['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ်က ကိုယ်စားလှယ် 'ယူဂျွန်ဟော့' ဘက်မှ ဒင်္ဂါး တစ်သန်း လောင်းကြေးထပ်လိုက်ပါပြီ။]
စနစ်မက်ဆေ့ချ်မှာ ခန်းမအတွင်း ပဲ့တင်ထပ်သွားပြီး နက္ခတ်များ၏ အာရုံစိုက်မှုမှာ ကျနော့်ထံသို့ ရောက်ရှိလာခဲ့သည်။ အားနည်းချက် သိသိသာသာ ရှိနေသည့် တိုက်ပွဲတစ်ခုတွင် ကျနော်က ငွေပုံအော လောင်းလိုက်ခြင်းပင် ဖြစ်သည်။ ကျနော့်၏ လုပ်ရပ်က အချို့သော နက္ခတ်များကို စိတ်ဝင်စားသွားစေပုံရသည်။
['ကြာသပတေးနေ့၏ မိုးကြိုး' နက္ခတ်က သင့်အပေါ် သဘောကျနှစ်သက်မှု ပြသနေပါသည်။]
['မိုးသောက်ကြယ်နတ်ဘုရားမ' နက္ခတ်က သင့်အပေါ် သဘောကျနှစ်သက်မှု ပြသနေပါသည်။]
သို့သော်လည်း နက္ခတ်အနည်းငယ်ကသာ ဤကဲ့သို့ တုံ့ပြန်ခဲ့ကြခြင်း ဖြစ်သည်။ နက္ခတ်အများစုမှာမူ လောင်းကစားပွဲ၏ အရှိန်အဟုန်ထဲတွင် မျောပါနေကြပြီ ဖြစ်သည်။
[ဟားဟားဟား။ မင်းကတော့ ရူးနေပြီပဲ။ ဒါဆိုရင် ငါက ဒင်္ဂါး ၅၀၀၀၀၀ ထပ်ထည့်မယ်ကွာ]
အစကတည်းက နှင်းပန်းနတ်ဘုရားမ ဘက်မှ လောင်းထားသည့် ရဲတင်းသော ရွှံ့နွံသားရဲ က အရင်ဆုံး စကားဆိုလာလေသည်။ ထို့နောက် စောင့်ကြည့်နေကြသည့် နက္ခတ်များမှာလည်း တစ်ယောက်ပြီးတစ်ယောက် ပါဝင်လာကြတော့သည်။
['ငြိမ်သက်ကျွန်း၏ စားတော်ဆက်' နက္ခတ်က 'ကျူးကော့လင်းလင်း' နက္ခတ်ဘက်မှ ဒင်္ဂါး ၂၀၀၀၀ လောင်းကြေးထပ်လိုက်ပါပြီ။]
['ဗိမာန်ဖြူသခင်' နက္ခတ်က 'ကျူးကော့လင်းလင်း' နက္ခတ်ဘက်မှ ဒင်္ဂါး ၃၀၀၀၀ လောင်းကြေးထပ်လိုက်ပါပြီ။]
...
မက်ဆေ့ချ်များမှာ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။ မက်ဆေ့ချ် အများစုမှာ နှင်းပန်းနတ်ဘုရားမ ကျူးကော့လင်းလင်း ဘက်သို့ ဒင်္ဂါးများ ပေးပို့နေသည့် မက်ဆေ့ချ်များပင် ဖြစ်သည်။ ယူဂျွန်ဟော့ ဘက်တွင် ရှိနေသူမှာ ကျနော် တစ်ယောက်တည်းသာ ရှိသေးသည်။
['အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ' နက္ခတ်က ကိုယ်စားလှယ် 'ယူဂျွန်ဟော့' ဘက်မှ ဒင်္ဂါး ၃၀၀၀၀၀ လောင်းကြေးထပ်လိုက်ပါပြီ။]
…ဟင်
လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးနေသော ပါစီဖုန်း ကို ကျနော် အမှတ်မထင် လှမ်းကြည့်မိသည်။ ထို့နောက် အနည်းငယ် စိုးရိမ်သော လေသံဖြင့် မေးလိုက်၏။
[…အဆင်ပြေပါ့မလား]
[အင်း။ ဘာဖြစ်လို့ အဆင်ပြေပါ့မလားလို့ မေးတာလဲ]
ကျနော် ပြန်ပြောစရာ စကား မရှိတော့ပေ။ ပါစီဖုန်း အတွက် ဒင်္ဂါး ၃၀၀၀၀၀ လောင်းခြင်းမှာ ဘာမှမဟုတ်သည့် ကိစ္စမျိုး ဖြစ်လောက်ပေမည်။ ထို့အပြင် ကျနော့်ဘေးတွင် စပ်စုတတ်သော လူတစ်ယောက် ရှိနေခဲ့သည်။
[ဟ… အဖွားကြီး။ ဒီလိုမျိုး ငွေတွေ သုံးနေတာကို ဟေးဒီးစ် က ပွစိပွစိ မလုပ်ဘူးလား]
[ကျမက အဖွားကြီး မဟုတ်ပါဘူးနော်။ ထုတ်လုပ်ရေး လုပ်ငန်းရှင်က စကားပြော ဆင်ခြင်သင့်တယ်]
[ဒီအရွယ် ရောက်နေတဲ့ မိန်းမကြီးကတော့ အနေအထိုင် တတ်သင့်တယ်...]
[တာတာရပ်စ် ထဲမှာ သွားပိတ်မိမနေချင်ရင် ပါးစပ်ပိတ်ထားလိုက်တော့... နေပါဦး။ ရှင်လည်း လောင်းလိုက်တာလား]
ပါစီဖုန်း ၏ မေးခွန်းကို ထုတ်လုပ်ရေး လုပ်ငန်းရှင် က ရယ်မောလိုက်သည်။
['ထုတ်လုပ်ရေး လုပ်ငန်းရှင်' နက္ခတ်က ကိုယ်စားလှယ် 'ယူဂျွန်ဟော့' ဘက်မှ ဒင်္ဂါး ၁၅၀၀၀၀ လောင်းကြေးထပ်လိုက်ပါပြီ။]
ထုတ်လုပ်ရေး လုပ်ငန်းရှင် က ကျနော့်ကို ကြည့်ကာ ပြောလာသည်။
[ဒီလ ဒိုကဲဘီ အိတ် ထဲကနေ ရတဲ့ ဒင်္ဂါး ရှင်းတမ်းက သိပ်မများလို့ အများကြီးတော့ မလောင်းနိုင်ဘူးကွ]
အမှန်တကယ်တော့ သူ လောင်းလိုက်သည့် ပမာဏမှာ ကျနော် ဝယ်ယူခဲ့သည့် အီအိုရန်၏ ဓား တန်ဖိုးနှင့် အတိအကျပင် ဖြစ်သည်။ ထိုသို့လောင်းခြင်းကြောင်း သူသည် လောင်းကြေးကော်မရှင်ကို ပေးရသည်မှလွဲ၍ အမြတ်အစွန်း ရရှိလိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူတို့ကို ကျနော် ကျေးဇူးတင်မိသည်။ သူတို့ကြောင့်ပင် စိတ်လှုပ်ရှားနေကြသော နက္ခတ်များမှာ ဒင်္ဂါးများကို ပိုမို လောင်းကြေးထပ်လာကြ၏။
['ပျော်ရွှင်မှုနှင့် ဂုဏ်ပြုခြင်း နတ်ဘုရားမ' နက္ခတ်က 'ကျူးကော့လင်းလင်း' နက္ခတ်ဘက်မှ ဒင်္ဂါး ၅၀၀၀၀ လောင်းကြေးထပ်လိုက်ပါပြီ။]
လောင်းကြေးထပ်ထားသော ဒင်္ဂါးပမာဏမှာ တဖြည်းဖြည်း မြင့်တက်လာပြီး မကြာမီမှာပင် ဒင်္ဂါး ခြောက်သန်း ကျော်အထိ ရောက်ရှိသွားခဲ့သည်။ ယခုအခါ စားတော်ဆက်အသင်း ၏ နက္ခတ်များမှာ နေရာတစ်ခုတည်းသို့သာ အကြည့်မလွှဲနိုင် ဖြစ်နေကြရတော့သည်။
[သတ်ပစ်။ သူ့ကို မြန်မြန် သတ်လိုက်စမ်း]
[ငါ့ဒင်္ဂါးတွေ ရှုံးသွားရင်တော့ နင့်ကို သတ်ပစ်မယ်]
သူတို့မှာလည်း အားကစားကွင်းထဲမှ လူသား ပရိသတ်များနှင့် မခြားနားလှပါ။ ဤကဲ့သို့သော ‘ဇာတ်လမ်းများ’ ကို ကြုံတွေ့ဖူးပါသော်လည်း ကျနော် ထူးဆန်းစွာ စိတ်လှုပ်ရှားမိသည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင် က ကျနော့်၏ စိတ်ကို ဖတ်မိသည့်အလား ရယ်မောလိုက်သည်။
[ 'ဇာတ်လမ်းတွေ' ကို ဖြတ်သန်းခဲ့ဖူးလေလေ ဒီလိုဇာတ်လမ်းမျိုး တွေကို ပိုပြီး ဆာလောင်လာလေလေပဲကွ]
[…အဲ့ဒါကတော့ မဟုတ်လောက်ပါဘူး]
[နက္ခတ်ပဲဖြစ်ဖြစ် လူသားပဲဖြစ်ဖြစ် ဇာတ်လမ်းရှေ့မှာတော့ အားလုံးက ကလေးတွေပါပဲ။ ဒါနဲ့ နိုင်ဖို့ အခွင့်အရေးကော ရှိရဲ့လား]
[စိတ်မအေး ဖြစ်နေတာလား]
[မဟုတ်ပါဘူး အဲဒီလို မဟုတ်...]
[နိုင်ဖို့ အခွင့်အရေး မရှိဘူးဆိုရင်လည်း ကျနော်က ရှိလာအောင် လုပ်ရမှာပေါ့]
တိတိကျကျ ပြောရမည်ဆိုလျှင် အဆပေါင်းများစွာ ရရှိအောင် ကျနော် လုပ်ဆောင်ရပေလိမ့်မည်။ အကယ်၍ ယူဂျွန်ဟော့ သေဆုံးသွားမည်ဆိုလျှင် ဤတစ်ခေါက် နောက်ပြန်ဆုတ်ခြင်း အခေါက်မှာ ပျက်စီးသွားပေလိမ့်မည်။ အခြေအနေက ဤသို့ ဖြစ်လာမှတော့ သေချာပေါက် လုပ်ဆောင်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
[သီးသန့်စွမ်းရည် 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' အသက်ဝင်လာပါပြီ။]
ကျနော်တို့ ရှုံးနိမ့်လို့ မဖြစ်ပေ။
[လက်ရှိ ပစ်မှတ်နှင့် ဆက်သွယ်၍ မရနိုင်ပါ။]
ချီး။ ယူဂျွန်ဟော့... ဒီမက်ဆေ့ချ်က ပေါ်နေတုန်းပဲ။ ဒါပေမဲ့ ဒါက တစ်ခုတည်းသော နည်းလမ်းတော့ မဟုတ်ပါဘူးလေ။
"ဘီယူ"
[ဘတ်]
ကျနော် စောင့်ဆိုင်းနေစဉ်မှာပင် ဘီယူ က သူ၏ လက်ကို လှုပ်ရှားလိုက်ရာ ကျနော့်ရှေ့တွင် ကိုယ်ပိုင်ဖန်သားပြင်တစ်ခု ပေါ်လာပြီး မျက်နှာပြင်မှာ ချက်ချင်းပင် ပွင့်ဟလာခဲ့သည်။
ရဲတင်းသော ရွှံ့နွံသားရဲ က ထူးဆန်းစွာ ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အဆိပ်ငွေ့များကို မှုတ်ထုတ်လိုက်၏။
— အားးးးးးး
ထိုအငွေ့များနှင့် ထိတွေ့မိသူတိုင်းမှာ လောင်ကျွမ်းပျက်စီးသွားကြသဖြင့် အော်ဟစ်သံများ ဆူညံသွားသည်။ ရဲတင်းသော ရွှံ့နွံသားရဲ ၏ အခြေအနေကို ကြည့်ရသလောက် သူသည် သူ၏ အဆင့်အတန်း သုံးပုံတစ်ပုံခန့်ကို အသုံးပြုနေခြင်း ဖြစ်သည်။ သုံးပုံတစ်ပုံ ဆိုသည်မှာပင် ပြိုင်ပွဲကျင်းပရာ နေရာတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်နေပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ နက္ခတ်များကလည်း သူ၏ ဖြစ်နိုင်စွမ်း အသုံးပြုမှုကို ဝိုင်းဝန်းပံ့ပိုးပေးနေကြသည်။
ထိုသားရဲ၏ ခြေထောက်များအောက်တွင် ကွင်းပြင်ကြီးမှာ အက်ကွဲသွားခဲ့သည်။ အဆိုပါစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း စွမ်းအားပင် ဖြစ်သည်။ သို့သော်လည်း ငြိမ်းချမ်းမြေ သို့မဟုတ် မဟူရာရဲတိုက် တို့နှင့် နှိုင်းယှဉ်လျှင်မူ ထိုမျှလောက် မပြင်းထန်သေးချေ။ ထိုစဉ်ကမူ ပြင်ပနတ်ဘုရားများပင် ဆင်းသက်လာခဲ့ကြသည်ပင်။
သို့သော်ငြားလည်း ယခုအခြေအနေက ငြိမ်းချမ်းမြေ သို့မဟုတ် မဟူရာရဲတိုက် တို့ထက် ပိုကောင်းသည်ဟုတော့ အာမမခံနိုင်လောက်။ ငြိမ်းချမ်းမြေ တွင် ဘတ်ချွန်း ကိုင်ရီယော့စ် ရှိခဲ့ပြီး မဟူရာရဲတိုက် တွင်မူ ဂိုလျော၏ ပထမဆုံးသော ဓား ရှိခဲ့သည်။
...ဒါဆို အခု ဒီမှာကော ဘယ်သူရှိသလဲ။
['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ်က ကိုယ်စားလှယ် 'ယူဂျွန်ဟော့' ကို ကြည့်ရှုနေပါသည်။]
ကျနော့် မက်ဆေ့ချ်ကြောင့် ယူဂျွန်ဟော့ က မျက်မှောင်ကြုတ်လိုက်သည်။
"…ကင်ဒေါ့ဂျာ။ မင်း အလုပ်တွေ ပြီးပြီလား"
['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ်က လုပ်ဆောင်ဆဲ ဖြစ်ကြောင်း ပြောပါသည်။]
"လုပ်ဆောင်ဆဲ ဟုတ်လား"
ထိုခဏတွင် ယူဂျွန်ဟော့ ၏ မျက်လုံးများထဲ၌ သံသယအရိပ်အယောင်များ ပြည့်နှက်သွားသည်။ သူသည် ရဲတင်းသော ရွှံ့နွံသားရဲ ကို စိုက်ကြည့်လျက် မေးမြန်းလာခဲ့သည်။
"မဟုတ်မှလွဲရော... ဒီကောင်က မင်းကြောင့် ပေါ်လာတာလား"
ဒီမအေဘေးက ခပ်မြန်မြန်ရိပ်မိသားပဲ။
"…ကင်ဒေါ့ဂျာ"
သူသည် ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။
ကျနော်က တောင်းပန်သည့်အနေဖြင့် လက်ကမ်းလိုက်သည်။
['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ်က ကိုယ်စားလှယ် 'ယူဂျွန်ဟော့' ထံသို့ ဒင်္ဂါး ၁၀၀ ထောက်ပံ့ပေးလိုက်ပါသည်။]
"ငါ မလိုချင်ဘူး"
ထိုစဉ်မှာပင် ရဲတင်းသော ရွှံ့နွံသားရဲ လှုပ်ရှားလာခဲ့သည်။ သူသည် သူ၏ ဂြိုဟ်ပေါ်ရှိ ရွှံ့နွံအားလုံးကို အုပ်စိုးသည့် ရှေးဟောင်းပုတ်သင်ညိုကြီး ဖြစ်သည်။ ပုတ်သင်ညိုအသွင် ပြောင်းသွားသော နှင်းပန်းနတ်ဘုရားမ ၏ ကျောပြင်ပေါ်မှ သူ၏ ခေါင်းပုံသဏ္ဌာန်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ကိုယ်စားလှယ်ဖြစ်သူ နှင်းပန်းနတ်ဘုရားမမှာ သူ၏ ခန္ဓာကိုယ်ကို အသိမ်းခံလိုက်ရသဖြင့် ကြောက်မက်ဖွယ် အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထိုပုတ်သင်ညိုကြီးမှာ ဟိန်းဟောက်လျက် ရှေ့သို့ ပြေးဝင်လာပြီး ဧရာမ အမြီးကြီးဖြင့် ယူဂျွန်ဟော့ ကို လှမ်းရိုက်လိုက်သည်။ ပုတ်သင်ညို၏ အမြီးမှာ ယူဂျွန်ဟော့ ၏ အားကောင်းသော ကိုယ့်ကိုကိုယ်ကာကွယ်မှု ကို ရိုက်ခွဲသွားပြီး သူ့ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။
"အ..."
ယူဂျွန်ဟော့ မှာ အဆင့်ကျော်လွန်ခြင်း ၏ ဒုတိယအဆင့်သို့ မရောက်သေးပုံရသည်။ နှစ်ပတ်အတွင်းမှာပင် ဒုတိယအဆင့်သို့ ရောက်ရန်မှာ ယူဂျွန်ဟော့ အတွက်ပင် မဖြစ်နိုင်သည့် ကိစ္စပင်။
ပထမအဆင့် နှင်းပန်းနတ်ဘုရားမ ကို ဤကဲ့သို့သော အခြေအနေသို့ ရောက်အောင် တွန်းပို့နိုင်ခြင်းမှာပင် မိစ္ဆာဆန်သော ပါရမီဟု ခေါ်ဆိုနိုင်ပေသည်။
ဒါဆိုရင်တော့ အချိန် သိပ်မရှိတော့ဘူး။
['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ်က တောင်းဆိုချက် တစ်ခု ပြုလုပ်နေပါသည်။]
ယူဂျွန်ဟော့ အနေဖြင့် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် ကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ဖူးသဖြင့် ကျနော် ဘာကို တောင်းဆိုနေသနည်းဆိုသည်ကို သိသင့်သည်။ သို့သော်လည်း ယူဂျွန်ဟော့ ၏ တုံ့ပြန်မှုမှာ မျှော်လင့်မထားသည် ဖြစ်နေခဲ့သည်။
"ငါ မလုပ်ချင်ဘူး"
['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ်က ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် အားလုံး သေကုန်လိမ့်မည်ဟု ပြောပါသည်။]
"ငါ မသေပါဘူး"
['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ်က ခေါင်းမာရမယ့် အချိန် မဟုတ်ဘူးလို့ ပြောကြားသည်။]
ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်ထဲတွင် လျှပ်စစ်ဓါတ် အားဖြည့်ခြင်း ကို အသုံးပြုခဲ့လျှင်ပင် ထိုသားရဲကို ဖြိုလဲနိုင်မည်ဟု ကျနော် မယုံကြည်ချေ။ ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ Fourth Wall ကို အသုံးပြုရန် နည်းလမ်း ရှိနိုင်သော်လည်း Fourth Wallမှာ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များကို အသုံးပြုသည့် နက္ခတ်များအတွက်သာ အကျိုးသက်ရောက်မှုရှိနိုင်လေသည်။
ယူဂျွန်ဟော့ က လျှင်မြန်သော ခြေလှမ်းကျွမ်းကျင်မှု ကို အသုံးပြုကာ တိုက်ခိုက်နေပြီး ရဲတင်းသော ရွှံ့နွံသားရဲ ကလည်း သူ၏ အဆိပ်များကို ထပ်မံ ပြင်ဆင်နေပြန်သည်။ သူ၏ ပါးစပ်ပတ်လည်ရှိ လျှပ်စစ်မီးပွားများ အရ ဆိုလျှင် အမှန်တကယ် ပြင်းထန်သော တိုက်ကွက်တစ်ခုကို ထုတ်သုံးတော့မည့်ပုံပင်။
ကျနော် ယူဂျွန်ဟော့ ကို တိုက်တွန်းနေသော်လည်း ယူဂျွန်ဟော့ က လုံးဝကိုငြင်းနေခဲ့သည်။
"သွားပြီး မင်းလုပ်စရာရှိတာကိုပဲ လုပ်စမ်းပါ၊ ကင်ဒေါ့ဂျာ"
မျှော်လင့်မထားသော လုပ်ရပ်ကြောင့် ကျနော် ထိတ်လန့်သွားမိသည်။
မဟုတ်သေးပါဘူး၊ ဒီကောင်က ဒီနေ့မှ ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ။
ကျနော် ပတ်ဝန်းကျင်ကို အလျင်အမြန် ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ ဤကဲ့သို့ ဖြစ်လာမှတော့ သိုင်းလောကပြိုင်ပွဲ ပျက်စီးသွားလျှင်ပင် အခြားတစ်စုံတစ်ယောက်၏ အကူအညီကို ယူရပေတော့မည်။
ဤနေရာတွင် ကျနော်တို့ကို ကူညီနိုင်လောက်အောင် အစွမ်းထက်သူမှာ တစ်ယောက်တည်းသာ ရှိ၏။ ထိုသူမှာ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် နမ်ဂွန်မင်ယောင်း ပင် ဖြစ်သည်။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်သည် ကိုင်ရီယော့စ် သို့မဟုတ် ချောက်ဂျွန်ဂယောင်း တို့ကဲ့သို့ ပုဂ္ဂိုလ်များပင် ယှဉ်ရခက်သော အစွမ်းထက်သူ တစ်ဦး ဖြစ်၏။ ထို့ကြောင့် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် တစ်ယောက်တည်းနှင့်ပင် ဤသားရဲကို ရင်ဆိုင်နိုင်ပေလိမ့်မည်။ မကြာမီမှာပင် ပရိသတ်များကြားတွင် ထိုင်လျက် ပေါက်စီများ စားနေသည့် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကို ကျနော် ရှာတွေ့လိုက်သည်။
['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ်က အကူအညီ တောင်းခံနေပါသည်။]
ကျနော့်၏ မက်ဆေ့ချ် ပေါ်လာသော်လည်း ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်မှာ ပေါက်စီများကိုသာ ဆက်လက် ဝါးစားနေခဲ့သည်။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်သည် သူ့ဘေးတွင် လဲလျောင်း နေသည့် ကောင်းကင်ဖြိုခွင်းသခင် ထံသို့လည်း ပေါက်စီများ တစ်ခါတစ်ရံ ကျွေးမွေးနေသေး၏။ သူတို့၏ အောက်ဘက် ထိုင်ခုံများတွင်မူ ဂျန်ဟာယောင်း နှင့် ဟန်မြုံအို တို့မှာလည်း တစ်ဦးနှင့်တစ်ဦး ဘေးချင်းယှဉ်ထိုင်လျက် ပေါက်စီများ စားနေကြလေသည်။
...ဒီလူတွေ ဘာလုပ်နေကြတာလဲ။
ကျနော် နောက်ထပ် မက်ဆေ့ချ်တစ်ခုကို ထပ်မံ ပေးပို့လိုက်သည်။
['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ် က...]
ထိုခဏတွင် ယူဂျွန်ဟော့ စကားပြောလာသည်။
"…ရှင်ယူဆောင်း။ နင် နားထောင်နေလား"
ထိုစကားနှင့်အတူ ဘီယူ ပေါ်လာခဲ့သည်။
[…ဘတ်]
"ကင်ဒေါ့ဂျာရဲ့ မျက်နှာပြင်ကို ပိတ်လိုက်စမ်း"
ဘီယူ က ခက်ခဲနေသည့်အမူအရာဖြင့် ယူဂျွန်ဟော့ ကို လှမ်းကြည့်သည်။ ရှင်ယူဆောင်း ၏ မှတ်ဉာဏ်များ မည်မျှအထိ ကျန်ရှိနေသေးသည်ကို ကျနော် မသိသော်လည်း ပြန်စဉ်းစားကြည့်လျှင် ဤနှစ်ယောက်၏ ဆက်ဆံရေးမှာ အလွန်ပင် ရှုပ်ထွေးလှသည်။ သို့သော်ငြားလည်း ထိုဆက်ဆံရေးမှာ ဘီယူအဖြစ် ပြန်လည်မွေးဖွားခြင်းမတိုင်မီက ဇာတ်လမ်းသာ ဖြစ်သည်။ ယခုမူ မတူတော့ချေ။ ဘီယူ သည် ကျနော့်၏ ဒိုကဲဘီ ဖြစ်နေသည့်အတွက် ယူဂျွန်ဟော့ ၏ စကားကို နားထောင်ရန် အကြောင်းပြချက် မရှိဟု ပြော၍ရသည်။ သို့သော် ကျနော့် ပခုံးပေါ်တွင် ထိုင်နေသော ဘီယူ က ရုတ်တရက် အားနာသည့် အကြည့်ဖြင့် ကျနော့်ကို ကြည့်လာသည်။
[ဘတ်၊ ဘတ်...]
"…ဘီယူ"
[ဘတ်... ခလော...ခလော...]
အဓိပ္ပာယ်မရှိသော ဟန်ဆောင်မှုများ ပြုလုပ်ပြီးနောက် ဘီယူ မှာ အိပ်ပျော်သွားဟန် ဆောင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျနော့်၏ ကိုယ်ပိုင်ဖန်သားပြင်မှာ ပိတ်သွားပြီး ယူဂျွန်ဟော့ ၏ ပုံရိပ်မှာလည်း ပျောက်ကွယ်သွားခဲ့သည်။
[သင်သည် ဆက်သွယ်မှု ပြတ်တောက်သွားပါပြီ။]
"မဟုတ်ဘူး၊ ဒါက ဘာဖြစ်တာလဲ..."
ဘာတွေဖြစ်ပျက်နေမှန်း ကျနော် မသိတော့ပါ။ ဘီယူ က ဘာကြောင့် ရုတ်တရက် ဤကဲ့သို့ ပြုမူရသနည်း။ ပြုပြင်ထားသော Ways of Survival ထဲတွင်လည်း ဤကဲ့သို့သော အခြေအနေမျိုး ဖော်ပြထားခြင်း မရှိခဲ့ပါ။
— ဝိုးးးးးးးးးးး
ရုတ်တရက် အော်ဟစ်သံများ ထွက်ပေါ်လာသဖြင့် စင်ပေါ်တွင် တပ်ဆင်ထားသည့် ဖန်သားပြင်ဆီသို့ ကျနော် အာရုံစိုက်လိုက်သည်။
"အဲဒါက..."
အံ့အားသင့်သွားကြသော နက္ခတ်များမှာ ဖန်သားပြင်ဆီသို့ စတင် ရွေ့လျားသွားကြသည်။ ပါစီဖုန်း နှင့် ထုတ်လုပ်ရေး လုပ်ငန်းရှင် တို့မှာလည်း ဖန်သားပြင်အနီးသို့ ချဉ်းကပ်သွားကြ၏။ ရှေ့တွင် စုရုံးနေကြသော နက္ခတ်ပေါင်း ၁၀၀ ကျော်ကြောင့် မျက်နှာပြင်မှာ လုံးဝ ဖုံးကွယ်သွားလေသည်။
"မဟုတ်ဘူး၊ ခဏလေး။ ကျနော် ကြည့်ပါရစေ"
ကြားနေရာလွတ်တစ်ခုခုထဲသို့ တိုးဝင်ရန် ကျနော်ကြိုးစားသော်လည်း စုဝေးနေသော နက္ခတ်များ၏ အုပ်စုမှာ အလွန်ပင် မာကျောလှသည်။ မျက်နှာပြင်မှ ထွက်ပေါ်လာသော မိုးခြိမ်းသံများကိုသာ ကျနော် ကြားနေရသည်။ သို့သော်လည်း အသံကို နားထောင်ရုံနှင့်တင် ရှင်းလင်းနေခဲ့သည်။
ထိုအသံက ကောင်းကင်ဖြိုခွင်းမိုးကြိုးဓါး ပင် ဖြစ်သည်။ ကျနော် ခိုးယူခဲ့သည့် အရာနှင့် မတူဘဲ ထိုဓါးမှာ စစ်မှန်သော မိုးကြိုးဓါး ဖြစ်သည်။ ရဲတင်းသော ရွှံ့နွံသားရဲ က အကျယ်ကြီး အော်ဟစ်လိုက်သဖြင့် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ထုတ်သုံးလိုက်ပုံရသည်။
မကြည့်ရသေးသော်လည်း အဖြေကတော့ ထင်ရှားနေသည်။ ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် ရှိနေခဲ့၏။
ကျနော် သက်ပြင်းချလိုက်မိသည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က လှုပ်ရှားလိုက်သောကြောင့် ယူဂျွန်ဟော့ မှာ ဘေးကင်းသွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် ဝင်ပါခဲ့ခြင်းကြောင့် သိုင်းလောကပြိုင်ပွဲမှာ ဖျက်သိမ်းခံရပေလိမ့်မည် ဖြစ်သော်လည်း ယူဂျွန်ဟော့ သေဆုံးသွားခြင်းထက်စာလျှင် ပိုကောင်းလေသည်။
ထိုစဉ် တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။
— အို၊ ကောင်းကင်ဖြိုခွင်းဓါးသိုင်း ရဲ့ တပည့်ပဲ
— ကောင်းကင်ဖြိုခွင်းဓါး အလှလေး
...ကောင်းကင်ဖြိုခွင်းဓါး အလှလေး ဟုတ်လား
[ကိုယ်စားလှယ် တစ်ယောက်ရဲ့ သိုင်းပညာကို ငါတို့တွေ လျှော့မတွက်သင့်ဘူး]
[ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဆင့်ကျော်လွန်ခြင်းရဲ့ စွမ်းအားပဲရှိတာ မဟုတ်ဘူးလား...]
[ဟားဟားဟား၊ တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ စွမ်းရည်ပဲ။ အက်စ်ဂတ် က လူတွေ လုပ်လိုက်တာလား]
[ငါ့အကြိုက်တော့ မဟုတ်ဘူး]
ခန်းမအတွင်းရှိ စစ်မှန်သောအသံများမှာ အမည်မသိသော အကြောင်းရင်းတစ်ခုကြောင့် အရှိန်အဟုန် မြင့်တက်လာခဲ့သည်။
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် အံ့အားသင့်နေပါသည်။]
[လိင်ပြောင်းလဲခြင်းကို နှစ်သက်သော နက္ခတ် က ပျော်ရွှင်မှုကြောင့် ရုန်းကန်နေရပါသည်။]
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က နောင်တရသော မျက်ရည်များ ကျဆင်းနေပါသည်။]
ချန်နယ် နှင့် တည်ခင်းဧည့်ခံပွဲ ခန်းမ။ နေရာအနှံ့မှ ဝင်ရောက်လာသော သွယ်ဝိုက်သော မက်ဆေ့ချ်များကြောင့် ကျနော် ခေါင်းမူးသွားရသည်။
[ငါ့ဒင်္ဂါးတွေ။ ဟင့်အင်း။ ငါ့ဒင်္ဂါးတွေ...]
[အားးးးးးးးးး]
နေဦး၊ ဘာတွေဖြစ်နေတာလဲ။
ကျနော် အသက်ကို အောင့်ထားကာ ကျနော့်၏ ‘အဆင့်အတန်း’ ကို အသုံးပြုလျက် နက္ခတ်များကြားထဲမှ တိုးဝှေ့ထွက်လာခဲ့သည်။ ဖန်သားပြင်၏ ရှေ့ဆုံးသို့ ကျနော် မနည်းရောက်အောင် သွားလိုက်ချိန်တွင် မျက်နှာပြင်မှ နောက်ထပ် ပြင်းထန်သော လျှပ်စီးတိုက်ကွက်တစ်ခု ထွက်ပေါ်လာပြန်သည်။ စွမ်းအားပြင်းသော လျှပ်စီးကြောင့် မျက်နှာပြင်တစ်ခုလုံး ဖြူဖွေးသွားခဲ့သည်။
အလင်းရောင်မှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ပျောက်ကွယ်သွားသည့်အခါ မဟူရာပြာများမှာ နှင်းများကဲ့သို့ လွင့်စင်နေခဲ့သည်။ ကျနော့် မျက်စိရှေ့တွင် အမျိုးသားတစ်ယောက်မှာ ငြိမ်သက်စွာ ရပ်နေခဲ့သည်။
ထိုအမျိုးသားမှာ မာနထောင်လွှားသော အမူအရာဖြင့် ဓါးကို မြှောက်ထားသည့် ယူဂျွန်ဟော့ ၏ ပုံရိပ်ပင် ဖြစ်သည်။
သူ၏ ခြေထောက်အောက်တွင်မူ လျှပ်စီးကြောင့် လောင်ကျွမ်းသွားသော ဧရာမ ပုတ်သင်ညိုကြီး ရှိနေခဲ့သည်။ ယူဂျွန်ဟော့ သည် ပုတ်သင်ညို၏ ခန္ဓာကိုယ်ပေါ်မှ ဆင်းသက်လာကာ ကွင်း၏ ထောင့်တစ်နေရာသို့ လမ်းလျှောက်သွားပြီး စိုက်ထူထားသည့် အနက်ရောင်အရာတစ်ခုကို ဆွဲထုတ်လိုက်သည်။
— ဒီပြိုင်ပွဲမှာ ဒုတိယနေရာဆိုတာ မရှိဘူး
သူဆွဲထုတ်လိုက်သောအရာမှာ မဟူရာကောင်းကင်မိစ္ဆာဓါး ပင် ဖြစ်သည်။
— ဒါကြောင့် ဒါက ငါ့အပိုင်ပဲ
ထို့နောက် တင်ဆက်သူ၏ အသံ ထွက်ပေါ်လာသည်။
— သိုင်းလောကပြိုင်ပွဲရဲ့ အနိုင်ရရှိသူကို ဆုံးဖြတ်လိုက်ပါပြီ
ဤကဲ့သို့သော အရာမျိုး မည်သို့ ဖြစ်နိုင်သည်ကို ကျနော် မသိချေ။ ကျနော် မျက်လုံးကို ပွတ်ကာ ထပ်မံ ကြည့်လိုက်မိသည်။ အခြေအနေမှာ အတူတူပင် ဖြစ်၏။
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် မဟုတ်ဘဲ... ယူဂျွန်ဟော့တဲ့လား။
— အနိုင်ရရှိသူကတော့ ကောင်းကင်ဖြိုခွင်းဓါး အလှလေး ယူဂျွန်ဟော့ ဖြစ်ပါတယ်
နေဦး။ ကောင်းကင်ဖြိုခွင်းဓါး အလှလေး ဆိုတာက ဘာကြီးလဲ...
ကျနော့်၏ မေးခွန်းများမှာ ကြာရှည်မခံလိုက်ချေ။ ကျနော့်၏ နားထဲသို့ ဝင်ရောက်လာသော လွှမ်းမိုးထားသည့် စနစ်မက်ဆေ့ချ်များကြောင့် ကြာရှည်မခံလိုက်ခြင်း ဖြစ်သည်။
[ဇာတ်ဝင်ခန်းအသေး ― စားတော်ဆက်အသင်း လောင်းကစားပွဲ ပြီးမြောက်သွားပါပြီ။]
[သင်သည် လောင်းကစားပွဲတွင် အနိုင်ရရှိခဲ့ပါသည်။]
[သင်သည် ဇာတ်လမ်းသစ်တစ်ခုကို ရရှိလိုက်ပါပြီ။]
['အံ့ဖွယ်လောင်းကစားသမား' ဇာတ်လမ်းကို ရရှိလိုက်ပါပြီ။]
ထို့နောက် ဒင်္ဂါးများ ကျဆင်းလာသော အသံ ထွက်ပေါ်လာသည်။
[ဇာတ်ဝင်ခန်းအသေး၏ ဆုလာဘ်ကို ရရှိလိုက်ပါပြီ။]
ကျနော်၏ ဒင်္ဂါးပမာဏကို အလိုအလျောက် ကျနော် စစ်ဆေးလိုက်မိသည်။ ကိန်းဂဏန်းများမှာ ကိုင်တွယ်ရန် ခက်ခဲလွန်းသည့်အလား တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
[ပိုင်ဆိုင်သော ဒင်္ဂါးများ - ၁,၉၈၆,၇၂၅ ဒင်္ဂါး]
[ပိုင်ဆိုင်သော ဒင်္ဂါးများ - ၂,၇၉၀,၈၇၆ ဒင်္ဂါး]
[ပိုင်ဆိုင်သော ဒင်္ဂါးများ - ၃,၈၉၀,၈၇၅ ဒင်္ဂါး]
နက္ခတ်များ လောင်းကြေးထပ်ခဲ့သော ဒင်္ဂါးများမှာ ကျနော့်၏ ငွေထဲတွင် နှင်းများကဲ့သို့ စုပုံလာခဲ့တော့သည်။
***