ရွာလူကြီးထိုသို့ပြောပြီးနောက် ကျိုးရှန့်တုန်းနှင့်အတူ သူ့ကိုတောင်အောက်သို့ ခေါ်ဆောင်သွားကာ ကျိုးထောင်ဟွားထံသို့ ဦးတည်သွားလိုက်သည်။ လမ်းတစ်လျှောက်၌ သူသည်အလွန်တရာစိတ်လှုပ်ရှားနေပြီး သူ့ညာလက်မှာ ရင်ဘတ်တွင်ချိတ်ဆွဲထားသော မီးလှံဆီသို့ မသိစိတ်ဖြင့်ရောက်သွားတတ်၏။ ထန်ရှန်းဟွေ့ ရွာထဲသို့ဝင်ရန် အခွင့်အရေးရသွားသည်ကိုမြင်သောအခါ အလွန်တရာဝမ်းသာသွားပြီးပြောလာသည်။
"ရွာလူကြီး ကျွန်တော်က ဘယ်လိုအလုပ်မျိုးလုပ်ရမှာလဲ"
"ရောက်ပြီ အထဲဝင်သွားရင် မင်းသိရလိမ့်မယ်"
ရွာလူကြီးမှာ ရှန်းမိသားစုအိမ်တံခါးကို ခေါက်လိုက်သည်။ ထန်ရှန်းဟွေ့ပျော်ရွှင်နေသော်လည်း တံခါးပွင့်သွားသောအခါ သူ့မျက်နှာမှာ တောင့်တင်းသွားပြီး ရှန်းမင်ထံမှထွက်ပေါ်နေသော လွှမ်းမိုးနိုင်စွမ်းရှိသည့် လူသတ်ငွေ့များကြောင့် လန့်ဖျပ်သွားရ၏။ အန္တရာယ်ကြီးတစ်ခုကျရောက်နေပြီဆိုသည့် ခံစားချက်မှာ သူ့အတွေးထဲပေါ်လာခဲ့သည်။
‘သူ့ရဲ့မစင်နတ်ဆိုး ဒီလောက်မြန်မြန်သေသွားတာ၊ ဒီကြမ်းတမ်းတဲ့ အငွေ့အသက်တွေနဲ့ ငွေရောင်ဆံပင်ပိုင်ရှင်ကြောင့်များလား’
သူ ခြေတစ်ဝက်ခန့်နောက်ဆုတ်လိုက်ပြီး ထွက်ပြေးရန် လှည့်လိုက်သည်။
"မလှုပ်နဲ့ လှုပ်လိုက်တာနဲ့ ငါပစ်လိုက်မှာနော်"
ရွာလူကြီးမှာ သူ့လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ပြီး သူလှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် မီးလှံမှာထန်ရှန်းဟွေ့နဖူးဆီသို့ ချက်ချင်းချိန်ရွယ်ပြီးသားဖြစ်သွားသည်။
"ခင်ဗျားတို့ ခင်ဗျားတို့ကျွန်တော့်ကို ရိပ်မိနေခဲ့တာလား"
ထန်ရှန်းဟွေ့ သူပေါ်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ရွာလူကြီးလက်ထဲရှိ မီးလှံကိုတော့ သူလုံးဝဂရုမစိုက်ပေ။
‘ကြေးဝါတုတ်တစ်ချောင်းက လူတစ်ယောက်ကိုသတ်ဖို့ကလွဲလို့ ဘာလုပ်နိုင်မှာလဲ’
ကြေးဝါတုတ်ထက်စာလျှင် ရှန်းမင်ထံမှ ထွက်ပေါ်နေသော လွှမ်းမိုးနိုင်စွမ်းရှိသည့် လူသတ်ငွေ့များကို သူပို၍ကြောက်ရွံ့နေ၏။
‘ဒီလောက်များတဲ့ လူသတ်ငွေ့တွေနဲ့ဆိုတော့ သူ့စွမ်းအားက ငါ့ထက် သေချာပေါက်သာမှာပဲ’
ရှန်းမင်အား သူနှင့်ပူးပေါင်းရန် ကမ်းလှမ်းလိုက်သည်။
"မင်းလည်း လူကောင်းမဟုတ်ဘူးလို့ ငါထင်တယ်၊ ဒါကြောင့် ငါတို့တွေပူးပေါင်းကြရင်ရော ဘယ်လိုလဲ၊ ကျိုးကျားရွာကို အတူတူဖျက်ဆီးပစ်ဖို့ မင်းသဘောတူသရွေ့ ငါမင်းကို ပိုက်ဆံတွေအများကြီးပေးပြီး စည်းစိမ်ချမ်းသာတွေခံစားရမယ့် ဘဝမျိုးဆီခေါ်သွားပေးမယ်၊ ကျိုးကျားရွာက အရမ်းသေးငယ်ပြီး ယိုယွင်းပျက်စီးနေတာ၊ အဲဒါက မင်းရဲ့အလိုဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်"
ထန်ရှန်းဟွေ့စကားပြော၍ မဆုံးခင်မှာပင် ရှန်းမင်မှလက်သီးဖြင့် ထိုးချလိုက်သည်။ ကျိုးကျားရွာဆိုသည်မှာ သူ့အိမ်၊ သူ့အတွက် အရေးအကြီးဆုံးလူများနှင့် သူ့မိသားစုရှိနေသည့် နေရာဖြစ်၏။
‘သူက ကျိုးကျားရွာကို ဖျက်ဆီးရမယ်တဲ့လား’
ထန်ရှန်းဟွေ့လည်ပင်းကို သူဆွဲညှစ်လိုက်သည်။
"မင်းက သေချင်နေတာပဲ"
"မင်းက ဒီလောက်တောင်ခေါင်းမာတာလား"
ထန်ရှန်းဟွေ့ မနည်းအသံထွက်အောင် ပြောလိုက်သည်။ ရှန်းမင်ထံ အကြည့်စူးစူးဖြင့် သူစိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင်တော့ လူသတ်ချင်သောအရိပ်အယောင်တစ်ခု လင်းလက်သွား၏။ တစ်ခဏအကြာတွင် သေးငယ်သော အသားရောင်ပိုးကောင်အချို့ သူ့အင်္ကျီလက်စထဲမှ တွားသွားထွက်လာလေသည်။
"သတိထား"
ကျိုးထောင်ဟွား အလျင်အမြန် သတိပေးလိုက်သည်။ ထိုပိုးကောင်များသည် ကူပိုးကောင်များမဟုတ်သော်လည်း သန်ကောင်များနှင့်တူနေသည် မဟုတ်ပါလား။
‘သူတို့ကလည်း ဒီလူရဲ့နတ်ဆိုးတွေအဖြစ် မွေးမြူခံထားရတာပဲ’
သွယ်လျသော သန်ကောင်သုံးကောင် သူ့ထံသို့ပျံသန်းလာနေသည်ကို မြင်သောအခါ ရှန်းမင်ချက်ချင်းလွှတ်လိုက်ပြီး နောက်ဆုတ်၍ မီးလှံကိုအမြန်ဆွဲထုတ်လိုက်သည်။
*ဒိုင်း ဒိုင်း ဒိုင်း*
သေနတ်သံသုံးချက် ထွက်ပေါ်လာပြီး ရှန်းမင် သန်ကောင်နတ်ဆိုးသုံးကောင်ကို လျင်မြန်စွာ သတ်ပစ်လိုက်သည်။ သူတို့သည် ကျင့်ကြံခြင်းစွမ်းအား နှစ်တစ်ထောင်ကျော်စီရှိသော အမြုတေသုံးလုံးအဖြစ်ပြောင်းလဲသွားပြီး မြေကြီးပေါ်သို့ ကျဆင်းသွားလေ၏။ ခြေလှမ်းအနည်းငယ်သာပြေးရသေးသော ထန်ရှန်းဟွေ့မှာ ‘ဒိုင်း’ကနဲအသံကို ထပ်မံကြားလိုက်ရပြီး သန်ကောင်နတ်ဆိုးသုံးကောင် သေသွားပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။ ထိတ်လန့်တကြားဖြင့် အလျင်စလိုနောက်သို့ သူလှည့်ကြည့်လိုက်၏။
‘ဒီလူသုံးယောက်က ထူးဆန်းတယ်။ ဒီရွာက တခြားရွာတွေနဲ့ မတူဘူး။ သူတို့ကိုင်ထားတဲ့ ကြေးဝါလုံးတွေက အစွမ်းထက်တဲ့ရည်ရွယ်ချက် တစ်ခုခုရှိနေပုံပဲ’
"မလှုပ်နဲ့ မင်းလှုပ်ရင် မင်းခြေထောက်တွေကိုချိုးပစ်မယ်"
ရွာလူကြီးမှာ မီးလှံဖြင့် ထန်ရှန်းဟွေ့ထံချိန်ရွယ်ကာ သတိပေးလိုက်သည်။ အကယ်၍ လူသတ်လိုက်လို့ထောင်ကျမည်ကိုသာ မကြောက်ဘူးဆိုလျှင် သူ ချက်ချင်းပစ်လိုက်မည်ပင်။ ထန်ရှန်းဟွေ့ ငြိမ်သက်စွာရပ်နေလိုက်သည်။ ကြေးဝါတုတ်၏ ဖိအားအောက်တွင် သူလှုပ်ပင် မလှုပ်ရဲတော့ပေ။ ထိုအခါမှ ကျိုးထောင်ဟွား မေးလိုက်သည်။
"ရှင်ကဘယ်သူလဲ၊ ကျွန်မတို့ရွာကို ဒုက္ခပေးဖို့ ဘာလို့ရောက်လာတာလဲ"
နှစ်ပေါင်းတစ်ထောင်ကျင့်ကြံခြင်းစွမ်းအားရှိသော နတ်ဆိုးလေးကောင်ကို ဆက်တိုက်ပိုင်ဆိုင်ထားသူမှာ သာမန်လူ လုံးဝမဖြစ်နိုင်ပေ။ ထန်ရှန်းဟွေ့သည် လူသုံးယောက်ထံ စိုးရိမ်တကြီးကြည့်နေပြီး ရုတ်တရက် လှုပ်ရှားမှုတစ်ခုမှပင်မလုပ်ရဲချေ။ သူနာခံသွားပြီဟုထင်၍ ရွာလူကြီးမှာ သူ့ကိုတုပ်နှောင်ရန် ကြိုးတစ်ချောင်း သွာရှာလိုက်သည်။ ဤအချိန်တွင် သူ့ပတ်ဝန်းကျင်၌ ယင်စွမ်းအင်များ ရုတ်တရက်မြင့်တက်လာသည်ကို ကျိုးထောင်ဟွား သတိထားမိလိုက်ပြီးအမြန် အော်ဟစ်လိုက်၏။
"အဘိုးရွာလူကြီး သတိထား"
တစ်ခဏအကြာတွင် ထန်ရှန်းဟွေ့ရှေ့၌ မြင်းတစ်ကောင် ရုတ်တရက်ပေါ်လာပြီး ၎င်း၏ရှေ့ခြေထောက်များကို မြှောက်ကာ ရွာလူကြီး၏ခေါင်းကို နင်းခြေတော့မည့်ဆဲဆဲ ဖြစ်နေလေသည်။ ကံကောင်းစွာဖြင့် ရှန်းမင်မှ သူ့ကို အချိန်မီဆွဲဖယ်လိုက်နိုင်၏။ ရွာလူကြီး၏နောက်ကျောတွင် ချွေးအေးများရွှဲသွားတော့သည်။ လေဟာပြင်ထဲမှ ရုတ်တရက်ပေါ်လာသောမြင်းကိုကြည့်ပြီး ထန်ရှန်းဟွေ့ထံ လက်ညှိုးထိုးကာ သူပြောလိုက်၏။
"ရှန်းမင် ဒုက္ခပဲ၊ သူ ထွက်ပြေးတော့မယ်"
လေဟာပြင်ထဲမှ ရုတ်တရက်ပေါ်လာနိုင်သော ထန်ရှန်းဟွေ့၏စွမ်းရည်ကြောင့် ကျိုးထောင်ဟွားလည်း အံ့အားသင့်သွားရသည်။ ခြံထဲတွင်ချည်ထားသော ရှောင်ဟေးမှာ တစ်နည်းနည်းဖြင့် ကြိုးပြုတ်သွားပြီး သူတို့ထံသို့လျှောက်လာနေ၏။
"ညီမထောင်ဟွား အိမ်မှာကိုယ့်ကိုကိုယ် သေချာဂရုစိုက်နော်၊ အစ်ကို သူ့နောက် လိုက်သွားလိုက်ဦးမယ်"
ရှန်းမင်မြင်းပေါ်သို့ အမြန်တက်၍ပြောလိုက်သည်။
"အစ်ကိုရှန်းမင် ညီမလည်းအစ်ကိုနဲ့လိုက်ခဲ့မယ်၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အတော်လေး မြင့်တယ်နော်"
ကျိုးထောင်ဟွား စိုးရိမ်တကြီးပြောလိုက်သည်။ ထန်ရှန်းဟွေ့ လေဟာပြင်ထဲမှ ရုတ်တရက်ပေါ်လာသည်ကို မြင်တွေ့ခဲ့ရသဖြင့် ဤနတ်ဆိုးကျင့်ကြံသူမှာ အလွန်တရာ အစွမ်းထက်ကြောင်း သူမ ကောက်ချက်ချထားပြီးဖြစ်၏။ ရှန်းမင် သူမဝမ်းဗိုက်ထံ တစ်ချက်ကြည့်လိုက်ပြီး နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့၊ အစ်ကို့ဆီမှာ မီးလှံရှိပါတယ်၊ တကယ်လို့ အန္တရာယ်ကြုံလာရင် အစ်ကိုထွက်ပြေးမှာပေါ့"
ရှောင်ဟေးသည် သူ့စကားကိုနားလည်ပုံရပြီး သူစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ထန်ရှန်းဟွေ့နောက်သို့ ချက်ချင်း လိုက်သွားတော့သည်။
*ခွပ် ခွပ် ခွပ်*
မြင်းခွာသံများ ဆက်တိုက်ထွက်ပေါ်နေပြီး ထန်ရှန်းဟွေ့ ကျိုးကျားရွာမှတတ်နိုင်သမျှ အဝေးဆုံးသို့ရောက်လိုသဖြင့် သူ့မြင်းကို အစွမ်းကုန်ဒုန်းစိုင်းနှင်လေသည်။
‘ဒီနေရာက အရမ်းကြောက်စရာကောင်းတယ်။ ရွာသားတွေတောင် ဒီလောက်စွမ်းဆောင်နိုင်ကြတာ။ သူ့ဆရာရဲ့အမိန့်ကို နာခံရမှာဆိုပေမယ့် အခုတော့သူ ထွက်ပြေးမှဖြစ်တော့မယ်’
သူ့မြင်း ကျိုးကျားရွာမှငါးမိုင်ခန့်အကွာသို့ရောက်လာ၍ သက်ပြင်းချတော့မည့်ဆဲဆဲတွင် သူ့အနောက်မှမြင်းခွာသံများကို ရုတ်တရက်ထပ်ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်ရာ ငွေရောင်ဆံပင်နှင့် အမျိုးသားသည် ကြေးဝါပိုက်လုံးကိုကိုင်လျက် သူ့နောက်မှလိုက်လံဖမ်းဆီးနေသည်ကိုတွေ့လိုက်ရ၏။
’သူကပိုက်လုံးနဲ့ ငါ့ကိုချိန်ထားတာဟ’
ထန်ရှန်းဟွေ့ဦးရေပြားတစ်ခုလုံး တဒုတ်ဒုတ်ခုန်သွားလေသည်။ သူ့လည်ပင်းကို ဓားဖြင့်ချိန်ထားခံရသကဲ့သို့ခံစားလိုက်ရ၏။
"မြန်မြန်ပြေး"
ထန်ရှန်းဟွေ့ သူ့မြင်းကို အတင်းတိုက်တွန်းလိုက်သည်။
*ဒိုင်း*
သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး မြင်းသည် နာနာကျင်ကျင်အော်ဟစ်လာကာ ထန်ရှန်းဟွေ့လည်း မြေကြီးပေါ်သို့ လွှင့်စင်ကျသွားလေသည်။ ထူးဆန်းသည်မှာ တင်ပါးကိုပစ်ခံရပြီးနောက် မြင်း၏ကျင့်ကြံခြင်းစွမ်းအားများ ပိတ်ဆို့ခံလိုက်ရသကဲ့သို့ဖြစ်သွားပြီး စွမ်းအားထုတ်လွှတ်၍မရတော့ခြင်းပင်။ ထိုမြင်းမှာ ဆက်လက်ရုန်းကန်နေသေးသည်ကိုမြင်သောအခါ ရှန်းမင် ၎င်း၏နဖူးထံ နောက်တစ်ချက်ထပ်ပစ်လိုက်သည်။ သူပင်ပန်းဆင်းရဲစွာ မွေးမြူထားခဲ့သော မြင်း၏ခေါင်းပေါက်ကွဲထွက်သွားသည်ကို ထန်ရှန်းဟွေ့ စောင့်ကြည့်နေရင်း ရှန်းမင်လက်ထဲရှိ ကြေးဝါပိုက်လုံးမှာ မည်မျှကြောက်စရာကောင်းသည်ကို ထိုအခါမှသာ သဘောပေါက်သွားရ၏။
"အနားကိုမလာနဲ့နော်၊ မဟာရှားဥပဒေမှာ လူသတ်ရင် ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမှာ၊ ကောင်းကင်ဘုံကစောင့်ကြည့်နေတယ်"
ထန်ရှန်းဟွေ့ ထိုလူမှစိတ်လိုက်မာန်ပါဖြင့် သူ့ကိုသတ်ပစ်မည်အား စိုးရိမ်သဖြင့် ရှန်းမင်ထံ ဆက်တိုက်သတိပေးနေသည်။ သတ္တိကြောင်သော သူ့ပုံစံကြောင့် ရှောင်ဟေးပင်လျှင် ရွံရှာဟန်ဖြင့် နှာမှုတ်လိုက်၏။ ရှန်းမင်သည် ရှောင်ဟေးကျောပေါ်တွင်ထိုင်၍ ထန်ရှန်းဟွေ့ထံသို့ ဖြည်းညှင်းစွာချဉ်းကပ်သွားလိုက်သည်။ သူသည် မီးလှံကိုလက်တစ်ဖက်ဖြင့်ကိုင်ထားပြီး သူ့လက်ညှိုးကို ခလုတ်ပေါ်တွင် တင်ထား၏။ သူခလုတ်ကိုဆွဲတော့မည့်ဟန်ပြလိုက်သည်နှင့် ထန်ရှန်းဟွေ့ခမျာ တောင့်တင်းသွားရသည်။ ရုတ်တရက် လေထဲတွင် ရေစီးသံတစ်သံထွက်ပေါ်လာပြီး အသံအရင်းအမြစ်မှာတော့ ထန်ရှန်းဟွေ့တစ်ယောက် အလွန်တရာကြောက်လန့်သွားသဖြင့် ဘောင်းဘီထဲ ရှူးပေါက်ချမိခြင်းပင်။
"မင်းဆီမှာ တခြားဘာနတ်ဆိုးတွေရှိသေးလဲ၊ အကုန်လုံးထုတ်ပေးစမ်း"
ရှန်းမင်အမိန့်ပေးလိုက်သည်။ ထောင်ဟွားသည် သူမနတ်ဆိုးများ အသုံးပြုနိုင်သော နတ်ဆိုးကျင့်ကြံခြင်းအမြုတေများကို လိုအပ်ကြောင်း သူသိထားသည်။
"သူရဲကောင်းကြီး အဲ့ဒါအကုန်ပါပဲ၊ တကယ်အကုန်ပါပဲ၊ ကျွန်တော် စုစုပေါင်း နတ်ဆိုးငါးကောင်ပဲ မွေးထားတာပါ၊ အဲဒါတွေကိုလည်း ခင်ဗျားတို့အကုန်သတ်ပစ်လိုက်ပြီလေ"
ထန်ရှန်းဟွေ့ သူ့ညာလက်ကိုမြှောက်ကာ ကျိန်ဆိုလိုက်၏။ ရှန်းမင်မှာ သူ့ထံမသတီဟန်ဖြင့်ကြည့်လိုက်သည်။
"ဒါဆို မင်းကဘာမှ အသုံးမကျတော့ဘူးပဲ"
ထန်ရှန်းဟွေ့ ထိုလူခလုတ်ကိုထပ်ဆွဲလိုက်သည့်အသံအား ကြားလိုက်ရသဖြင့် အမြန်အော်ပြောလိုက်သည်။
"သူရဲကောင်းကြီး ကျွန်တော့်ဆီမှာ နောက်တစ်ခုရှိသေးတယ်၊ နောက်တစ်ခု ရှိပါသေးတယ်"
***