နက္ခတ် ၁၀ ပါးမှာ ဤနေရာတွင် စုရုံးနေကြသည်။ ကျန်ရှိသော နက္ခတ် ၄ ပါးမှာ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရသော်လည်း ဇာတ်ဝင်ခန်း နယ်မြေ၏ တစ်နေရာရာတွင် ပျံ့နှံ့နေကြခြင်း ဖြစ်ပေလိမ့်မည်။
[မင်းသာ အလျှော့မပေးရင်]
[မင်းကိုပါ ငါတို့ စားပစ်မယ်]
နက္ခတ်များ၏ အစစ်အမှန်အသံများသည် မကောင်းဆိုးဝါး ဝိညာဉ်များ၏ ပါးစပ်မှတစ်ဆင့် စီးထွက်လာသည်။ ကျနော် တုံ့ဆိုင်းမနေဘဲ ဓါးထဲသို့ မှော်စွမ်းအင်များ ထည့်သွင်းလိုက်သည်။
[သီးသန့်စွမ်းရည် ‘အသန့်စင်ဆုံးဓါးစွမ်းအင် အဆင့် ၈’ အသက်ဝင်လာပါပြီ။]
ထိုစွမ်းအင်မှာ ကျနော်၏စွမ်းအင်မဟုတ်ဘဲ အိုင်းရစ် ၏ မှော်စွမ်းအင် ဖြစ်သည်။ သို့သော်ငြားလည်း အိုင်းရစ် မှာ ဤနေရာအထိ ရောက်အောင်လာနိုင်ခဲ့သော ကိုယ်စားလှယ် ဖြစ်သဖြင့် အိုင်းရစ်၏ အလားအလာမှာ အတော်အတန် မြင့်မားလှသည်။ အဖြူရောင် စွမ်းအင်များမှာ အီအိုရန်၏ ဓါး ထဲသို့ ပေါင်းစပ်သွားပြီး ပတ်ပတ်လည်ရှိ အရှိန်အဝါများမှာလည်း ပိုမို အားကောင်းလာခဲ့သည်။
အီအိုရန်၏ ဓါး သည် မကောင်းဆိုးဝါး ဝိညာဉ်များကို ၁၀ မိနစ်ကြာ ပြင်းထန်သော ထိုးနှက်ချက် ပေးနိုင်သည့် လက်နက်ဖြစ်သည်။ သို့သော် စွမ်းအားကြီးသော လက်နက်ရှိရုံနှင့် ဤနေရာကို စိုးမိုးနိုင်မည်ဟု မဆိုလိုပေ။
နက္ခတ်တစ်ပါးက ကျနော့်ဓါးကို ကြည့်ပြီး ရယ်မောလိုက်သည်။
[ဟားဟား၊ ဖြည်းဖြည်းလုပ်ပါ။ နက္ခတ်အငယ်လေးရာ။ ဒီလူကြီးတွေကို ဖျော်ဖြေပေးစမ်းပါဦး]
[ဘယ်က လူကြီးလဲ။ ငါ သက်တမ်း ၅၀၀ တောင် မပြည့်သေးဘူး။ ငါတို့ထက် ကြီးတဲ့သူတွေ အများကြီး ရှိပါသေးတယ်]
မိန်းကလေးငယ်တစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ပထမဆုံးအကြိမ် ရောက်ရှိနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ ကျနော် လွှဲယမ်းလိုက်သော ဓါးချက်မှာ လေထုထဲတွင် ကိုးရိုးကားယား လမ်းကြောင်းအတိုင်းသာ ထွက်ပေါ်လာသည်။
နက္ခတ်များသည် သူတို့၏ စွမ်းအားအားလုံးကို အသုံးမပြုနိုင်သော်လည်း နက္ခတ်ဆိုသည်မှာ နက္ခတ်ပင် ဖြစ်သည်။ နက္ခတ်တို့မှာ ဒဏ္ဍာရီလာအဆင့် မှသည် အဆင့်နိမ့်နက္ခတ်များအထိ အမျိုးမျိုး ရှိကြသည်။
မကောင်းဆိုးဝါး ဝိညာဉ်များအဖြစ် စုရုံးနေကြသော နက္ခတ်များသည် သူတို့၏ အရှိန်အဝါကို ထုတ်ဖော်လိုက်ကြသည်။ နက္ခတ် ၁၀ ပါးက သူတို့၏ စွမ်းအင်များကို ထုတ်လွှတ်လိုက်သည့်အခါ အိုင်းရစ် ၏ လှုပ်ရှားမှုများမှာ စတင် တောင့်တင်းလာခဲ့သည်။ အိုင်းရစ်၏ ခန္ဓာကိုယ်မှာ မမြင်ရသော ပင့်ကူအိမ်ထဲတွင် ပိတ်မိနေသကဲ့သို့ ရုန်းကန်နေရသည်။ အိုင်းရစ်ကို ထောင်ချောက်ဆင်ထားသော ပင့်ကူများမှာလည်း နီးကပ်လာနေပြီ ဖြစ်သည်။
ကျနော့်အလိုကို ဆန့်ကျင်ပြီး တုန်ရီနေသော အိုင်းရစ် ၏ ခန္ဓာကိုယ်ကို ကြည့်ရင်း ကျနော် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ အမြဲတမ်း ဤသို့ပင် ဖြစ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်တော့ ကွဲပြားရပေမည်။
[ငါ့ကို အထင်မသေးနဲ့။ ငါကလည်း နက္ခတ်တစ်ပါးပဲ]
ယခုအချိန်အထိ ကျနော်သည် ကျနော့်၏ အရှိန်အဝါကို ကောင်းမွန်စွာ ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိပေ။ နတ်ဆိုးနယ်မြေ ဇာတ်ဝင်ခန်းတစ်လျှောက်တွင်လည်း ဒဏ်ရာများဖြင့်သာ တိုက်ခိုက်ခဲ့ရသည်။ သို့သော် စားတော်ဆက်အသင်း ၏ ဝေါယာဉ်ကို စီးနင်းလာစဉ်အတွင်း ကျနော့်၏ ဇာတ်လမ်းများကို မှန်မှန် ပြန်လည်ကုစားနိုင်ခဲ့သည်။ ထို့ကြောင့် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ မဟုတ်သော်လည်း ၁၀၀ ရာခိုင်နှုန်းနှင့် နီးစပ်သော ‘အရှိန်အဝါ’ ကို ကျနော် အသုံးပြုနိုင်၏။
[နက္ခတ်၏ ‘အရှိန်အဝါ’ ကို ထုတ်ဖော်လိုက်ပါသည်။]
ကျနော့်၏ ဇာတ်လမ်းအချို့မှာ အခြေအနေကို စတင် တုံ့ပြန်လာကြသည်။
[ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်း ‘စားတော်ဆက်အသင်း၏ မိစ္ဆာဒိဋ္ဌိ’သည် ပတ်ဝန်းကျင်မှ ဖိနှိပ်မှုများကို ပြန်လည် တွန်းလှန်နေပါသည်။]
[ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်း ‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ သည် ကိုယ်စားလှယ် အိုင်းရစ် ၏ အခြေအနေကို တုံ့ပြန်နေပါသည်။]
ပတ်ဝန်းကျင်ရှိ မြေပြင်မှာ ကျယ်လောင်သော အသံနှင့်အတူ အက်ကွဲသွားပြီး အနီးနားရှိ တောအုပ်မှာလည်း တုန်ခါသွားခဲ့သည်။ ထိုနယ်မြေအတွင်း စီးဆင်းလာသော လျှပ်စစ်မီးပွားများကြောင့် နက္ခတ်များမှာ အံ့အားသင့်သွားကြသည်။
ဤဇာတ်ဝင်ခန်းတွင် ဆင်းသက်လာသော နက္ခတ်များသည် သူတို့စွမ်းအား၏ ၁၀ ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သည်။ အခြားတစ်ဖက်တွင်မူ ကျနော်သည် ‘ဆင်းသက်ခြင်း’ အစား ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ကို အသုံးပြုထားခြင်း ဖြစ်သဖြင့် ကျနော့်၏ မူလအရှိန်အဝါကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။
[လူသစ်တစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အထိ အရှိန်အဝါ ကြီးမားနေရတာလဲ]
[... ‘ဆင်းသက်ခြင်း’လုပ်ထားတာကိုတောင် အခုလိုအရှိန်အဝါ ထုတ်နိုင်နေတာလား]
နက္ခတ်များသည် ဤအချက်ကို မသိရှိကြဘဲ ထိတ်လန့်လုနီးပါး ဖြစ်သွားကြသည်။ သူတို့သည် လက်ရှိအရှိန်အဝါကို ကျနော့်၏ မူလအင်အား၏ ၁၀ ရာခိုင်နှုန်းဟု မှားယွင်းထင်မှတ်နေကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ထင်နေရအောင်လည်း ကျနော် မိမိကိုယ်မိမိ ပြင်းထန်စွာ ဖိအားပေးနေရခြင်း ဖြစ်သည်။
[သေမလား၊ ဒီကနေ ထွက်သွားမလား။ တစ်ခုခုကို ရွေးလိုက်စမ်း]
သူတို့၏ အထင်အမြင်မှားမှု မကုန်ဆုံးမီ ကျနော် သူတို့ကို နှိမ်နင်းရမည်။
[မ...မအေဘေး...]
[...ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု က တကယ်ကို ကျယ်ပြောတာပဲ။ ဒီလိုကောင်မျိုး ဘယ်ကနေ ပေါ်လာတာလဲ]
နက္ခတ်အချို့မှာ ကျနော် ထုတ်လွှတ်လိုက်သော ဖိအားကြောင့် နောက်သို့ တွန့်ဆုတ်သွားကြသော်လည်း အချို့မှာမူ စိတ်အားထက်သန်မှုများ တောက်လောင်လာကြသည်။
[ဟားဟားဟား။ အကောင်းဆုံး ဟင်းလျာပဲ။ ဒီနေ့ စားတော်ဆက်အသင်း ပွဲတော်ကတော့ အကောင်းဆုံးပဲဟေ့]
နက္ခတ်များသည် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများကို ထုတ်လွှတ်လိုက်ပြီး မကောင်းဆိုးဝါး ဝိညာဉ်များ၏ လက်တံများမှာ ကျနော့်ဘက်သို့ ဆန့်ထွက်လာခဲ့သည်။ ကျနော် အလျင်အမြန် နောက်သို့ ဆုတ်ကာ ဓါးကို လွှဲယမ်းလိုက်သော်လည်း ပြေးဝင်လာသော လက်တံများကို ဖြတ်တောက်နိုင်ခြင်း မရှိပေ။ အိုင်းရစ် ၏ အသံကို ကျနော့်ခေါင်းထဲတွင် ကြားလိုက်ရ၏။
‘တ... တောင်းပန်ပါတယ်။ ကျမက ဓါးရေးမှာ တကယ် ညံ့လို့ပါ...’
ချီး။
ဤအချက်ကြောင့် ကျနော့်၏ လှုပ်ရှားမှုများမှာ ဤသို့ ဖြစ်နေရခြင်း ဖြစ်သည်။ အိုင်းရစ် ဒဏ်ရာရရှိသွားသည်နှင့်အမျှ သွေးများ စီးကျလာခဲ့သည်။ ကျနော့် လှုပ်ရှားမှုများမှတစ်ဆင့် သူတို့ တစ်စုံတစ်ခုကို သိရှိသွားကြသလား။ နက္ခတ်များ၏ အရှိန်အဟုန်မှာ ပြောင်းလဲသွားသည်။
[...တစ်ခုခုတော့ ထူးဆန်းနေတယ်]
နက္ခတ်များသည် ပျံ့နှံ့သွားကြပြီး မကောင်းဆိုးဝါး ဝိညာဉ်များ၏ ခန္ဓာကိုယ်ကို အသုံးပြုကာ ကွက်ကျား တိုက်ခိုက်မှုများကို ပြုလုပ်လာကြသည်။ ကျနော် ဓါးကို လွှဲယမ်းကာ ကာကွယ်ရန် ကြိုးစားသော်လည်း အိုင်းရစ် ၏ ဓါးရေးစွမ်းရည်မှာ အလွန်နိမ့်ကျလွန်းနေသဖြင့် မလွယ်ကူလှပေ။
ရလဒ်မှာ ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်ထဲတွင် ရှိစဉ်ကနှင့် အတော်ပင် ကွဲပြားလှသည်။ ယူဂျွန်ဟော့ မှာ မည်မျှအထိ တော်သနည်းဆိုသည်ကို ကျနော် နောက်တစ်ကြိမ် ထပ်မံ သိရှိလိုက်ရသည်။
[ဟုတ်ပြီ။ ဒီကောင့်ရဲ့ အရှိန်အဝါပဲ မြင့်မားနေတာ။ သူ့ကို အရင် ရှင်းပစ်ကြ]
[ဓါးအတွက် စိတ်ပူနေစရာ မလိုတော့ဘူး။ ဟားဟားဟား၊ ဒီနေ့တော့ ငါတို့ အဝစားရတော့မယ်!]
ကျနော် ဘယ်လိုနည်းနှင့်မဆို ရှောင်လွှဲချင်ခဲ့သော အဆိုးရွားဆုံး အခြေအနေမှာ ဆိုက်ရောက်လာခဲ့ပြီ။ မကောင်းဆိုးဝါး ဝိညာဉ်များ၏ တိုက်ခိုက်မှုများမှာ အရပ်မျက်နှာ အနှံ့မှ ပျံသန်းလာသည်။ ကျနော့် ခြေထောက်ကို ပွတ်တိုက်သွားသော တံစဉ်ငယ် တစ်ခု ရှိနေသလို၊ ကျနော့်ကျောပြင်ကို ပစ်မှတ်ထားသော Bumerang(ဘွန်မရန်) တစ်ခုမှာလည်း ဝဲပျံနေသည်။ လှံရှည် တစ်လက်မှာ ဟာကွက်ကို ဖောက်ထွက်လာပြီး ကျနော့် နံဘေးကို ထိုးနှက်လိုက်၏။ တစ်မိနစ်မပြည့်မီမှာပင် အိုင်းရစ် ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများနှင့် အညိုမမည်းစွဲမှုများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ကျနော့်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု မှာ လျင်မြန်စွာ ကျဆင်းနေသည်။ ကျနော် အလျင်အမြန် စာမှတ် နှင့် လေ၏လမ်းစဉ် တို့ကို ဖွင့်လိုက်သော်လည်း အိုင်းရစ် ၏ ခန္ဓာကိုယ်တွင်မူ အသားမကျသကဲ့သို့ ခံစားရသည်။ နောက်ဆုံးတွင် ကျနော့်၏ ခြေလှမ်းများမှာ ယိုင်နဲ့သွားပြီး လမ်းပျောက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ နက္ခတ်များသည် ထိုဟာကွက်လေးကို အခွင့်ကောင်းယူကာ ကျနော့်ထံသို့ သူတို့၏ လက်တံများကို ဆန့်ထုတ်လိုက်ကြသည်။
"အု..."
အိုင်းရစ် မှာ လည်ပင်းကို အဖမ်းခံလိုက်ရပြီး လေထဲတွင် ခိုကိုးရာမဲ့စွာ တွဲလောင်း ဖြစ်သွားခဲ့သည်။
[မင်း ကံမကောင်းဘူးပဲ။ လူသစ်လေး]
နက္ခတ်များသည် အရာရာ ပြီးဆုံးသွားပြီဟု ယူဆကာ သူတို့၏ ပါးစပ်များကို ဖွင့်လိုက်ကြသည်။
[အစာစားချိန် ရောက်ပြီ]
ကြောက်မက်ဖွယ်ကောင်းသော အစွယ်များ ထွက်ပေါ်လာပြီး သူတို့၏ ပါးစပ်မှ အစာခြေရည်များ စီးကျလာ၏။ သူတို့သည် မကောင်းဆိုးဝါး ဝိညာဉ်များ၏ အသွင်အပြင်ကို စိတ်ကြိုက် ပြုပြင်နိုင်ကြသဖြင့် ထိုမြင်ကွင်းမှာ တကယ့်ကို အဆိုးရွားဆုံး မြင်ကွင်းပင် ဖြစ်သည်။
ကျနော်သည် တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။
"ပဉ္စမမြောက် စာမှတ် ကို အသက်သွင်းမယ်"
အမှန်တကယ်တော့ ဤစွမ်းရည်ကို ဤနေရာတွင် အသုံးမပြုချင်ခဲ့ပေ။ အိုင်းရစ် ၏ ခန္ဓာကိုယ်က တောင့်ခံနိုင်ပါ့မလားဟူသော သံသယအပြင် ဖြစ်နိုင်စွမ်း ကိုလည်း အလွန်အကျွံ မကုန်ဆုံးစေလိုသောကြောင့် ဖြစ်သည်။ သို့သော်ငြားလည်း အခြားရွေးချယ်စရာ လမ်းမရှိတော့ပေ။
[ပဉ္စမမြောက် စာမှတ် အသက်ဝင်လာပါပြီ။]
စာမှတ် အသက်ဝင်သွားသည့် ခဏမှာပင် မျှော်လင့်မထားသော စနစ်မက်ဆေ့ချ်တစ်ခု ရောက်ရှိလာခဲ့သည်။
[ဤစွမ်းရည်သည် ဤပုဂ္ဂိုလ်နှင့် သင့်လျော်ခြင်း မရှိပါ။]
[သီးသန့်စွမ်းရည် ‘သေးငယ်စေခြင်း’ ကို ပယ်ဖျက်လိုက်ပါသည်။]
[သီးသန့်စွမ်းရည် ‘လျှပ်စစ်ဓာတ် အားဖြည့်ခြင်း’ ကို ပယ်ဖျက်လိုက်ပါသည်။]
လျှပ်စစ်မီးပွားများ ထွက်ပေါ်လာသည့် အသံနှင့်အတူ စာမှတ် ၏ စွမ်းအားများ ပျောက်ကွယ်သွားခဲ့သည်။ တစ်ခါတစ်ရံတွင် စွမ်းရည်တစ်ခုသည် ခန္ဓာကိုယ်၏ ဓာတ်ခံနှင့် ကိုက်ညီမှုမရှိတတ်ပေ။ သို့သော် အဘယ်ကြောင့် ယခုကဲ့သို့ အရေးကြီးသည့်အချိန်မှ ဖြစ်ရသနည်း။ ကျနော် လုံးဝ မျှော်လင့်မထားခဲ့မိချေ။
[ဒါက မင်းရဲ့ နောက်ဆုံး ရုန်းကန်မှုလား။ အေးလေ၊ ကြိုးစားကြည့်စမ်းပါဦး]
လှောင်ပြောင်သံနှင့်အတူ မကောင်းဆိုးဝါး ဝိညာဉ်၏ ပါးစပ်ထဲမှ ရှည်လျားသော လျှာတစ်ချောင်း ထွက်ပေါ်လာပြီး အိုင်းရစ် ၏ လည်ပင်းကို စတင် ရစ်ပတ်ညှစ်ထုတ်လေသည်။ ကျနော့်၏ အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့သွားပြီး မျက်နှာမှာလည်း ပြာနှမ်းလာခဲ့သည်။ အိုင်းရစ် ၏ အသိစိတ်မှာ ဝေဝါးလာသည်ကို ခံစားနေရသည်။ အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် နှင့် ဆက်သွယ်မှုမှာလည်း အားနည်းလာနေပြီ ဖြစ်သည်။
[ဝိသေသ လက္ခဏာ ၏ အကျိုးသက်ရောက်မှုကြောင့် သင်၏ စဉ်းစားဆင်ခြင်နိုင်စွမ်း မြန်ဆန်လာပါသည်။]
ဤအကျပ်အတည်းအတွင်း အတွေးပေါင်းများစွာ ကျနော့်ခေါင်းထဲတွင် ဖြတ်သန်းသွားပြီးနောက် တစ်စုံတစ်ခုကို ဖမ်းဆွဲမိလိုက်သည်။
...ထိုသို့လုပ်လိုက်ပါက ဖြစ်နိုင်ပါ့မလား ကျနော် မသိပေ။ ဇာတ်ကောင်အပေါ် ကျနော့်၏ နားလည်နိုင်စွမ်းမှာလည်း နိမ့်ပါးနေဆဲပင်။ သို့သော် ကျနော် ကြိုးစားကြည့်လို့တော့ ရသည်။
"ဆဋ္ဌမမြောက် စာမှတ် ကနေ တော်လှန်ရေးသမား စစ်သူကြီး မာ့ခ် ဟာဗီယာ ကို ဖယ်ရှားမယ်"
ကျနော်သည် ကျနော့်၏ ‘အရှိန်အဝါ’ ကို အစွမ်းကုန် ထုတ်လွှတ်လိုက်ပြီး နက္ခတ်များ၏ ဖမ်းဆီးထားမှုမှ ချက်ချင်း ရုန်းထွက်လိုက်သည်။ ထို့နောက် ဆက်လက်၍ - "အဲဒီနေရာမှာ ‘ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်’ နမ်ဂွန်မင်းယောင်း ကို ထည့်သွင်းမယ်"
[ဆဋ္ဌမမြောက် စာမှတ် အသက်ဝင်ပါပြီ။]
ကြီးမားလှသော တည်ရှိမှုတစ်ခုသည် ကျနော့်အတွင်းသို့ စိမ့်ဝင်လာခဲ့သည်။ ကျနော် ဖတ်ခဲ့ဖူးသမျှ၊ ခံစားခဲ့ဖူးသမျှနှင့် တွေ့ကြုံခဲ့ဖူးသမျှ အရာအားလုံးမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ ခန္ဓာကိုယ်အတွင်း အခြေချသွားသကဲ့သို့ ခံစားလိုက်ရသည်။
[ဤပုဂ္ဂိုလ်အပေါ် သင်၏ နားလည်နိုင်စွမ်း မလုံလောက်ပါ။]
ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့စဉ်ကကဲ့သို့ ခံစားချက်မျိုးပင်။
[ဘာ... ဘာလဲဟ...]
[...ဒါက ဘယ်လို စွမ်းအားမျိုးလဲ]
စားတော်ဆက်အသင်း ရှိ နက္ခတ်များ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့သည်။
[ဇာတ်ကောင်၏ အဆင့်မှာ မြင့်မားလွန်းသဖြင့် စွမ်းရည်အဆင့်ကို အပြည့်အဝ ဖော်ဆောင်နိုင်ခြင်း မရှိပါ။]
[ဇာတ်ကောင်၏ အဆင့်မှာ မြင့်မားလွန်းသဖြင့် စွမ်းရည်၏ အစိတ်အပိုင်းတစ်ခုကိုသာ အသက်သွင်းနိုင်ပါသည်။]
[ဇာတ်ကောင်အပေါ် နားလည်နိုင်စွမ်း နိမ့်ပါးမှုကြောင့် စာမှတ် ၏ တည်မြဲချိန် လျော့နည်းသွားပါသည်။]
မူလ ‘ကောင်းကင်ဖြိုခွင်းဓါးသိုင်း’ မှာ အမျိုးသမီးများသာ အသုံးပြုနိုင်သော စွမ်းရည်ဖြစ်သည်။ ယူဂျွန်ဟော့က ထိုအချက်ကို ကြိုးစားအားထုတ်မှုဖြင့် ကျော်လွှားခဲ့သော်လည်း ကျနော့်အတွက်မူ ကျော်လွှားဖို့က အကျိုးအကြောင်းမဆီလျော်လှပေ။
[သင်၏ လက်ရှိ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ သက်ဆိုင်ရာ ဇာတ်ကောင်၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် ဆင်တူနေပါသည်။]
တိတိကျကျ ပြောရလျှင် ကျနော့်၏ မူလခန္ဓာကိုယ်နှင့်သာဆိုပါက ဤသည်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်။
[သီးသန့်စွမ်းရည် ‘ကောင်းကင်ဖြိုခွင်းဓါးသိုင်း’ အဆင့် ၁၀ (+၁) အသက်ဝင်လာပါပြီ။]
ကောင်းကင်ယံမှ မိုးကြိုးများ ကျဆင်းလာပြီး အီအိုရန်၏ ဓါး ဆီသို့ စီးဝင်သွားခဲ့သည်။ ကျနော်သည် အသင့်တော်ဆုံး အချိန်တွင် အမြင့်ဆုံးသော စွမ်းအားကို ထုတ်လွှတ်လိုက်၏။ နက္ခတ်များမှာ အခြေအနေကို သတိမပြုမိခင်မှာပင် အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
[သီးသန့်စွမ်းရည် ‘ကောင်းကင်ဖြိုခွင်းမိုးကြိုးဓါး’ အဆင့် ၁၀ (+၁) အသက်ဝင်လာပါပြီ။]
ကမ္ဘာမြေကို တုန်ဟိန်းစေနိုင်သော အပြာရောင် မိုးကြိုးများသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ထိုးနှက်လိုက်သည်။ ‘Ways of Survival’ ထဲမှ စာသားများမှာ ကျနော့်ခေါင်းထဲသို့ ဖြတ်သန်းသွားခဲ့သည်။
「 သိုင်းလောကသားများသည် ‘ကောင်းကင်ဖြိုခွင်း ဓါးသူတော်စင်’ကို မဟာဆရာကြီး ၁၀ ပါးထဲမှ တစ်ဦးအဖြစ် မသတ်မှတ်ကြပေ။ 」
မကောင်းဆိုးဝါး ဝိညာဉ်များ၏ ခန္ဓာကိုယ်မှာ အော်ဟစ်ချိန်ပင် မရဘဲ ပြာအဖြစ်သို့ ကြေပျက်သွားခဲ့သည်။
「 သိုင်းလောကသားများသည် ‘ကောင်းကင်ဖြိုခွင်း ဓါးသူတော်စင်’ကို ကပ်ဘေးတစ်ခုကဲ့သို့သာ သတ်မှတ်ကြသည်။ 」
သာမန်လူသားတစ်ဦးအဖြစ် မွေးဖွားလာပြီးနောက် ပြင်းပြသော ကြိုးစားအားထုတ်မှုဖြင့် နက္ခတ်များကို ရင်ဆိုင်နိုင်သူ။ ဤသည်မှာ သိုင်းလောက၏ ကပ်ဘေးတစ်ခုဖြစ်သော ‘ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်’ ၏ အစွမ်းပင် ဖြစ်သည်။
[ဤစွမ်းရည်သည် ကိုယ်စားလှယ်ခန္ဓာကိုယ်၏ အရည်အချင်းထက် ကျော်လွန်နေပါသည်။]
သွေးများ စီးကျလာသည်နှင့်အမျှ တစ်စုံတစ်ခု လွဲချော်သွားသကဲ့သို့ ကျနော် ခံစားလိုက်ရသည်။ ရလဒ်မှာ ထင်ရှားလှသည်။ ကျနော်နှင့် အိုင်းရစ် တို့မှာ အဆင့်ကျော်လွန်ခြင်း ကို ရောက်ရှိထားသူများ မဟုတ်သဖြင့် ဤသည်မှာ မထိန်းချုပ်နိုင်သော စွမ်းအားမျိုးပင်။ ကောင်းကင်ယံမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားသကဲ့သို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့သည်။ တောက်ပသော မိုးကြိုးလျှပ်စီးများ ပျောက်ကွယ်သွားသည့်အခါ ပတ်ဝန်းကျင်တွင် မကောင်းဆိုးဝါး ဝိညာဉ် တစ်ကောင်မျှ ကျန်ရှိမနေတော့ပေ။
[ ‘ရဲတင်းသော ရွှံ့နွံသားရဲ’ နက္ခတ်သည် ဇာတ်ဝင်ခန်းအတွင်းမှ ဖယ်ရှားခြင်း ခံရပါသည်။]
[‘ငြိမ်သက်သောကျွန်း၏ စားတော်ဆက်’ နက္ခတ်သည် ဇာတ်ဝင်ခန်းအတွင်းမှ ဖယ်ရှားခြင်း ခံရပါသည်။]
[‘မေ့လျော့ခံ မနာလိုမှုအရှင်’ နက္ခတ်သည် ဇာတ်ဝင်ခန်းအတွင်းမှ ဖယ်ရှားခြင်း ခံရပါသည်။]
...
[စုစုပေါင်း နက္ခတ် ၁၀ ပါး ဇာတ်ဝင်ခန်းအတွင်းမှ ဖယ်ရှားခြင်း ခံရပါသည်။]
[သင်သည် ယုံကြည်နိုင်ဖွယ်မရှိသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့သည်။]
[မဖြစ်နိုင်သော စွမ်းဆောင်ချက်များကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နိုင်ခဲ့သည်။]
ကျနော် မောဟိုက်စွာဖြင့် ကောင်းကင်ယံကို မော့ကြည့်လိုက်မိသည်။
[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု က သင်၏ အောင်မြင်မှုများကို အာရုံစိုက်နေပါသည်။]
[သင့်အတွက် ဇာတ်လမ်းအသစ်တစ်ပုဒ်ကို ပြင်ဆင်နေပါသည်။]
နက္ခတ်များ၏ အရှိန်အဝါမှာ အလွန်အမင်း ကန့်သတ်ခံထားရသည် ဖြစ်စေ၊ သူတို့သည် ကိုယ်စားလှယ်များကို သတ်ဖြတ်နိုင်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ဤစွမ်းဆောင်ချက်အတွက် ကျနော် ဇာတ်လမ်းတစ်ပုဒ် ရရှိမည်မှာ မလွဲဧကန်ပင်။
ကျနော့်၏ ပါးစပ်၊ နားနှင့် နှာခေါင်းတို့မှ သွေးများ စုပြုံထွက်လာခဲ့သည်။ ခန္ဓာကိုယ်ရှိ အပေါက်များမှ သွေးများ ယိုစီးကျလာပြီး ကျနော်သည်လည်း ထိုသွေးညှီနံ့ကို ယဉ်ပါးနေပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် စားတော်ဆက်အသင်း က ခွင့်ပြုထားသော ဖြစ်နိုင်စွမ်း ကြောင့် ကျနော် တောင့်ခံနိုင်ခဲ့သည်။
ကျနော်သည် အိုင်းရစ် ၏ ပျက်စီးနေသော ခန္ဓာကိုယ်ကို ဇာတ်လမ်း အစိတ်အပိုင်းများဖြင့် ပြန်လည် ဖာထေးပေးလိုက်သည်။ ‘ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်’ ၏ နည်းစနစ်ကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုမှာ အိုင်းရစ် ၏ အသိစိတ်ကို ပျောက်ကွယ်သွားစေခဲ့ပြီ ဖြစ်သည်။
[စားတော်ဆက်အသင်း မှ နက္ခတ်များသည် ဤဇာတ်ဝင်ခန်း၏ အကြောင်းအရာကြောင့် အံ့အားသင့်နေကြပါသည်။]
[စားတော်ဆက်အသင်း မှ နက္ခတ်အချို့မှာ သင့်အပေါ် ရန်လိုလာကြပါသည်။]
ကျနော် အမုန်းခံရမည်ကို သိထားပြီးသားပင်။ သို့သော် တစ်ခုကို ဆုံးရှုံးလိုက်ရတိုင်း တစ်ခုခုကို အမြဲတမ်း ပြန်လည်ရရှိတတ်စမြဲ ဖြစ်လေသည်။
[စားတော်ဆက်အသင်း မှ နက္ခတ်အချို့မှာ သင်၏ ဇာတ်လမ်းကို အလွန် စိတ်ဝင်စားနေကြပါသည်။]
[စားတော်ဆက်အသင်း မှ နက္ခတ်အချို့မှာ သင့်အပေါ် သဘောကျ နှစ်သက်နေကြပါသည်။]
ကျနော်သည် အိုင်းရစ် ၏ ခန္ဓာကိုယ်ကို တွဲကူလျက် ယိုင်နဲ့စွာဖြင့် မီးတောင်ရှိရာသို့ ဦးတည်ခဲ့သည်။ ဤဇာတ်ဝင်ခန်း ပြီးဆုံးသွားသည်နှင့် အိုင်းရစ် မှာ အသက်ရှင်လွတ်မြောက်နိုင်မည် ဖြစ်သည်။ ဇာတ်ဝင်ခန်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ရန်အတွက် ကျနော်သည် လက်ကောက်ကို မီးတောင်ချော်ရည်များထဲသို့ ပစ်ထည့်ရမည် ဖြစ်သည်။
သွားရမည့် ခရီးမှာ သိပ်မဝေးတော့ပါ။ ခြေလှမ်း ၄၀၊ ခြေလှမ်း ၃၀၊ ခြေလှမ်း ၂၀...။
ချော်ရည်များနှင့် နီးကပ်လာသည်နှင့်အမျှ ကျနော့်မျက်နှာမှာ ပူလောင်လာခဲ့သည်။ လက်ကောက်ကို ပစ်ချနိုင်မည့် ကမ်းပါးထိပ်သို့ ရောက်ရှိရန် ရှင်းလင်းနေဆဲမှာပင် တစ်စုံတစ်ယောက်၏ တည်ရှိမှုကို ကျနော် ခံစားလိုက်ရသည်။ သူတို့ ယခုအချိန်တွင် ပေါ်လာလိမ့်မည်ဟု ကျနော် တွေးဆထားပြီးသားဖြစ်၏။ ကျနော် သုတ်သင်ရန် ကျန်ရှိနေသေးသော မကောင်းဆိုးဝါး ဝိညာဉ် လေးကောင် ရှိနေသေးသည် မဟုတ်ပေလော။
[ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်။ မင်း တကယ်ကို စိတ်ဝင်စားစရာကောင်းတာတွေ လုပ်နေတာပဲ]
ရင်းနှီးနေသော အသံမှာ ကျနော့်နားထဲသို့ တိုးဝင်လာသဖြင့် အီအိုရန်၏ ဓါး ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိသည်။ ကျနော် နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ရင်းနှီးသော ပုံရိပ်နှင့် မိန်းကလေးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးမှာ မကောင်းဆိုးဝါး ဝိညာဉ် တစ်ကောင် ဖြစ်နေသော်လည်း မူလရုပ်သွင်မှာမူ လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။
ကျနော် ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။
"အက်စ်မိုးဒီအက်စ်"
အက်စ်မိုးဒီအက်စ် မှာ သူ၏အမည်ကို ခေါ်ဝေါ်ခြင်း ခံရသည့်အတွက် ကျေနပ်ပီတိဖြစ်နေသကဲ့သို့ ပျော်ရွှင်နေပုံရသည်။
[...အာ…. မင်းကို ငါ ထပ်ပြီး ခေါ်ပါရစေဦး]
သူသည် ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်ခဲ့သူဖြစ်ပြီး တတိယမြောက် အကြိမ်မြောက် ရှင်သန်မှု ကျရှုံးရခြင်း၏ အဓိက တရားခံလည်း ဖြစ်သည်။
အက်စ်မိုးဒီအက်စ် ၏ အရှိန်အဝါမှာ တဖြည်းဖြည်း နီးကပ်လာသည်ကို ကျနော် ခံစားနေရသည်။ အရှိန်အဝါမှာ စွမ်းအား၏ ၁၀ ရာခိုင်နှုန်းမျှသာ ဖြစ်သော်လည်း မျှော်လင့်ထားသည့်အတိုင်းပင် မိစ္ဆာဘုရင် ၇၂ ပါးထဲမှ တစ်ပါးဖြစ်သဖြင့် သူ၏ အဆင့်အတန်းမှာ အခြားသော နက္ခတ်များနှင့် လုံးဝ ကွဲပြားခြားနားလှသည်။
ကျနော် နောက်သို့ တစ်လှမ်းဆုတ်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်လိုက်သည်။ အခြေအနေမှာ ခက်ခဲနေဆဲပင်။ ဤကောင်ကို ဖယ်ရှားနိုင်လျှင်တောင်မှ နောက်ထပ် မကောင်းဆိုးဝါး ဝိညာဉ် သုံးကောင် ကျန်ရှိနေသေး၏။ အကယ်၍ သူတို့ပါ ရောက်လာမည်ဆိုပါက ကျနော့်အတွက် အနိုင်ရရန် အခွင့်အရေး လုံးဝ ရှိတော့မည်မဟုတ်။ ထို့ကြောင့် ၎င်းတို့ မရောက်လာမီ...။
[အရမ်း သတိကြီးနဲ့မနေစမ်းပါနဲ့။ တခြား နက္ခတ်တွေ မရှိတော့ပါဘူး]
ပြုံးနေသော အက်စ်မိုးဒီအက်စ် ၏ လက်ငယ်လေးများထဲတွင် ဦးခေါင်းငယ် သုံးလုံးမှာ တွဲလောင်း အခွဲခံထားရသည်။ ဖြတ်တောက်ထားသော ဦးခေါင်းများ၏ ပတ်ပတ်လည်တွင် မဟူရာ ဝတ်ရုံမှာ လွင့်ပျံနေသည်။ ၎င်းတို့မှာ ကိုယ်စားလှယ်များ၏ ဦးခေါင်းများ မဟုတ်ကြပေ။
ကျနော့်၏ ခြေဖျားများမှတစ်ဆင့် ချမ်းစိမ့်စိမ့် ခံစားချက်မှာ တဖြည်းဖြည်း တက်လာခဲ့သည်။ ဤခဏအတွင်းမှာပင် ‘Ways of Survival’ ထဲ၌ အက်စ်မိုးဒီအက်စ် ကို အဘယ်ကြောင့် အရူးတစ်ယောက်အဖြစ် ဖော်ပြထားသနည်းဆိုသည်ကို ကျနော် နားလည်သွားခဲ့သည်။ နက္ခတ်များ၏ သွေးများ စွန်းပေနေသော အက်စ်မိုးဒီအက်စ် ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေခဲ့သည်။
[ငါ သူတို့ အားလုံးကို ဝါးမြိုလိုက်ပြီ]
***