကိုကြားသောအခါ အဘိုးရှန့်ဖျင်၏သားဖြစ်သူ ကျိုးယင်ရှုံးနှင့် အခြားသူများလည်း အစားပျက်သွားကြပြီး အဘိုးရှန့်ဖျင်မှ ကျိုးထောင်ဟွား၏သွေးခုန်နှုန်းစမ်းသပ်သည်ကိုကြည့်ရန် တူများကိုချထားလိုက်ကြ၏။ ယခုအချိန်တွင် လူတိုင်းရင်ထဲ၌ ကျိုးထောင်ဟွား၏နေရာသည် ရွာလူကြီးနှင့်မျိုးနွယ်စုခေါင်းဆောင်များကဲ့သို့ အရေးပါနေပြီပင်။ သူတို့အားလုံးသည် ကျိုးထောင်ဟွားအားယုံကြည်ကြသည်။ သူမသာမရှိခဲ့လျှင် သူတို့လည်းယခုကဲ့သို့ ကောင်းမွန်သောဘဝမျိုးဖြင့် နေထိုင်ရမည်မဟုတ်ပေ။ ကျိုးထောင်ဟွားသည် သူတို့၏ကျောရိုးမကြီးအလားဖြစ်နေ၍ သူမရှိနေလျှင် သူတို့လည်းစိတ်အေးချမ်းသာရှိကြသည်။
"အဘိုးကြီး ထောင်ဟွားဘာဖြစ်လို့လဲ"
အဘွားရွှယ် စိုးရိမ်တကြီးမေးလိုက်သည်။ အဘိုးရှန့်ဖျင်အိမ်မှ အခြားလူများလည်း ကျိုးထောင်ဟွားထံစိုးရိမ်တကြီးကြည့်နေကြ၏။ သူမအပေါ် သူတို့၏စိုးရိမ်ပူပန်မှုများကို မြင်လိုက်ရသဖြင့် ကျိုးထောင်ဟွားရင်ထဲတွင် နွေးထွေးသွားလေသည်။ သို့သော် သူမသည် နေမကောင်းဖြစ်နေခြင်းမဟုတ်ဘဲ ကိုယ်ဝန်ရှိနေခြင်းသာဖြစ်ကြောင်း သူမနှင့်ရှန်းမင် နှစ်ဦးစလုံးသိထားကြ၏။ သွေးခုန်နှုန်းကို နှစ်ကြိမ်တိုင်တိုင်စမ်းသပ်ပြီးနောက် ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုလိုက်ကာ အဘိုးရှန့်ဖျင်သည် ကျိုးထောင်ဟွားတို့အား ဂုဏ်ပြုစကားပြောလိုက်သည်။
"ထောင်ဟွား ရှန်းမင် မိဘတွေဖြစ်လာတော့မယ့်အတွက် ဂုဏ်ပြုပါတယ်ကွယ်"
"ဟမ် မင်္ဂလာရှိတဲ့သွေးခုန်နှုန်းလား"
"ထောင်ဟွား သမီးကိုယ်ဝန်ဆောင်လက္ခဏာ ခံစားနေရပြီလား"
"ရှန်းမင်ရေ ဂုဏ်ပြုပါတယ်ကွာ"
လူတိုင်းမှာ ဂုဏ်ပြုစကားကိုယ်စီဖြင့် ဝင်ရောက်ပြောဆိုကြလေသည်။ အဘွားရွှယ်လည်း အလွန်တရာဝမ်းသာသွားရ၏။
"မင်္ဂလာရှိတဲ့သွေးခုန်နှုန်းဆို အရမ်းကောင်းတာပေါ့၊ သမီးရယ် ကျိုးဖုန်းနဲ့ ကျန်းချွေ့အာတို့ရယ် နှစ်တွဲစလုံး အိမ်ထောင်ကျပြီး ကိုယ်ဝန်ရသွားကြပြီပဲ"
"မကြာခင် ငါတို့ကျိုးကျားရွာမှာ ကလေးလေးနှစ်ယောက် ထပ်တိုးလာတော့မယ်ဟေ့"
ကျိုးထောင်ဟွား၏ကိုယ်ဝန်ဆောင်လက္ခဏာများကိုကြားပြီးနောက် အဘိုးရှန့်ဖျင်သည် သူမအတွက် အကောင်းဆုံးဆေးဝါးများဖြင့် ဆေးလုံးနှစ်ပုလင်းဖော်စပ်ပေးလိုက်သည်။
"ထောင်ဟွား သမီးကကိုယ်ဝန်တစ်လကျော်လေးပဲ ရှိသေးတာကို အခုကတည်းက အန်နေပြီ၊ တကယ်လို့ဆေးမသောက်ထားရင် နောက်ပိုင်းမှာ အတော်လေးဒုက္ခရောက်လိမ့်မယ်၊ ဒီဆေးဆယ်ထုပ်က ကျိုးမိသားစုရဲ့မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ဆေးတွေပဲ၊ ဒီဆယ်ထုပ်သာသောက်ပြီးရင် သမီးထပ်မအန်တော့ဘူးလို့ အဘိုးအာမခံတယ်၊ ပြီးတော့ ဒီဆေးလုံးနှစ်ပုလင်းက သမီးရဲ့စိတ်ခံစားချက်ကို ကောင်းမွန်နေစေလိမ့်မယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ခံစားချက်က အရမ်း အရေးကြီးတယ်လေ"
အဘိုးရှန့်ဖျင်မှာကြားလိုက်သည်။ ကျိုးထောင်ဟွား ခေါင်းညိတ်ပြလိုက်၏။ အဘိုးရှန့်ဖျင်ကိုယ်တိုင်မှ သူမထံတွင်ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း အတည်ပြုပေးလိုက်သည်ကိုကြားရသဖြင့် သူမ၏မိခင်စိတ်ထားသည် ပိုမိုနက်ရှိုင်းလာလေသည်။ ရှန်းမင်မှမေးလာ၏။
"အဘိုးရှန့်ဖျင် ကလေးလေးကရောအဆင်ပြေရဲ့လား"
"သေချာပေါက် အဆင်ပြေတာပေါ့၊ ကျန်းမာသန်စွမ်းတဲ့ကလေးက မိခင်တွေကို ပိုပြီးဒုက္ခပေးတတ်တယ်လေ"
အဘိုးရှန့်ဖျင် ရယ်မောလိုက်သည်။
ဒီလိုကိုး
ရှန်းမင်သည် ကျိုးထောင်ဟွား၏ဝမ်းဗိုက်ကို စိုက်ကြည့်ရင်း ကလေးလေးမွေးလာလျှင်တော့ ကောင်းကောင်းကြီးဆူပစ်ဦးမည်ဟု တေးထားလိုက်သည်။ ရှန်းမင်မှ ဆေးဖိုးပေးရန်ပြင်လိုက်ပေသိ အဘိုးရှန့်ဖျင်မှာလုံးဝ လက်မခံခဲ့ပေ။
"ဒါက အဘိုးရဲ့စေတနာအနည်းအကျဉ်းလေးပါ၊ မင်းတို့နှစ်ယောက်ထမင်းပြန်စားကြတော့၊ ထပ်ငြင်းနေဦးမယ်ဆိုရင်တော့ အဘိုးဒေါသထွက်တော့မှာနော်"
ထိုစကားကိုကြားသောအခါ ရှန်းမင်နှင့် ကျိုးထောင်ဟွားတို့ ဆက်မငြင်းတော့ဘဲ ဆေးများကိုယူကာ အိမ်ပြန်လာခဲ့ကြသည်။ ရှန်းမင်သည် ကျိုးထောင်ဟွားအတွက် ဆေးကိုအရင်ပြုတ်ပေးပြီးနောက် နေ့လယ်စာအတူတူစားနိုင်ရန် ထမင်းဟင်းများကို ပြန်နွှေးလိုက်၏။ အဘိုးရှန့်ဖျင်၏ဆေးမှာ အံ့ဩစရာကောင်းလှသည်ဟု ကျိုးထောင်ဟွားတွေးလိုက်မိသည်။ ဆေးတစ်ခွက်သောက်ပြီးသည်နှင့် ယခင်ကညှီသည်ဟုထင်ခဲ့သော ငါးစွပ်ပြုတ်သည် အရသာပြန်ရှိလာလေ၏။
ပန်းကန်ဆေးပြီးနောက် ရှန်းမင်သည် ကျိုးအာ့ရှုနှင့်ချမ်ရှီထံသို့ ဤသတင်းကောင်းကို သွားပြောရန်မစောင့်နိုင်တော့ပေ။ ကိုယ်တိုင်ကလေးမွေးဖူးသူဖြစ်ရာ ချမ်ရှီသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ပြုစုစောင့်ရှောက်ရာ၌ သတိထားရမည့်သူမအတွေ့အကြုံများကို ရှန်းမင်ထံ ချက်ချင်းမျှဝေပေးခဲ့ပြီး ရှန်းမင်မှာလည်း အားလုံးကိုအသေးစိတ်မှတ်သားထားလိုက်သည်။
ရှန်းမင်အိမ်ပြန်ရောက်လာသောအခါ သူ့နောက်တွင် ကျိုးအာ့ရှုနှင့်ချမ်ရှီတို့သာမက ကျိုးမိသားစုအိမ်တွင် ချန်ထားခဲ့သော နတ်ဆိုးငါးကောင်ပါလိုက်ပါလာကြ၏။
"ထောင်ဟွား ဒါကသမီးရဲ့ ပထမဆုံးကိုယ်ဝန်လေ၊ သမီးကလေးမွေးပြီးတဲ့ထိ အမေတို့လာပြုစုပေးမယ်"
ချမ်ရှီ ပြောလိုက်သည်။ ကျိုးထောင်ဟွားသည် အဘိုးရှန့်ဖျင်ဖော်ပေးသောဆေးများနှင့် ဆေးလုံးများသောက်ပြီးနောက် ကိုယ်ဝန်မရှိသေးခင်အချိန်ကဲ့သို့ပင် လုံးဝပုံမှန်အတိုင်းခံစားနေရ၏။ ရောက်လာသောလူအုပ်ကိုကြည့်ပြီး သူမအနည်းငယ်အံ့သြသွားရသည်။
လူသုံးယောက်ရယ်၊ နတ်ဆိုးခြောက်ကောင်ရယ်က သူမကိုပြုစုစောင့်ရှောက်မယ်ဆိုတော့ အဲ့ဒါနည်းနည်းများလွန်းမနေဘူးလား။
[T-N > တရုတ်ပြည်မှာ သေနတ်စပေါ်လာတော့ လှံနဲ့ပုံစံတူပြီး မီးခိုးထွက်တာမလို့ "မီးလှံ"ဆိုပြီးခေါ်ကြပါတယ်။ တစ်ကယ်တော့ ကိုယ့်အထင်မီးလှံဆိုတာ တူမီးသေနတ်ခေါ်တာလားတော့မသိ အကြမ်းထည်ပုံစံသေနတ်မျိုးဖြစ်နိုင်ပါတယ်]
***