"အဖေနဲ့အမေတို့က ဆေးပင်စိုက်ခင်းတွေကို ပြုစုဖို့နဲ့ ဆေးပင်တွေခူးဖို့သာပြန်သွားလိုက်ပါ၊ သမီးကိုပြုစုပေးဖို့က အစ်ကိုရှန်းမင်ရှိပါတယ်၊ ဒီလောက်လူအများကြီး မလိုပါဘူး၊ နတ်ဆိုးငါးကောင်ကိုပါ အိမ်ပြန်ခေါ်သွားပြီး အလုပ်လုပ်တဲ့အခါကူညီခိုင်းလိုက်ပေါ့"
ချမ်ရှီနှင့် ကျိုးအာ့ရှုတို့မှာ သဘောမတူကြသော်ငြား အဆုံး၌ ကျိုးထောင်ဟွားအားမဖြောင်းဖျနိုင်ခဲ့ကြချေ။
"ဒါဆို အခုကစပြီး အမေက သမီးရဲ့ နေ့စဉ် စားသောက်နေထိုင်ရေးကို တာဝန်ယူမယ်၊ ရှန်းမင်က သမီးထိခိုက်ဒဏ်ရာမရအောင် သမီးဘေးနားမှာ အမြဲရှိနေပေးဖို့တာဝန်ယူရမယ်၊ ထောင်ဟွား အခု သမီးက ရွှေဥလေးလိုအဖိုးတန်နေပြီ၊ သမီးတစ်ယောက်တည်း မဟုတ်တော့ဘူးလေ၊ အထိအခိုက်ခံလို့မဖြစ်ဘူး၊ အချိန်တိုင်း သမီးဘေးမှာ လူတစ်ယောက်တော့ အမြဲရှိနေမှဖြစ်မယ်"
နောက်ဆုံးတော့ ချမ်ရှီလည်း ကျိုးထောင်ဟွားကို ဖြောင်းဖျနိုင်ခဲ့၏။ ထိုအချိန်မှစ၍ ရှန်းမင်သည် မည်သည့်အလုပ်ကိုမှ လုပ်ရန်မလိုတော့ဘဲ ကျိုးထောင်ဟွားကို ကာကွယ်ပေးရန် သူမဘေးတွင်သာနေရပြီး သူမမည်သည့်နေရာသို့သွားစေကာမူ ရှန်းမင် အနောက်မှလိုက်ပါနေတော့သည်။
…....
ကျိုးထောင်ဟွားသည် ကိုယ်ဝန်ရှိနေသော်လည်း မီးလှံလက်နက်များ ဖန်တီးရန်မမေ့သေးပေ။ တာအိုပညာရပ်များကိုအသုံးပြု၍ မီးလှံလက်နက်များဖန်တီးရသည်မှာ သူမအကျွမ်းကျင်ဆုံးအရာပင်။
"အစ်ကိုရှန်းမင် ညီမတို့ရွာမှာမြေစောင့်နတ်ကျောင်းတစ်ကျောင်း ရှိတယ်လို့ ညီမမှတ်မိတယ် သွားကြည့်ရအောင်"
ကျိုးကျားရွာရှိ မြေစောင့်နတ်ကျောင်းမှာ အလွန်ရိုးရှင်းလှသည်။ အဝေးမှကြည့်လျှင် ကျောင်းဆောင်သည် လေဟာပြင်ဖြစ်နေပြီး "မြေစောင့်နတ်ကျောင်း"ဟု စာလုံးကြီးသုံးလုံးဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်မှာလည်း ရွဲ့စောင်းနေကာပြုတ်ကျလုနီးပါးဖြစ်နေ၏။ ကျိုးမျိုးနွယ်စု၏ဘိုးဘေးများ ဤနေရာသို့ ပြောင်းရွှေ့လာကတည်းမှ စပါးအထွက်နှုန်းတိုးတက်စေရန် နှစ်စဉ်နှစ်တိုင်းမြေစောင့်နတ်ထံ ဆုတောင်းခဲ့ကြသော်လည်း သူ့ကောင်းချီးမင်္ဂလာကိုမူ တစ်ခါမှမရရှိခဲ့ကြပေ။ အချိန်ကြာလာသည်နှင့်အမျှ ကျိုးကျားရွာမှ ရွာသားများလည်းမြေစောင့်နတ်အပေါ် လုံးဝစိတ်ပျက်လာကြပြီး အမွှေးတိုင်ထွန်းခြင်းနှင့် အလှူငွေထည့်ခြင်းများကိုပါ ရပ်တန့်လိုက်ကြသည်။ ထို့ကြောင့် မြေစောင့်နတ်ကျောင်း ယိုယွင်းပျက်စီးနေသော်လည်း မည်သူကမှ ပြုပြင်ရန်ဂရုမစိုက်ကြခြင်းပင်။
"ညီမထောင်ဟွား အပြင်ကနေပဲကြည့်ကြရအောင်နော်၊ တစ်ခုခုပြုတ်ကျလာပြီး ညီမကိုထိသွားရင် ဘယ်လိုလုပ်မလဲ"
ရှန်းမင်သတိပေးလိုက်သည်။ ကျိုးထောင်ဟွား သူ့စိုးရိမ်ပူပန်မှုများကို နားလည်လေ၏။ ထို့ကြောင့် ခူယားကောင်နတ်ဆိုးကိုသာ အထဲသို့ဝင်ခိုင်းလိုက်သည်။
"အထဲဝင်ပြီး အလှူခံပုံးထဲကတေးတချို့ သွားယူချေ"
"သခင်မ ဒီမှာ အလှူငွေရှိလို့လား”
မြေစောင့်နတ်ကျောင်းခေါင်မိုးမှ သစ်သားများပြုတ်ကျလာပြီး ထိမည်ကို သူ မကြောက်ပေ။ ထိုနေရာတွင် ပိုက်ဆံရှိမည်ဟု မထင်မိခြင်းသာဖြစ်သည်။ နောက်ဆုံး ခူယားကောင်နတ်ဆိုးမှအထဲသို့ဝင်သွားရာ အံ့သြသွားရလောက်အောင်ပင် အတွင်း၌ဒင်္ဂါးပြားများ တကယ်ရှိနေသည်။
"သခင်မ အထဲမှာ သေတ္တာတစ်ဝက်ကျော်လောက်ရှိတယ်"
ခူယားကောင်နတ်ဆိုးမှ ကျိုးထောင်ဟွားထံ စိတ်လှုပ်ရှားစွာဖြင့်ပြေးလာပြီး ပြောလိုက်သည်။ ကျိုးထောင်ဟွားနှုတ်ခမ်းများ အသာကွေးညွှတ်သွား၏။
"ကျိုးကျားရွာ ဒီမှာရှိနေတာနှစ်ပေါင်း တစ်ရာကျော်ပြီ၊ လူတိုင်း ကျောင်းဆောင်ဆောက်ပြီး ကိုးကွယ်ခဲ့ကြတယ်ဆိုတဲ့ အချက်က သူတို့တွေအတိတ်မှာယုံကြည်ခဲ့ကြတယ်ဆိုတာကို ပြနေတာပဲလေ"
ထို့ကြောင့် ဤနေရာ၌ အလှူငွေများ ရှိနေမည်ဟု ကျိုးထောင်ဟွား ခိုင်ခိုင်မာမာယုံကြည်နေခဲ့ခြင်းပင်။
"အစ်ကိုရှန်းမင် ခုနက ညီမတို့ ဘယ်လောက်ယူလိုက်လဲ၊ နောက်မှ အဲ့ဒါရဲ့နှစ်ဆကို ပြန်ထည့်ပေးကြမယ်"
ကျိုးထောင်ဟွား မှာကြားလိုက်သည်။
"ကောင်းပြီ အစ်ကိုသိပြီ၊ ညီမထောင်ဟွား မြေစောင့်နတ်ကျောင်းရဲ့ အလှူခံပုံးထဲရောက်သွားတဲ့ အလှူငွေက အကိုတို့ရဲ့ သာမန်ကြေးဒင်္ဂါးတွေနဲ့ မတူလို့လား"
ကျိုးထောင်ဟွား မြေစောင့်နတ်ကျောင်း၌ ငွေလှဲလှယ်ရခြင်းမှာ ရည်ရွယ်ချက် တစ်ခုခုရှိရမည်ဟု ရှန်းမင်အမြဲတမ်း ခံစားနေမိသည်။ ကျိုးထောင်ဟွားမျက်လုံးများမှာ အပြုံးတို့ဖြင့်လင်းလက်သွား၏။ အစ်ကိုရှန်းမင်ထံ မည်သည့်အရာမှ သူမဖုံးကွယ်ထား၍မရပါချေ။ ကျိုးထောင်ဟွား ရှန်းမင်ထံ ခေါင်းညိတ်ပြလိုက်ပြီး ပြောလာသည်။
"မြေစောင့်နတ်ကျောင်းရဲ့ အလှူငွေတွေက ယုံကြည်သူတွေရဲ့ ဆုတောင်းမှုတွေကို သယ်ဆောင်ထားပြီး သန့်စင်တဲ့ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတယ်လေ၊ ဒါ့အပြင် ဒေသခံမြေစောင့်နတ်ရဲ့ ကောင်းချီးပေးတာကိုခံရပြီးတော့ အဲတာက မကောင်းဆိုးဝါးတွေကို ဖယ်ရှားနိုင်စွမ်းရှိလာတယ်၊ တကယ်တော့ အဲဒီအလှူငွေကို တစ်ခါသုံးမှော်ပစ္စည်းအနေနဲ့လည်း သုံးလို့ရတယ်၊ အဲဒါနဲ့ မီးလှံတစ်လက်အဖြစ် ပုံသွင်းဖန်တီးဖို့ ညီမယူလာတာ"
"မီးလှံဟုတ်လား"
‘အလှူငွေနဲ့ဖန်တီးထားတဲ့အရာက ဒါလား’
ရှန်းမင် သံသယရှိနေသော်လည်း သူမအားထောက်ခံပေးနေဆဲပင်။
"အကိုတို့ရွာက ဦးလေးဟယ်ရဲ့မိသားစုဆိုတာ ပန်းပဲဆရာတွေပဲလေ၊ ဒီအလှူငွေတွေကို သူ့ဆီပေးပြီး လှံထက်ထက်တစ်လက် ဖန်တီးပေးဖို့ ညီမခိုင်းလို့ရတာပဲ"
ရှန်းမင် အကြံပြုလိုက်သည်။ ရွာရှိအိမ်တိုင်းလိုလိုပင် ဦးလေးဟယ်၏မိသားစုထံမှ ဝယ်ယူထားသော လယ်ယာသုံး ကိရိယာများကို အသုံးပြုကြသည်။ ထိုအရာများမှာ အလွန်တရာအသုံးဝင်လှ၏။ ကျိုးထောင်ဟွား ခေါင်းယမ်းလိုက်သည်။
"ညီမ ဒယ်အိုးကြီးတစ်လုံးဝယ်လိုက်မယ်၊ ဒီအလှူငွေတွေကို အထဲထည့်လိုက်ရင် မီးလှံတစ်လက်ဖြစ်လာလိမ့်မယ်"
ရှန်းမင်နှင့် ခူယားကောင်နတ်ဆိုးတို့ မှင်သက်သွားကြသည်။
‘ဒီလောက်ရှည်တဲ့လှံကို ဘယ်လောက်ကြီးတဲ့ ဒယ်အိုးကြီးကဆန့်မှာလဲ’
သို့သော် သူတို့ မည်သည်ကိုမှမပြောကြတော့ဘဲ ကျိုးထောင်ဟွားဒယ်အိုးဝယ်ရန် မြို့ပေါ်သွားရာတွင်သာ အတူလိုက်သွားပေးလိုက်၏။ ရှန်းမင်သည် ကျိုးထောင်ဟွားကို ရှောင်ဟေးပေါ်တင်ကာ ခေါ်ဆောင်သွားသည်။ သူတို့မြို့ပေါ်သို့သွားမည်ဖြစ်ရာ ခူယားကောင်နတ်ဆိုးလည်း လူအသွင်ပြောင်းပြီး လေထဲတွင်မပျံသန်းနိုင်တော့သဖြင့် ခူယားကောင်ငယ်လေးအဖြစ်ပြောင်းလဲကာ ကျိုးထောင်ဟွား၏ဆံထိုးထက်တွင် တွယ်ကပ်လိုက်ပါလာ၏။ သို့သော် ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ တစ်မြို့လုံးပတ်ရှာသော်လည်း ဆေးမီးဖိုတစ်လုံးမှပင်မတွေ့ရပေ။ အမွှေးတိုင်ထွန်းသည့်အိုးကြီးအား အစားထိုးဝယ်ယူရန် ကြိုးစားသောအခါ၌လည်း ရှာမတွေ့ခဲ့ချေ။
"သခင်မ အဲဒီအမွှေးတိုင်အိုးကြီးတွေက တာအိုကျောင်းတော်တွေအတွက် သီးသန့် အော်ဒါမှာပြီးမှ လုပ်ပေးရတာပါ၊ အဲဒါတွေက အရမ်းကြီးပြီးကျွမ်းကျင်မှုလည်း လိုအပ်တယ်၊ အိုးပေါ်ကပုံစံတွေဆိုတာလည်း နည်းနည်းလေးတောင် မှားလို့မရဘူးလေ၊ သခင်မပြောတဲ့ သုံးမီတာမြင့်တဲ့ အမွှေးတိုင်အိုးမျိုးဆိုရင် ကျွန်တော်တို့လုပ်ဖို့ နှစ်နှစ်လောက်အချိန်ယူရလိမ့်မယ်၊ သခင်မတစ်လုံးလောက်မှာချင်လို့လား"
အမွှေးတိုင်အိုးဆိုင်ပိုင်ရှင် မေးလိုက်သည်။
'နှစ်နှစ်တဲ့လား၊ အဲ့လောက်ဆို အရမ်း နောက်ကျနေပြီ၊ ကျိုးထောင်ဟွားအနေဖြင့် မည်သို့စောင့်နိုင်ပါမည်နည်း။’
ကျိုးထောင်ဟွား၏မျက်နှာအမူအရာ မကောင်းသည်ကို မြင်သောအခါ ရှန်းမင်သည် သူမထိုအမွှေးတိုင်အိုးကို အသည်းအသန်လိုအပ်နေကြောင်း သိလိုက်သည်။ ဆိုင်ပိုင်ရှင်ထံ သူပြောလိုက်၏။
"မမှာတော့ပါဘူး ကျေးဇူးပါပဲ၊ ကျွန်တော်က အရေးတကြီးလိုအပ်နေတာမလို့ပါ"
ထို့နောက် သူသည် ဆယ်ပြားကို ဆိုင်ပိုင်ရှင်၏လက်ထဲသို့ ထိုးထည့်ပေးကာမေးလိုက်သည်။
"ပိုနေတဲ့ အမွှေးတိုင်အိုးတစ်လုံးကို ဘယ်မှာဝယ်လို့ရနိုင်မလဲဆိုတာလေး ကျေးဇူးပြုပြီး စုံစမ်းပေးလို့ရမလား"
ဆိုင်ပိုင်ရှင်သည် ငွေများကိုယူလိုက်ပြီး ပြန်ပြောလာသည်။
"ကျွန်တော် မကူညီချင်လို့မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ အမွှေးတိုင်အိုးမျိုးက တာအိုကျောင်းတော်တွေမှာပဲ လိုအပ်တာလေ၊ တကယ်လို့ ဝယ်ချင်တယ်ဆိုရင် တာအိုကျောင်းတော်တစ်ကျောင်း,ကျောင်းကို သွားမေးကြည့်ပါလား၊ ငါတို့မြို့နဲ့ အနီးဆုံးကတော့ ဖူထော်တာအိုကျောင်းတော် ပဲရှိတယ်၊ အဲဒီကိုသွားပြီး သူတို့ဆီကနေ ဝယ်လို့ရမလားမေးကြည့်လိုက်လေ"
ဆိုင်ပိုင်ရှင်မှာ တကယ်ပင် မည်သို့လုပ်ရမှန်းမသိဖြစ်နေသည်။ ဤသည်မှာ သူစဉ်းစား၍ရသည့် တစ်ခုတည်းသောနည်းလမ်းပင်။ သူတို့အမွှေးတိုင်အိုးကိုပြန်ရောင်းမည့် တာအိုကျောင်းတော်ကိုတော့ သူတစ်ခါမှမကြားဖူးခဲ့ပေ။
…
ဖူထော်တာအိုကျောင်းတော်မှာ ချင်းရွှေမြို့ အပြင်ဘက်ရှိ တောင်ပေါ်တွင် တည်ရှိသည်။ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ တောင်ပေါ်သို့ လမ်းလျှောက်တက်သွားစဉ် လမ်းတစ်လျှောက်၌ ဘုရားဖူးလာသူ များစွာမရှိသည်ကို သတိထားမိလိုက်ကြ၏။ အထဲသို့ဝင်သွားသောအခါ ကိုရင်ငယ်တစ်ပါး အမွှေးတိုင်နှင့် ဖယောင်းတိုင်များ စီတန်းထားသော စားပွဲပေါ်တွင် မှောက်အိပ်နေသည်ကို တွေ့လိုက်ရပြီး လူနှစ်ယောက်ဝင်လာသည်ကိုတောင် လုံးဝသတိမထားမိပေ။ ကျိုးထောင်ဟွား စားပွဲကိုခေါက်လိုက်မှသာ သူလန့်နိုးလာပြီး သွားရည်များကို သုတ်ကာမေးလိုက်လာ၏။
"ဂိုဏ်းတူအစ်ကို ညစာကျက်ပြီလား"
ဧည့်သည်များဖြစ်မှန်း သိသွားပြီးနောက် ကိုရင်ငယ်မှာ ချက်ချင်းလက်အုပ်ချီလိုက်ပြီး ဆိုလာသည်။
"အော်မီတောဖော ဒကာနဲ့ ဒကာမတို့ အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေဝယ်ချင်လို့လား"
"ကိုယ်တော်ငယ် ကျွန်မတို့က ကျောင်းထိုင်ကိုယ်တော်ကို လာရှာတာပါ"
ကျိုးထောင်ဟွား ထိုစကားပြောရင်း ကျောင်းဆောင်နှင့် မလှမ်းမကမ်းရှိ သုံးမီတာမြင့်သော အမွှေးတိုင်အိုးကြီးကို လှမ်းကြည့်လိုက်သည်။
"ခဏလောက်စောင့်ပါဦး ဒကာတို့"
ကိုယ်တော်ငယ်သည် ကျောင်းထိုင်ကိုယ်တော်ကိုသွားခေါ်ရန် ကျောင်းဆောင်ထဲသို့ ချက်ချင်းပြေးဝင်သွားလေသည်။
"ကိုယ်တော် မြန်မြန်ကြွခဲ့ပါဦး၊ တစ်ယောက်ယောက်က ကိုယ်တော်ကို သုတ္တန်ရွတ်ဖို့ပင့်ချင်လို့တဲ့"
ကိုယ်တော်ငယ်တံခါးကိုတွန်းဖွင့်ပြီး စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ ဘုရားကျောင်း၏အလှူငွေများမှာ အလွန်တရာနည်းပါးလှပြီး လူတိုင်းကိုထောက်ပံ့ကျွေးမွေးနိုင်ရန် ကိုယ်တော်၏သုတ္တန်ရွတ်ခြင်းမှရရှိသော ဝင်ငွေအပေါ်တွင်သာ လုံးဝမှီခိုနေရ၏။ တာအိုကျောင်းတော်တွင် ကိုယ်တော်များစွာရှိပြီး တောင်ပေါ်၌ စိုက်ပျိုးထားသောစပါးနှင့် ဟင်းသီးဟင်းရွက်များမှာ လုံးဝမလုံလောက်ပေ။ ငွေချွေတာရန်အတွက် တာအိုကျောင်းတော်သည် သူတို့အစားအစာများကို တစ်နေ့ သုံးနပ်မှ နှစ်နပ်သို့ လျှော့ချခဲ့ရသည်။
ကိုယ်တော်သုတ္တန်ရွတ်ရာမှ ပြန်လာလျှင် တာအိုကျောင်းတော်၏အစားအသောက်များမှာ ရက်အနည်းငယ်ခန့်ပိုကောင်းလာမည်မှာသေချာကြောင်း သူသိထားသည်။ ကျောင်းထိုင်ကိုယ်တော်မှာ ကိုယ်တော်ငယ်စကားကိုကြားသော် အလှူရှင်နှစ်ဦးမှအကြာကြီးစောင့်ရမည်စိုးသဖြင့် အပြင်သို့ အလျင်အမြန်ထွက်လာခဲ့၏။ ကျိုးထောင်ဟွား ကျောင်းထိုင်ကိုယ်တော်ကို ပထမဆုံးအကြိမ်မြင်တွေ့လိုက်ရသည်။ သူသည် နွေးထွေးပျူငှာပြီး သူ့အပြုံးမှာလည်း တာအိုဗုဒ္ဓ၏အပြုံးနှင့်ဆင်တူလေ၏။
"အရိုအသေပြုပါတယ် ကိုယ်တော်၊ တကယ်တော့ တပည့်တော်မက ဖုန်းရွှေဆရာတစ်ယောက်ပါ၊ ဒီနေ့ ကိုယ်တော်တို့ တာအိုကျောင်းတော်ကို ပထမဆုံးအကြိမ်ရောက်ဖူးတယ်ဆိုပေမယ့် ကိုယ်တော်တို့ရဲ့ ဖူထော်တာအိုကျောင်းတော်မှာ တစ်ခုခုမှားနေတာကို သတိထားမိလိုက်ပါတယ်၊ အဲဒါကြောင့် တာအိုကျောင်းတော်ရဲ့အလှူငွေတွေမပေါများတာပါ"
ကျိုးထောင်ဟွား စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျောင်းထိုင်ကိုယ်တော်၏မျက်လုံးများထဲတွင် သတိထားစောင့်ကြည့်သည့် အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
‘သူတို့က အလှူငွေလာလှူတာ မဟုတ်ဘဲ ဘုရားကျောင်းဆီကနေ ပိုက်ဆံလာရှာတာလား’
[T-N > ကိုယ်တော်ဆီဗေဒင်ဟောပြီးပိုက်ဆံလာရှာတယ်ထင်နေတာ]
***