[Warning ရွံ့ရှာဖွယ်အကြောင်းအရာများပါဝင်နေပါသည်]
ထန်ရှန်းဟွေ့ ကျိုးကျားရွာထဲသို့ ခြေလှမ်းလှမ်းတော့မည့်ဆဲဆဲတွင် အော်သံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။ အသံလာရာဘက်သို့ ကြည့်လိုက်ရာ ခွန်အားကြီးမားသော လူငယ်ရွာသား နှစ်ဦးကိုတွေ့လိုက်ရပြီး သူတို့တစ်ယောက်စီ၏ပခုံးပေါ်တွင် ဖားတစ်ကောင်စီရှိနေ၏။ ထိုဖားများမှာလည်း သာမန်ဖားများမဟုတ်ကြပေ။
‘သူတို့က ဖားပေါက်စနတ်ဆိုးတွေလား’
ထန်ရှန်းဟွေ့ ချက်ချင်းမှင်သက်သွားရသည်။
‘ဒါက ဘယ်လိုရွာမျိုးလဲ။ ဖားနတ်ဆိုးနှစ်ကောင်က သာမန်ရွာသားနှစ်ယောက်ရဲ့ စကားကို လိမ်လိမ်မာမာလေးနားထောင်နေကြတာလား။ ဒီရွာက သာမန်နေရာတော့ မဟုတ်ဘူးပဲ။ သူ သတိထားမှဖြစ်မယ်’
ထန်ရှန်းဟွေ့ အားနာဟန်ဆောင်ကာ ထိုလူနှစ်ယောက်ထံပြောလိုက်သည်။
"မင်္ဂလာပါ ကျွန်တော်ခရီးသွားရင်း ဒီနားကို ဖြတ်လာတာပါ၊ ခင်ဗျားတို့ရွာက ကျွန်တော် လမ်းတစ်လျှောက်မြင်ဖူးခဲ့တဲ့ ရွာတွေနဲ့ အတော်လေးကွာခြားတာပဲ၊ အိမ်တွေက တကယ်ကိုလှတယ်၊ အားလုံးက သပ်ရပ်တဲ့အုတ်ပြာနဲ့ အုပ်ကြွပ်မိုး အိမ်တွေချည်းပဲ၊ နွားလှည်းတွေကလည်း နေရာတိုင်းမှာ ရှိတယ်၊ ပြီးတော့....."
ထန်ရှန်းဟွေ့ တောင်ပေါ်သို့မော့ကြည့်လိုက်ရာ ရွာကိုပတ်လည်ဝိုင်းပြီး မြို့ရိုးတစ်ခုတည်ဆောက်ထားသည်ကို တွေ့လိုက်ရသည်။ မပိတ်ရသေးသော အပိုင်းအနည်းငယ်မှလွဲ၍ ကျန်အပိုင်းများ အားလုံး ပိတ်ဆို့ပြီးသွားပြီဖြစ်၏။
‘ဒီရွာက ဘာတွေလုပ်နေတာလဲ’
ကျိုးရှန့်တုန်းနှင့် ကျိုးရှန့်ကျူးတို့သည် ကျိုးကျားရွာကို သူချီးကျူးနေသည်အား ကြားသောအခါ ဂုဏ်ယူဝင့်ကြွားစွာပြုံးလိုက်ကြသည်။ သူတို့ကျိုးကျားရွာမှာ ရွာနီးစပ်ချုပ်ပတ်ဝန်းကျင်တစ်ဝိုက်တွင် အချမ်းသာဆုံးရွာဖြစ်သည်ပင်။
"ကျွန်တော်အထဲဝင်ပြီး လေ့လာကြည့်လို့ ရမလား"
သူတို့နှစ်ဦးသတိလက်လွတ်ဖြစ်သွားသည့် အခွင့်အရေးကိုယူ၍ ထန်ရှန်းဟွေ့ မေးလိုက်သည်။ သို့သော် ကျိုးရှန့်တုန်းမှာ ပြတ်ပြတ်သားသားပြန်ဖြေလာ၏။
"မရဘူး"
ကျိုးရှန့်ကျူးမှာ ကျိုးရှန့်တုန်းနှင့်တိုင်ပင်လိုက်သည်။
"အစ်ကိုရှန့်တုန်း သူကခရီးသွားသက်သက်ပဲမလား၊ သူ့ကိုအထဲဝင်ပြီး ကြည့်ခိုင်းလိုက်ရင်ရော ဘယ်လိုလဲ၊ ကျွန်တော်တို့ သူ့ကိုစောင့်ကြည့်ထားလို့ရတာပဲလေ"
သို့သော် ကျိုးရှန့်တုန်း အနည်းငယ်စိုးရိမ်နေဆဲဖြစ်သည်။
"ရှန့်ကျူ အရင်တုန်းက ငါတို့ရွာမှာဓားပြတွေနဲ့ကြုံဖူးတာကို မင်းမေ့သွားပြီလား၊ တကယ်လို့ သူကကြိုတင်စူးစမ်းဖို့လာတာဆိုရင် ဘယ်လိုလုပ်မလဲ၊ ပြီးတော့ ဒီလူ့မျက်လုံးတွေက နည်းနည်းထူးဆန်းတယ်၊ ဟိုဟိုဒီဒီလိုက်ကြည့်နေတာ ကြည့်လိုက်"
သူတို့နှစ်ဦးတီးတိုးတိုင်ပင်ဆွေးနွေးနေကြသည်ကို မြင်သောအခါ ထန်ရှန်းဟွေ့ သူ့မြင်းကို ရှေ့သို့ခြေနှစ်လှမ်းခန့် အသာတိုးသွားစေလိုက်သည်။ ရုတ်တရက် မြင်းဗိုက်ကို သူကန်လိုက်ရာ မြင်းချေးအပုံလိုက်ကျဆင်းလာပြီး အပုပ်နံ့ကြောင့် သူတို့နှစ်ဦးရပ်တန့်သွားကာ သူတို့ပခုံးပေါ်ရှိ ဖားနတ်ဆိုးများပင် အနံ့ကြောင့် အသက်ရှူကျပ်သွားရ၏။ ကျိုးရှန့်တုန်းမှာ အစကတည်းကပင် ဤလူကို ရွာထဲသို့ ပေးမဝင်ချင်ခဲ့ပေ။ ထန်ရှန်းဟွေ့၏မြင်းမှ ရွာအဝင်ဝတွင် ချေးပါနေဆဲဖြစ်သည်ကိုမြင်သောအခါ သူချက်ချင်းမောင်းထုတ်လိုက်သည်။
"မင်း ထွက်သွားတော့ ခရီးသွားချင်ရင် တခြားနေရာသွား၊ ငါတို့ရွာကိုမလာနဲ့"
ထန်ရှန်းဟွေ့ အကြိမ်ကြိမ်တောင်းဆိုလိုက်သည်။
"တောင်းပန်ပါတယ် ကျွန်တော့်မြင်းက ဒီနေ့မြက်တစ်မျိုးစားမိလို့ထင်တယ်၊ တကယ်ကို တောင်းပန်ပါတယ်၊ ကျွန်တော်တို့ အခုပဲထွက်သွားပါ့မယ်"
ကျိုးရှန့်တုန်း နှာခေါင်းကိုပိတ်ထားလိုက်သည်။
"ငါ ဒီမြင်းချေးပုံကြီးကို သွားကော်ထုတ်ဖို့ ဂေါ်ပြားတစ်လက်သွားရှာလိုက်ဦးမယ်"
ကျိုးရှန့်ကျူးမှာမူ နှာခေါင်းကိုပိတ်၍ ရွာအဝင်ဝတွင် ကင်းစောင့်နေခဲ့သည်။ နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ လေကွယ်သည့်နေရာတစ်ခုကို ရှာလိုက်ပြီး ထိုနေရာသို့လျှောက်သွား၍ သူကျိန်ဆဲလိုက်၏။
"ကျစ် ဒီမြင်းက ဘာတွေစားထားလို့ သူ့ချေးက ဒီလောက်တောင်နံရတာလဲ"
မြင်းချေးပုံကို ကျောခိုင်းလိုက်သည့် အခိုက်အတန့်တွင် ဖားနတ်ဆိုးမှာ မြင်းချေးပုံထဲမှ နတ်ဆိုးတစ်ကောင် ရုတ်တရက် တွားသွားထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်း၏တစ်ကိုယ်လုံးသည် အညိုရင့်ရောင်ဖြစ်နေပြီး အသက်ရှူကျပ်စေသော အပုပ်နံ့များကို ထုတ်လွှတ်နေ၏။ ထိုနတ်ဆိုး၏ မျက်လုံးများသည် ပုပ်နေသောသစ်သီးနှစ်လုံးအလား နောက်ကျိပြီး အသက်ကင်းမဲ့နေကာ အဆုံးမရှိသော နတ်ဆိုးအငွေ့အသက်များနှင့် လောဘကြီးမှုများကို ထုတ်လွှတ်နေသည်။ ၎င်း၏ပါးစပ်မှာ နားရွက်ထိပြဲလန်နေပြီး မညီမညာချွန်ထက်သည့်သွားများကို ပေါ်လွင်နေစေ၍ လျှာသည်လည်း ပုပ်နေသောအသားစတစ်စနှင့်တူနေလျက် ရွံရှာဖွယ်ရာချွဲကျိကျိအရည်များ စီးကျနေ၏။
"အွတ် အွတ် အွတ်"
ဖားနတ်ဆိုးမှာ ကျိုးရှန့်ကျူးကိုသတိပေးရန် အော်ဟစ်လိုက်သည်။ ကျိုးရှန့်ကျူး လှည့်ကြည့်ကာ ညည်းညူလိုက်၏။
"ဒီမြင်းချေးက ဘာလို့ပို,ပိုနံလာရတာလဲ"
သို့သော် သူလှည့်ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူမြင်လိုက်ရသောအရာကြောင့် ထိတ်လန့်သွားရသည်။
"ဒါ ဒါ ဒါကဘာကြီးလဲ"
ကျိုးရှန့်ကျူး အလွန်တရာကြောက်လန့်သွားသဖြင့် မြေကြီးပေါ်သို့လဲကျသွားပြီး သူ့ခန္ဓာကိုယ်မှာလည်း တောင့်တင်းသွားကာ လှုပ်ရှား၍မရတော့ပေ။ ကံကောင်းစွာဖြင့် ဖားနတ်ဆိုးသည် လူအသွင်ပြောင်းလဲနိုင်နေပြီဖြစ်ရာ ကျိုးရှန့်ကျူးကိုပခုံးပေါ်သို့ အမြန်တင်၍ထွက်ပြေးတော့သည်။ ဖားပေါက်စနတ်ဆိုး အော်ဟစ်လိုက်သောကြောင့် ပတ်ဝန်းကျင်ရှိ အခြားဖားနတ်ဆိုးများ အပြေးအလွှားရောက်လာကြ၏။ ဖားနတ်ဆိုးနှစ်ဆယ် တစ်ပြိုင်နက်တည်း လူအသွင်ပြောင်းလဲလိုက်ကြပြီး ထိုနတ်ဆိုးကို တားဆီးရန် တံတိုင်းတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကြသည်။ ရွာအဝင်ဝအနီးတွင် နေထိုင်သော ရွာသားများနှင့် ထိုနေရာတွင် အလုပ်လုပ်နေသူများ အားလုံးမှာ အပုပ်နံ့ကြောင့်ပျို့အန်ချင်လာကြ၏။
"ဘယ်သူ ဝမ်းလျှောနေတာလဲ"
"ထောင်ဟွားအိမ်က ဒူးရင်းသီးနတ်ဆိုးများလား"
"မဟုတ်ဘူး ချေးနံ့ကြီးပဲကွ"
"ဒူးရင်းသီးနတ်ဆိုးဆီက အနံ့က ချေးနံ့ပဲ မဟုတ်ဘူးလား"
လူများမှာပြောရင်းဆိုရင်း ရွာအဝင်ဝသို့ စုံစမ်းရန်ထွက်လာခဲ့ကြသည်။ သို့သော် သူတို့ လုံးဝအံ့အားသင့်သွားရသည်မှာ အလွန်တရာရုပ်ဆိုးပြီး တွန့်လိမ်နေသော နတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရခြင်းပင်။ ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံးသည် ပုပ်ဟောင်နေသော မစင်များနှင့် အော်ဂလီဆန်ဆန်ဖွဲ့စည်းထားပြီး တွားသွားနေသော လောက်ကောင်များနှင့် စေးကပ်သောအရည်များပါ ဖုံးလွှမ်းနေသည်။
"ဝေါ့"
ရွာသားများ ထိုမြင်ကွင်းကိုမြင်ပြီး မအန်ဘဲ မနေနိုင်အောင်ဖြစ်သွားကြသည်။
"ပြေးကြတော့ နတ်ဆိုးကြီးဟေ့"
သူတို့တစ်ယောက်ကိုတစ်ယောက်ဆွဲ၍ ရွာအဝင်ဝမှ တတ်နိုင်သမျှမြန်မြန် ထွက်ပြေးကြသည်။ ဖားနတ်ဆိုးများမှာမူ ထွက်မသွားရဲဘဲ နတ်ဆိုးကိုရင်ဆိုင်ရန် ဆုံးဖြတ်ထားသဖြင့် ပျို့အန်ချင်စိတ်ကို အောင့်အည်း သည်းခံနေကြရ၏။ သို့သော် ဤနတ်ဆိုးမှာ အလွန်တရာအစွမ်းထက်ရုံသာမက ၎င်း၏သဘာဝအတိုင်း ညစ်ပတ်နေသောအသွင်အပြင်ကိုအသုံးပြု၍ သူတို့ကိုရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တိုက်ခိုက်မှုနှစ်မျိုးစလုံးပြုလုပ်နေသည်။ ရွာလူကြီးအိမ်တွင် ကျိုးထောင်ဟွားထိုင်လိုက်ပြီး မီးလှံကို ရွာလူကြီးထံသို့ကမ်းပေးလိုက်၏။
"အဘိုးရွာလူကြီး၊ ဒါသမီး အခုလေးတင် ဖန်တီးထားတဲ့ လက်နက်ပဲ၊ မီးလှံလို့ ခေါ်တယ်၊ အစွမ်းထက်ပြီး ရိုးရှင်းတယ်၊ ပေါ့ပါးပြီးတော့ သင်ယူရလွယ်ကူတယ်၊ သမီးတို့ရွာကလူတိုင်း ဒါကိုဘယ်လိုသုံးရမလဲဆိုတာ သင်ယူစေချင်တယ်၊ ဒါမှလူတိုင်း တစ်လက်စီရှိနိုင်မှာလေ၊ ရွာကိုကာကွယ်ဖို့က လူတိုင်းရဲ့တာဝန်ပဲ”
တစ်ခါမှမမြင်ဖူးခဲ့သော မီးလှံကိုကိုင်ထားရင်း ရွာလူကြီးမှာ လုံးဝဇဝေဇဝါ ဖြစ်နေပုံရသည်။ အမွှေးအတောင်တစ်ခုအားကိုင်ထားရသကဲ့သို့ တကယ်ကိုပေါ့ပါးလှ၏။
"ထောင်ဟွား ဒါကို ဘယ်လိုသုံးရတာလဲ"
ကျိုးထောင်ဟွား၏လမ်းညွှန်မှုဖြင့် ရွာလူကြီးသည် မီးလှံကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ့မျက်လုံးများ သေနတ်ပြောင်းဝအထက်ရှိ သလင်းကျောက်နှင့်ဆုံမိသည်နှင့် ခြေလှမ်းတစ်ရာအကွာအဝေးတွင် မည်သည့်အရာများ ဖြစ်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရ၏။ ရွာအဝင်ဝမှ ရွာသားများ ဆေးပင်စိုက်ခင်းမှတက်လာနေကြသည်။ သူတို့၏နာကျင်ပြီး ပျို့အန်ချင်နေသော မျက်နှာအမူအရာများကို သလင်းကျောက်အောက်တွင် ရှင်းရှင်းလင်းလင်းမြင်တွေ့နေရသည်။ ရွာလူကြီးမှာ ရွာသားများဦးတည်ရာအတိုင်း မီးလှံကိုရွှေ့လိုက်၏။ နောက်ဆုံးတွင် အလွန်တရာရွံရှာဖွယ်ကောင်းသော အရာတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။
‘ဒါက ဘာကြီးလဲ’
"အား"
ထိုစဉ်မှာပင် ရွာအဝင်ဝမှရွာသားများ အော်ဟစ်ပြီးထွက်ပြေးနေကြ၍ ကျိုးထောင်ဟွား ခြံဝင်းထဲမှထွက်လာရသည်။
"ရွာအဝင်ဝမှာ ဘာဖြစ်တာလဲ"
"ထောင်ဟွား ငါတို့ရွာမှာ နောက်ထပ် နတ်ဆိုးတစ်ကောင် ပေါ်လာပြန်ပြီ၊ အရမ်းရွံစရာကောင်းတာပဲ"
မီးလှံကြောင့် ရွာလူကြီးသည် အဝေးမှနေ၍ပင် ထိုအရာကိုသေချာမြင်တွေ့နေရသည်။ ကျိုးထောင်ဟွား တံခါးဝသို့ ရောက်ရှိလာချိန်တွင် အဝေးသို့လှမ်းကြည့်လိုက်ရာ ရွာလူကြီးဖော်ပြခဲ့သော မစင်နတ်ဆိုးကို ချက်ချင်း မြင်တွေ့လိုက်ရ၏။ လူအသွင်ပြောင်းလဲထားပြီးဖြစ်သော ဖားနတ်ဆိုးသုံးဆယ်မှ ၎င်း၏လမ်းကို ပိတ်ဆို့ထားသော်လည်း ထိုနတ်ဆိုး၏ပြိုင်ဘက် လုံးဝမဟုတ်ပေ။ ဖားနတ်ဆိုးများမှာ လူအသွင်ပြောင်းလဲထားသော်လည်း မစင်နတ်ဆိုးမှာတော့အလွန်တရာအစွမ်းထက်လွန်းနေဆဲပင်။
"ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကျိုးကျားရွာတစ်ရွာလုံးက နတ်ဆိုးတွေကိုရှင်းလင်းပြီး ရွာအတွက်အကာအကွယ် အစီအရင်တောင် တည်ဆောက်ထားတာလေ၊ အကာအကွယ်နှစ်ထပ်တောင်ရှိနေတာကို ဘယ်လိုလုပ်ပြီး ဒီလိုမစင်နတ်ဆိုးမျိုးပေါ်လာနိုင်သေးတာလဲ"
ကျိုးထောင်ဟွား မယုံကြည်နိုင်ဟန်ဖြင့်မေးလိုက်သည်။
‘ဒီမစင်နတ်ဆိုးက တုပ်ကွေးနတ်ဆိုးထက်တောင် ပိုအစွမ်းထက်သေးတယ်’
***