အဆုံးမရှိ တိုးမြင့်နေသော ဒင်္ဂါးများမှာ နောက်ဆုံးတွင် ထိပ်ဆုံး၌ ရပ်တန့်သွားသည်။ မယုံကြည်နိုင်စရာကောင်းသော ကိန်းဂဏန်းကို စိုက်ကြည့်ရင်း ကျနော့်မျက်လုံးကိုယ် ကျနော် အကြိမ်ကြိမ် သံသယဝင်မိသည်။
[…ကောင်လေး၊ မင်း ဘယ်လောက်တောင် မြတ်လိုက်တာလဲ]
ကျနော် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ရာ ထုတ်လုပ်ရေး လုပ်ငန်းရှင်၏ မထုံတတ်တေး ဖြစ်နေသော မျက်နှာအမူအရာကို တွေ့လိုက်ရသည်။ ထိုလူကြီးမှာလည်း စောစောက ဒင်္ဂါး ၁၅၀၀၀၀ လောင်းခဲ့သဖြင့် အမြတ်အစွန်းများစွာ ရရှိခဲ့ပေလိမ့်မည်။ အနည်းဆုံး ငါးဆလောက်တော့ ရနိုင်၏။
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်က သင့်ကို မနာလိုဖြစ်နေပါသည်။]
['နှလုံးသားကို ချိန်ရွယ်သော အတိုးကြီးစား' နက္ခတ်က သင့်ဒင်္ဂါးများကို တပ်မက်နေပါသည်။]
အမြဲတမ်း တည်ကြည်သော အမူအရာရှိသည့် ပါစီဖုန်း ပင်လျှင် ပြုံးနေခဲ့သည်။ ပြောရမည်ဆိုလျှင် မရဏကမ္ဘာ၏ ဘုရင်မမှာ ဒင်္ဂါး ၃၀၀၀၀၀ လောင်းခဲ့လေသည်။
...မရဏကမ္ဘာလည်း အများကြီး ရသွားတဲ့ပုံပဲ။
"အဓိပ္ပာယ်မရှိလိုက်တာ။ တကယ်ကိုဟာသပဲ"
ကျနော်တို့ သုံးယောက်မှလွဲ၍ နက္ခတ်အများစုမှာ ကြီးမားသော စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။ သူတို့ မည်မျှအထိ ဒင်္ဂါးများ ရှုံးနိမ့်ခဲ့သည်ကို သိရန် သူတို့၏ မျက်နှာအမူအရာများကို ကြည့်ရုံနှင့်တင် လုံလောက်နေခဲ့သည်။ ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ရန် ပမာဏအနည်းငယ်သာ လောင်းခဲ့ကြသော နက္ခတ်များမှာ ဝမ်းနည်းနေပုံရသော်လည်း ဒင်္ဂါး ၁၀၀၀၀၀ ကျော် လောင်းခဲ့ကြသူများမှာမူ...
[အားးးးးးးးးး]
သူတို့မှာ ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။ ဒေဝါလီခံရလုနီးပါး ဖြစ်နေသော နက္ခတ်အချို့ပင် ရှိနေခဲ့သည်။ ဥပမာအားဖြင့် ထိုကောင်မျိုး ဖြစ်သည်။
['ရဲတင်းသော ရွှံ့နွံသားရဲ' နက္ခတ်က သင့်အပေါ်တွင် အလွန်ကြီးမားသော ရန်လိုမှုကို ပြသနေပါသည်။]
[အဲဒီကောင်ကို ဖမ်းစမ်း]
ရဲတင်းသော ရွှံ့နွံသားရဲ အပါအဝင် ဒင်္ဂါးများ ရှုံးသွားကြသော နက္ခတ်များမှာ ကျနော့်ထံသို့ ချဉ်းကပ်လာကြသည်။ သူသည် ဒင်္ဂါးများနှင့်အတူ သူ၏ အသိစိတ်ကိုပါ ဆုံးရှုံးသွားခဲ့ပြီး ဟန်မြစ်ထဲသို့ ခုန်ချရန်ပင် အဆင်သင့် ဖြစ်နေခဲ့သည်။
အခြေအနေကို သတိပြုမိသွားကြသော နက္ခတ်များမှာ ကျနော့်ဘေးမှ ဆုတ်ခွာသွားကြသည်။ သို့သော်လည်း နောက်မဆုတ်ဘဲ ရှိနေသော နက္ခတ်တစ်ပါး ရှိခဲ့သည်။ ထိုနက္ခတ်မှာ အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ ပါစီဖုန်း ပင် ဖြစ်သည်။
[အားလုံး နောက်ဆုတ်လိုက်ကြစမ်း။ နင်တို့တွေ ဘယ်လောက်အထိ ဒီလို ရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်တွေကို လုပ်နေကြဦးမှာလဲ]
ပါစီဖုန်း၏ ‘အဆင့်အတန်း’ မှာ အေးစက်သော ညဥ့်လေထုကို အမှတ်ရစေပြီး ချဉ်းကပ်လာသော နက္ခတ်များမှာ တွန့်ဆုတ်သွားကြသည်။ သို့သော်လည်း အချို့သော နက္ခတ်များမှာ အလွန်အမင်း တုန်လှုပ်ချောက်ချားနေကြသဖြင့် ညဥ့်လေပြေနှင့်တင် အေးမြသွားခြင်း မရှိနိုင်ခဲ့ပေ။
[မရဏကမ္ဘာရဲ့ ဘုရင်မ။ နင် ခုနက ဒင်္ဂါးတချို့ နိုင်သွားတယ် မဟုတ်လား]
[ဒီကနေ ထွက်သွားစမ်း။ ငါနိုင်တာမနိုင်တာက နင်နဲ့ ဘာမှမဆိုင်ဘူး]
ပတ်ဝန်းကျင်ရှိအငွေ့အသက်မှာ ပိုမို အရှိန်မြင့်တက်လာခဲ့ပြီး စောင့်ကြည့်နေကြသော အဆင့်မြင့် နက္ခတ်အချို့က ကြားဝင် စွက်ဖက်လာခဲ့ကြသည်။
[နင်တို့ရဲ့ အပြုအမူတွေကို ထိန်းသိမ်းကြစမ်း]
ထိုသို့ပြောလိုက်သူမှာ ပါစီဖုန်း နှင့် ရင်းနှီးသော မိုးသောက်ကြယ်နတ်ဘုရားမ ပင် ဖြစ်သည်။ သို့သော်ငြားလည်း ရဲတင်းသော ရွှံ့နွံသားရဲ မှာမူ သူ၏ အာရုံများကို ဆုံးရှုံးနေခဲ့ပြီဖြစ်သဖြင့် တွန့်ဆုတ်မနေခဲ့ချေ။
"…အပြုအမူထိန်းသိမ်းရမယ်ဟုတ်လား။ လခွမ်းကို ထိန်းသိမ်းလိုက်လေ..."
ရဲတင်းသော ရွှံ့နွံသားရဲ က သူ၏ အဆင့်အတန်း ကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် အခြားသော နက္ခတ်များကလည်း သူတို့၏ အဆင့်အတန်း များကို မြှင့်တင်လိုက်ကြသည်။ ပြင်းထန်သော လျှပ်စစ်မီးပွားများမှာ မကြာမီ ဖြစ်ပွားတော့မည့် ပဋိပက္ခ၏ သတိပေးချက်အဖြစ် လေထုထဲတွင် ပြည့်နှက်သွားခဲ့သည်။
['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ်အသုံးပြုခဲ့သော ဆုတောင်းလက်မှတ်မှာ အသက်ဝင်လာပါပြီ။]
ရုတ်တရက် ခန်းမအတွင်း ပြင်းထန်သော လျှပ်စစ်မီးပွားများ ပြည့်နှက်သွားပြီး တုန်လှုပ်နေကြသော နက္ခတ်များ၏ လှုပ်ရှားမှုများမှာ ရပ်တန့်သွားခဲ့သည်။ လူတိုင်း တွန့်ဆုတ်နေကြစဉ် ဖြူဖွေးသော မျက်နှာကျက်ပေါ်တွင် ကူးပြောင်းမုခ်ဝ တစ်ခု ပွင့်ဟလာခဲ့သည်။ ကူးပြောင်းမုခ်ဝ၏ တစ်ဖက်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ရှိနေခဲ့၏။ တစ်ဖက်တွင်ရှိနေသောအရာမှာ ပြင်ပနတ်ဘုရား တစ်ပါး မဟုတ်သော်လည်း အလွန်ကြီးမားသော အရာတစ်ခု ဖြစ်နေသည်မှာတော့ ထင်ရှားနေခဲ့သည်။
ဒါက ဘယ်သူလဲ။
ထိုအရာမှာ အမြင့်ဆုံးအဆင့်ရှိသော နက္ခတ်များထက်ပင် သိသိသာသာ သာလွန်နေခဲ့သည်။
လေထုမှာ ဆုတ်ဖြဲခံလိုက်ရပြီး ကူးပြောင်းမုခ်ဝမှတစ်ဆင့် ထူးဆန်းသော တည်ရှိမှုတစ်ကောင် ပေါ်ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များမှာ အနှိုင်းမဲ့နေခဲ့သော်လည်း သူသည် နတ်ဘုရား သို့မဟုတ် နက္ခတ် တစ်ပါး မဟုတ်ခဲ့ချေ။ ထိုအမျိုးသားမှာ ရှေးဟောင်းစတိုင် လက်ကိုင်တုတ်တစ်ခုနှင့်အတူ မျက်လှည့်ဆရာ ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။
[…ဒိုကဲဘီ တစ်ကောင်လား]
ထိုသူမှာ ဒိုကဲဘီ တစ်ကောင်ပင် ဖြစ်သည်။
[မတွေ့ရတာအတော်ကြာပြီနော်။ နက္ခတ်အပေါင်းတို့]
ရေအေးနှင့် အပက်ခံလိုက်ရသည့်အလား ထိုစကားတစ်ခွန်းတည်းနှင့်ပင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ လွှမ်းမိုးထားသော တိတ်ဆိတ်ခြင်းပင် ဖြစ်၏။ စောစောကတင် အော်ဟစ်နေကြသော အမျက်ထွက်နေသည့် နက္ခတ်များမှာ အသက်ကို အောင့်ထားကြရတော့သည်။
[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ရဲ့ စည်းမျဉ်းတွေက စားတော်ဆက်အသင်း ရဲ့ နက္ခတ်အားလုံးကို ချည်နှောင်ထားတယ်]
ရောက်ရှိနေကြသော နက္ခတ်အားလုံးမှာ ဖြစ်နိုင်စွမ်း ၏ ကန့်သတ်မှုကို ခံလိုက်ကြရသည်။ ချန်နယ် လည်ပတ်ခွင့် ရှိထားလျှင်ပင် သာမန် ဒိုကဲဘီ တစ်ကောင်အတွက်မူ ဤသို့ လုပ်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်သည်။
[အ... အား...]
အဆင့်မြင့် နက္ခတ်များ၏ ခြိမ်းခြောက်မှုများကိုပင် တွန့်ဆုတ်မနေခဲ့သော ရဲတင်းသော ရွှံ့နွံသားရဲ မှာ ဖြူဖျော့သော မျက်နှာဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်နေခဲ့သည်။ ဤဒိုကဲဘီနှင့် ပတ်သက်သည့် ဖော်ပြချက်ကို မူရင်းဝတ္ထုထဲတွင် ကျနော် တွေ့ဖူးခဲ့သည်။
「 ကိုယ်စားလှယ် အများစုက ဒိုကဲဘီတွေမှာ အဆင့်လေးဆင့်ပဲ ရှိတယ်လို့ ထင်ကြတယ်။ အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်တစ်ဝက် နဲ့ အဆင့်မြင့် ဒိုကဲဘီတွေ ပေါ့။ ဒါပေမဲ့ သူတို့ရဲ့ အထက်မှာ ရှိနေတဲ့ ဒိုကဲဘီတွေလည်း ရှိသေးတယ်။ 」
「 ၁၂ ရောင်ခြည်အထိ ရှိတဲ့ ဂျိုတွေ ပိုင်ဆိုင်ထားကြတဲ့ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ရဲ့ ဒိုကဲဘီတွေကတော့ 'ပထမတန်းစား' တွေပဲ ဖြစ်ကြတယ်။ 」
ဤဒိုကဲဘီ၏ ဦးခေါင်းပေါ်တွင်မူ နီမြန်းသော ဂျို ခုနစ်ချောင်း ထွက်ပေါ်နေခဲ့သည်။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု က သူတို့ကို ‘မဟာဒိုကဲဘီ’ များဟု ခေါ်ဆိုကြသည်။
[စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ပါတီကတော့ ဒီမှာပဲ ပြီးဆုံးသွားပြီ]
သိုင်းလောက၏ နိယာမများ သို့မဟုတ် Ways of Survival ကို ဖတ်ရှုစဉ်ကတည်းက ကျနော့်တွင် မေးခွန်းတစ်ခု အမြဲရှိခဲ့သည်။ ထိုမေးခွန်းမှာ နက္ခတ်များနှင့် ဒိုကဲဘီများအကြားက ဆက်ဆံရေးပင် ဖြစ်သည်။ ဒိုကဲဘီများတွင် ထူးခြားသော စွမ်းအားများ ရှိကြသည်မှာမှန်သော်လည်း အဆင့်မြင့် နက္ခတ်တစ်ပါး အနေဖြင့် ဒိုကဲဘီ တစ်ကောင်စ နှစ်ကောင်စကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။ သို့သော်လည်း မည်မျှပင် အစွမ်းထက်သော နက္ခတ်ဖြစ်ပါစေ ဒိုကဲဘီများကို လက်ဖျားနှင့်မျှ မတို့ရဲကြပေ။ ဇာတ်ဝင်ခန်းများက မည်မျှပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေပါစေ သူတို့သည် ဒိုကဲဘီများကို သတ်ရန် ဘယ်သောအခါမှ မကြိုးစားခဲ့ကြ။
...အဘယ်ကြောင့်နည်း။ အကြောင်းရင်းကတော့ အခု ကျနော့်မျက်စိရှေ့မှာတင် ရှိနေခဲ့လေပြီ။ လက်ဟန်ခြေဟန် တစ်ချက်တည်းနှင့်တင် စားတော်ဆက်အသင်း တွင် ရှိနေသမျှ နက္ခတ်အားလုံးကို ဖြစ်နိုင်စွမ်း ၏ ပိုက်ကွန်ထဲတွင် ပိတ်လှောင်ထားနိုင်ခဲ့သည်။ ဤမျှလောက် သိပ်သည်းလွန်းသော လျှပ်စစ်မီးပွားမျိုးကို ကျနော် တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ဤသည်က ‘ဇာတ်လမ်း’ ၏ စွမ်းအားပင် ဖြစ်သည်။ ထိုဇာတ်လမ်းမှာ ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များထံမှ ချေးငှားထားသော ဇာတ်လမ်းတစ်ခု ဖြစ်လောက်ပေမည်။ ဒဏ္ဍာရီလာအဆင့် သို့မဟုတ် သမိုင်းဝင်အဆင့် မည်သည်တည်ရှိမှုပင် ဖြစ်ပါစေ ထိုလျှပ်စစ်မီးပွား မုန်တိုင်းထဲမှနေ၍ ပျက်စီးခြင်းမရှိဘဲ လွတ်မြောက်နိုင်ကြမည် မဟုတ်သည်မှာတော့ ထင်ရှားနေခဲ့သည်။
ကြာသပတေးနေ့၏မိုးကြိုး သို့မဟုတ် မိုးသောက်ကြယ်နတ်ဘုရားမ ကဲ့သို့သော အဆင့်မြင့် နက္ခတ်များပင်လျှင် ငြင်းဆန်ခြင်း မပြုနိုင်ကြဘဲ မနှစ်မြို့သော မျက်နှာအမူအရာများကိုသာ ပြသနေကြရတော့သည်။ ပါစီဖုန်း က ပထမဦးဆုံး စတင်၍ နှုတ်ဆက်စကား ဆိုလာခဲ့သည်။
[မဟာဒိုကဲဘီ ဟာလောင်။ မတွေ့ရတာ ကြာပြီနော်]
မဟာဒိုကဲဘီ က ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။
[အချိန်အတော်ကြာသွားပြီပဲနော်၊ မရဏကမ္ဘာရဲ့ ဘုရင်မ]
[ဇာတ်လမ်းဘုရင်ကြီးကော နေကောင်းရဲ့လား]
[ဘုရင်ကြီးက ဘေးကင်းပါတယ်]
ရန်သူ၏ တည်ရှိမှုကြောင့် ပါစီဖုန်း ၏ မျက်နှာအမူအရာမှာ ကျနော် တစ်ခါမှ မမြင်ဖူးသေးသော တင်းမာမှုမျိုး ဖြစ်ပေါ်နေခဲ့သည်။
[ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ။ ဒါတင်မကသေးဘူး စီမံခန့်ခွဲရေးဌာနက ဒိုကဲဘီတွေကိုပါ ခေါ်လာခဲ့တယ်ဆိုတော့...]
ကျနော် တစ်ကြိမ်တစ်ခါက တွေ့ဖူးခဲ့သော စီမံခန့်ခွဲရေးဌာနမှ ဒိုကဲဘီများမှာ မဟာဒိုကဲဘီ၏ နောက်ကွယ်တွင် တန်းစီ၍ ရပ်နေကြသည်။ သူတို့ဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားများမှာ စားတော်ဆက်အသင်း ၏ နက္ခတ်များထက် မနိမ့်ပါးခဲ့ချေ။ ထိုသို့ဖြစ်ခြင်းမှာ သဘာဝကျလှသည်။ စီမံခန့်ခွဲရေးဌာနမှ ဒိုကဲဘီများသည် တစ်ချိန်က နက္ခတ်များ ဖြစ်ခဲ့ကြဖူးသောကြောင့်ပင်။
မဟာဒိုကဲဘီ က ပါစီဖုန်း ၏ စကားကို ချက်ချင်း ပြန်မဖြေဘဲ နက္ခတ်များကို လှမ်း၍ ကြည့်လိုက်သည်။
[ငါတို့က ဒီကို ဒင်္ဂါးချေးထားတဲ့ နက္ခတ်တွေကို လာခေါ်တာပါ]
[ဒင်္ဂါးချေးထားတယ် ဟုတ်လား]
နက္ခတ်အချို့မှာ ညည်းတွားရင်း ထွက်ပြေးရန် ကြိုးစားကြတော့သည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင် က အခြေအနေကို နားလည်သွားသည့်အလား ရေရွတ်လိုက်သည်။
[သူတို့က တကယ့်ကို မိုက်မဲတာပဲ...]
နက္ခတ်အချို့မှာ သူတို့၏ လောင်းကြေးများ ထပ်ရန်အတွက် ဒိုကဲဘီများထံမှ ဒင်္ဂါးများ ချေးယူခဲ့ကြပုံရသည်။ ရယ်စရာကောင်းသည်မှာ ၎င်းတို့အထဲတွင် ရဲတင်းသော ရွှံ့နွံသားရဲလည်း ပါဝင်နေခြင်းပင် ဖြစ်သည်။
[ဖယ်... ဖယ်စမ်း၊ လမ်းဖယ်ပေးကြ]
သူသည် တောက်ပနေသော တံတိုင်းတစ်ခုဆီသို့ ပြေးဝင်သွားပြီး ဖြစ်နိုင်စွမ်း ၏ ပိုက်ကွန်ကို ဆုတ်ဖြဲရန် ကြိုးစားခဲ့သည်။
[အားးးးးးးးး]
မဟာဒိုကဲဘီ၏ ပိုက်ကွန်မှာ အလွန်ပင် စွမ်းအားပြင်းလှသည်။ လျှပ်စစ်မီးပွားများ၏ ပိုက်ကွန်နှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ရဲတင်းသော ရွှံ့နွံသားရဲ မှာ အော်ဟစ်သွားခဲ့ရသည်။ စီမံခန့်ခွဲရေးဌာနမှ ဒိုကဲဘီများက သူ၏ ကိုယ်စားလှယ် ခန္ဓာကိုယ်ကို ဖမ်းဆီး ချည်နှောင်လိုက်ကြသည်။
[ငါ့... ငါ့ကို လွှတ်စမ်း]
ကျနော်သည် တန်းစီနေကြသော နက္ခတ်များကို စိုက်ကြည့်ရင်း ဒိုကဲဘီများ ဘာကြောင့် ဤနေရာသို့ ရောက်လာကြသနည်းဆိုသည်ကို စဉ်းစားနေမိသည်။ အကြောင်းရင်း အတိအကျကို ကျနော် မသိသော်လည်း ကျနော့်၏ ဆန္ဒကြောင့် ဖြစ်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိသွားခဲ့၍လားဟု တွေးတောနေမိ၏။ ဤကမ္ဘာတွင် ဒိုကဲဘီများသည် ဖြစ်နိုင်စွမ်းနှင့် ပတ်သက်လျှင် အထိမခံနိုင်ဆုံး ပုဂ္ဂိုလ်များ မဟုတ်ပေလော။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဒိုကဲဘီများက အကြွေးတင်နေကြသူအားလုံးကို ဖမ်းဆီးပြီး ကူးပြောင်းမုခ်ဝမှတစ်ဆင့် စတင် သယ်ဆောင်သွားကြတော့သည်။ ကြည့်နေစရာ မလိုလောက်အောင်ပင် လျင်မြန်သော လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့သည်။ မဟာဒိုကဲဘီ က နှုတ်ဆက်စကား ဆိုမနေခဲ့ချေ။ သူသည် နက္ခတ်များကို သတိပေးသည့်အလား စိုက်ကြည့်ပြီးနောက် ထွက်ခွာရန် လှည့်လိုက်သည်။
ကူးပြောင်းမုခ်ဝကြီး ပြန်မပိတ်မီ နောက်ဆုံးအချိန်လေးတွင် မဟာဒိုကဲဘီ က ကျနော့်ကို လှမ်း၍ ကြည့်လိုက်သည်။ သူ၏ အေးစက်လှသော မျက်လုံးများ၏ နောက်ကွယ်တွင် တစ်စုံတစ်ယောက်က ကျနော့်ကို စကားလှမ်းပြောနေသကဲ့သို့ ခံစားလိုက်ရသည်။
「ကလေးလေး၊ သိပ်ပြီး ဆူညံမနေနဲ့ဦး။ 'ဘုရင်' က မင်းကို စောင့်ကြည့်နေတယ်။」
မဟာဒိုကဲဘီ ထွက်ခွာသွားပြီးနောက် စားတော်ဆက်အသင်း ၏ အစည်းအဝေးမှာလည်း ပြီးဆုံးသွားခဲ့သည်။ ထိုသို့ ပါတီပွဲကြီး ပြီးဆုံးသွားခဲ့ခြင်းမှာ သဘာဝကျလှသည်။ နက္ခတ်အသီးသီးတို့မှာလည်း သူတို့၏ နေရာအသီးသီးသို့ ပြန်ကြရမည့်အချိန် ရောက်ပြီ ဖြစ်သည်။
ကျနော်သည် တည်ခင်းဧည့်ခံပွဲ ခန်းမအတွင်းရှိ ရှုပ်ထွေးမှုများကို အခွင့်ကောင်းယူကာ အိုရို ရဲတိုက်ကြီးထဲမှနေ၍ တိတ်တဆိတ် လစ်ထွက်လာခဲ့သည်။ နက္ခတ် အများအပြားမှာ စီမံခန့်ခွဲရေးဌာန၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ကြရသော်လည်း ကျနော့်အပေါ်တွင် ရန်လိုနေကြဆဲ ဖြစ်သော နက္ခတ်အချို့ ရှိနေသေး၏။ ထို့ကြောင့် ပြဿနာ မတက်မီ ဤနေရာမှနေ၍ အမြန်ဆုံး ထွက်ခွာရန် လိုအပ်နေခဲ့သည်။
သို့သော်လည်း အိုရို ရဲတိုက်၏ ဝင်ပေါက်သို့ ရောက်ရှိချိန်တွင် ကျနော် မမျှော်လင့်ထားသော အခက်အခဲတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။
...ငါ ဘယ်လို ပြန်ရမှာလဲ။
လမ်းပြပေးမည့်သူ သို့မဟုတ် ရထားလုံး တစ်စီးမျှ ရှိမနေပေ။ ကျနော် ဤနေရာတွင်သာ အချိန်ဆွဲနေမည်ဆိုပါက အခြားသော နက္ခတ်များ၏ ဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။
ထိုစဉ် အင်ဂျင်သံတစ်ခု ထွက်ပေါ်လာပြီး ရဲတိုက်၏ ထောင့်ချိုးတစ်ခုမှနေ၍ အရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအရာမှာ ချောမွေ့ပြပြေပြစ်သော ကိုယ်ထည်ရှိသည့် ဇိမ်ခံပြိုင်ကားတစ်စီး ဖြစ်သည်။ အဆင့်-SSS ဖြစ်သော ဖာရာရီဂီနီကို အမှတ်ရစေသည့် ကားတစ်စီးပင် ဖြစ်သည်။
နေဦး၊ ထိုကားကို ထုတ်လုပ်ခဲ့တဲ့လူက...
ထိုပြိုင်ကားမှာ ကျနော့်ရှေ့တွင် ကျယ်လောင်သောအသံနှင့်အတူ ရပ်တန့်သွားခဲ့သည်။ ကားမှန်မှာ အောက်သို့ လိပ်ဆင်းသွားပြီး နေကာမျက်မှန် တပ်ဆင်ထားသော သက်ကြီးရွယ်အိုတစ်ဦး ပေါ်ထွက်လာခဲ့သည်။
[တက်လေ၊ ကောင်လေး]
ထိုသူမှာ ထုတ်လုပ်ရေး လုပ်ငန်းရှင် ပင် ဖြစ်သည်။
ကား၏ နောက်ဘက်တံခါးများ ပွင့်သွားသည်နှင့်တစ်ပြိုင်နက် အနောက်ဘက်ရှိ ကား၏ အလယ်ဗဟိုကိုယ်ထည်မှာ ပို၍ ရှည်လျားသွားပြီး လီမိုဆင်းကားကြီး အသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ကျနော်သည် စစ်မှန်သော အံ့သြချီးကျူးမှုများကို ခံစားလိုက်ရပြီး အနောက်ဘက်ထိုင်ခုံသို့ တက်ထိုင်လိုက်သည်။
ဤကားပေါ်တွင် လူမည်မျှအထိ စီးနင်းနိုင်မည်နည်း။ သူသည် ဤကားကို ရောင်းချမည်လော။ ယခုဆိုလျှင် ကျနော့်တွင် ငွေများ ရှိနေပြီ ဖြစ်သည်...
ကားကိုယ်ထည်ကို အပြင်ဘက်တင်မကဘဲ အတွင်းဘက်တွင်ပါ ကပ်ညှိထားသော ခိုင်မာသည့် ကာကွယ်ရေးပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ ကျနော်သည် လီမိုဆင်းကားအတွင်းရှိ ရေခဲသေတ္တာထဲမှ အအေးကို သောက်ရင်း ယာဉ်၏ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်၏။
ထုတ်လုပ်ရေး လုပ်ငန်းရှင် မှာ မောင်းနှင်သူထိုင်ခုံတွင် ရှိနေပြီး ပါစီဖုန်း မှာမူ ဘေးတွဲထိုင်ခုံတွင် ရှိနေခဲ့သည်။ ပါစီဖုန်း သည် စောစောကတည်းက တစ်စုံတစ်ယောက်နှင့် ဆက်သွယ်ပြောဆိုနေခဲ့သည်။ ထိုသို့ဆက်သွယ်ပြီးပြောနေခြင်းမှာ ပေါ်ပေါက်လာခဲ့သော မဟာဒိုကဲဘီနှင့် သက်ဆိုင်ပေလိမ့်မည်။
"ထုတ်လုပ်ရေး လုပ်ငန်းရှင်၊ ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျနော့်မှာ မေးခွန်းတစ်ခု ရှိနေသေးတယ်"
[ဟမ်။ ဘာများလဲ]
"…ဘာဖြစ်လို့ ဒီအမျိုးသမီးက ခင်ဗျားတို့နဲ့အတူ ရှိနေရတာလဲ"
ကျနော်သည် ကျနော့်ဘေးတွင် ထိုင်နေသော အန်နာ ခရော့ဖ် ကို စိုက်ကြည့်လိုက်သည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင် က ချိုသာစွာ ပြုံးလိုက်သည်။
[ဟားဟာား။ ငါ ဒီကောင်မလေးကို ကားကြုံတင်ပေးဖို့ ကတိပေးထားလို့ပါ။ ရန်မဖြစ်ကြနဲ့ဦးနော်]
အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အခြေအနေတစ်ခု ဖြစ်သော်လည်း ကျနော် မညည်းတွားနိုင်ခဲ့ပေ။ ကျနော် သက်ပြင်းချလိုက်ပြီး ကားထဲတွင်ရှိနေသူများကို စစ်ဆေးကြည့်ရှုလိုက်သည်။ အနောက်ဘက်ထိုင်ခုံတွင် ကျနော်နှင့်အတူ အက်စ်ဂတ် မှ လူသုံးယောက် ရှိနေခဲ့သည်။
ထိုသူတို့မှာ မောပန်းနွမ်းနယ်နေသော အိုင်းရစ် နှင့် အံ့အားသင့်နေသော ဆယ်လီနာ ကင် တို့ ဖြစ်ကြသည်။ အန်နာ ခရော့ဖ် သည် သူတို့၏ အခြေအနေကို ကြည့်ရှုပြီးနောက် ကျနော့်ကို ရုတ်တရက် စကားလှမ်းပြောလာခဲ့သည်။
"…နင် မကူညီခဲ့ရင်တောင် အိုင်းရစ် က အသက်ရှင်မှာပါ"
"ငါ သိပါတယ်။ မဟုတ်မှလွဲရော ကြာသပတေးနေ့၏မိုးကြိုး က အိုင်းရစ်ကို ကယ်တင်ခဲ့မှာမလား"
ကျနော့်၏ စကားကြောင့် အန်နာ ခရော့ဖ် မှာ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ အန်နာ ခရော့ဖ် သည် အခြားသူများထက် ပို၍ ရက်စက်တတ်သော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ‘အန်နာ ပိုင်ဆိုင်သော’ လူများကိုတော့ ဆုံးရှုံးမခံတတ်ချေ။ အမှန်စင်စစ် မူရင်းဝတ္ထုထဲတွင်လည်း အန်နာ ခရော့ဖ် ၏ လုပ်ဖော်ကိုင်ဖက်များမှာ အန်နာ ပြုလုပ်ခဲ့သော အလားတူ ဖြစ်ရပ်မျိုးတွင် သေဆုံးခဲ့ခြင်း မရှိကြပေ။
ထိုအစား သူတို့သည် ဇာတ်ဝင်ခန်းမှတစ်ဆင့် အစွမ်းများ နိုးထလာခဲ့ကြသည်။ သေဆုံးခဲ့ကြရသူများမှာ အခြားသော လူများသာ ဖြစ်ကြ၏။
"အဲဒါက အိုင်းရစ် အတွက် ကောင်းမွန်တဲ့ ထောက်ပံ့သူတစ်ယောက် ရရှိဖို့ အခွင့်အရေးပဲ။ အခုတော့ နင်က အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။ ငါ မြင်ခဲ့ရတဲ့ အနာဂတ်က ဒီလိုမျိုး မဟုတ်ဘူး..."
"အိုင်းရစ်ကတော့ အဲဒီလိုနည်းလမ်းမျိုးနဲ့ ထောက်ပံ့သူကို ရယူချင်မှာ မဟုတ်ဘူး"
"အိုင်းရစ်ကိုထောက်ပံ့ပေးဖို့လုပ်ထားတဲ့ နက္ခတ် က ဘယ်သူလဲဆိုတာ နင် မသိပါဘူး"
[ကျွတ်ကျွတ်။ မင်းတို့ရန်မဖြစ်ဖို့ ပြောခဲ့ပေမဲ့ ဖြစ်နိုင်ပုံမရဘူးပဲ]
လီမိုဆင်းကား၏ ပုံစံမှာ ပြောင်းလဲသွားပြီး ကျနော့်၏ ထိုင်ခုံမှာ ထူးဆန်းသော လှုပ်ရှားမှုများကို ပြသလာခဲ့သည်။ ကျနော့်၏ အမြင်အာရုံများမှာ ဝေဝါးသွားပြီး ပါစီဖုန်း ရှိနေခဲ့သော ဘေးတွဲထိုင်ခုံတွင် ကျနော် ရောက်ရှိနေခဲ့သည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင် က ကျနော့်၏ နေရာကို ပါစီဖုန်း နှင့် လဲလှယ်ပေးလိုက်ခြင်း ဖြစ်သည်။
မဟုတ်မှလွဲရော သူသည် ရန်ဖြစ်သံများကို မကြားချင်၍သော်လည်းကောင်း သို့မဟုတ် ရှေ့ခန်းနှင့် နောက်ခန်းကြားတွင် အသံလုံသော အကာအရံတစ်ခု ရှိနေ၍သော်လည်းကောင်း ဖြစ်ပေလိမ့်မည်။
ထုတ်လုပ်ရေး လုပ်ငန်းရှင် က ကျနော့်ကို ပြောလာခဲ့သည်။
[မင်းက ကိုယ်စားလှယ်တွေနဲ့တင် မကဘဲ နက္ခတ်တွေနဲ့ပါ အဆင်မပြေဖြစ်နေတာပဲ။ ရန်သူ အများကြီး မဖန်တီးချင်ပါနဲ့ဦးကွာ]
"ကျနော်လည်း ရန်သူတွေ မဖန်တီးချင်ပါဘူး"
အမှန်စင်စစ် ကျနော်သည် ဤနေရာသို့ ရန်သူများထက် ‘လုပ်ဖော်ကိုင်ဖက်များ’ ကို ရှာဖွေရန် လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရလဒ်မှာမူ ဤကဲ့သို့ ဖြစ်လာခဲ့ရသည်...
ထုတ်လုပ်ရေး လုပ်ငန်းရှင် က အီလက်ထရွန်းနစ် စီးကရက် တစ်လိပ်ကို ထုတ်ယူကာ စကားပြောလာခဲ့သည်။
[မင်းရဲ့ ဇာတ်လမ်းထဲမှာ ငါ ဒေါသတွေကို ခံစားလိုက်ရတယ်။ ဒီကမ္ဘာကြီးနဲ့ နက္ခတ်တွေအပေါ်မှာ ပြင်းထန်တဲ့ ဒေါသတစ်ခု ရှိနေတယ်]
ကျနော် တစ်ခုခုကို ပြောရန် ကြိုးစားသော်လည်း နှုတ်ဆိတ်သွားခဲ့သည်။
[ဒီနေ့ မင်း မမြင်သင့်တဲ့ အရာတွေ အများကြီးကို မြင်ခဲ့ရတယ်ဆိုတာ ငါ သိပါတယ်]
"အဲဒီလို မဟုတ်ပါဘူး"
ထုတ်လုပ်ရေး လုပ်ငန်းရှင် က ရယ်မောလိုက်သည်။ ကျနော်သည် တစ်နည်းနည်းဖြင့် အနေရခက်သကဲ့သို့ ခံစားလိုက်ရသဖြင့် ကျနော့်၏ စမတ်ဖုန်းကို ထုတ်ယူလိုက်သည်။ ကား၏ ရှေ့ဘက်တွင်မူ အမှောင်ထုကြီးမှာ မျက်နှာပြင်တစ်ခုကဲ့သို့ ရှိနေခဲ့သည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင် က ထိုအမှောင်ထုကြီးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ပြီး အနည်းငယ် ဝမ်းနည်းနေပုံလည်း ရနေခဲ့သည်။
[ဒါပေမဲ့လည်း သူတို့ကို အဲဒီလောက်ကြီး မုန်းမနေပါနဲ့ဦး]
သူ၏ စကားများကို ကျနော် နားလည်နိုင်ရန်အတွက် အချိန်အနည်းငယ် ယူလိုက်ရသည်။
[သူတို့က အထီးကျန်ဆန်မှုကို မခံစားနိုင်ကြရုံပါပဲ။ အမှိုက်လို ကောင်ပဲဖြစ်ဖြစ် မြင့်မြတ်တဲ့ နက္ခတ်ပဲဖြစ်ဖြစ်... သူတို့ အားလုံးက ဇာတ်လမ်းကို နှစ်သက်ကြလို့ အဲဒီလို ပြုမူခဲ့ကြတာပါ]
ထုတ်လုပ်ရေး လုပ်ငန်းရှင် က ဤကဲ့သို့သော စကားမျိုးကို ပြောလာလိမ့်မည်ဟု ကျနော် မသိခဲ့သောကြောင့် ရှုပ်ထွေးသွားခဲ့သည်။ ထူးဆန်းသော သစ္စာဖောက်ခံရမှု ခံစားချက်တစ်ခုက ကျနော့်၏ ရင်ဘတ်ထဲတွင် ပြည့်နှက်သွားခဲ့သည်။
"အဲ့ဒါနဲ့ပဲ ကိုယ်စားလှယ်တွေရဲ့ ဘဝတွေကို သူတို့အနေနဲ့ နင်းခြေနိုင်တယ်လို့ မဆိုလိုနိုင်ဘူးလေ"
အကယ်၍ သူတို့သည် ဇာတ်လမ်းကို နှစ်သက်ကြသည်ဆိုပါက သူတို့သည် သူတို့၏ ကိုယ်ပိုင် ဇာတ်ဝင်ခန်းများကို ပြုလုပ်နိုင်ကြသည်။ အခြားသူများ၏ ဇာတ်ဝင်ခန်းများကို ဖျက်ဆီးမည့်အစား သူတို့သည် နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုဆီသို့ ကူးပြောင်းသွားနိုင်ကြ၏။ အခြားသော ဇာတ်ဝင်ခန်းတစ်ခုဘက်သို့ လှည့်ပြီး သူတို့၏ စိတ်ကိုကျေနပ်အောလုပ်ခြင်းမှာ လက်ရှိအခြေအနေကို ရှောင်တိမ်းနေခြင်းသာ ဖြစ်သည်။
ကျနော် ဤသို့ ပြောရန် ကြိုးစားလိုက်သည်။ ထိုခဏတွင် စမတ်ဖုန်းမှာ ပွင့်လာခဲ့ပြီး Ways of Survival ၏ မြင်ကွင်းမှာ ပေါ်ထွက်လာခဲ့သည်။ ကျနော် ဖတ်ရှုနေခဲ့သော နောက်ဆုံးဝါကျမှာ မျက်နှာပြင်ပေါ်တွင် ရှိနေခဲ့သည်။
ထိုဝါကျများကို ကျနော် မထုံတက်တေး စိုက်ကြည့်နေခဲ့ပြီး ထုတ်လုပ်ရေး လုပ်ငန်းရှင် က မေးလာခဲ့သည်။
[မင်းက အဲဒါကိုပဲ အမြဲ ကြည့်နေတာပဲနော်။ အလွတ်ဖြစ်နေတဲ့ မှတ်စုစာအုပ်ပေါ်မှာ တစ်ခုခု ရေးတော့မလို့လား]
ထိုမေးခွန်းကို ဖြေရန် နည်းလမ်းကို ကျနော် ရှာမတွေ့ခဲ့သော်လည်း မကြာမီမှာပင် အားနည်းစွာ ပြုံးလိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။
"…ဒါကို ကြည့်လိုက်ရင် ကျနော့်စိတ်က တည်ငြိမ်သွားလို့ပါ"
အဝေးတစ်နေရာတွင်မူ အမှောင်ဒိုင်မင်းရှင်း ၏ အမှောင်ထုကြီးကို မြင်တွေ့နေရပြီ ဖြစ်သည်။ ဟာလာဟင်းလင်း ဖြစ်နေသော ပြတင်းပေါက်တစ်ခုမှနေ၍ အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
နောက်ဆုံးတွင်တော့ ပြန်ရမည့်အချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
***