ဒုတိယအကြိမ် ပြင်ဆင်မှု Update။ မမျှော်လင့်ထားသော အချိန်တွင် ပေါ်ထွက်လာသည့် ထိုစနစ်မက်ဆေ့ချ်ကြောင့် ကျနော် ခဏတာ ဇဝေဇဝါဖြစ်မိသွားခဲ့သည်။
နောက်ထပ် ပြင်ဆင်မှုတစ်ခု ရှိလာပြန်ပြီဆိုသည်မှာ ကျနော့်၏ လုပ်ရပ်များကြောင့် အနာဂတ်သည် ဆက်လက်၍ ပြောင်းလဲနေဦးမည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ပထမအကြိမ် ပြင်ဆင်မှုကို ရရှိပြီးနောက် ကျနော်သည် အနာဂတ်အသစ်တစ်ခု ဖန်တီးရာ၌ ပါဝင်ပတ်သက်ခဲ့ခြင်း ဖြစ်သည်။
ထိုအတွေးကြောင့် ကျနော့်၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့ရသည်။ တတိယအကြိမ်မြောက် နောက်ပြန်ဆုတ်မှုတွင် ကျနော် အောင်မြင်ခဲ့လေသလား။ စတုတ္ထအကြိမ်မြောက် အလှည့်မှနေ၍ ထပ်မံ၍ စတင်ရဦးမည်လား။ ကျနော် ပြောင်းလဲလိုက်သော ဇာတ်လမ်းထဲတွင် ယူဂျွန်ဟော့ သည် အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ပါသလား။
...စာရေးသူက ဘာဖြစ်လို့ ငါ့ဆီကို ဒါမျိုးတွေ ဆက်တိုက် ပေးပို့နေရတာလဲ။
[‘ဒုတိယအကြိမ် ပြင်ဆင်မှု’ကို Update လုပ်နေပါသည်။]
ဖိုင်မှာ Update မဖြစ်သေးသဖြင့် ကျနော် ဘာကိုမျှ သေချာပေါက် မပြောနိုင်သေးပေ။ အခြေအနေများမှာ ပိုကောင်းလာခြင်း သို့မဟုတ် ပိုဆိုးသွားခြင်းမျိုးလည်း ဖြစ်နိုင်၏။ ယခုအချိန်တွင် ကျနော် တွေးတောရမည်မှာ ပြင်ဆင်မှုအသစ်၏ ဦးတည်ရာမဟုတ်ဘဲ ချက်ချင်း ဖြစ်ပေါ်လာမည့် အခြေအနေများသာ ဖြစ်သည်။
"ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်။ ခင်ဗျားက အခုထွက်ပြေးတော့ မလို့လား။ ခင်ဗျား ရှင်သန်နေထိုင်ခဲ့တဲ့ ဒီကမ္ဘာကြီးကို စွန့်ပစ်တော့မလို့လား"
ကျနော် Ways of Survival ကို ခေတ္တမျှ အာရုံစိုက်နေစဉ်မှာပင် သိုင်းပညာရှင်များမှာ တစ်ပြိုင်နက်တည်း ထလာကြသည်။ အဆိုးရွားဆုံး ပြောင်းလဲမှုမှာ အစောပိုင်းက ပထမဆုံး ဒူးထောက်ခဲ့သော ကျူးကော့ခေါင်းဆောင်ထံတွင် ဖြစ်ပေါ်လာခဲ့သည်။
"…ထွက်ပြေးတာ ဟုတ်လား။ အဲဒီစကားကို ငါ့ကို ပြောနေတာလား"
"အခု ခင်ဗျား လုပ်နေတာက ထွက်ပြေးတာမဟုတ်လို့ ဘာလဲ"
"ရယ်စရာကောင်းလိုက်တာ။ စောက်ကလေးတွေ"
ထိုအသံထဲတွင် နက်ရှိုင်းလှသော လှောင်ပြောင်မှုများ ပါဝင်နေခဲ့သည်။ သိုင်းလောက သားများက ထိုအသံကို တုံ့ပြန်လိုက်ကြပြီး သူတို့၏ စွမ်းအင်များကို ထုတ်ဖော်လိုက်ကြသည်။ သူတို့အားလုံးမှာ ပထမဆုံးသိုင်းလောက ၏ ပထမတန်းစား သိုင်းပညာရှင်များ ဖြစ်ကြသည်။ မိသားစုခေါင်းဆောင်များ၏ မှော်စွမ်းအင်များ ပေါင်းစပ်သွားခဲ့ပြီး ထိုနယ်မြေတစ်ခုလုံးတွင် ခြိမ်းခြောက်မှုအပြည့်ရှိသော ငလျင်တစ်ခု ပြန့်နှံ့သွားခဲ့သည်။
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် သူ့ကို ဖိအားပေးနေကြသော မိသားစုခေါင်းဆောင်များဆီသို့ ခြေလှမ်းလှမ်းလိုက်၏။
"ဂလု"
မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ ရှေ့သို့ တက်လှမ်းနေသော ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ၏ ပတ်ပတ်လည်မှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများက အခြားတစ်ဖက်မှ ထွက်ပေါ်လာသော ငလျင်လှိုင်းများကို တိတိကျကျပင် ချေဖျက်ပေးလိုက်သည်။ ထို့အပြင် ပြိုင်ဘက်ထက် အဆပေါင်းများစွာ သာလွန်လှသော မှော်စွမ်းအင်ကြောင့် သိုင်းပညာရှင်အားလုံးမှာ အတွင်းဒဏ်ရာများ ရရှိသွားခဲ့ကြရသည်။
အရာအားလုံးကို ရိုးရှင်းသော ခြေလှမ်းတစ်လှမ်းတည်းဖြင့် လုပ်ဆောင်သွားခဲ့ခြင်း ဖြစ်၏။ ဤအရာမှာ ကပ်ဘေးတစ်ခုအဖြစ် ခေါ်ဝေါ်ခြင်းခံရသော ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ၏ စွမ်းအားပင် ဖြစ်သည်။ ပြုတ်ကျသွားကြသော သိုင်းပညာရှင်များမှာ သွေးများ အန်ထုတ်လိုက်ကြပြီး ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
"က... ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်"
"ကျနော်တို့ကို စွန့်ပစ်မသွားပါနဲ့။ တောင်းဆိုပါတယ်"
ဤကဲ့သို့သော စွမ်းအားမျိုးက ‘ပျက်စီးခြင်း’ ကို သေချာပေါက် တားဆီးပေးနိုင်လိမ့်မည်ဟု သူတို့က ယုံကြည်နေကြသည်။ ဖြူဖျော့နေသော မျက်နှာများပေါ်တွင်တော့ စိတ်ပျက် အားလျော့မှုထက် မျှော်လင့်ချက်အရိပ်အယောင်များက ပို၍ ကြီးစိုးနေခဲ့သည်။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က သူတို့ကို တုံဏှေဘာဝိ မျက်နှာထားဖြင့် စိုက်ကြည့်နေခဲ့ပြီး မိုးကောင်းကင်ရှိ မဟာတွင်းနက်ကြီး မှာတော့ တဖြည်းဖြည်းနှင့် ပိုမို ကြီးမားလာနေခဲ့သည်။ ယခုတော့ ကျနော် နောက်ထပ် အချိန်ဆွဲနေ၍ မရတော့ချေ။
"ဘီယူ"
ဘီယူ သည် လေထဲတွင် ရုတ်တရက် ပေါ်လာခဲ့ပြီး ကူးပြောင်းမုခ်ဝတစ်ခုကို စတင် ဖွင့်လှစ်လိုက်သည်။ ပြဿနာမှာ ကူးပြောင်းမုခ်ဝ ရှိနေမည့် တည်နေရာပင် ဖြစ်သည်။ ကျနော် မည်မျှပင် ရှာဖွေကြည့်စေကာမူ ကျနော်တို့၏ ပတ်ပတ်လည်တွင် မည်သည့် ကူးပြောင်းမုခ်ဝမျှ ရှိမနေခဲ့။ ပထမဆုံး စကားပြောလာသူမှာ အမည်မသိတံတိုင်း မှတစ်ဆင့် သိရှိထားသော လမ်းရာပေါင်းများစွာကို အသုံးပြုပြီး ကူးပြောင်းမုခ်ဝ၏ တည်နေရာကို အတည်ပြုပေးခဲ့သည့် ဂျန်ဟာယောင်း ပင် ဖြစ်သည်။
"…ကျုပ်ထင်တာတော့ ကူးပြောင်းမုခ်ဝက ဟိုဘက်မှာ ပွင့်သွားတာနဲ့ တူတယ်။ ကျုပ်တို့တွေ ရင်ပြင်ဆီကို ပြေးရမှာလား"
ဂျန်ဟာယောင်း သည် နဂါးပြာ ရဲတိုက်ကြီးသို့ ကျနော်တို့ ပထမဆုံး ရောက်ရှိလာစဉ်က ရောက်ခဲ့သော ရင်ပြင်ဆီသို့ လက်ညှိုးညွှန်ပြနေခဲ့သည်။ ကျနော် ဘီယူ ကို တိုက်တွန်းလိုက်သည်။
"ဘီယူ။ ကူးပြောင်းမုခ်ဝကို ဒီနေရာကို ပြောင်းလို့ မရဘူးလား"
[ဘတ်]
ဘီယူ က ခက်ထန်သော မျက်နှာထားဖြင့် ခေါင်းခါပြ၏။ အမှီအခိုကင်းသော ဒိုကဲဘီများမှာ စွမ်းအားကန့်သတ်ချက်များ ရှိကောင်းရှိနိုင်လောက်သည်။ သို့မဟုတ် ဘီယူ သည် ငယ်ရွယ်သော ဒိုကဲဘီတစ်ဦး ဖြစ်နေသေးသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။ နောက်ဆုံးတွင်တော့ ကျနော်တို့ ကူးပြောင်းမုခ်ဝကို ပထမဆုံး ဖြတ်သန်းလာခဲ့သည့် နေရာဆီသို့ ပြန်လည် သွားကြရမည်သာ။
ကောင်းကင်ဖြိုခွင်းသခင် က ဟောင်လိုက်သည်။ ကျနော် နောက်သို့ ပြန်ကြည့်လိုက်ရာ အဆင့်-X ဖာရာရီဂီနီ ၏ ဘေးထိုင်ခုံမှနေ၍ ခေါင်းပြူထွက်နေသော ကောင်းကင်ဖြိုခွင်းသခင် ကို တွေ့လိုက်ရသည်။
"အမြန်တက်ကြ"
ဟန်မြုံအို က ကားမောင်းသူခုံမှနေ၍ ကျနော်တို့ကို လှမ်းအော်လိုက်သည်။ ကျနော်တို့ အလျင်အမြန်ပင် ထိုယာဉ်ပေါ်သို့ တက်လိုက်ကြသည်။
"ထွက်မယ်"
အဆင့်-X ဖာရာရီဂီနီ ၏ မှော်စွမ်းအင်အင်ဂျင်မှာ ဟိန်းဟောက်သွားခဲ့သည်။ သိုင်းပညာရှင်များမှာ သူတို့၏ ပညာရပ်များကို အသုံးပြုပြီး ကျနော်တို့နောက်သို့ လိုက်လံဖမ်းဆီးကြသော်လည်း သူတို့၏ အဆင့်မှာ မည်မျှပင် မြင့်မားနေပါစေ ထုတ်လုပ်ရေး လုပ်ငန်းရှင် ၏ လက်ရာကိုတော့ မီအောင် မလိုက်နိုင်ကြချေ။
[‘ပျက်စီးခြင်း’ ဇာတ်ဝင်ခန်း စတင်ရန် ၁၀ မိနစ်သာ လိုတော့သည်။]
ကျနော့်၏ ပြတင်းပေါက် အပြင်ဘက်မှနေ၍ ပထမဆုံးသိုင်းလောက၏ ရှုခင်းများကို မြင်တွေ့နေရသည်။ ကောင်းကင်ယံကြီးမှာ နီမြန်းနေခဲ့သည်။ မဟာတွင်းနက်ကြီး ဆီမှနေ၍ ဥက္ကာခဲအကျိုးအပဲ့များကဲ့သို့သော အရာများမှာ ပြုတ်ကျလာနေခဲ့သည်။ တုန်ခါမှုလှိုင်းများကြောင့် ဈေးတစ်ခုမှာ ပေါက်ကွဲသွားခဲ့ပြီး မီးတောက်များမှာ ပြန့်နှံ့သွားခဲ့၏။ ထင်ရှားကျော်ကြားသော မိသားစုများက တည်ဆောက်ထားကြသည့် ဧရာမ အဆောက်အဦးထိပ်ချွန်များမှာ မိုးကောင်းကင်ကို စိန်ခေါ်ခဲ့ကြသည့်အတွက် ပေးဆပ်မှုများကို ရရှိနေကြပြီ ဖြစ်သည်။
"အားးးးး"
အဆောက်အဦးများ ပြိုကျပျက်စီးပြီး မြေပြင်မှာလည်း သိမ့်သိမ့်တုန်နေခဲ့သည်။ လူအချို့မှာ ပြိုကျလာသော အဆောက်အဦးပုံများအောက်တွင် ပိမိနေကြ၏။ သေဆုံးခါနီး လူများကို ကြည့်ပြီး ငိုကြွေးနေသူများရှိသလို ထွက်ပြေးကြရန် အော်ဟစ်နေသူများလည်း ရှိနေခဲ့သည်။ အရာအားလုံးကို လက်လွှတ်လိုက်ပြီး ထိုနေရာမှာတင် ထိုင်ချလိုက်ကြသည့် ကလေးငယ်လေးများကိုလည်း ကျနော် တွေ့နေရလေသည်။ ကမ္ဘာကြီးတစ်ခု ပျက်သုဉ်းသွားပုံကို စာအုပ်တစ်အုပ်၏ စာမျက်နှာများကို လှန်ကြည့်နေသကဲ့သို့ ကျနော် ကြည့်နေမိသည်။
တစ်ခါက အက်စ်မိုးဒီအက်စ် ပြောခဲ့ဖူးသည်။
「 "ဇာတ်ဝင်ခန်းဆိုတာ ပိုပြီးကြီးမားတဲ့ ပျက်စီးခြင်းကို တားဆီးဖို့အတွက် သေးငယ်တဲ့ ပျက်စီးခြင်းတစ်ခုပဲ" 」
ဤဇာတ်လမ်းကို အဆုံးသတ်နိုင်ဖို့အတွက် နောက်ထပ် လူမည်မျှက ပျက်စီးခြင်း ဒုက္ခကို ခံစားကြရဦးမည်နည်း။ ကျနော် ခေါင်းကို လှည့်ကြည့်လိုက်ရာ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် နှင့် ယူဂျွန်ဟော့ တို့သည်လည်း ကျနော်နှင့် မြင်ကွင်းတစ်ခုတည်းကိုပင် ကြည့်နေကြသည်အား တွေ့လိုက်ရသည်။
"မြန်မြန် ထွက်ပြေးကြ"
"ဒါပေမဲ့..."
လူငယ်အချို့၏ အသံများ ပြတင်းပေါက်မှ ထွက်ပေါ်လာခဲ့သည်။ အပျက်အစီးများကြောင့် ဒဏ်ရာရထားသော အမျိုးသား၊ အမျိုးသမီးများမှာ အကူအညီရရန်အတွက် ပတ်ဝန်းကျင်ကို ဝေခွဲမရစွာ ကြည့်နေကြသည်။ ဟန်မြုံအို က ဘရိတ်ကို နင်းလိုက်ပြီး ဂျန်ဟာယောင်း က ပြောလိုက်သည်။
"...သူတို့ကို တစ်ခါတည်း တင်ခေါ်သွားလို့ မရဘူးလား"
သူ ဤသို့ ပြောလိမ့်မည်ဟု ကျနော် ထင်ထားပြီးသား ဖြစ်သည်။ ကျနော် ခေါင်းခါပြလိုက်၏။
"မရဘူး"
ဟန်မြုံအို က လီဗာကို နင်းလိုက်ရာ ကျနော်တို့ ပြန်လည် ထွက်ခွာလာခဲ့ကြတော့လေသည်။ ဂျန်ဟာယောင်း က အနည်းငယ် မကျေမနပ်ဖြစ်နေသော အသံဖြင့် ပြောလိုက်၏။
"...ဒီထဲမှာ နေရာအများကြီး ကျန်သေးတာပဲကို"
"ငါတို့က ဒီဇာတ်ဝင်ခန်းနဲ့ 'သီးခြား' ဖြစ်နေလို့ ထွက်သွားလို့ ရတာ။ အဲဒီလူတွေကတော့ မတူဘူး"
"ဒါပေမဲ့ ဓါးသူတော်စင်က ဒီမှာ မွေးတာပဲလေ၊ သူတောင် ငါတို့နဲ့ လိုက်လို့ ရနေတာပဲကို"
"သူကတော့ နည်းနည်း ထူးခြားတယ်"
ကျနော် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ကို တစ်ချက် ကြည့်လိုက်သည်။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် 'ဧရာမနတ်ဘုရား' တစ်ပါး၏ သွေးနှောနေသော တည်ရှိမှုမျိုး ဖြစ်လေသည်။ သူသည် သိုင်းလောက ဇာတ်ဝင်ခန်းတွင် မွေးဖွားလာသူ မဟုတ်သဖြင့် ဤနေရာမှ ထွက်ခွာသွားပါက အခြားသော ဇာတ်ဝင်ခန်းများကို လက်ခံရရှိနိုင်၏။ ပြတင်းပေါက် အပြင်ဘက်တွင်တော့ သိုင်းပညာရှင် အမျိုးသား၊ အမျိုးသမီးများကို ကျနော် မြင်နေရဆဲ ဖြစ်သည်။
"ဒီမှာရှိတဲ့ လူတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် သေကြရမှာပဲ"
ဤနေရာတွင် မွေးဖွားပြီး ဤနေရာ၏ ဇာတ်ဝင်ခန်းများကိုသာ လက်ခံရရှိထားသူများသည် ပထမဆုံးသိုင်းလောက မှနေ၍ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိကြချေ။
အကယ်၍ သူတို့တွေ ဤနေရာမှ ထွက်ခွာနိုင်ခဲ့လျှင်ပင် 'ထုတ်ပယ်ပြစ်ဒဏ်ပေးခံရမှု' ကြောင့် ချက်ချင်း သေဆုံးသွားကြပေ လိမ့်မည်။ ဂျန်ဟာယောင်း ၏ မျက်နှာတွင် အားကိုးရာမဲ့နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။
"ဒါဆိုရင်..."
ဂျန်ဟာယောင်း ၏ ခံစားချက်ကို ကျနော် နားလည်သည်။ ထိုခံစားချက်မျိုးနှင့် ကျနော် ရှင်သန်လာခဲ့သည်မှာ ကြာပြီ ဖြစ်၏။ ကမ္ဘာကြီး၏ မည်သည့် အကျပ်အတည်းမျိုးတွင်မဆို ကျနော်တို့ လုပ်နိုင်သည်မှာ ကမ္ဘာကြီး၏ စာမျက်နှာများကို လှန်လှောကြည့်ရှုရန်သာ ရှိတော့သည်။
[ပျက်စီးခြင်း ဇာတ်ဝင်ခန်း စတင်ရန် ၈ မိနစ်သာ လိုတော့သည်။]
[သင်၏ ပျက်စီးခြင်း ဇာတ်လမ်းသည် ဆင်းသက်လာနေပါသည်။]
မှောင်မိုက်နေသော ကောင်းကင်ယံကြီးမှာ လျှပ်စီးများ လက်နေခဲ့သည်။ ထိုအချိန်အတွင်း မဟာတွင်းနက်ကြီး မှ ထွက်ပေါ်လာသော နှာမောင်းသဏ္ဍာန် အမျှင်တန်း အရေအတွက်မှာ လေးခုထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ ကြီးမားလာသော တွင်းနက်ကြီးကို ကြည့်ပြီး ဂျန်ဟာယောင်း တုန်လှုပ်နေချိန်တွင် ယူဂျွန်ဟော့ မှာမူ အာရုံစိုက်နေခဲ့သည်။ ကျနော့် တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ထနေခဲ့၏။
「 ကင်ဒေါ့ဂျာ တွေးလိုက်သည်မှာ၊ ငါ ဒါကို မယှဉ်နိုင်ဘူး 」
ကျနော်သည် မည်သူနှင့် တိုက်ခိုက်ရမည်နည်း။ အနာဂတ်တွင် ကျနော်သည် မည်သည့် စွမ်းအားမျိုးကို ရယူရန် လိုအပ်မည်နည်း။ ကျနော် နောက်တစ်ကြိမ် ထပ်မံ၍ သတိပြုမိသွားခဲ့သည်။
ဤအရာမှာ မဟာဇာတ်လမ်းကြီးများထဲမှ တစ်ခု ဖြစ်နေလေသလား။ ထိုသို့သောဇာတ်လမ်းမျိုးမှာ လက်ရှိအချိန်တွင် ကျနော်ရင်မဆိုင်နိုင် သေးသော ဇာတ်လမ်းမျိုး ဖြစ်သည်။ ကမ္ဘာကြီးတစ်ခုကို အဆုံးသတ်ရန် ဆင်းသက်လာသော ဤ 'ဇာတ်လမ်း' သည် ကျနော် ယခင်က အသုံးပြုခဲ့ဖူးသော ဇာတ်လမ်းအားလုံးနှင့် လုံးဝကို ကွဲပြားခြားနားနေခဲ့သည်။
[ဇာတ်ဝင်ခန်းရဲ့ သနားစရာ ကျွန်တွေ၊ ထွက်ပြေးစရာ နေရာ မရှိတော့ဘူး]
နဂါးပြာရဲတိုက်ကြီး၏ ပြတင်းပေါက်များမှာ ဟိန်းဟောက်နေသော အကြွင်းမဲ့အသံ ကြောင့် ပျက်စီးသွားခဲ့သည်။
[ပျက်စီးခြင်းက မင်းတို့နောက်ကို လိုက်လာလိမ့်မယ်]
ထုတ်လုပ်ရေး လုပ်ငန်းရှင် ၏ ကားကိုယ်ထည်ပင်လျှင် ထိုအကြွင်းမဲ့အသံ၏ တုန်ခါမှုကို မကျော်လွှားနိုင်ဘဲ လှုပ်ခါသွားခဲ့ရသည်။
[ပျက်စီးခြင်း ဇာတ်ဝင်ခန်း စတင်ရန် ၅ မိနစ်သာ လိုတော့သည်။]
"ကူးပြောင်းမုခ်ဝ"
ကံကောင်းထောက်မစွာဖြင့် ကျနော်တို့ ကူးပြောင်းမုခ်ဝဆီသို့ အချိန်မီ ရောက်ရှိခဲ့ကြသည်။ ယခုတော့ ကျနော်တို့ ထွက်ပြေးရုံသာ ကျန်တော့သည်။
"သွားကြစို့"
ကျနော်သည် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ကို ခေါ်ဆောင်နိုင်ခဲ့ပြီး စားတော်ဆက်အသင်း တွင်လည်း ပထမဆုံးအကြိမ် ပါဝင်ခွင့် ရခဲ့သည်။ ဒင်္ဂါးအမြောက်အမြားကိုလည်း စုဆောင်းနိုင်ခဲ့၏။ အဆုံးသတ်ကိုရောက်ဖို့က ခက်ခဲလှသော်လည်း လက်ရှိအချိန်တွင် ကျနော့်တွင် အခြားနည်းလမ်း မရှိချေ။ ပထမဆုံးသိုင်းလောက ဆိုသည်မှာ တစ်နေ့နေ့တွင် ပျက်စီးရမည့် ကမ္ဘာကြီးတစ်ခု ဖြစ်နေခဲ့ပြီး ယခုအချိန်တွင် ထိုသိုင်းလောကကြီး ပျက်စီးခြင်းကို တားဆီးနိုင်မည့် နည်းလမ်း ကျနော့်တွင် မရှိသေး။
ထိုခဏတွင် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် ကားပေါ်မှ ဆင်းသွားခဲ့သည်။
"ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်"
ဓါးသူတော်စင်၏ မျက်နှာအမူအရာမှာ ဖတ်ရခက်နေဆဲ ဖြစ်သည်။ သို့သော်လည်း ဓါးသူတော်စင်၏ မျက်နှာအမူအရာကို ဖတ်စရာမလိုဘဲ ဓါးသူတော်စင်၏ အတွေးများကို ကျနော် သိရှိနေခဲ့သည်။
[သိုင်းလောက သားများ အားလုံး ရင်ပြင်မှာ ချက်ချင်း စုရုံးကြပါ]
ဓါးသူတော်စင်၏ မြင့်မြတ်သောအသံမှာ ခြင်္သေ့ဟိန်းသံကဲ့သို့ ဤကမ္ဘာကြီးထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအသံမှာ အလွန်ပင် စွမ်းအားကြီးမားလှပြီး နက္ခတ် တစ်ပါး၏ အကြွင်းမဲ့အသံကိုပင် သတိရစေခဲ့သည်။ ထွက်ပြေးနေကြသော သိုင်းပညာရှင်များသည် ဓါးသူတော်စင်၏ အသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျနော်တို့ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
ခဏတာမျှ သိုင်းလောက သားများ၏ စိတ်ထဲတွင် ဝမ်းသာအားရမှုများဖြင့် ရှုပ်ထွေးသွားခဲ့ကြသည်။ ကျနော် ကားပေါ်မှ ဆင်းလိုက်ပြီး အော်ပြောလိုက်သည်။
"ခဏနေပါဦး"
ကျနော် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် အဘယ်ကြောင့် ဤကဲ့သို့သော ရွေးချယ်မှုမျိုးကို ပြုလုပ်ခဲ့ရသနည်း။ ကျနော် တစ်ခုခုကို လုပ်ဆောင်ခဲ့မိသောကြောင့်လား။
အတွေးအမြောက်အမြား ကျနော့်၏ ခေါင်းထဲသို့ ဖြတ်ပြေးသွားခဲ့သည်။ ဒုတိယအကြိမ် ပြင်ဆင်မှု Update ဖြစ်လာရခြင်းမှာ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ဤနေရာတွင် သေဆုံးသွားခဲ့သောကြောင့် ဖြစ်နေလေသလား။
[‘ဒုတိယအကြိမ် ပြင်ဆင်မှု’ Update လုပ်ဆောင်နေပါသည်။]
ကျနော် အံကြိတ်လိုက်မိသည်။ ဒုတိယအကြိမ် ပြင်ဆင်မှုမှာ ကျနော့်ဖုန်းထဲ ရောက်မလာသေးပေ။
"ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်။ ကျနော်တို့ အတူတူ သွားမှဖြစ်မယ်"
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သာ ဤနေရာတွင် ကျန်ရစ်ခဲ့လျှင် သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က ကျနော့်ကိုပြန်ပြော၏။
"နက္ခတ်လေး၊ သစ်ပင်တစ်ပင်တည်းနဲ့ တောအုပ်တစ်ခု မဖြစ်တည်နိုင်ဘူး"
စိတ်မသက်သာစရာ ကောင်းသော ခံစားချက်များကြားမှပင် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် ကျနော့်ကို လှမ်းပြောလာသည်။
"ဒါဆိုရင် တောအုပ်တစ်ခု ဖြစ်လာဖို့အတွက် သစ်ပင် ဘယ်နှပင် စုစည်းဖို့ လိုအပ်မလဲ"
အမှန်စင်စစ် ကျနော်သည် ထိုကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။ ထိုအစား ကျနော် မြင်တွေ့နေရသည်မှာ ပြုတ်ကျလာသော ဥက္ကာခဲများကြောင့် ကျိုးပဲ့ပျက်စီးနေကြသည့် သစ်ပင်ငယ်လေးများကိုသာ ဖြစ်၏။ အလွန် သေးငယ်သော သစ်ပင်လေးများမှာ ကြီးမားသော သစ်ပင်ကြီးများ၏ ဖုံးအုပ်ခြင်းကို ခံထားရသဖြင့် ၎င်းတို့ တည်ရှိနေခြင်း ရှိမရှိပင် မသိသာခဲ့။ ထိုသစ်ပင်ငယ်လေးများမှာ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ဆီသို့ အော်ဟစ်နေကြသည်။
"က... ကယ်ပေးပါ။ ကျေးဇူးပြုပြီး ကျနော့်ကို ကယ်ပါဦး"
ကျနော် မေ့နေခဲ့သည်။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် မည်ကဲ့သို့သော လူစားမျိုး ဖြစ်ခဲ့ပါသနည်း။
「 ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်ရဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်က ဘယ်လောက်တောင် မြင့်မားသလဲဆိုရင် တစ်ခါတစ်ရံမှာ တခြားလူတွေရဲ့ တရားမျှတမှု ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုတောင် သေးသိမ်သွားစေတယ် 」
အဆင့်ကျော်လွန်သူ တိုင်းတွင် အလျော့မပေးနိုင်သော အရာတစ်ခုစီ ရှိကြပြီး ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် အတွက်တော့ အလျော့မပေးနိုင်သောအရာမှာ ဤအရာပင် ဖြစ်သည်။ သို့သော်လည်း ဓါးသူတော်စင်၏ တရားမျှတမှုကို နားလည်ပေးနိုင်ခြင်းက ဓါးသူတော်စင်၏ လုပ်ရပ်များကို ကျနော် သဘောတူခွင့်ပြုလိုက်သည်ဟု မဆိုလိုပေ။ သစ်ပင်အနည်းငယ်ကို တောအုပ်တစ်ခုဟု မခေါ်ဆိုနိုင်သကဲ့သို့ပင် သစ်ပင်တစ်ပင်တည်း ကလည်း မြေပြိုခြင်းကို မတားဆီးနိုင်။
"ခင်ဗျား ကတိကို မေ့သွားပြီလား။ ခင်ဗျားရဲ့ လူတွေနဲ့ တွေ့ခွင့်ပေးရင် ကျနော့်ကို ကူညီမယ်လို့ ပြောခဲ့တယ်မဟုတ်လား"
"ငါ မှတ်မိပါတယ်။ အဲဒီကတိအတိုင်း ငါ တည်ပါ့မယ်"
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က မိုးကောင်းကင်ကို မော့ကြည့်ရင်း ပြန်ပြောသည်။ အလုံးစုံသော ‘မဟာပျက်စီးခြင်း’ မစတင်သေးသဖြင့် ‘ရှေးအကျဆုံးသော အရာများ’ မှာ ပေါ်ထွက်လာဦးမည် မဟုတ်ချေ။ သို့သော်လည်း ဤမိုးကောင်းကင်၏တဖက်တွင် ရှေးဟောင်းနတ်ဘုရား တစ်ပါး ရှိနေသည်မှာတော့ သေချာလှသည်။ အနည်းဆုံးတော့ ထိုနတ်ဘုရားသည် ကျနော်နှင့် ယူဂျွန်ဟော့ တို့ ရင်ဆိုင်ခဲ့သည့် အိပ်မက်များကို စားသုံးသူ နှင့် ဆင်တူပေလိမ့်မည်။
"ငါ သူတို့ကို ဒီမှာ တားဆီးပြီးတာနဲ့ နင့်ဆီကို လာခဲ့ပါ့မယ်"
...ချောက်ဂျွန်ဂယောင်း ၏ ဓားသုံးလက်ဓါးသိုင်း ကိုပင် မရှုံးနိမ့်ခဲ့သော တည်ရှိမှုမျိုးကို ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က အနိုင်ယူနိုင်ပါ့မလား။
"ဆရာ"
ထိုအချိန်တွင် ယူဂျွန်ဟော့ က ရှေ့သို့ ထွက်လာခဲ့သည်။
သို့သော်လည်း ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် မှာ ခေါင်းမာနေဆဲ ဖြစ်သည်။
"ထွက်သွားစမ်း။ ဒီတစ်ခေါက်အတွက် သင်ခန်းစာက ပြီးဆုံးသွားပြီ"
"ဆရာ့ကို ကျနော်လိုအပ်တယ်"
ရိုးသားလှသော ထိုစကားများကြောင့် ကောင်းကင်ဖြိုခွင်း ဓါးသူတော်စင်၏ အကြည့်များမှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
" တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလို အခြေအနေမျိုးသာ မဟုတ်ခဲ့ရင်ပေါ့"
"ကျနော် တစ်ယောက်တည်းနဲ့ ၄၆ ခုမြောက် ဇာတ်ဝင်ခန်းကို မကျော်ဖြတ်နိုင်ဘူး။ ဆရာ့အနေနဲ့..."
ဤစကားများမှတစ်ဆင့် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် ယူဂျွန်ဟော့ အတွက် မည်မျှ အဓိပ္ပာယ်ရှိကြောင်း ကျနော် နားလည်လိုက်ရသည်။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က ယူဂျွန်ဟော့ ကိုကြည့်ပြီး အနည်းငယ် ပြုံးပြလိုက်သည်။ တပည့်ဖြစ်သူမှာ ထူးခြားသူဖြစ်သဖြင့် ပြုံးပြနေသကဲ့သို့ပင်။
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ၏ ကြီးမားလှသော လက်ဝါးကြီးများက အဖုံးတစ်ခုကဲ့သို့ ယူဂျွန်ဟော့ ၏ ခေါင်းပေါ်သို့ အုပ်မိုးလိုက်သည်။
"နင်က တစ်ယောက်ထဲ မဟုတ်ပါဘူး"
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ၏ မျက်လုံးများမှာ ကျနော့်ထံသို့ အလွန်တိုတောင်းသော အချိန်လေးတစ်ခုအတွင်း ရောက်ရှိလာခဲ့သည်။ ဓါးသူတော်စင်က စကားဆက်ပြောသည်။
"ငါ ဒီနေရာရဲ့ ပျက်စီးခြင်းကို တားဆီးပေးမယ်"
ယူဂျွန်ဟော့ က ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် အကြောင်းကို သိရှိထားသကဲ့သို့ပင် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည်လည်း ယူဂျွန်ဟော့ အကြောင်းကို သိရှိထားသည်။ ထို့ကြောင့်ပင် ယူဂျွန်ဟော့ ကို မည်သို့ပြောပြီး မောင်းထုတ်ရမည်ကို ဓါးသူတော်စင်က သိနေခဲ့သည်။
"ငါ ဒီကမ္ဘာကြီးရဲ့ ပျက်စီးခြင်းကို တားဆီးပေးမယ်"
"ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်..."
"ထွက်သွားစရာရှိတာ ထွက်သွားတော့"
ယူဂျွန်ဟော့ က မလှုပ်မယှက် ရပ်နေခဲ့သည်။ သူ၏ နှလုံးသားထဲမှနေ၍ ယိုဖိတ်လာသော ခံစားချက်အမြောက်အမြားမှာ ကျနော့်ထံသို့ ကူးစက်လာခဲ့သည်။
[ပျက်စီးခြင်း ဇာတ်ဝင်ခန်း စတင်ရန် ၁ မိနစ်သာ လိုတော့သည်။]
နောက်ဆုံးတွင်တော့ ကျနော် ယူဂျွန်ဟော့ ကို ဆွဲခေါ်လိုက်ရသည်။ ကျနော် ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့် မထွက်ခွာလိုသော်လည်း အကယ်၍ ကျနော် ဤရွေးချယ်မှုကို မပြုလုပ်ခဲ့လျှင် တတိယအကြိမ်မြောက် နောက်ပြန်ဆုတ်မှုမှာ ဤနေရာတွင်တင် အဆုံးသတ်သွားပေလိမ့်မည်။
"…ငါတို့ သွားရမယ်၊ ယူဂျွန်ဟော့"
ကျောက်ရုပ်ကြီးတစ်ခုကဲ့သို့ တောင့်တင်းနေသော ယူဂျွန်ဟော့မှာ မလှုပ်မယှက် ဖြစ်နေသဖြင့် နောက်ဆုံးတွင်တော့ ဂျန်ဟာယောင်း နှင့် ဟန်မြုံအို တို့ပါ ထွက်လာခဲ့ကြရသည်။ ယူဂျွန်ဟော့ ကို ကားထဲသို့ ဆွဲသွင်းလိုက်ကြပြီး ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က ကျနော့်ကို စိုက်ကြည့်လာခဲ့သည်။
"ကျေးဇူးပြုပြီး ငါ့ရဲ့ တပည့်ကို စောင့်ရှောက်ပေးပါ"
ကောင်းကင်ဖြိုခွင်းသခင် က ကားထဲမှနေ၍ ဟောင်လိုက်သည်။ ယူဂျွန်ဟော့ ကတော့ လုံးဝကို စိတ်ပျက်အားလျော့နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေခဲ့သည်။
"နင်လည်း ထွက်သွားတော့"
လူများကို အမြဲတမ်း ငုံ့ကြည့်တတ်သော ဓါးသူတော်စင်သည် ယခုအခါတွင်တော့ သူကိုယ်တိုင်ထက် ပိုမိုမြင့်မားသော နေရာတစ်ခုဆီသို့ မော့ကြည့်နေခဲ့သည်။ ထိုအချိန်တွင် မိုးကောင်းကင်ကြီးက ဓါးသူတော်စင်ကို ငုံ့ကြည့်လာခဲ့သည်။
[စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါလေး... မင်းက ဘယ်သူလဲ]
ပြင်ပနတ်ဘုရား သည် နတ်ဘုရားတစ်ပါး၏ ဘွဲ့အမည်ကို မေးမြန်းနေခဲ့ခြင်း ဖြစ်၏။ နက္ခတ်များပင်လျှင် ထိတ်လန့်တုန်လှုပ်သွားကြမည့် အခြေအနေမျိုးတွင် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် နောက်မဆုတ်ဘဲ ပြောလိုက်သည်။
[ငါက သိုင်းလောက ရဲ့ နတ်ဘုရားပဲ]
တပည့်ဖြစ်သူ ထွက်ခွာသွားသည်ကို ကြားလိုက်ရသည်နှင့် တပြိုင်နက် တောအုပ်ကို အချိန်အကြာကြီး စောင့်ရှောက်လာခဲ့သည့် တစ်ကိုယ်တည်းသော ထိုသစ်ပင်ကြီးမှာ မိုးကောင်းကင်ဆီသို့ စကားပြောလိုက်၏။
[ငါက ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်]
***