အရင်ငါးနှစ်ခန့်၌ တာအိုကျောင်းတော် စည်ကားနေချိန်ကို ကျောင်းထိုင်ကိုယ်တော် ပြန်လည်အမှတ်ရသွားသည်။ ဖူထော်တာအိုကျောင်းတော်သည် အနယ်နယ်အရပ်ရပ်တွင်းရှိ နာမည်ကြီးတာအိုကျောင်းတော်တစ်ခုဖြစ်ပြီး ကျောင်းရှိကိုယ်တော်အရေအတွက်မှာလည်း အဆက်မပြတ် တိုးပွားနေခဲ့သည်။ ထိုစဉ်က ဖူထော်တာအိုကျောင်းတော်မှာ တကယ်ကိုစည်ကားခဲ့၏။ မျှော်လင့်ချက်တစ်ဝက်ဖြင့် သူမေးလိုက်သည်။
"ဒကာမကြီး၊ ဒီနေရာရဲ့ဖုန်းရွှေကို ပြောင်းလဲဖို့ ကူညီပေးနိုင်မလား"
"ရတာပေါ့"
ကျိုးထောင်ဟွား ခေါင်းညိတ်လိုက်သည်။ ကျောင်းထိုင်ကိုယ်တော်မှာ သူမကို အတိုင်းအတာတစ်ခုထိ ယုံကြည်နေပြီဖြစ်ကြောင်း သူမသိလိုက်၏။
"ပိုက်ဆံကုန်မှာလား"
ကျောင်းထိုင်ကိုယ်တော် ထပ်မေးလိုက်သည်။ ကျိုးထောင်ဟွား ချက်ချင်းခေါင်းခါလိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။
"ကောင်းမှုကုသိုလ် စုဆောင်းတာက တပည့်တော်မတို့ကျင့်ကြံသူတွေ လုပ်သင့်တဲ့အလုပ်ပါ၊ ကိုယ်တော်အနေနဲ့ တပည့်တော်မတို့ကို စေတနာရှိသလောက်လေးပဲ ချီးမြှင့်ပါ၊ ကုသိုလ်ပြုတယ်လို့ပဲ သဘောထားလိုက်ပေါ့"
သူမစကားကိုကြားသောအခါ ကျောင်းထိုင်ကိုယ်တော်ခမျာ တာအိုဗုဒ္ဓအလား ထပ်မံပြုံးရွှင်သွားပြီး တာအိုကျောင်းတော်အတွင်း ဝင်စစ်ဆေးရန် ကျိုးထောင်ဟွားကို နွေးနွေးထွေးထွေးဖြင့် ဖိတ်ခေါ်လိုက်သည်။ သူသည် သူတို့နှစ်ဦးကို တာအိုကျောင်းတော်အတွင်း လှည့်လည်ကြည့်ရှုရန် ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးပြီးနောက် မေးလိုက်၏။
"ဒကာမကျိုး ကိုယ်တော်တို့တာအိုကျောင်းတော်ရဲ့ အလှူငွေတွေပြန်များလာအောင် ဖုန်းရွှေကိုဘယ်လိုပြောင်းလဲသင့်သလဲ"
ကျိုးထောင်ဟွား ဝင်ဝင်ချင်းတွေ့ရသော အမွှေးတိုင်အိုးကြီးဆီသို့ လျှောက်သွားပြီးမေးလိုက်သည်။
"ဒီအမွှေးတိုင်အိုးကြီးကို တာအိုကျောင်းတော်မှာ နောက်မှထပ်ထည့်ထားတာလား၊ အဲဒါကို အစားထိုးပြီးနောက်ပိုင်းမှ တာအိုကျောင်းတော်ရဲ့အလှူငွေတွေ တဖြည်းဖြည်းကျဆင်းသွားတာလား"
ကျောင်းထိုင်ကိုယ်တော် စဉ်းစားနေစဉ် ကိုယ်တော်ငယ်မှ ဝင်ပြောလိုက်သည်၊
"ဟုတ်ပါတယ်"
ထိုနှစ်က တာအိုကျောင်းတော်သို့ သူဝင်ရောက်ကာစဖြစ်ပြီး အစားအသောက်များလည်း အကောင်းဆုံးဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်မှ တစ်နှစ်ထက်တစ်နှစ်ပိုဆိုးလာခဲ့ခြင်းပင်။
"ဒကာမကျိုး ဘာကိုဆိုလိုတာလဲ"
ကျောင်းထိုင်ကိုယ်တော် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဒီအမွှေးတိုင်အိုးကြီးက တာအိုကျောင်းတော်ရဲ့ အလှူငွေတွေကို ပိတ်ဆို့နေတာ၊ အဲဒါကိုဖယ်ပစ်ပြီး တာအိုကျောင်းတော်ထဲမှာ မထားသင့်တော့ဘူး၊ အဲ့လိုလုပ်လိုက်ရင် တာအိုကျောင်းတော်ရဲ့ အလှူငွေတွေလည်း အရင်လိုပြန်ဖြစ်သွားပါလိမ့်မယ်"
ရှန်းမင်မှာ ကျိုးထောင်ဟွားတစ်ယောက် ကျောင်းထိုင်ကိုယ်တော်ကို ဖျောင်းဖျနေသည်အား နားထောင်နေခဲ့ပြီး နောက်ဆုံးတွင်တော့ တကယ်ကြီးအောင်မြင်သွားခဲ့သည်။ ကျောင်းထိုင်ကိုယ်တော်မှာ သူမထံစာအိတ်နီတစ်လုံးပင် ပေးလိုက်သေး၏။
"ကျေးဇူးတင်ပါတယ် ကိုယ်တော်၊ ကိုယ်တော်တို့ရဲ့ ဒီအမွှေးတိုင်အိုးကြီးက တောင်အောက်မှာ ကြေးဟောင်းဈေးနဲ့ပဲရောင်းလို့ရမှာ၊ တပည့်တော်မ ကောင်းမှုကုသိုလ်လုပ်တဲ့အနေနဲ့ အဆုံးထိကူညီပြီး ရောင်းပေးပါ့မယ်၊ ဈေးကွက်ပေါက်ဈေးအတိုင်း ကျသင့်ငွေကို တပည့်တော်မ ပေးပါ့မယ်"
ကျိုးထောင်ဟွား တေးခုနစ်ရာအား ကျောင်းထိုင်ကိုယ်တော်ထံ ထုတ်ပေးလိုက်သည်။
"အော်မီတောဖော ကျေးဇူးအများကြီး တင်ပါတယ် ဒကာမကျိုး၊ ဒကာမက တကယ့်ကို သဘောကောင်းတဲ့သူပါပဲ"
ကျောင်းထိုင်ကိုယ်တော် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ရင်ထဲ၌ အပြစ်ရှိသကဲ့သို့ခံစားလိုက်ရ၏။ ခုနက ဒကာမကျိုးထံ သူပေးလိုက်သော စာအိတ်နီထဲတွင် ရှစ်တေးသာ ထည့်ပေးလိုက်ခြင်းဖြစ်သည်။ ဤအမွှေးတိုင်အိုးသည် ကျင်းသုံးရာအလေးချိန်ရှိပြီး ကြေးပေါက်ဈေးအရဆိုလျှင် အများဆုံးတေးခြောက်ရာသာ တန်ဖိုးရှိ၏။ ဒကာမကျိုးမှ ပိုပေးခဲ့သည်မှာ သိသာလှသည်။
ကျောင်းထိုင်ကိုယ်တော်မှာ ကိုယ်တော်အချို့အား အမွှေးတိုင်အိုးကိုရထားလုံးပေါ်တင်ရာ၌ ကူညီခိုင်းလိုက်သည်။ အမွှေးတိုင်အိုးမှာ အလွန်မြင့်မားနေသဖြင့် ရထားလုံး၏ခေါင်မိုးကိုပင် ယာယီဖြုတ်ချကာ ကြိုးများဖြင့်သေသေချာချာတုပ်နှောင်ပြီးမှသာ သူတို့နှစ်ဦးကို နွေးထွေးစွာနှုတ်ဆက်၍ ပို့ဆောင်ပေးလိုက်ကြ၏။
ကျိုးထောင်ဟွားဆံထိုးပေါ်ရှိ ခူယားကောင်နတ်ဆိုးလေးသည် ကျိုးထောင်ဟွား၏စေ့စပ်သေချာသောအကြံအစည်ကို စောင့်ကြည့်လေ့လာနေသည်။ ဖူထော်တာအိုကျောင်းတော်ထံမှ အမွှေးတိုင်အိုးကြီးတစ်လုံးကို အလွယ်တကူလှည့်စားရယူနိုင်ခဲ့သည်ပင်။ ယခင်က အမွှေးတိုင်အိုးဆိုင်တွင် ဤမျှကြီးမားသောအမွှေးတိုင်အိုးမျိုးကို တေးလေးထောင်ဖြင့် ရောင်းချမည်ဟု ဆိုင်ပိုင်ရှင်မှပြောခဲ့သည်ကို သူမကိုယ်တိုင်ကြားခဲ့ရသော်လည်း ယခုသူမသခင်မမှာတော့ တေးခုနစ်ရာဖြင့်ပင်ဝယ်ယူနိုင်ခဲ့လေပြီ။
ညနေခင်း သူတို့နှစ်ဦးအိမ်ပြန်ရောက်သောအခါ မှောင်နေပြီဖြစ်ရာ ကျိုးထောင်ဟွား အမွှေးတိုင်အိုးဝယ်လာသည်ကို ရွာထဲရှိမည်သူမှ သတိမထားမိကြပေ။ ၎င်းသည် ဘုရားကျောင်းမှ အမွှေးတိုင်အိုး ဖြစ်ပြီး ထိုနေရာတွင် ငါးနှစ်တိုင်တိုင်ရှိနေခဲ့သဖြင့် ကောင်းချီးပေးခံထားရပြီးသားပင်။ ဆေးမီးဖိုမဟုတ်သော်လည်း မှော်ပစ္စည်းတစ်ခုဖြစ်နေပါသေးသည်။ အမွှေးတိုင်ပြာအားလုံးကို ရှင်းလင်းလိုက်ပြီး ဂုန်နီအိတ်တစ်လုံးထဲထည့်ကာ စိုစွတ်မှုမရှိစေရန် သေသေချာချာသိမ်းဆည်းထားဖို့ ခူယားကောင်နတ်ဆိုးကို သူမအမိန့်ပေးလိုက်၏။ နောင်တစ်ချိန်တွင် ထိုအရာမှာ အလွန်တရာအသုံးဝင်လာမည်ဖြစ်သည်။
ကျိုးထောင်ဟွားသည် မီးလှံကိုတစ်ခါမှ မဖန်တီးခဲ့ဖူးသဖြင့် ပထမဆုံးတစ်လက်အား အောင်မြင်စွာဖန်တီးနိုင်ရန် သုံးရက်တိတိအချိန်ယူခဲ့ရ၏။ ကျိုးထောင်ဟွား ဝမ်းသာအားရလက်ခုပ်တီးနေသည်ကိုမြင်သောအခါ ရှန်းမင်သည်လည်း မီးလှံ၏ပုံသဏ္ဍာန်ကို စူးစမ်းချင်စိတ်ဖြစ်ပေါ်လာတော့သည်။ ခူယားကောင်နတ်ဆိုးမှာ အမွှေးတိုင်အိုးထဲရှိမီးလှံကို ထုတ်ယူလိုက်ပြီး တုံ့ဆိုင်းစွာဖြင့်ပြောလာ၏။
"သခင်မ သခင်မ နောက်တစ်ခါကျရှုံးသွားပြန်ပြီထင်တယ်၊ ဒါကလှံမှမဟုတ်တာ"
"မဖြစ်နိုင်တာ ငါကိုယ်တိုင် ဘာဖန်တီးထားလဲဆိုတာ ငါသိတယ်၊ ငါ့ကိုပြစမ်း"
ကျိုးထောင်ဟွား တင်းခံ၍ပြောဆိုလိုက်သည်။ သုံးပေခြောက်လက်မခန့် ရှည်လျားသော ထိုမရင်းနှီးသည့်အရာဝတ္ထုကို ရှန်းမင်မြင်လိုက်ရသောအခါ သူ့စိတ်ထဲတွင် စိတ်မကောင်းဖြစ်သွားရ၏။ ကျိုးထောင်ဟွားအားကြည့်၍ နှစ်သိမ့်ရန် ပြင်လိုက်စဉ် သူမမျက်နှာထက်တွင်တော့ ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်လျှံနေသည်ကိုတွေ့လိုက်ရသည်။
"ငါ လုပ်နိုင်ပြီလို့ပြောသားပဲ၊ မှားစရာအကြောင်းမရှိပါဘူး"
ကျိုးထောင်ဟွားမှာ သူမအလိုချင်ဆုံးဖြစ်သည့် မီးလှံကိုယူလိုက်သည်။ ကြေးဝါရောင်သေနတ်ဒင်၌ ခွေလိပ်နေသောနဂါးပုံစံကို ထွင်းထုထားပြီး နဂါး၏ပါးစပ်တွင် နေရာအတိအကျယူထားသော ပုလဲလုံးတစ်လုံးရှိနေ၏။ သေနတ်ပြောင်းဝမှာ ကြေးဝါရောင်တောက်ပနေပြီး ထိုအရာပေါ်တွင် မှိန်ဖျဖျစီးဆင်းနေသော မန္တန်စာလုံးများကိုမြင်တွေ့နိုင်သည်။ သေနတ်သည် အလေးချိန် ခုနစ်ပေါင်နှင့်နှစ်အောင်စခန့်ရှိသော်လည်း သူမလက်ထဲတွင်တော့ အလေးချိန်လုံးဝမရှိသကဲ့သို့ခံစားရ၏။ ၎င်းအားဖန်တီးစဉ်တွင် အမွေးအတောင်ကဲ့သို့ပေါ့ပါးစေသော အဆောင်လက်ဖွဲ့ကိုထည့်သွင်းထားသောကြောင့်ပင်။
အဘွားယွဲ့ကျန်းကို မဆိုထားနှင့်။ သုံးနှစ်အရွယ်ကလေးတစ်ယောက်ပင် ၎င်းကို လွယ်လွယ်ကူကူကိုင်တွယ်နိုင်သည်။ ကျိုးထောင်ဟွားတစ်ယောက် သူမဖန်တီးထားသော မီးလှံကိုသဘောကျနေစဉ် ရှန်းမင်နှင့် ခူယားကောင်နတ်ဆိုးတို့မှာတော့ အနည်းငယ်အံ့အားသင့်နေကြ၏။
‘သူမပြောနေတဲ့ မီးလှံဆိုတာဒါလား’
ကျိုးထောင်ဟွား သူတို့မျက်နှာအမူအရာများကို သတိပြုမိပြီးရှင်းပြလိုက်၏။
"ကျွန်မတို့ တစ်ခုလိုနေသေးတယ်၊ အဲဒါသာ အဆင်သင့်ဖြစ်သွားရင် သူ့စွမ်းအားက ရှင်တို့မြင်ဖူးတဲ့လှံတွေထက် လျော့မှာမဟုတ်ဘူး"
စိတ်ဝင်စားသွားသော ရှန်းမင်မှာ သူမထံမှသေနတ်ကို ယူလိုက်သည်။
"ညီမထောင်ဟွား ဒါကို မီးလှံလို့ခေါ်တာလား"
ရှန်းမင် ကျိုးထောင်ဟွား၏သေနတ်ကိုင်ဟန်ကို အတုခိုးလိုက်သည်။ သူ့မျက်လုံးများ ချိန်ကွင်းနှင့်ဆုံမိသောအခါ ခြေလှမ်းတစ်ရာ အကွာအဝေးအထိမြင်နိုင်လေ၏။
"ဒါက အံ့ဩစရာပဲ"
သေနတ်ပြောင်းဝအထက်တွင် မြှုပ်နှံထားသော ပွတ်တိုက်အရောင်တင်ထားသည့် သလင်းကျောက်ကို သူအံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။ ဤအရာဖြင့်သာ တောထဲ၌အမဲလိုက်ပါက လုံးဝ ပြိုင်ဘက်ကင်းပြီပင်။ ပြောင်းဝကို သူကိုင်တွယ်ရင်း မေးလိုက်သည်။
"ညီမထောင်ဟွား ဒီမှာ တစ်ခုခုလိုနေတာလား"
သေနတ်ကိုင်တွယ်ပုံကို ရှန်းမင်မှဤမျှကောင်းစွာသိနေပုံပေါ်သဖြင့် ကျိုးထောင်ဟွား အံ့အားသင့်သွားပြီး ခေါင်းညိတ်လိုက်သည်။
"အထဲမှာ ကျည်ဆန်တွေထည့်ရမှာ၊ မနက်ဖြန် မြို့စောင့်နတ်ကျောင်းကို သွားကြရမယ်လေ"
ခူယားကောင်နတ်ဆိုး တစ်ခုခုကိုချက်ချင်းသဘောပေါက်သွား၏။
"သခင်မ အလှူခံပုံးထဲကကြေးဒင်္ဂါးတွေကို သွားယူမလို့လား"
အရင်အကြိမ်၌ ကျိုးထောင်ဟွားနှင့်အတူ မြေစောင့်နတ်ကျောင်းသို့ သွားခဲ့ဖူးသဖြင့် ခူယားကောင်နတ်ဆိုးမှာ သူမအတွေးများကို ခန့်မှန်းနိုင်နေပြီဖြစ်သည်။
"နင်က တော်တော်ပါးနပ်တာပဲ"
ကျိုးထောင်ဟွားမှ ရုတ်တရက်ချီးကျူးလိုက်ရာ ခူယားကောင်နတ်ဆိုးသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားသည်။ သို့သော် သူမ ကျိုးထောင်ဟွားကို လျှော့တွက်ထားဆဲပင်။ နောက်ရက်အနည်းငယ်အတွင်း သူမနှင့်အခြားခူယားကောင်နတ်ဆိုးများသည် ညတိုင်းဆိုသလိုဒေသခံမြေစောင့်နတ်ကျောင်းများနှင့် မြို့စောင့်နတ်ကျောင်းအမျိုးမျိုးသို့ စေလွှတ်ခံရပြီး သူတို့သခင်မမှ အလှူငွေများကို များများရလေ ကောင်းလေဟုတောင်းဆိုခဲ့သည်။
ခူယားကောင်နတ်ဆိုးများမှာ ညတိုင်း ကြိုးကြိုးစားစား အလုပ်လုပ်ကြသဖြင့် ရှန်းမိသားစု၏ အနောက်ဘက်အခန်းသည် လက်နက်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။ ကျိုးထောင်ဟွား မီးလှံများကိုရေတွက်ကြည့်လိုက်ရာ ရွာတစ်ရွာလုံးရှိ လူတိုင်းအတွက်လုံလောက်နေပြီ ဖြစ်သည်။
"အစ်ကိုရှန်းမင် ရွာလူကြီးအိမ်ကိုတစ်လက်ယူသွားပြီး အဘိုးရွာလူကြီးကို သွားပြကြရအောင်"
ကျိုးထောင်ဟွား ရှန်းမင်လက်ကို ဆွဲကာ စိတ်အားထက်သန်စွာဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ သူတို့အိမ်၌ မီးလှံများနှင့် ကျည်ဆန်များကို ဖန်တီးနေသည်မှာ တစ်လရှိပြီဆိုသော်ငြား သူမအနေဖြင့်တစ်ခါမှ သေနတ်မပစ်ဖူးခဲ့ပေ။ ကျိုးကျားရွာအပြင်ဘက်တွင် ထန်ရှန်းဟွေ့ခမျာ တစ်လတိတိအသက်လုကာ မြင်းစီးလာပြီးနောက် နောက်ဆုံးတော့ဤခေါင်ဖျားသောရွာလေးဆီ ရောက်ရှိလာခဲ့သည်။ သူ့ဘောင်းဘီများမှာ မြင်းကျောပြင်နှင့် ပွတ်တိုက်မိသဖြင့် ပေါက်ပြဲနေလေပြီ။
ကျိုးကျားရွာကို လွှမ်းခြုံထားသော အကာအကွယ်အစီအရင်ကို မယုံကြည်နိုင်ဟန်ဖြင့် သူစိုက်ကြည့်နေမိသည်။ ဤမျှကြီးမားသော အကာအကွယ်အစီအရင်ကို ဖန်တီးနိုင်သူ မည်သူမဆို သာမန်လူ လုံးဝမဖြစ်နိုင်ပေ။
‘ဒါပေမဲ့ သူနဲ့လာတိုးတာကတော့ ကိုယ့်သေတွင်းကိုယ်တူးတာပဲ’
ထန်ရှန်းဟွေ့ရင်ထဲတွင် လှောင်ပြုံးပြုံးလိုက်ပြီး ရှေ့သို့မြင်းဆက်စီးသွားလိုက်သည်။
"ဟေး ခင်ဗျားဘယ်ကလာတာလဲ၊ ငါတို့ ကျိုးကျားရွာကို ဘာလာလုပ်တာလဲ"
***