‘ဒီလောက် အချိန်တိုအတွင်းမှာ ဒီလို အစွမ်းထက်တဲ့ နတ်ဆိုးမျိုး ကျိုးကျားရွာမှာ ထပ်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ’
ကျိုးထောင်ဟွား မျက်မှောင်ကြုတ်သွားစဉ် ရှန်းမင်လည်း တစ်ခုခုမှားယွင်းနေကြောင်း အာရုံခံမိသွားသည်။ ကျိုးထောင်ဟွားမှာ ရွာလူကြီး၏မီးလှံကိုငြိမ်နေအောင် ကူညီကိုင်တွယ်ပေးပြီး သေနတ်ပြောင်းဝကို အဝေးမှမစင်နတ်ဆိုးထံသို့ ချိန်ရွယ်ပေးလိုက်၏။
"ရွာလူကြီး မစင်နတ်ဆိုးကိုချိန်မိပြီလား"
ကျိုးထောင်ဟွား သူ့အနောက်မှနေ၍မေးလိုက်သည်။ ရွာလူကြီးမှာ မစင်နတ်ဆိုးကြောင့် အနည်းငယ်ကြောက်လန့်နေသော်လည်း ကျိုးထောင်ဟွားအသံကို ကြားလိုက်ရသောအခါ အကြောင်းပြချက်မရှိဘဲ စိတ်အေးသွားရ၏။
"ထောင်ဟွား ဟိုဖားနတ်ဆိုးတွေက ဒီမစင်နတ်ဆိုးကို မနိုင်ပုံရတယ်၊ သမီး နှိမ်နင်းနိုင်မလား"
ရွာလူကြီး မေးလိုက်သည်။ ရွာလူကြီးစိတ်ထဲတွင် ကျိုးထောင်ဟွားသည် အရာအားလုံးကို စွမ်းဆောင်နိုင်သူပင်။ ရွာထဲတွင်ပေါ်လာပြီး ဒုက္ခပေးသမျှနတ်ဆိုးအားလုံးကို သူမတစ်ယောက်ထဲပင် ရှင်းလင်းပစ်ခဲ့ခြင်းသာ။ ကျိုးထောင်ဟွား ရွာလူကြီး၏လက်ညှိုးကို ခလုတ်ပေါ်သို့တင်ရန် လမ်းညွှန်ပေးပြီးပြောလိုက်သည်။
"ရွာလူကြီးကိုယ်တိုင် အဲဒါကိုနှိမ်နင်းနိုင်မယ်လို့ ယုံကြည်လား ဒီလိုမျိုးလေ"
"ဒိုင်း"
သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး ကျိုးကျားရွာတစ်ရွာလုံးသို့ ပဲ့တင်ထပ်သွားကာ တောင်ပေါ်ရှိငှက်များပင် လန့်ဖျပ်ပြီးပျံသန်းသွားကြသည်။ ဖားနတ်ဆိုးများအားလုံးသည် မစင်နတ်ဆိုး၏တိုက်ခိုက်မှုကြောင့် မြေကြီးပေါ်သို့ လဲကျသွားကြ၏။ သူတို့မှာအသည်းအသန် ကြိုးစားကာကွယ်နေကြပြီး ဤနတ်ဆိုးရွာထဲဝင်ကာ ရွာသားများကို ဒုက္ခပေးမည်အားစိုးရိမ်နေကြစဉ် ရုတ်တရက် သေးငယ်သောအရာဝတ္ထုလေးတစ်ခု မစင်နတ်ဆိုးခေါင်းထဲ ပျံသန်းဝင်ရောက်သွားသည်ကို တွေ့လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် ယခင်က ရက်စက်ကြမ်းကြုတ်နေသော မစင်နတ်ဆိုးသည် မြေကြီးပေါ်သို့လဲကျကာငြိမ်သက်သွားလေ၏။ ဖားနတ်ဆိုးအားလုံးထရပ်ပြီး ၎င်းကိုစစ်ဆေးကြည့်လိုက်ရာ အံ့ဩစရာကောင်းလောက်အောင်ပင် ထိုနတ်ဆိုးသေဆုံးသွားခဲ့လေပြီ။ ရွာလူကြီးမှာ မစင်နတ်ဆိုးလဲကျသွားသည်ကိုမြင်သောအခါ အံ့ဩဝမ်းသာ ဖြစ်သွားရသည်။ ကျိုးထောင်ဟွားအား သူမေးလိုက်၏။
"ထောင်ဟွား အဲ့နတ်ဆိုးကို အဘိုးသတ်လိုက်တာလား"
"ဟုတ်ပါတယ်၊ အဘိုး ဒီမီးလှံနဲ့ကျည်ဆန်မှာ သမီးအစီအရင်တွေထည့်ထားတယ်၊ ဒီမီးလှံနဲ့သာဆိုရင် နောက်ကျတွေ့သမျှ နတ်ဆိုးတိုင်းကို သတ်လို့ရပြီ၊ နတ်ဆိုးတွေတင်မကဘူး၊ လူတွေအတွက်လည်း အရမ်းအသုံးချလို့ရတယ်"
တကယ်တော့ လူသတ်ရသည်မှာ ပို၍ပင်လွယ်သေးသည်။ ဖားနတ်ဆိုးသုံးဆယ်ပင် မယှဉ်နိုင်သော မစင်နတ်ဆိုးကို သူကိုယ်တိုင်သတ်ပစ်လိုက်သည်ဟု ကြားရသောအခါ ရွာလူကြီးအလွန်တရာ အံ့အားသင့်သွားရ၏။ ချက်ချင်းပင် သူ့ရင်ထဲတွင် အောင်မြင်မှုခံစားချက်များ ပြည့်လျှံလာသည်။ သူ့လက်ထဲရှိ မီးလှံကို ပွတ်သပ်ရင်း သူရေရွတ်လိုက်၏။
"ဘုရားရေ ဒါကရတနာပဲ၊ နာမည်က ဘယ်လိုခေါ်တာပါလိမ့်၊ မီး မီးဘာဖြစ်တယ်၊ ဒီလောက်တိုတဲ့လှံမျိုး အဘိုး တစ်ခါမှမမြင်ဖူးဘူး၊ ဒါပေမဲ့အရမ်းကို အစွမ်းထက်တယ်"
"အဘိုး ဒါကို မီးလှံလို့ခေါ်တယ်၊ အခုကစပြီး သမီးတို့ရွာကလူတိုင်းမှာ တစ်လက်စီ ရှိရမယ်၊ အဲ့အချိန်ကျရင် နတ်ဆိုးဝိညာဉ်တွေကို သမီးတို့ဘယ်တော့မှ ကြောက်နေစရာမလိုတော့ဘူး၊ ဒါပေမဲ့ ဒီမစင်နတ်ဆိုးက သမီးတို့ရွာမှာ အစကတည်းကရှိနေတဲ့အရာမဟုတ်တာတော့ သေချာတယ်"
ကျိုးထောင်ဟွား၏မျက်နှာထား လေးနက်သွားသည်။ ဂေါ်ပြားကိုကိုင်ထားသော ကျိုးရှန့်တုန်းသည်လည်း မစင်နတ်ဆိုး၏ပုံပန်းသဏ္ဍာန်ကို မြင်တွေ့ခဲ့ရ၏။
"ထောင်ဟွား အဲ့ဒါဟိုမြင်းချေးပုံကများလား၊ ခုနက သမီးအဲဒါကို မစင်နတ်ဆိုးလို့ပြောတယ်လေ၊ အစ်ကို ရွာအဝင်ဝမှာ ကင်းစောင့်နေတုန်း တခြားရွာကလူတစ်ယောက် မြင်းစီးပြီးဝင်လာတယ်၊ သူ့ကို တားလိုက်ပေမယ့် သူ့မြင်းကရွာအဝင်ဝမှာ မြင်းချေးတစ်ပုံပါချသွားတာ အရမ်းနံတာပဲ"
ကျိုးထောင်ဟွား မျက်ခုံးပင့်လိုက်သည်။
‘မြင်းချေး’
မြေကြီးပေါ်တွင်သေဆုံးနေသော မစင်နတ်ဆိုးကို မြင်သောအခါ ကျိုးရှန့်ကျူး နှာခေါင်းကိုပိတ်ထားပြီး ကျိန်ဆဲလိုက်သည်။
"အရမ်းနံတာပဲ၊ ဒီအကောင်က သေသွားတာတောင် ဘယ်လိုလုပ် ဒီလောက်အနံ့ဆိုးနေရသေးတာလဲ"
ရွာလူကြီး လျှောက်လာသောအခါ လေးစားအားကျနေသော မျက်လုံးများဖြင့် ရွာသားများမှ သူ့ကိုချက်ချင်းဝိုင်းရံလိုက်ကြသည်။
"ရွာလူကြီး လက်ထဲကဟာကဘာကြီးလဲ၊ အဲဒါနဲ့ မစင်နတ်ဆိုးကိုသတ်လိုက်တာလား"
သူရဲကောင်းတစ်ဦးအဖြစ် ပထမဆုံးအကြိမ်အကြည့်ခံရသဖြင့် ရွာလူကြီး အလွနိရာ ကျေနပ်သွားသည်။
"ဒါကိုမီးလှံလို့ခေါ်တယ်၊ ထောင်ဟွား ဖန်တီးထားတာလေ၊ နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေကို သတ်နိုင်ရုံတင်မကဘူး၊ လူတွေကိုလည်း သတ်နိုင်တယ်"
ရွာလူကြီးသည် မီးလှံအကြောင်း လူအုပ်ကြီးထံ မိတ်ဆက်ပြောပြပြီး ၎င်း၏လုပ်ဆောင်ချက်များကို ပြသလိုက်သည်။ ကျိုးထောင်ဟွား မြေကြီးပေါ်တွင်လဲကျနေသော မစင်နတ်ဆိုးကိုရွံရှာစွာကြည့်လိုက်ပြီး ကျိုးရှန့်တုန်းထံမှ ဂေါ်ပြားကိုငှားကာ နတ်ဆိုး၏ခန္ဓာကိုယ်ထဲတွင် မွှေနှောက်ရှာဖွေလိုက်၏။ နှစ်ပေါင်း တစ်ထောင့်နှစ်ရာကျင့်ကြံခြင်းစွမ်းအားရှိသောအမြုတေကို မြင်တွေ့လိုက်ရသောအခါမှသာ သူမမျက်လုံးများတွင် အပြုံးတစ်ခုပေါ်လာလေသည်။ ထို့နောက် သူမလက်ဖဝါးမှနေ ဝိညာဉ်စွမ်းအင်အမျှင်တန်းလေးတစ်ခုကို ထုတ်လွှတ်လိုက်ပြီး မစင်နတ်ဆိုး၏ခန္ဓာကိုယ်ကို ပြာဖြစ်သည်ထိ လောင်ကျွမ်းစေလိုက်၏။
"အစ်ကိုရှန့်တုန်း ခုနကခရီးသွားပုံစံက ဘယ်လိုမျိုးလဲ"
ရှန်းမင် မေးလိုက်သည်။
…
သေနတ်သံထွက်ပေါ်လာချိန်တွင် မြို့သို့ သွားရာလမ်း တစ်ဝက်ခန့်ရောက်နေပြီဖြစ်သော ထန်ရှန်းဟွေ့လည်းကြားလိုက်ရသည်။ ထိုစဉ် မစင်နတ်ဆိုး သေသွားပြီဖြစ်ကြောင်း သူချက်ချင်း သဘောပေါက်သွား၏။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
'အဲဒီနတ်ဆိုးက သူကိုယ်တိုင်ပြုစုပျိုးထောင်ထားတဲ့ နှစ်တစ်ထောင်မစင်နတ်ဆိုးလေ၊ ဒီလောက်လွယ်လွယ်လေး အနိုင်ယူခံလိုက်ရတာလား’
မူလက မစင်နတ်ဆိုးကို ကျိုးကျားရွာရှိအိမ်တိုင်း၏ရေအိမ်များကို အသုံးပြု၍ ပိုမိုအစွမ်းထက်လာစေရန်နှင့် ရွာကိုလွှမ်းမိုးကာ မိလ္လာကန်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်ရန် စဉ်းစားထားခဲ့ခြင်းပင်။ သူ့လက်တစ်ချောင်းမှ လှုပ်စရာမလိုဘဲ တစ်ရက် နှစ်ရက်ခန့်အတွင်း ဤကိစ္စအားအလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။ သူ လုံးဝထင်မထားခဲ့သည်မှာ သူ့နတ်ဆိုးသေသွားခဲ့ခြင်းပင်။ ထန်ရှန်းဟွေ့မျက်နှာပေါ်တွင် လူသတ်ချင်သောအငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဆရာက ငါ့ကိုဘာလို့ ဒီလွှတ်လိုက်တာလဲ ဆိုတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ၊ ဒါပေမဲ့ ကျိုးကျားရွာဆိုတာ ဘယ်လိုနေနေ နောက်တစ်ရက် နှစ်ရက်ထက်ပိုခံမှာ မဟုတ်ဘူး"
"ဂွီ......"
သူခြိမ်းခြောက်စကား ပြောပြီးသည်နှင့် တစ်ပြိုင်နက် ထန်ရှန်းဟွေ့ဗိုက်ထဲမှ အသံမြည်လာသည်။ ကျိုးကျားရွာအားမနက်ဖြန်မှ ကိုင်တွယ်ရပေမည်။ မြို့ပေါ်သွားပြီး ဗိုက်ဖြည့်ရန်သာပိုအရေးကြီး၏။ ကျိုးကျားရွာအတွင်းတွင် ကျိုးထောင်ဟွား ရွာသားတိုင်းကို မီးလှံတစ်လက်စီ ဝေငှပေးလိုက်ပြီး လယ်ကွင်းများထဲ၌ မည်ကဲ့သို့ချိန်ရွယ်ပြီး ပစ်ခတ်ရမည်ကို လေ့ကျင့်ပေးနေသည်။ လူတိုင်းမှာ သုံးပေရှည်လျားပြီး အလွန်တရာပေါ့ပါးသော ကြေးဝါသေနတ်များကို ဆုပ်ကိုင်ထားကြကာ ခလုတ်ကိုဆွဲလိုက်ရုံဖြင့် နားကွဲမတတ် "ဒိုင်း"ကနဲ အသံထွက်လာလိမ့်မည်ကို ယုံကြည်ရန်ခက်ခဲနေကြ၏။
ထို့ပြင် သူတို့၏စွမ်းအားမှာ အလွန် ကြီးမားလှသည်။ အကွာအဝေးမည်မျှပင် ဝေးစေကာမူ ပန်းကန်လုံးတစ်လုံး သို့မဟုတ် အိုးကြီးတစ်လုံးကို အပိုင်းပိုင်းအစစကြေမွသွားစေနိုင်သည်ထိ ပစ်ခွဲနိုင်လေ၏။ အဘိုးယွဲ့ကျန်းမှစ၍ အဘွားချူ ၏လေးနှစ်အရွယ်မြေးလေးအထိ လူတိုင်းတစ်ရက်တာ လေ့ကျင့်ပြီးနောက် မည်သို့ပစ်ခတ်ရမည်ကို တတ်မြောက်သွားကြသည်။ ရွာထဲတွင်သေနတ်သံများ တဖောက်ဖောက်ထွက်ပေါ်နေပြီး တောင်ပေါ်ရှိငှက်များမှာတော့ အချိန်ကြာမြင့်စွာကတည်းမှ အဝေးသို့ပျံသန်းသွားခဲ့ကြပြီပင်။
တောင်ထိပ်ရှိဝံပုလွေများမှာမူ အောက်သို့ဆင်းမလာရဲဘဲ သူတို့နေရာတွင်သာကွေးကွေးလေးပုန်းအောင်းနေကြသည်။ ကျိုးရှန့်တုန်းနှင့် ကျိုးရှန့်ကျူးတို့၏ ဖော်ပြချက်များပေါ်အခြေခံ၍ ကျိုးထောင်ဟွားမှာ ထန်ရှန်းဟွေ့ပုံတူကိုရေးဆွဲလိုက်၏။ ဤလူမှ နောက်ထပ်နတ်ဆိုးများကို ရွာထဲသို့ထပ်မံခေါ်ဆောင်လာမည်အား ကာကွယ်ရန်အတွက် သူမသည်မြေပြင်ရှိ ဖားနတ်ဆိုးများကို အင်အားဖြည့်တင်းပေးရုံသာမက ကောင်းကင်ပေါ်ကင်းလှည့်ရန် ခူယားကောင်နတ်ဆိုးများကိုလည်း အမိန့်ပေးထားလိုက်သည်။
သို့သော် ဤကဲ့သို့စီမံထားသော်လည်း နတ်ဆိုးများမှာ အခြားနည်းလမ်းများကို အသုံးပြု၍ ခိုးဝင်လာနိုင်သေးသည်။ ချက်ချင်းလုပ်ဆောင်ရမည့် ဦးစားပေးအလုပ်မှာ မြို့ရိုးတည်ဆောက်ရေးကို အရှိန်မြှင့်ပြီး တတ်နိုင်သမျှအမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ရန်ပင်။ မီးလှံတစ်ခုတည်းဖြင့် မလုံလောက်သေးချေ။
‘ကျည်ဆန်တစ်တောင့်က ပစ်မှတ်တစ်ခုကိုပဲထိနိုင်တာ၊ လက်ပစ်ဗုံးနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး’
ရုတ်တရက် ကျိုးထောင်ဟွားအမြောက်များကို ပြန်စဉ်းစားမိသွားသည်။
‘သူတို့ရဲ့စွမ်းအားက အကြီးမားဆုံးပဲ’
ကျိုးထောင်ဟွားစကားကိုကြားပြီးနောက် ထိုနေ့ မွန်းလွဲပိုင်းတွင် ရွာလူကြီးသည် မြို့ရိုးဆောက်ရာတွင်ကူညီရန် အခြားရွာများမှ အလုပ်သမားတစ်ထောင်ကျော်ကို ခေါ်ယူလာခဲ့သည်။ ထန်ရှန်းဟွေ့ ရွာထဲဝင်ရန် အခွင့်အရေးမရမည်ကိုစိုးရိမ်နေခဲ့သဖြင့် ကျိုးကျားရွာမှ လူလိုအပ်နေသည်ကိုသိသောအခါ စုတ်ပြဲနေသောအဝတ်အစားတစ်စုံကို အလွယ်တကူ ဝယ်ယူဝတ်ဆင်ပြီး ခိုးဝင်လာခဲ့၏။ ရွာလူကြီးမှာ စာရင်းစာအုပ်ထဲ၌ လူတိုင်းကိုမှတ်ပုံတင်နေစဉ် အနည်းငယ်ဖြူဖျော့သောအသားအရေနှင့် ဟန်ပန်အမူအရာမှာ သူဝတ်ဆင်ထားသည့် အဝတ်အစားများနှင့် လုံးဝမလိုက်ဖက်နေသော ထန်ရှန်းဟွေ့ကိုသတိထားမိလိုက်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ၊ ဘယ်ကလာတာလဲ"
ရွာလူကြီး ပေါ့ပေါ့ပါးပါးပင်မေးလိုက်သည်။ ထန်ရှန်းဟွေ့သည် သူ့နာမည်အမှန်ကို အလိုလိုပြောထုတ်မိတော့မလိုဖြစ်သွားသော်လည်း သူ့လျှာအားပြန်ခေါက်ကာ စကားကိုအမြန်ပြောင်းလဲလိုက်၏။
"ရွာလူကြီး ကျွန်တော့်နာမည်ကထန်ဟွေ့ ပါ၊ မီးအိမ်ရွာက လာတာပါ”
ထိုစကားကိုကြားသောအခါ ရွာလူကြီးစိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်သော်လည်း မည်သို့မှမဖြစ်ခဲ့သည့်အတိုင်း ဟန်ဆောင်နေလိုက်သည်။ သူ့ဇနီးမှာ မီးအိမ်ရွာမှဖြစ်ပြီး ထိုရွာတွင်ဤကဲ့သို့ လူမျိုးလုံးဝမရှိခဲ့ပေ။ ထိုအခိုက်အတန့်တွင် ဤလူမှာမသင်္ကာစရာကောင်းကြောင်း ရွာလူကြီးသေချာသွားလေသည်။
"ငါတို့ရွာမှာ နောက်ထပ်အလုပ်တစ်ခုရှိသေးတယ်၊ မင်းအဲဒီကိုသွားပြီးလုပ်ပေးလိုက်၊ မင်းက အတော်လေး စေ့စပ်သေချာမယ့်ပုံပဲ၊ ဒီတစ်ခါ အလုပ်က မင်းနဲ့တကယ်ကိုသင့်တော်တယ်"
***