အိုင်းရစ် သည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
အိုင်းရစ် သည် အက်စ်ဂတ် မှ နက္ခတ်တစ်ပါးနှင့် ထောက်ပံ့သူ ကတိကဝတ် ပြုလုပ်ရန် မူလက သတ်မှတ်ထားပြီးသား ဖြစ်၏။ ထိုနက္ခတ်မှာ လူသိနည်းသော အဆင့်နိမ့်နက္ခတ်တစ်ပါးသာ ဖြစ်ပြီး အိုင်းရစ် အနေဖြင့် ထိုကတိကဝတ်ကို သဘောမကျခဲ့ပေ။ ထို့ကြောင့်ပင် အိုင်းရစ်သည် အန်နာ ခရော့ဖ် ဦးစီးကျင်းပသည့် လက်ကောက် ခရီးသွားအဖွဲ့ တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဤနေရာတွင် သူသာ အစွမ်းပြနိုင်ခဲ့လျှင် လျာထားသော ထောက်ပံ့သူကို ပြောင်းလဲပေးနိုင်သည်ဟု အန်နာ က ပြောကြားခဲ့၏။
ယခုမူ မထင်မှတ်ထားသော နေရာတွင် အိုင်းရစ်ထံသို့ အခွင့်အရေးတစ်ခု ရောက်ရှိလာခဲ့လေပြီ။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က သင်နှင့် ‘ထောက်ပံ့သူ ကတိကဝတ်’ တစ်ခုကို ပြုလုပ်လိုပါသည်။]
ပြန်စဉ်းစားကြည့်လျှင် နက္ခတ်များမှာ ကိုယ်စားလှယ် တစ်ဦးတည်းနှင့်သာ ကတိကဝတ်ပြုရန် မလိုပေ။ အချို့သော နက္ခတ်များသည် သူတို့၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ကိုယ်စားလှယ် နှစ်ဦး သို့မဟုတ် သုံးဦးအထိ ထားရှိတတ်ကြ၏။ ထိုသို့ပြုလုပ်လျှင် နက္ခတ်၏ စွမ်းအားမှာ ခွဲဝေသွားမည်ဖြစ်သောကြောင့် ကိုယ်စားလှယ်များ ရရှိမည့် အထူးစွမ်းရည် များမှာ အားနည်းသွားမည် ဖြစ်သည်။
သို့သော်ငြားလည်း အိုင်းရစ် မှာ ထိုကဲ့သို့သောအရာများကို တွန့်ဆုတ်နေနိုင်သည့် အခြေအနေတွင် မရှိပေ။
"ကျမ လက်ခံပါတယ်"
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က ဤကတိကဝတ်မှာ အချိန်အကန့်အသတ်ဖြင့်သာ ဖြစ်ကြောင်း ပြောကြားပါသည်။]
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က ဤကတိကဝတ်သည် လက်ကောက် ခရီးသွားအဖွဲ့ ပြီးဆုံးချိန်အထိသာ အကျုံးဝင်ကြောင်း ပြောကြားပါသည်။]
ယာယီကတိကဝတ် တဲ့လား...။
‘ဟုတ်တယ်၊ အခုက လောဘတက်နေရမယ့် အချိန်မဟုတ်ဘူး’
အိုင်းရစ် သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ထိုနက္ခတ်၏ စကားမှာ မပြီးသေးပေ။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က သတ်မှတ်ချက်တစ်ခု ရှိကြောင်း ပြောကြားပါသည်။]
[ ‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က ဇာတ်ဝင်ခန်း ပြီးမြောက်ပြီးနောက် ရရှိမည့် ‘ဆုတောင်း’ ကို သူ့ထံသို့ လွှဲပြောင်းပေးရန် အလိုရှိပါသည်။]
အိုင်းရစ် ၏ စိတ်ထဲတွင် ရှုပ်ထွေးသွားခဲ့သည်။
ယာယီကတိကဝတ် ဖြစ်နေသည့်အပြင် ရရှိမည့် ဆုတောင်းကိုပါ သူက အလိုရှိနေ၏။ ထူးဆန်းသော နှမြောတသမှုမျိုး အိုင်းရစ်၏ ရင်ထဲတွင် ဖြစ်ပေါ်လာသော်လည်း ဤအခွင့်အရေးကို လက်လွှတ်ရန်အိုင်းရစ်ထံတွင် အင်အားမရှိပေ။ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ၏ သတ်မှတ်ချက်မှာ ဇာတ်ဝင်ခန်း ပြီးမြောက်မှုအပေါ် အခြေခံထားသည်။ ထိုသတ်မှတ်ချက်မှာ ဘာပဲဖြစ်ဖြစ် သူမကို အသက်ရှင်အောင် သူ ကာကွယ်ပေးမည်ဟု အဓိပ္ပာယ်ရ၏။
"ကျမ သေချာပေါက် ပေးပါ့မယ်"
ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဟိုလိုဂရမ် ကတိကဝတ်လွှာ တစ်ခုမှာ လေထုထဲမှ ဆင်းသက်လာသည်။ အိုင်းရစ် သည် ထိုနေရာသို့ ပြေးသွားပြီး ဟိုလိုဂရမ်ပေါ်တွင် လက်မှတ်ရေးထိုးလိုက်သည်။
[ထောက်ပံ့သူ ကတိကဝတ် ပြီးမြောက်ခဲ့ပါပြီ။]
အိုင်းရစ်၏ ခန္ဓာကိုယ်အတွင်းသို့ စွမ်းအားများ စီးဝင်လာပြီး တစ်စုံတစ်ယောက်က အိုင်းရစ်ကို ထောက်ပံ့ပေးနေသည်ဟု ခံစားလိုက်ရသည်။ ဘာမဆို လုပ်နိုင်သည်ဟုလည်း အိုင်းရစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာခဲ့သည်။ သို့သော် အိုင်းရစ်၏ နောက်ကွယ်မှ ထွက်ပေါ်လာသော အော်ဟစ်သံများကြောင့် ထိုယုံကြည်မှုမှာ လျင်မြန်စွာ ပျောက်ကွယ်သွားရပြန်သည်။
[ကိုယ်စားလှယ်များအား အမဲလိုက်ခြင်း စတင်ပါပြီ။]
မကောင်းဆိုးဝါး ဝိညာဉ်များ၏ ကိုက်ဖြတ်ခြင်းကို ခံနေရသော ကိုယ်စားလှယ်များ၏ နာကျင်စွာ အော်ဟစ်သံများမှာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေတော့သည်။
[ကျန်ရှိနေသော ခရီးသွားအဖွဲ့ဝင် အရေအတွက် - ၆ ဦး]
မူရင်းဝတ္ထုထဲတွင် ဤကစားပွဲကို ‘အမဲလိုက်ခြင်းနှင့် ခြောက်လှန့်ခြင်း’ဟု ခေါ်ဆိုကြသည်။ ဤကစားပွဲသည် စားတော်ဆက်အသင်း ၏ အစီအစဉ်မဟုတ်ဘဲ အန်နာ ခရော့ဖ် ကိုယ်တိုင် ပြုလုပ်သော အစီအစဉ်တစ်ခုသာ ဖြစ်သည်။ ယခုအကျော့တွင်မူ အန်နာ ခရော့ဖ် သည် လုပ်ငန်းစဉ်အချို့ကို ကျော်ဖြတ်ကာ စားတော်ဆက်အသင်း မှပင် တိုက်ရိုက်စတင်ရန် ဆုံးဖြတ်ခဲ့ပုံရ၏။
လေထုထဲသို့ တစ်ကိုယ်တည်း ကျနော်ရေရွတ်နေမိရာ ထုတ်လုပ်ရေး လုပ်ငန်းရှင် က ကျနော့်ကို လှမ်းမေးလိုက်သည်။
[အိုး… မင်းလည်း ပါဝင်လိုက်တာလား]
"...အကိုကြီးရော မပါဘူးလား"
[ဟားဟား…. ငါက ဒီလို ဇာတ်ဝင်ခန်းတွေနောက် ပြေးလိုက်ဖို့ အသက်ကြီးလှပြီ။ ပြီးတော့... ဒါက ငါ့အကြိုက်လည်း မဟုတ်ဘူးလေ]
အမှန်တကယ်တော့ စားတော်ဆက်အသင်းဝင်အားလုံးက ဤဇာတ်ဝင်ခန်းကို စိတ်အားထက်သန်နေကြသည်တော့ မဟုတ်ပေ။ တစ်ဖက်တွင် အန်နာ ခရော့ဖ်ကို မနှစ်သက်သော နက္ခတ်များ ရှိနေသကဲ့သို့၊ အခြားတစ်ဖက်တွင်လည်း ဤအစီအစဉ်ကိုပင် သဘောမကျသော နက္ခတ်များ ရှိနေ၏။
[အင်း။ မကောင်းဆိုးဝါး ဝိညာဉ် စာရင်းထဲမှာ မင်းရဲ့ ဘွဲ့အမည်ကို ငါမတွေ့ပါလား...]
ဤဇာတ်ဝင်ခန်းတွင် ပါဝင်မည့် နက္ခတ် ၁၅ ပါး ရှိသော်လည်း ‘မကောင်းဆိုးဝါး ဝိညာဉ်’ နေရာကို ရွေးချယ်သူမှာ ၁၄ ပါးသာ ရှိသည်။ ကျနော် ခေါင်းညိတ်ပြလိုက်သည့်အခါ ထုတ်လုပ်ရေး လုပ်ငန်းရှင် ၏ မျက်လုံးများမှာ ဖြည်းဖြည်းချင်း ဝိုင်းစက်သွားသည်။
[ဒါကြောင့်မလို့ အဖွားကြီး ပါစီဖုန်း က မင်းကို ဒီကို ခေါ်လာတာကိုး။ ဒါပေမဲ့ အဆင်ပြေပါ့မလား။ မင်းက အခုတခေါက်မှ ဒီကို ပထမဆုံး ရောက်ဖူးတာလေ...]
ကျနော်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ကျနော့်ရဲ့ ပွဲဦးထွက်က ပိုပြီး တောက်ပလေလေ၊ ပိုကောင်းလေလေပေါ့"
ထိုစဉ် စောင့်ဆိုင်းနေသည့်အလား စနစ်မက်ဆေ့ချ် ရောက်ရှိလာသည်။
[‘စားတော်ဆက်အသင်း၏ မိစ္ဆာဒိဋ္ဌိ’ ဇာတ်လမ်းကို ရရှိခဲ့သည်။]
အန်နာ ခရော့ဖ် သည်လည်း ကျနော့်ထံသို့ ရောက်လာသော မက်ဆေ့ချ်နှင့် ဆင်တူသည့် အရာမျိုးကို ကြားနေရပေလိမ့်မည်။
「 နက္ခတ်များစွာ စုဝေးရာနေရာတွင် အမြဲတမ်း ဇာတ်လမ်းတစ်ပုဒ် ရှိစမြဲသာ။ 」
ဤသည်က ဇာတ်လမ်းတစ်ပုဒ် ဖန်တီးခြင်း၏ ပထမဆုံး နိယာမဖြစ်သည်။ ဇာတ်လမ်း၏ အဆင့်အတန်းမှာ ဇာတ်လမ်းအကြောင်းအရာ၏ စွန့်စားရမှုနှင့် ဇာတ်လမ်းပုံစံတို့ကို ပေါင်းစပ်ကာ သတ်မှတ်ခြင်း ဖြစ်သည်။ အန်နာ ခရော့ဖ် သည် လက်ရှိတွင် ‘ကိုယ်စားလှယ်’ တစ်ဦးဖြစ်ပြီး ကြိုးတန်းပေါ်တွင် လျှောက်လှမ်းနေသူ ဖြစ်၏။ အကယ်၍ အန်နာ ခရော့ဖ်၏ ဇာတ်ဝင်ခန်းသာ အောင်မြင်သွားပါက ‘ပထမမျိုးဆက်၏ နောက်လိုက်’ သို့မဟုတ် ‘ဇာတ်လမ်းကို ခြယ်လှယ်သူ’ ကဲ့သို့သော ဒဏ္ဍာရီလာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာနိုင်သည်။
ကျနော် မျက်လုံးများကို မှိတ်လိုက်ပြီး အိုင်းရစ် ထံတွင် ဘာတွေဖြစ်ပျက်နေသည်ကို ကြည့်လိုက်သည်။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က သူ၏ ကိုယ်စားလှယ်ကို စောင့်ကြည့်နေပါသည်။]
တုန်ရီနေသော အိုင်းရစ်၏ ပုခုံးများကို မြင်ရသည့်အခါ စိတ်မကောင်းဖြစ်မိသော်လည်း ဤကလေးမနှင့် ပတ်သက်၍ ကျနော့်တွင် ကောင်းမွန်သော အမှတ်ရစရာများ မရှိပေ။ ကျနော်သည် အိုင်းရစ်အပေါ် ကြင်နာမှုပြနိုင်လောက်အောင် စိတ်ထားကြီးသည့် လူကောင်းတစ်ယောက် မဟုတ်။ ထို့ကြောင့် ဤသည်မှာ ကျနော့်အတွက် ‘စီးပွားရေး’လုပ်သည့်ပုံစံမျိုးမျှသာ ဖြစ်သည်။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က တည်တည်ငြိမ်ငြိမ် နေရန် ပြောပါသည်။]
အိုင်းရစ် သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ပြန်ပြော၏။
— ကျမ လုပ်နိုင်ပါ့မလား မသိဘူး။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က မျှော်လင့်ချက်မရှိသော ဇာတ်ဝင်ခန်းဟူ၍ မရှိကြောင်း ပြောပါသည်။]
ဇာတ်ဝင်ခန်းအားလုံးတွင် လွတ်မြောက်ရာ ယိုပေါက်လေးများ ရှိစမြဲဖြစ်သည်။ ထိုယိုပေါက်မှာ အလွန်သေးငယ်လှသဖြင့် ပထမဆုံးအကြိမ်တွင် အောင်မြင်ရန် အလွန်ခက်ခဲ၏။ အကြိမ်အနည်းငယ် ကြိုးစားပြီးမှသာ အောင်မြင်နိုင်သည်ဟု အဓိပ္ပာယ်ရပြီး ကျနော်သည် ဤကမ္ဘာအကြောင်းကို မည်သူထက်မဆို ပိုသိသောသူ ဖြစ်သည်။
အဝေးမှ မကောင်းဆိုးဝါး ဝိညာဉ်များ လှုပ်ရှားလာသော အသံကို ကြားနေရသည်။ အိုင်းရစ် ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီး ကျနော် လွှဲပြောင်းပေးနိုင်သော တစ်ခုတည်းသော အထူးစွမ်းရည် မှာ ‘စွန့်လွှတ်အနစ်နာခံလိုသော ဆန္ဒ’သာ ရှိသည်။
ချီးပဲ။ အဲ့ဒီစွမ်းရည်က လက်ရှိ အခြေအနေအတွက် ဘာမှ အထောက်အကူမပြုနိုင်ဘူးလေ။
သို့သော် နက္ခတ်များ ပေးအပ်နိုင်သည်မှာ အထူးစွမ်းရည် များသာ မဟုတ်ပေ။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က သူ၏ ကိုယ်စားလှယ်အား ‘လုပ်ကြံသတ်ဖြတ်သူဘုရင်၏ ဝတ်ရုံ’ ကို ပေးအပ်လိုက်ပါသည်။]
လေထုထဲတွင် ပေါ်လာသော လက်ဆောင်ကို မြင်ပြီး အိုင်းရစ် မှာ အံ့အားသင့်သွားသည်။ ထိုဝတ်ရုံမှာ ဒိုကဲဘီ အိတ် ထဲမှ ဒင်္ဂါး ၁၅၀,၀၀၀ ပေး၍ ကျနော် ဝယ်ယူထားသော ပစ္စည်းတစ်ခု ဖြစ်၏။ တစ်နေ့လျှင် မိနစ် ၃၀ သာ အသုံးပြုနိုင်သည့် ကန့်သတ်ချက် ရှိပြီး နက္ခတ်များကို လှည့်စားနိုင်စွမ်း မရှိသော်လည်း ယခု အခြေအနေကတော့ ကွဲပြားလေသည်။
[…ဒီမှာမလား]
မြက်တောထဲမှ နက္ခတ်များမှာ စောင့်ဆိုင်းနေသည့်အလား ထွက်ပေါ်လာကြသည်။ မကောင်းဆိုးဝါး ဝိညာဉ်များအဖြစ် ပြောင်းလဲသွားသော နက္ခတ်များမှာ ပုံစံအမျိုးမျိုး ရှိကြ၏။ ဧရာမ ဦးချိုပါသော မိစ္ဆာတစ်ကောင်နှင့် တံစဉ်ငယ်ကို ကိုင်ထားသော နွားခေါင်းနှင့် ဝိညာဉ်တစ်ကောင်တို့ ဖြစ်ကြလေသည်။ သူတို့၏ တူညီသောအချက်မှာ ခြေထောက်မရှိဘဲ မဟူရာ ဝတ်ရုံများကို ဝတ်ဆင်ထားခြင်း ဖြစ်၏။
[အင်း… ထူးဆန်းလိုက်တာ။ သေချာပေါက် ဒီနားမှာ ရှိနေတာပါ]
[မင်း သေချာရော မြင်လိုက်ရဲ့လား]
အိုင်းရစ် ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး မကောင်းဆိုးဝါး ဝိညာဉ်များ ဖြစ်နေသော နက္ခတ်များမှာ အိုင်းရစ်၏ ခြေရာကို လုံးဝ မတွေ့ရှိနိုင်တော့ပေ။ မကောင်းဆိုးဝါး ဝိညာဉ် နေရာတွင် ပါဝင်နေသော နက္ခတ်များသည် ပြင်းထန်သော ကန့်သတ်ချက်များအောက်တွင် ရှိနေကြသည်။ သူတို့သည် လက်ရှိ ‘အရှိန်အဝါ’ ၏ ဆယ်ပုံတစ်ပုံကိုသာ အသုံးပြုနိုင်ကြလေသည်။
နက္ခတ်များအတွက် ကစားပွဲတစ်ခုမှာ လွယ်ကူလွန်းလျှင် ပျော်စရာမကောင်းပေ။ ပိုးကောင် ၁၅ ကောင်ကို နင်းခြေရုံနှင့် ပျော်ရွှင်မည့် လူသားမရှိသကဲ့သို့ပင်။ သူတို့သည် ဖျော်ဖြေမှုအတွက် မိမိတို့ကိုယ်ကို ကန့်သတ်ချက်များ သတ်မှတ်ရန် ဝန်မလေးကြပေ။ ဤသည်မှာ စားတော်ဆက်အသင်း ၏ နက္ခတ်များပင် ဖြစ်သည်။
[အဲ့ကောင်မလေး တစ်ခုခု လုပ်လိုက်ပုံပဲ။ အဲ့ကောင်မလေးကို နည်းနည်းလောက် ထပ်ပြေးခိုင်းထားလိုက်ဦး။ ဇာတ်ဝင်ခန်းက ပိုပြီး စုမိသွားမှ အရသာ ပိုရှိမှာ]
[...ဟားဟား။ ငါတော့ မြည်းချင်လှနေမိပြီ]
မြက်တောထဲတွင် ရှာဖွေနေသော နက္ခတ်များမှာ မကြာမီ လက်လျှော့သွားကြပြီး အိုင်းရစ် ထံသို့ စနစ်မက်ဆေ့ချ် တစ်ခု ရောက်ရှိလာသည်။
[ခရီးသွားအဖွဲ့ဝင် အိုင်းရစ် ဗလာဒီမီရိုဗ်နာ ရီဘီဇိုဗာ သည် မကောင်းဆိုးဝါး ဝိညာဉ်ထံမှ တစ်ကြိမ် ရှင်သန်နိုင်ခဲ့ပါသည်။]
[‘လက်ကောက် ခရီးသွားအဖွဲ့’ ဇာတ်လမ်း စုဆောင်းမိသွားပါပြီ။]
ဤဇာတ်ဝင်ခန်းမှာ ဂန္ထဝင်ဇာတ်လမ်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အိုင်းရစ် သည် ဇာတ်ဝင်ခန်းထဲတွင် ကြာကြာနေနိုင်လေလေ၊ ဂန္ထဝင်ဇာတ်လမ်း၏ စွမ်းအင်များ အိုင်းရစ်ထံသို့ ပိုမို စိမ့်ဝင်လာလေလေ ဖြစ်လိမ့်မည်။
— က... ကံကောင်းလို့ အသက်ရှင်သွားပြီ။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က ဒီတစ်ခါတော့ သင် ကံကောင်းသွားတာဟု ပြောပါသည်။]
အကယ်၍ ဤသူများမှာ အဆင့်မြင့်နက္ခတ်များသာ ဆိုပါက လုပ်ကြံသတ်ဖြတ်သူဘုရင်၏ ဝတ်ရုံ ကို အသုံးပြု၍ ပုန်းကွယ်ရန် မဖြစ်နိုင်ပေ။ သို့သော် ပါစီဖုန်း နှင့် ထုတ်လုပ်ရေး လုပ်ငန်းရှင် တို့ကဲ့သို့ တကယ့် အဆင့်မြင့် စားတော်ဆက်အသင်း နက္ခတ်များမှာ ဤဇာတ်ဝင်ခန်းထဲသို့ ခွေးတစ်ကောင်လို ပြေးဝင်ကြမည်မဟုတ်။ အခြားနက္ခတ်များ သူတို့၏ အလိုလာဘစိတ်အား ဖွင့်ချနေသည်ကို ကြည့်ရသည်မှာလည်း စိတ်ဝင်စားစရာ ကောင်းနေလေသည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် ကျနော် ပစ်မှတ်ထားရမည့် တကယ့် ပရိသတ်များပင် ဖြစ်၏။
— လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်ရှင်။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က ထိုပစ္စည်းမှာ အငှားချပေးခြင်းသာ ဖြစ်ကြောင်း ပြောပါသည်။]
— ...ဟုတ်ကဲ့ပါ။
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင်၏ ကိုယ်စားလှယ်အပေါ် ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်နေပါသည်။]
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင်၏ ရက်စက်မှုကို အပြစ်တင်နေပါသည်။]
ဇာတ်ဝင်ခန်းသည် ယခုမှသာ စတင်ခြင်းဖြစ်ပေသည်။
ခရီးသွားအဖွဲ့ဝင် အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာသည်နှင့်အမျှ အိုင်းရစ် သည် နက္ခတ်များ၏ မျက်စိကို ရှောင်ကွင်းရင်း မီးတောင်ရှိရာသို့ ဦးတည်ရွှေ့လျားခဲ့သည်။ လမ်းခရီးတွင် သေဆုံးသွားသော အဖွဲ့ဝင်များထံမှ လက်ကောက်ကို ကောက်ယူစုဆောင်းနိုင်ခဲ့ခြင်းမှာလည်း အိုင်းရစ်အတွက် ကံကောင်းမှုတစ်ခုပင် ဖြစ်၏။
[လက်ရှိ ကျန်ရှိနေသော ခရီးသွားအဖွဲ့ဝင် အရေအတွက် - ၂ ဦး]
‘Ways of Survival’ ကို အချိန်နှင့်တစ်ပြေးညီ ဖတ်ရှုရင်း ဤဇာတ်ဝင်ခန်းတွင် ကျနော် ပါဝင်နေခြင်းဖြစ်သည်။ ‘Ways of Survival’ ထဲတွင် ဤဇာတ်ဝင်ခန်း၏ မူလပုံစံဖြစ်သော ‘မကောင်းဆိုးဝါးလက်ကောက်’ အကြောင်းကို အလွန်အသေးစိတ် မှတ်တမ်းတင်ထားလေ၏။
ကျနော်သည် ဇာတ်ဝင်ခန်းမြေပုံကို အသုံးပြု၍ မြေမျက်နှာသွင်ပြင်ကို ခွဲခြမ်းစိတ်ဖြာပြီးနောက် အိုင်းရစ် ကို မီးတောင်ဆီသို့ အထိရောက်ဆုံး လမ်းကြောင်းအတိုင်း ရွှေ့လျားစေခဲ့သည်။
[ဟားဟား၊ ဒါ တကယ့်ကို ပျော်စရာကောင်းတဲ့ ဇာတ်လမ်းပဲ။ ဒီမှာ အရသာရှိတဲ့ စားစရာတွေ အများကြီး ရှိနေတာ မဟုတ်လား။ ငါတော့ တံတွေးတောင် ထွက်လာပြီ...]
အခြားနက္ခတ်များမှာ ‘ခရီးသွားအဖွဲ့’ ဘက်တွင် တစ်စုံတစ်ယောက်က ပါဝင်ပတ်သက်နေသည်ကို သတိပြုမိသွားကြပုံရသည်။ သို့သော်ငြားလည်း သူတို့ထဲမှ မည်သူမျှ ထိတ်လန့်ခြင်း မရှိကြပေ။
[ခရီးသွားအဖွဲ့ဝင် ‘မာဗက်စ် လူတီးယား’ သေဆုံးပါပြီ။]
မကြာမီမှာပင် အိုင်းရစ် တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
[...အရသာရှိမယ့် အနံ့လေး ရနေတယ်]
အရပ်ရပ်သို့ ပျံ့နှံ့နေသော မကောင်းဆိုးဝါး ဝိညာဉ်များမှာ မီးတောင်အနီးသို့ စုရုံးလာကြသည်။ နောက်ဆုံးကျန်ရှိသော ခရီးသွားအဖွဲ့ဝင်သည် မီးတောင်သို့ လာရမည်ကို သူတို့ သိထားကြသည်။ ယခုဆိုလျှင် လုပ်ကြံသတ်ဖြတ်သူဘုရင်၏ ဝတ်ရုံ အသုံးပြုနိုင်သည့် အချိန်မှာ ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။ ကျနော် အိုင်းရစ် ထံသို့ အချက်ပြလိုက်သည်။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က ယခု စတင်လိုက်တော့ရန် ပြောပါသည်။]
အိုင်းရစ် သည် မီးတောင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွား၏။ ပြေးလွှားနေသော ထိုမိန်းကလေး၏ ကျောပြင်ကို ကျနော် စိုက်ကြည့်နေမိသည်။ စားတော်ဆက်အသင်း ရှိ နက္ခတ်အားလုံးမှာလည်း အစွမ်းကုန် ပြေးလွှားနေသော ထိုမိန်းကလေးငယ်ကို စောင့်ကြည့်နေကြသည်။
ဤမိန်းကလေးသည် ဤနေရာတွင် သေဆုံးရုံမှတစ်ပါး အခြားလမ်းမရှိဆိုသည်ကို သူတို့အားလုံး သိထားကြပေလိမ့်မည်။
"အာ..."
မီးတောင်နှင့် ခြေလှမ်း ၁၀၀ အကွာသို့ ရောက်သောအခါ လုပ်ကြံသတ်ဖြတ်သူဘုရင်၏ ဝတ်ရုံ ၏ အစွမ်းမှာ နောက်ဆုံးတွင် ကုန်ဆုံးသွားခဲ့သည်။ ပတ်ဝန်းကျင်တွင် လှည့်လည်နေသော မကောင်းဆိုးဝါး ဝိညာဉ် ၁၀ ကောင်မှာ ချက်ချင်းဆိုသလိုပင် စုရုံးရောက်ရှိလာကြ၏။
[ငါ အရင် စားမယ်]
အိုင်းရစ် သည် ပြေးဝင်လာသော မကောင်းဆိုးဝါး ဝိညာဉ်များကို ကြည့်ရင်း ထိတ်လန့်တကြား နောက်သို့ ဆုတ်သွားမိသည်။ အိုင်းရစ်၏ နောက်ဆုံး မျှော်လင့်ချက်မဲ့သော အကြည့်မှာ ကောင်းကင်ယံဆီသို့ ဦးတည်နေသည်။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က သင်၏ ကိုယ်စားလှယ်ခန္ဓာကိုယ်ကို ခေတ္တငှားရမ်းရန် တောင်းဆိုပါသည်။]
အိုင်းရစ် သည် ပါးစပ်အဟောင်းသားဖြင့် အသက်ရှူမှားသွားခဲ့သည်။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က ဤသည်မှာ ‘ဆင်းသက်ခြင်း’မျိုး မဟုတ်ကြောင်း ပြောပါသည်။]
အကယ်၍ ကျနော်က ‘ဆင်းသက်ခြင်း’ ပုံစံဖြင့် ကိုယ်ထင်ပြမည်ဆိုပါက ကျနော်သည်လည်း ဇာတ်ဝင်ခန်း၏ ကန့်သတ်မှုကို ခံရပေလိမ့်မည်။ ထို့ကြောင့် ဤအကြိမ်တွင် ကျနော်သည် ‘ဆင်းသက်ခြင်း’ ကို အသုံးမပြုလိုပေ။
ကျနော့်တွင် ပို၍ ထိရောက်ပြီး ဖြစ်နိုင်စွမ်း ကို လျော့နည်းစေသည့် စွမ်းရည်တစ်ခု ရှိ၏။ ကျနော်သည် မိမိကိုယ်ကိုယ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးရန်အတွက် ကျနော့်ကိုယ်စားလှယ် ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော ဇာတ်လမ်းအချို့ကို ရည်ရွယ်ချက်ရှိရှိ ဆွဲထုတ်လိုက်သည်။
[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၃’ အသက်ဝင်ပါပြီ။]
[‘အရံဇာတ်ကောင်အနေဖြင့်ကိုယ်တိုင်တွေ့မြင်ရသောရှုထောင့်’ အသက်ဝင်လာပါပြီ။]
[‘အိုင်းရစ် ဗလာဒီမီရိုဗ်နာ ရီဘီဇိုဗာ’ အပေါ် သင်၏ နားလည်နိုင်စွမ်း မြင့်တက်လာပါသည်။]
အိုင်းရစ် ၏ ရှုထောင့်မှနေ၍ မျက်လုံးများကို ကျနော် ဖွင့်ကြည့်လိုက်သည်။ စားတော်ဆက်အသင်း ရှိ ကျနော့်၏ ခန္ဓာကိုယ်မှာ လက်ရှိတွင် အိပ်မောကျနေပေလိမ့်မည်။ ထို့ကြောင့် ဤကစားပွဲကို အတိုတောင်းဆုံး အချိန်အတွင်း အဆုံးသတ်ရမည်ဖြစ်သည်။
[နက္ခတ်အချို့က သင်၏ တည်ရှိမှုကို သတိပြုမိသွားပါပြီ။]
တစ်ချိန်တည်းမှာပင် ကျနော့်ထံသို့ အစစ်အမှန်အသံများ စုပြုံရောက်ရှိလာသည်။
[ကောင်မလေးကို ကူညီနေတဲ့သူ ရှိနေတာပဲ။ မင်းက ဘယ်သူလဲ]
[အို… ဒါက ဆင်းသက်ခြင်းလား]
[ဒါက တကယ်ကိုမမျှော်လင့်ထားတာပဲ]
အိုင်းရစ် သည် စုဆောင်းထားသော ဇာတ်လမ်းများကို လက်ခံရရှိလိုက်ပြီး အိုင်းရစ်၏ ခန္ဓာကိုယ်မှာ ရွှေရောင်များ တောက်ပလာသည်။ ကျနော်သည် မိမိကိုယ်မိမိ ပြန်လည်ငုံ့ကြည့်ရင်း ခါးသက်စွာ ရယ်မောလိုက်မိသည်။
စားတော်ဆက်အသင်း သို့ အသစ်ဝင်ရောက်လာသူတစ်ဦးအတွက် နည်းလမ်းတစ်ခုမှာ အဆင့်ဆင့် ကြီးထွားလာရန် ဖြစ်သည်။ သို့သော် ကျနော်သာ ထိုကဲ့သို့ အချိန်ဆွဲနေမည်ဆိုပါက အခန်းပေါင်း ၃,၀၀၀ ကျော်ပြီးသည်အထိ ဇာတ်လမ်း၏ အဆုံးသတ်သို့ ရောက်ရှိနိုင်မည်မဟုတ်ပေ။
[ဟို အန်နာ ဆိုတဲ့ ကောင်မလေး တစ်ခုခု ကြံစည်ထားတာလား။ အခုလေးတင် ငါသတ်လိုက်တဲ့သူက ဓါးသခင် တစ်ယောက်ပဲ]
အဝေးမှ လမ်းလျှောက်လာသော နက္ခတ်တစ်ပါးက သူ၏ လက်ထဲမှ ကိုယ်စားလှယ်ကို ပစ်ချလိုက်ရင်း ပြောလိုက်သည်။ သူသည် နောက်ဆုံး သေဆုံးသွားသော ခရီးသွားအဖွဲ့ဝင် ဖြစ်ပေလိမ့်မည်။
[မင်းက လူသစ်တစ်ယောက်နဲ့ တူတယ်။ ဒီနေရာကနေ ထွက်သွားတာ မင်းအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်။ မဟုတ်ရင် မင်းရဲ့ ခန္ဓာကိုယ်က ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ရသွားလိမ့်မယ်]
သေဆုံးသွားသော ခရီးသွားအဖွဲ့ဝင်၏ ဦးခေါင်းမှာ ကျနော့်ထံသို့ လိမ့်လာခဲ့သည်။ ထိုဦးခေါင်းမှာ အဆုံးအထိ ထွက်ပြေးခဲ့သော်လည်း နောက်ဆုံးတွင် မရှင်သန်နိုင်ခဲ့သော ကိုယ်စားလှယ်၏ ဦးခေါင်းပင်။ ကျနော် ထိုဦးခေါင်းကို ဂရုတစိုက် ကောက်ယူလိုက်သည့်အခါ နက္ခတ်တစ်ပါးက လှောင်ပြောင်လိုက်သည်။
[မင်းက သူ့ကို သနားနေတာလား။ ဟားဟား... ဒီကောင်က အနုပညာကို နားမလည်ပါလား]
"ဘာဖြစ်လို့ သူတို့ရဲ့ အသက်တွေက မင်းတို့အတွက် အနုပညာ ဖြစ်နေရတာလဲ"
ကျနော် သူ၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်သည့်အခါ သေဆုံးသွားသော ကိုယ်စားလှယ်၏ အမှတ်တရများ စီးဝင်လာသည်။ ထိုအမှတ်တရများသည် မကြာမီ ကျနော့်လက်ချောင်းထိပ်များတွင် တည်ရှိနေသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့သည်။
[‘ရက်စက်စွာ သတ်ဖြတ်ခံရသော ဓါးသခင်၏ ရန်ငြိုး’ ဇာတ်လမ်း အစိတ်အပိုင်းတစ်ခုကို ရရှိခဲ့ပါသည်။]
နက္ခတ်များမှာ မျက်မှောင်ကြုတ်လျက် နောက်သို့ ဆုတ်သွားကြသည်။
[...မင်းက ညစ်ပတ်တဲ့ ဇာတ်လမ်းတွေကိုမှ ကြိုက်တာကိုး]
"ညစ်ပတ်တယ် ဟုတ်လား။ ဒါကို မင်းတို့ပဲ ငါ့ကို ပေးခဲ့တာလေ"
အဘယ်ကြောင့် ဤလူသည် ဓါးသခင် တစ်ဦး အလွယ်တကူ ဖြစ်လာခဲ့သနည်း။ ရိုးရှင်းပါသည်။ မူလက သူသည် နက္ခတ်တစ်ပါးထံမှ ထိုစွမ်းအားကို ရရှိခဲ့သောကြောင့် ဖြစ်၏။
"ဇာတ်လမ်းက ပျင်းစရာကောင်းတယ်။ ဇာတ်ဝင်ခန်းက နှေးလွန်းနေတယ်။ ဒါက မင်းတို့အားလုံး သူတို့ကို ပေးခဲ့တဲ့ စွမ်းအားတွေပဲ"
ရရှိခဲ့သောအရာများမှာ စုစည်းလာခဲ့သည်။ တစ်စုံတစ်ယောက်က ဓါးသခင် ဖြစ်လာသည်။ တစ်စုံတစ်ယောက်က မဟာမှော်ဆရာ ဖြစ်လာသည်။ ထို့နောက် ဓါးသခင်နှင့် မဟာမှော်ဆရာတို့သည် အပြစ်သားများ ဖြစ်လာကြ၏။ သူတို့အားလုံးသည် ဤသတ္တဝါများ၏ သားကောင်များ ဖြစ်လာခဲ့ကြသည်။
[မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ အဲဒါကို စားနေတာ ရပ်လိုက်စမ်း]
စိတ်မြန်သော နက္ခတ်တစ်ပါးက မကောင်းဆိုးဝါး ဝိညာဉ်၏ စွမ်းအားကို မြှင့်တင်လိုက်သည်။ အိုင်းရစ်သည် မူလက သူတို့ကို အနိုင်မယူနိုင်ခဲ့ပေ။ ခရီးသွားအဖွဲ့သည် မကောင်းဆိုးဝါး ဝိညာဉ်များကို မည်သည့်အခါမျှ အနိုင်မရနိုင်။ သို့သော်—
မကောင်းဆိုးဝါး ဝိညာဉ်သည် တောက်လောင်နေသော ဓါးကြောင့် အော်ဟစ်ကာ နောက်သို့ ဆုတ်သွားခဲ့သည်။
[အား]
ကျနော့်လက်ထဲတွင် ရှိနေသည်မှာ လုပ်ကြံသတ်ဖြတ်သူဘုရင်၏ ဝတ်ရုံ နှင့်အတူ ဝယ်ယူခဲ့သော ဓါးပင် ဖြစ်သည်။
[ပစ္စည်း အချက်အလက်]
အမည်
‘အီအိုရန်၏ ဓါး’ (အတု)
အဆင့်
SS+ (သတ်မှတ်ထားသော ဇာတ်ဝင်ခန်းများတွင်သာ သုံးနိုင်မည်)
ဖော်ပြချက်
ပထမမျိုးဆက် ဇာတ်လမ်းမှ စွမ်းအင်များ ဖြည့်သွင်းထားသော ဓါးဖြစ်သည်။ အမျိုးသမီး ကိုယ်စားလှယ်များသာ အသုံးပြုနိုင်ပြီး မကောင်းဆိုးဝါး ဝိညာဉ်များကို ၁၀ မိနစ်ကြာ တွန်းလှန်နိုင်သည့် စွမ်းအားကို ထုတ်ပေးနိုင်သည်။
ဤဓါးမှာ ဒင်္ဂါး ၂၀၀,၀၀၀ ကုန်ကျသော ဓါးတစ်လက် ဖြစ်သည်။ ဤဇာတ်ဝင်ခန်းမှလွဲ၍ အခြားနေရာတွင် အသုံးမဝင်သော ဓါးလည်း ဖြစ်၏။ ပုံမှန်ဆိုလျှင် ကျနော် မည်သည့်အခါမျှ ဝယ်ယူမည့် ပစ္စည်းမဟုတ်ပေ။
[...ပထမမျိုးဆက် ဓါးလား]
[ဟေး၊ မကြောက်ကြနဲ့! ဒါက အတုပဲ]
အမှန်တော့ ကျနော် တကယ့်ကို စိုးရိမ်ခဲ့မိသည်။
[နက္ခတ်အများအပြားသည် သင်၏ လုပ်ရပ်ကြောင့် အံ့အားသင့်နေကြပါသည်။]
ဤဇာတ်ဝင်ခန်းအတွက် ဤမျှလောက်အထိ စွန့်စားရကျိုး နပ်ပါ့မလားဟု ကျနော် တွေးတောခဲ့မိသည်။ ထိုမှတစ်ဆင့် ကျနော် ဘာတွေရနိုင်မလဲဆိုသည်ကို တွက်ချက်ခဲ့သည်။
[စားတော်ဆက်အသင်း ၏ အဖွဲ့ဝင်အချို့မှာ သင့်အပေါ် ပြင်းထန်သော ရန်လိုမှုများ ပြသနေကြပါသည်။]
အချို့သောအရာများကို တွက်ချက်သင့်ပြီး အချို့ကိုမူ မတွက်ချက်သင့်ပေ။ ထို့နောက် ကျနော် ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်သည်။
"ငါ မီးတောင်ဆီကို လာမယ်ဆိုတာ မင်းတို့ သိထားကြတယ်ပေါ့လေ"
ကျနော် အရာရာကို တွက်ချက်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။
"ဒါဆိုရင် မင်းတို့ ဒီမှာ စုဝေးနေကြလိမ့်မယ်ဆိုတာကို ငါလည်း သိထားတယ်ဆိုတာကို မင်းတို့ရော သိရဲ့လား"
မည်ကဲ့သို့သော ပြစ်ဒဏ်များ ခံရသည်ဖြစ်စေ၊ ပြိုင်ဘက်များမှာ နက္ခတ်များ ဖြစ်နေသည်ဖြစ်စေ။ ကျနော် ဂရုမစိုက်နိုင်တော့ပေ။ သို့သော်ငြားလည်း ကျနော်သည် ထုံးစံအတိုင်း ပြုံးလိုက်သည်။
"တကယ့် အမဲလိုက်ခြင်းကို စတင်လိုက်ကြရအောင်"
***