မြေပြင်နှင့် မိုးကောင်းကင်ကြီးမှာ စက်သွားများကဲ့သို့ တဂျိန်းဂျိန်း မြည်ဟည်းနေခဲ့သည်။ ကြီးမားလှသော အရာတစ်ခုမှာ မိုးကောင်းကင်ယံမှ ဆင်းသက်လာနေပြီး ထိုအရာကို ပိတ်ဆို့တားဆီးနေသော လူတစ်ယောက် ရှိနေခဲ့သည်။ မှော်စွမ်းအင်နှင့် မဟာဇာတ်လမ်းကြီးတို့ ထိမိခိုက်မိကြပြီး ပြင်းထန်လှသော မီးပွားများ ပွင့်ထွက်သွားခဲ့သည်။
[ပျက်စီးခြင်း ဇာတ်ဝင်ခန်း စတင်ရန် ၄၀ စက္ကန့်သာ လိုတော့သည်။]
ပြိုင်ဘက်မှာ ပြင်ပနတ်ဘုရား တစ်ပါး ဖြစ်သည်။ မိုးကောင်းကင် မျက်နှာကြက်မှာ တဖြည်းဖြည်းနှင့် ပိုမို နီးကပ်လာနေခဲ့သည်။ ရဲတိုက်ကြီးတစ်ခုလုံးကို ဖိနှိပ်ထားသော ဖိအားများ ရှိနေသော်လည်း ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် နောက်ဆုတ်မသွားခဲ့ချေ။ မဟုတ်သေး။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်အနေဖြင့် နောက်ဆုတ်၍ မရနိုင်ခြင်း ဖြစ်၏။ ဓါးသူတော်စင်သည် သူ၏ ယုံကြည်ချက်များအပေါ်တွင် မည်သည့်အခါမျှ နောက်ဆုတ်လေ့ မရှိပေ။ ဤအရာမှာ ဇာတ်လမ်းတစ်ပုဒ်တည်းကိုသာ လျှောက်လှမ်းခဲ့သော အဆင့်ကျော်လွန်သူ တစ်ဦး၏ အမှတ်အသားပင် ဖြစ်သည်။
"တိုက်ခိုက်ကြစမ်း"
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် စိတ်ပျက်အားငယ် နေကြသော သိုင်းလောက သားများကို ပြန်လည် နိုးထလာစေခဲ့သည်။
[နက္ခတ်များစွာသည် ဤဇာတ်ဝင်ခန်း၏ ဖြစ်ပေါ်တိုးတက်မှုအပေါ် စိတ်ဝင်စားနေကြပါသည်။]
[နက္ခတ်အချို့သည် အဆင့်ကျော်လွန်သူ 'နမ်ဂွန်မင်းယောင်း' ကို အာရုံစိုက်နေကြပါသည်။]
ကြယ်တာရာများမှာ ညကောင်းကင်ယံတွင် စုရုံးလာနေကြသည်။ သွေးညှီနံ့ရသော ပီလွားနား ငါးများကဲ့သို့ပင် နက္ခတ်များသည် မိုးကောင်းကင်ကြီးကို အနီရောင်အလင်းတန်းများဖြင့် လင်းထိန်စေခဲ့သည်။ ဒိုကဲဘီများသည်လည်း စောင့်ဆိုင်းနေခဲ့ကြ သကဲ့သို့ ပေါ်ထွက်လာခဲ့ကြသည်။
[နက္ခတ်တို့ရေ၊ ပျက်စီးခြင်းတွေ ရောက်ရှိလာမယ့် အချိန်ပဲ]
နက္ခတ်အချို့မှာ ကမ္ဘာကြီး ပျက်သုဉ်းသွားပုံကို တည်ငြိမ်သော မျက်နှာထားဖြင့် စောင့်ကြည့်နေကြပြီး အချို့ကမူ စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေခဲ့ကြ၏။ လူတိုင်း၏ ခံစားချက်များမှာ ကွဲပြားခြားနားနေကြသော်လည်း ကမ္ဘာတစ်ခု၏ ပြိုလဲပျက်စီးခြင်းမှာ သူတို့အတွက်တော့ ဖျော်ဖြေရေးတစ်ခုထက် မပိုခဲ့ပေ။
...ကျနော့်အတွက်လည်း ထို့အတူပင် ဖြစ်သည်။ ထိုခဏတွင် ခံစားချက်အမြောက်အမြားက ကျနော့်၏ ခေါင်းကို ရှုပ်ထွေးသွားစေခဲ့သည်။ ဤခံစားချက်များမှာ စားတော်ဆက်အသင်း ကတည်းက စုပုံလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ ကျနော်သည် သိုင်းလောက ကို ဤနေရာမှာတင် စွန့်ပစ်လိုက်မည်ဆိုလျှင် ကျနော်သည်လည်း ထိုသူများနှင့် မည်သို့ ကွာခြားတော့မည်နည်း။
"ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်။ ကျနော်..."
ကျနော်သည် မိမိ၏ အဆင့်အတန်းကို ဆွဲတင်လိုက်ရာ နက္ခတ်များကြားတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် သင်၏ ရွေးချယ်မှုကို မျှော်လင့်တကြီး စောင့်ကြည့်နေပါသည်။]
[နက္ခတ်များစွာသည် သင်၏ တည်ရှိမှုကို အာရုံစိုက်နေကြပါသည်။]
အာရုံစိုက်မှုများမှာ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ဆီမှနေ၍ ကျနော့်ထံသို့ ကူးပြောင်းလာခဲ့သည်။
[မင်းက... ]
အကယ်၍ ကျနော်သည် ပြင်ပနတ်ဘုရား ၏ မျက်စိကျခြင်းကို ခံလိုက်ရလျှင် ကျနော် ဤနေရာမှ ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် က ဤအချက်ကို သိရှိထားသဖြင့် ကျနော့်ကို တားဆီးလိုက်သည်။
"ဒါက နင့်ရဲ့ စစ်မြေပြင် မဟုတ်ဘူး"
"ဒီကမ္ဘာကြီးကို ဒီမှာရှိတဲ့ လူတွေဆီမှာပဲ တားဖို့တာဝန်ကို အပ်ထားခဲ့လိုက်ပါ"
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် အတွက် သိုင်းလောက ဆိုသည်မှာ မည်ကဲ့သို့သော အရာမျိုးဖြစ်သည်ကို ကျနော် မသိချေ။ သိုင်းလောကမှာ ဓါးသူတော်စင်ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ကြသလို တစ်ဖက်တွင်လည်း ဓါးသူတော်စင်ကို ပြိုလဲအောင် ပြုလုပ်ခဲ့ကြသည့် နေရာတစ်ခု ဖြစ်သည်။ သို့သော်လည်း ထိုခဏတွင်တော့ ကောင်းကင်ဖြိုခွင်း ဓါးသူတော်စင်သည် သိုင်းလောက ကို ကာကွယ်ရန် ဆုံးဖြတ်ခဲ့သည်။
[၂၉ ခုမြောက် ဇာတ်ဝင်ခန်း နယ်မြေဖြစ်သော ပထမဆုံးသိုင်းလောက၏ ဇာတ်လမ်းများမှာ စုပုံလာနေပါသည်။]
ထိုအခါတွင် သိုင်းလောက က ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ကို တုံ့ပြန်လာခဲ့သည်။
[၂၉ ခုမြောက် ဇာတ်ဝင်ခန်း နယ်မြေသည် ၎င်း၏ အစောင့်အရှောက်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။]
[ပထမဆုံးသိုင်းလောက သည် 'ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် နမ်ဂွန်မင်းယောင်း' ကို ကြည့်ရှုနေပါသည်။]
[မဟာ 'ဇာတ်လမ်း' ကြီးတစ်ခု ဖြစ်ပေါ်လာနိုင်ချေမှာ အစပြုလာနေပါသည်။]
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်မိသည်။ ဓါးသူတော်စင်အနေဖြင့် ဤစနစ်မက်ဆေ့ချ်မျိုးကို ကြားဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က ကမ္ဘာကြီးကို ဖျက်ဆီးလိုလျှင် ထိုကမ္ဘာကြီးကိုယ်တိုင်က ပျက်စီးခြင်းအပေါ် တုံ့ပြန်လာပေလိမ့်မည်။
「 ဤကမ္ဘာပေါ်တွင် သမိုင်းကြောင်းကို တည်ဆောက်ခဲ့ကြသည့် အရာအားလုံး၌ စိတ်ဆန္ဒတစ်ခုစီ ရှိကြသည်။ 」
ဤနယ်မြေမှာ သိုင်းလောက သားများ၏ သွေး၊ အသား၊ ချွေးနှင့် ကြိုးစားအားထုတ်မှုများဖြင့် တည်ဆောက်ထားသော နယ်မြေတစ်ခု ဖြစ်သည်။ ထိုမြေပြင်ပေါ်တွင် ထွင်းထုထားသော ဇာတ်လမ်းများမှာ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ဆီသို့ စုပြုံရောက်ရှိလာနေခဲ့သည်။ သိုင်းလောက သည် ဓါးသူတော်စင်၏ ခန္ဓာကိုယ်အတွင်း၌ အခြေချလိုက်စဉ်မှာပင် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ထံမှနေ၍ ခန့်ညားထည်ဝါမှုများကို ခံစားလိုက်ရသည်။
မဟာဇာတ်လမ်းကြီးတစ်ခု ဖြစ်ပေါ်လာနိုင်ချေမှာ ပွင့်လန်းလာခြင်း မရှိသေးသကဲ့သို့ မည်သည့်အချိန်တွင် အစပြုလာမည်ကိုလည်း ကျနော် မသိရှိပေ။
သို့သော်လည်း မဟာဇာတ်လမ်းကြီးတစ်ခု ဖြစ်ပေါ်လာနိုင်ချေ ကတော့ ရှိနေလေပြီ။
[ခ ခ ခ ခ]
ရယ်မောသံနှင့် ဆင်တူသော ထူးဆန်းလှသည့် အသံတစ်ခုမှာ မိုးကောင်းကင်ယံမှနေ၍ ယိုဖိတ်ကျလာခဲ့သည်။ နောက်ဆုံးတွင်တော့ နှာမောင်းသဏ္ဍာန် အမျှင်တန်း ငါးခုမှာ မိုးကောင်းကင်မှ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။
မဟာဇာတ်လမ်းကြီး ဖြစ်ပေါ်လာနိုင်ချေမှာ မည်မျှပင် ကြီးမားနေပါစေ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် တစ်ယောက်တည်းနှင့် ပြင်ပနတ်ဘုရား ကို တားဆီးရန်မှာ မဖြစ်နိုင်သောအရာပင် ဖြစ်သည်။ ပြင်ပနတ်ဘုရား များဆိုသည်မှာ အချိန်အကြာကြီး ရှင်သန်လာခဲ့ကြပြီး ထိုကဲ့သို့သော မဟာဇာတ်လမ်းကြီးများကို ရင်ဆိုင်ခဲ့ဖူးကြသည့် သတ္တဝါများ ဖြစ်ကြ၏။ နောက်ထပ် အချိန်ဆွဲနေ၍ မရနိုင်တော့ကြောင်း ဓါးသူတော်စင်မှာ သိရှိထားသဖြင့် အော်ပြောလိုက်သည်။
"အခု ချက်ချင်း သွားတော့"
ထိုအခါတွင် ကျနော့်၏ ခန္ဓာကိုယ်မှာ ကားထဲသို့ တွန်းပို့ခြင်း ခံလိုက်ရသည်။
[ကူးပြောင်းမုခ်ဝ အသက်ဝင်ပါပြီ။]
ယူဂျွန်ဟော့ သည် ယခုမှ သတိပြန်လည်လာခဲ့ပြီး ကားထဲမှ ထွက်ရန် ကြိုးစားခဲ့သော်လည်း အဆင့်-X ဖာရာရီဂီနီ မှာတော့ စတင် ထွက်ခွာနေခဲ့ပြီ ဖြစ်သည်။
အဖြစ်အပျက်မှာ ခဏတာလေးအတွင်းမှာတင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ကျနော်တို့ ကူးပြောင်းမုခ်ဝကို ဖြတ်သန်းသွားခဲ့ကြစဉ်မှာပင် ကောင်းကင်ဖြိုခွင်းသခင် မှာတော့ တိတ်ဆိတ်နေခဲ့သည်။ သိုင်းလောက ၏ ရှုခင်းများမှာ တဖြည်းဖြည်းနှင့် ဝေးကွာသွားခဲ့ပြီး အရာအားလုံးမှာ မှောင်မိုက်ခြင်းများဖြင့် ဖုံးလွှမ်းသွားခဲ့၏။ အသက်ရှင်ကျန်ရစ်သူများ မှာတော့ အချိန်အတော်ကြာသည်အထိ မည်သည့်စကားမျှ မပြောဖြစ်ခဲ့ကြချေ။
[သင်သည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေသို့ ရောက်ရှိပါပြီ။]
[မိစ္ဆာဘုရင် ရွေးချယ်ပွဲရောက်ရန် သုံးရက်သာ လိုတော့သည်။]
အဖြစ်အပျက်များစွာ ဆက်တိုက် ဖြစ်ပျက်ခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။ အဖွဲ့သားများမှာ ပြန်ရောက်လာပြီးနောက်တွင် မည်သည့်စကားမျှ မပြောနိုင်ခဲ့ကြချေ။ ကားစက်သတ်လိုက်ပြီး နောက်တွင်တော့ တိတ်ဆိတ်ခြင်းများသာ ကျန်ရစ်ခဲ့သည်။
"ငါ ခဏလောက် ဆေးလိပ်သွားသောက်ဦးမယ်"
ဟန်မြုံအို က ထွက်သွားခဲ့ပြီး ဂျန်ဟာယောင်း ကတော့ ဒူးပေါ်ကို ခေါင်းမှီထားခဲ့သည်။ ကောင်းကင်ဖြိုခွင်းသခင် ကတော့ တအိအိ ညည်းညူနေခဲ့ပြီး ယူဂျွန်ဟော့ ကတော့…
ချီး။
ဤခရီးစဉ်မှနေ၍ မည်သည့်အရာများ ရရှိခဲ့သလဲဆိုသည်ကို တွေးတောရင်း တည်ငြိမ်စွာဖြင့် ကျနော် အသက်ရှူသွင်းလိုက်မိသည်။
ကျနော် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးမှာ လာမည့် မိစ္ဆာဘုရင် ရွေးချယ်ပွဲအတွက် ဖြစ်သည်။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ကို အပေါင်းအဖော်အဖြစ် စည်းရုံးရန်အတွက် သိုင်းလောက သို့ သွားခဲ့ခြင်း ဖြစ်ပြီး ထိုလုပ်ငန်းစဉ်အတွင်းမှာပင် စားတော်ဆက်အသင်း သို့ သွားရောက်ခဲ့ခြင်း ဖြစ်လေသည်။
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ကို ကျနော်နှင့်အတူ ပြန်လည် ခေါ်ဆောင်လာနိုင်ခြင်း မရှိခဲ့ပေ။ စားတော်ဆက်အသင်း ၏ နက္ခတ်များကိုလည်း ကျနော် မစည်းရုံးနိုင်ခဲ့။ တစ်ခုတည်းသော ရရှိခဲ့သည့် အကျိုးအမြတ်မှာ ယူဂျွန်ဟော့ နှင့် ဂျန်ဟာယောင်း တို့ ပိုမို အားကောင်းလာခဲ့ခြင်း၊ အဆင့်ကျော်လွန်သူ ခွေးတစ်ကောင် ရရှိခဲ့ခြင်းနှင့်…
[ပိုင်ဆိုင်သော ဒင်္ဂါးများ : ၄၈၉၀၈၇၅ ဒင်္ဂါး]
...
[ဒုတိယအကြိမ် ပြင်ဆင်မှု Update ပြီးဆုံးပါပြီ။]
ထိုစနစ်မက်ဆေ့ချ် ပေါ်လာခဲ့သော်လည်း ကျနော်သည် စမတ်ဖုန်းကို ကြည့်ရန် မဝံ့မရဲ ဖြစ်နေခဲ့သည်။ သို့သော်လည်း ကျနော် မြင်တွေ့ရမည့် အကြောင်းအရာများအပေါ် ရွံရှာမိနေပါစေဦးတော့ ကျနော် ကြည့်ကို ကြည့်ရမည် ဖြစ်သည်။
"ကင်ဒေါ့ဂျာ"
ကျနော် မော့ကြည့်လိုက်ရာ ယူဂျွန်ဟော့ က ကျနော့်ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ နှလုံးသားထဲမှ အမျက်ဒေါသများကို ဖတ်ရှုရန် ကျနော် မတတ်နိုင်ခဲ့ချေ။ အကယ်၍ ယူဂျွန်ဟော့ က ကျနော့်ကို ဤနေရာမှာတင် သတ်ရန် ကြိုးစားခဲ့လျှင်ပင် ကျနော့်တွင် ပြောစရာ စကားမရှိပေ။
"အခု ငါတို့ ဘာလုပ်ကြမလဲ"
သူ၏အသံမှာ မည်သည့် ခံစားချက်မျှ မပါဝင်သော အသံမျိုး ဖြစ်သည်။ မသိသာသော ကြောက်ရွံ့မှုကို ကျနော်ခံစားလိုက်ရသဖြင့် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် ကို အသက်သွင်းလိုက်မိသည်။ ထိုသို့ လုပ်ဆောင်လိုက်ပြီးနောက်တွင်တော့ ကျနော် ချက်ချင်းပင် နောင်တရသွားခဲ့သည်။
「… 」
အသက်ရှူကျပ်မတတ် ဖြစ်နေသော ခံစားချက်များကြောင့် ကျနော့် ရင်ဘတ်မှာ မွန်းကျပ်နေခဲ့သည်။ ခံစားနေရသည်က စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်သော ခံစားချက်များ ဖြစ်ကြ၏။ ထိုဝမ်းနည်းကြေကွဲမှုမှာ စကားလုံးများအဖြစ်သို့ ပြောင်းလဲ၍ မရနိုင်လောက်အောင်ပင် နက်ရှိုင်းလှပေသည်။
ယူဂျွန်ဟော့ သည် အရူးတစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူသည် ဤကဲ့သို့ ဖြစ်နေခဲ့သည်မှာ ကြာလောက်ပြီလည်း ဖြစ်လောက်သည်။ ဤအဖြစ်အပျက်က သူ့ကို ပို၍ပင် ယိုယွင်းပျက်စီးသွားစေ ပေတော့မည်။ ပေါက်ကွဲထွက်မလာသော ခံစားချက်များသည် နောက်ထပ်နောက်ပြန်ဆုတ်မှုဆီသို့ ကူးပြောင်းသွားလိမ့်မည် ဖြစ်ပြီး ထိုသို့နောက်ပြန်ဆုတ်မှုက သူ့ကို သေဆုံးခြင်းဆီသို့ ဦးတည်သွားစေပေလိမ့်မည်။ နောက်ပြန်ဆုတ်မှုတွေက သူ့ကို တိုက်စားသွားပြီး အထီးကျန်သွားစေပေလိမ့်မည်။
တတိယအကြိမ်မြောက် နောက်ပြန်ဆုတ်မှု၏ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် မှာ မေ့လျော့ခြင်း ခံရပေလိမ့်မည်။ ကျနော်သည် တုန်ရင်နေသော နှုတ်ခမ်းများကို ဖွင့်လိုက်မိသည်။ ကျနော် တစ်ခုခု ပြောရန် လိုအပ်နေသည်။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် သည် သေချာပေါက် အသက်ရှင်နေလိမ့်မည်ဖြစ်ပြီး သူသည် အသက်ရှင်လျက် ပြန်လာလိမ့်မည်ဟု ပြောရမည်။ သို့သော်လည်း ကျနော် ထိုသို့ မပြောနိုင်ခဲ့ချေ။ ကျနော်သည် tls123 မဟုတ်ပေ။
"ငါတို့ ကြိုးစားကြည့်ရမယ်"
ကျနော် ပြောနိုင်ခဲ့သည်မှာ ထိုမျှသာ ရှိသည်။
"ရုန်းကန်ရမယ်၊ တိုက်ခိုက်ရမယ်၊ ပြီးတော့ အရာအားလုံးကို ပြောင်းလဲပစ်ရမယ်"
ယူဂျွန်ဟော့ က ကားထဲမှ မထွက်ခွာမီ ကျနော့်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။ မမေးမြန်းကြည့်ဘဲနှင့်ပင် ကျနော် သိရှိနေခဲ့သည်။ သူသည် ကိုယ်ပိုင် ပြင်ဆင်မှုများကို လုပ်ဆောင်ရန် ထွက်သွားခြင်း ဖြစ်လောက်ပေမည်။
ဤသူကား ယူဂျွန်ဟော့ ပင် ဖြစ်သည်။ သူသည် မိမိ၏ အသက်ကို စွန့်လွှတ်လိုက်ရပါစေဦးတော့ မိမိ၏ ရည်မှန်းချက်ကိုတော့ လက်လျှော့လေ့ မရှိချေ။ ကြီးမားလှသော စိတ်ပျက်အားငယ်မှုများ ရှိနေပါစေဦးတော့ သူသည် ထိုစိတ်ပျက်အားငယ်မှုများကို ကျော်လွှားရင်း ထပ်ခါထပ်ခါ စိန်ခေါ်နေပေလိမ့်မည်။ ထို့ကြောင့်ပင် သူသည် ရှင်သန်ခဲ့ပြီး ထိုကဲ့သို့ပင် ဆက်လက်၍ ရှင်သန်နေပေလိမ့်မည်။
နောက်ဆုံးတွင်တော့ သူသည် မပျော်မရွှင် ဖြစ်လာပေလိမ့်မည်။ ယူဂျွန်ဟော့ ထွက်သွားပြီးသည်နှင့်တစ်ပြိုင်နက် ကျနော် သူ၏ နှလုံးသားထဲမှ ဖတ်ရှုခဲ့ရသည့် စာကြောင်းတစ်ကြောင်းတည်းသာ ကျနော့်ထံတွင် ကျန်ရစ်ခဲ့သည်။
「 ငါက မင်းနဲ့ မတူဘူး 」
ကျနော်သည် မိမိ၏ စမတ်ဖုန်းကို ဖွင့်လိုက်စဉ်မှာပင် ထိုစာကြောင်းကို ထပ်ခါတလဲလဲ တွေးတောနေမိသည်။ ယူဂျွန်ဟော့ မည်သည့်အရာကို ပြောနေသလဲဆိုသည်ကို ကျနော် သိရှိနေခဲ့သည်။
ပျက်စီးသွားသော ကမ္ဘာကြီးတွင် ရှင်သန်ခြင်း နည်းလမ်းသုံးသွယ် (ဒုတိယအကြိမ် ပြင်ဆင်မှု).txt
ကောင်းကင်ဖြိုခွင်းဓါးသူတော်စင် ၏ သေဆုံးခြင်းကို မှတ်တမ်းတင်ထားပေလိမ့်မည်။ ဤအလှည့်၏ အောင်မြင်မှုကို ရေးသားထားပေလိမ့်မည်။ ပြောင်းလဲသွားသော 'အဆုံးသတ်' ကိုတောင် ရေးသားထားလောက်သည်။
[Fourth Wall သည် မသိမသာ တုန်ခါနေပါသည်။]
ကျနော့်၏ တုန်ရင်နေသော လက်ချောင်းများက မျက်နှာပြင်ကို အကြိမ်ကြိမ် ထိတွေ့နေခဲ့သည်။ ယူဂျွန်ဟော့ ၏ စကားများမှာ နောက်တစ်ကြိမ် ထပ်မံ၍ ပေါ်ပေါက်လာခဲ့သည်။
ထိုမအေဘေးသည် ကျနော့်အကြောင်းကို မည်မျှအထိ သိရှိထားသလဲဆိုသည်ကို ကျနော် မသိချေေ ယူဂျွန်ဟော့ ကို ၁၀ နှစ်ကျော်ကြာ ကျနော်စောင့်ကြည့်လာခဲ့ခြင်းဖြစ်သော်လည်း ယူဂျွန်ဟော့ ကတော့ ကျနော့်ကို သိခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေး။
ဒီမအေဘေးက ငါ့အကြောင်းကို ဘာများ သိနေလို့လဲ…
ဖုန်းမျက်နှာပြင်ကို ကျနော်ပိတ်လိုက်သည်။ မည်သည့်အရာကို ရေးသားထားပါစေ အရေးမကြီးတော့ချေ။ မည်သို့ပင်ဖြစ်စေ ကျနော် ဖန်တီးလိုသော ဇာတ်လမ်းမှာ ထိုအရာထဲတွင် ပါဝင်နေမည် မဟုတ်။
"ဂျန်ဟာယောင်း။ ငါ သိုင်းလောက ကို ကယ်တင်ချင်တယ်"
ဂျန်ဟာယောင်း က ခေါင်းမော့လိုက်စဉ်မှာပင် သူ၏ မျက်လုံးများကို သုတ်လိုက်သည်။ သူ့ကို ကျနော်စိုက်ကြည့်လိုက်ပြီး တဖြည်းဖြည်းနှင့် ပါးစပ်ကိုဖွင့်လိုက်သည်။ ဤအရာက အလုပ်ဖြစ်မဖြစ် ကျနော် မသိချေ။ သို့သော်လည်း မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေခြင်းထက်စာလျှင်တော့ ပို၍ ကောင်းမွန်လောက်ပေမည်။
အုပ်ချုပ်ရေးဌာန၏ ချုပ်နှောင်ရေးစခန်းတွင် အမျိုးမျိုးသော တည်ရှိမှုများ ရှိနေကြသည်။ ချုပ်နှောင်ရေးစခန်းတွင် အဓိကအားဖြင့် 'ဖြစ်နိုင်စွမ်း ညီညွတ်မှု ဆန်းစစ်ခြင်း' ကြောင့် ဖမ်းဆီးခံထားရသော နက္ခတ်များနှင့် အဆင့်ကျော်လွန်သူများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း ဖြစ်နိုင်စွမ်း ချိုးဖောက်ခံရလျှင်ပင် အုပ်ချုပ်ရေးဌာနမှ အဖွဲ့ဝင်တစ်ဦး တိုက်ရိုက် ရောက်ရှိလာခြင်းမှာ ရှားပါးလှပေသည်။ ဖြစ်နိုင်စွမ်းကို အလွန်အကျွံ အသုံးပြုခဲ့ကြသူများမှာ မုန်တိုင်းတစ်ခု၏ ရိုက်ခတ်ခြင်းကို ခံရမည်ဖြစ်ပြီး အာရုံစိုက်မခံရအောင် ရှောင်ရှားရန်မှာ လွယ်ကူလှသည်။
သို့ပေသိ ဤလူ၏ အခြေအနေအတွက်တော့ အုပ်ချုပ်ရေးဌာန အနေဖြင့် ဝင်ရောက် စွက်ဖက်ခဲ့ရသည်။ ဒိုကဲဘီ 'ယောင်ကီ' သည် ဖြစ်နိုင်စွမ်းကွန်ရက်ထဲတွင် ပိတ်မိနေသော မြေပုံကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
"ငါပြောတာကိုနားထောင်စမ်းပါ"
လူသေးသေးလေးက ယောင်ကီ ကို ကြည့်လာခဲ့သည်။ ယောင်ကီသည် ခန့်ညားသော မျက်နှာကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
" အခု မင်းရဲ့ မူလ ဇာတ်ဝင်ခန်း နယ်မြေကို ပြန်သင့်နေပြီ။ မင်းရဲ့ အိမ်က အန္တရာယ်ရှိနေတာ မဟုတ်ဘူးလား"
"…"
"မင်းကြောင့် မင်းရဲ့ နေအဖွဲ့အစည်းက ဇာတ်ဝင်ခန်းကို ဆက်ပြီး မလုပ်ဆောင်နိုင် ဖြစ်နေရတယ်"
လူသေးသေးလေးက ရယ်မောလိုက်သည်။
"ငါ ထွက်သွားတာနဲ့ မင်းတို့က ငြိမ်းချမ်းမြေ ဆီကို 'ကပ်ဘေး' ကို နောက်တစ်ကြိမ် ထပ်လွှတ်ဦးမှာပဲ"
"အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူးလို့ ငါ ပြောပြီးပြီ မဟုတ်လား"
"မင်းရဲ့ စကားတွေကို ငါ မယုံဘူး"
ဟိန်းဟောက်သံကဲ့သို့ ထွက်ပေါ်လာသော ထိုစကားကြောင့် ယောင်ကီ သည် တုန်လှုပ်သွားခဲ့ပြီး နောက်သို့ ဆုတ်လိုက်မိသည်။ ဤသည်မှာ အဆင့်ကျော်လွန်သူများကို ကိုင်တွယ်ရန် ခက်ခဲရခြင်း၏ အကြောင်းအရင်းပင် ဖြစ်သည်။ နက္ခတ်များကို ပြောဆိုလိုက်လျှင် နက္ခတ်များမှာ ချက်ချင်း နားလည်နိုင်ကြသော်လည်း အဆင့်ကျော်လွန်သူများမှာတော့ ခေါင်းမာလှသည့် သာမန်လူသားများ ဖြစ်ကြပြီး တစ်ခါတစ်ရံတွင် ဤကဲ့သို့သော အဓိပ္ပာယ်မရှိသည့် ရှုပ်ထွေးမှုများကို ဖန်တီးတတ်ကြ၏။
ထိုလူက ဆက်၍ ပြောလာခဲ့သည်။
"ငါ စောင့်နေတဲ့ လူတစ်ယောက် ရှိတယ်။ ငါ့ရဲ့ အိမ်ဆီ သူပြန်မလာမချင်း ငါ ဒီမှာပဲ နေမယ်"
"စောင့်နေတာ ဟုတ်လား။ အဲဒါ ဘယ်သူလဲ"
"သူ ရောက်လာတာနဲ့ ငါ့ဘာသာငါ ထွက်သွားပါ့မယ်"
ယောင်ကီ က နောက်တစ်ကြိမ် ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် အကျဉ်းထောင်တံခါး ပွင့်သွားခဲ့ပြီး အကျဉ်းသားအသစ် တစ်ယောက် ပေါ်လာခဲ့သည်။
[ဂါး... မအေဘေး ဒိုကဲဘီတွေ]
ပြင်းထန်လှသော စစ်မှန်သောအသံကြောင့် အကျဉ်းထောင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ယောင်ကီ နှင့် လူသေးသေးလေးတို့မှာ တစ်ပြိုင်နက်တည်း ထိုအသံရှိရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။
ဝင်ပေါက်တွင်တော့ အုပ်ချုပ်ရေးဌာန ဒိုကဲဘီများ၏ ချည်နှောင်ခြင်းကို ခံထားရသော နက္ခတ်တစ်ပါး ဝင်ရောက်လာနေခဲ့သည်။ ထိုနက္ခတ်မှာမှာ အိမ်မြှောင်ပုံသဏ္ဍာန် ရှိသော နက္ခတ်တစ်ပါး ဖြစ်သည်။
[အဲဒီလူယုတ်မာက ငါ့ကို လိမ်သွားတာ။ သူက ငါ့ရဲ့ ဒင်္ဂါးတွေကို ခိုးယူသွားတဲ့သူပဲ။ သူ့ကို မဖမ်းဘဲနဲ့ ဘာလို့ ငါ့ကို လာဖမ်းရတာလဲ]
"တကယ်လို့ ခင်ဗျားသာ အကြွေးဆပ်ဖို့ နည်းလမ်း ရှာမတွေ့နိုင်ရင် ကျနော်တို့ အနေနဲ့ ဇာတ်လမ်းတစ်ခုကို အဓမ္မ သိမ်းယူရလိမ့်မယ်"
ယောင်ကီ သည် အခြေအနေကို အကြမ်းဖျင်း သဘောပေါက်လိုက်သည်။ တစ်ခါတစ်ရံတွင် ဤကဲ့သို့သော အရာများ ဖြစ်ပျက်တတ်ပေသည်။ ထိုနက္ခတ်သည် မတန်တဆ မြင့်မားလှသော ချေးငွေအတိုးကို မဆပ်နိုင်သောကြောင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
နက္ခတ်က ဆက်လက်၍ အော်ဟစ်နေစဉ်မှာပင် ယောင်ကီ က လျှာသပ်နေခဲ့သည်။ ဒိုကဲဘီများမှာ ထိုကဲ့သို့သော ဆူညံပွက်လောရိုက်မှုများကို အသားကျနေခဲ့ကြပြီဖြစ်သော်လည်း လူတစ်ယောက်ကမူ ထိုသို့ မဟုတ်ခဲ့ချေ။
"ပါးစပ်ပိတ်ထားစမ်း"
အေးစက်လှသော ထိုအသံကြောင့် ရဲတင်းသော ရွှံ့နွံသားရဲ က လှည့်ကြည့်လိုက်သည်။
[မင်းက ဘယ်သူလဲ။ လူပေါက်စလေး... ]
ထိုခဏတွင်တော့ 'လူသေးသေးလေး' ၏ ပတ်ပတ်လည်တွင် ကြီးမားလှသော လေစီးကြောင်းတစ်ခု ဝေ့ဝဲသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ မြင့်တက်လာနေသကဲ့သို့ ဖြစ်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပြာလဲ့လဲ့ လျှပ်စီးများက ရစ်ပတ်နေခဲ့သည်။
[ဘာလဲဟ... ဟာ... ]
ရဲတင်းသော ရွှံ့နွံသားရဲ သည် ဇဝေဇဝါ ဖြစ်နေသော အသံကို ထုတ်ဖော်လိုက်မိသည်။ သာမန်လူသား တစ်ယောက်၏ စွမ်းအားက သူ၏ 'အဆင့်အတန်း' အပေါ်သို့ ဖိနှိပ်နေခဲ့သည်။ ဤခံစားချက်က သူ တစ်ခါမျှ မခံစားခဲ့ဖူးသော အရာမျိုး ဖြစ်သည်။
အကျဉ်းထောင်၏ပိုက်ကွန်မှာ ထွက်ပေါ်လာခဲ့သည်။ ဤနေရာအတွက် သတ်မှတ်ထားသော ဖြစ်နိုင်စွမ်းကို ကျော်လွန်သည့် အင်အားတစ်ခုမှာ လူသေးသေးလေးထံမှနေ၍ မြင့်တက်လာနေခဲ့သည်။ ထိတ်လန့်သွားသော ယောင်ကီ နှင့် အခြား ဒိုကဲဘီများမှာ ပိုက်ကွန်၏ စွမ်းအားကို မြှင့်တင်လိုက်ကြသော်လည်း အခြေအနေမှာတော့ ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။
ထိုလူ၏ ခန္ဓာကိုယ်မှာ ပို၍ သေးငယ်သွားခဲ့ပြီး သူသည် ကွန်ရက်ကို 'ဖောက်ထွက်' သွားခဲ့သည်။ ကြီးမားလှသော မုန်တိုင်းမှာ ရဲတင်းသော ရွှံ့နွံသားရဲ ဆီသို့ တရှိန်ထိုး ပြေးဝင်သွားခဲ့သည်။ အဆောက်အအုံတစ်ခုလုံး တုန်ခါသွားခဲ့ပြီး ဖုန်မှုန့်များ ထသွားခဲ့သည်။
[အင့်... အ...]
ရဲတင်းသော ရွှံ့နွံသားရဲ သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ ဒိုကဲဘီ ငါးကောင်မှာ သတ္တိရှိရှိဖြင့် ရှေ့သို့ ပြေးဝင်လာခဲ့ကြပြီး ဖြူပြာရောင် လက်သီး၏ လမ်းကြောင်းကို အားကုန်သုံးကာ လမ်းလွှဲပေးနိုင်ခဲ့သည်။ ထိုလက်သီးကြောင့် ကျန်ရစ်ခဲ့သော ကြောက်မက်ဖွယ်ရာ ဒဏ်ချက်များမှာ နံရံပေါ်တွင် ကျန်ရစ်ခဲ့သည်။ လက်သီးသခင်ကို အပြစ်တင်မည့်အစား ဒိုကဲဘီများမှာ အစီရင်ခံစာတစ်ခုကို အမြန်ဆုံး ရွတ်ပြလိုက်လေသည်။
"ဂုဏ်ယူပါတယ် ရဲတင်းသော ရွှံ့နွံသားရဲ။ ခင်ဗျား လွတ်လပ်သွားပါပြီ"
[ဟမ်... ဘာပြောတယ်]
"ခင်ဗျားကို လွှတ်ပေးဖို့ အမိန့်ကို ကျနော် အခုလေးတင် ရရှိခဲ့ပါတယ်။ တစ်စုံတစ်ယောက်က ခင်ဗျားရဲ့ အကြွေးကို ဆပ်ပေးလိုက်ပါပြီ"
[ဘာ... ဘယ်သူဆပ်ပေးလိုက်တာလဲ]
ရဲတင်းသော ရွှံ့နွံသားရဲ သည် ထိုသတင်းကြောင့် ခုနက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မေ့သွားခဲ့သည်။ ဒိုကဲဘီက အမည်တစ်ခုကို ထုတ်ပြောလိုက်သည့် ခဏတွင်တော့ ကိုင်ရီယော့စ်၏ ခန္ဓာကိုယ်မှာ တုံ့ခနဲ ဖြစ်သွားခဲ့ပြီး ရဲတင်းသော ရွှံ့နွံသားရဲ ကတော့ အံ့အားသင့်နေခဲ့သည်။
[...အဲဒီကောင်က ငါ့ရဲ့ အကြွေးကို ဆပ်ပေးလိုက်တာ ဟုတ်လား]
ထိုခဏတွင်တော့ လျှပ်စစ်ဓာတ် အားဖြည့်ခြင်း၏ ဖြူပြာရောင် လျှပ်စီးများမှာ ဒိုကဲဘီ ဆီသို့ တရှိန်ထိုး ပြေးဝင်သွားခဲ့တော့သည်။ ကိုင်ရီယော့စ် က ဒိုကဲဘီ၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး မေးမြန်းလိုက်သည်။
"စောနက မင်း ဘာပြောလိုက်တာလဲ"
"ဟမ်...ဘာ…ဘာကိုမေးတာလဲ..."
"အခုလေးတင် မင်း ပြောလိုက်တဲ့ နာမည်ပိုင်ရှင်က အခု ဘယ်မှာလဲ"
ထိုဒိုကဲဘီ ပြန် မဖြေနိုင်မီမှာပင် ကိုင်ရီယော့စ် ၏ နားထဲသို့ စနစ်မက်ဆေ့ချ်တစ်ခု ဝင်ရောက်လာခဲ့သည်။ ကိုင်ရီယော့စ် သည် လေထုထဲသို့ ခဏတာမျှ ငေးကြည့်နေခဲ့ပြီးနောက်တွင်တော့ ဒိုကဲဘီများကို ဖြတ်ကျော်ကာ ဝင်ပေါက်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ယောင်ကီ က ရေးကြီးသုတ်ပြာဖြင့်လိုက်သည်။
"ခဏနေပါဦး။ ငါ မင်းကို မလွှတ်ပေးနိုင်ဘူး။ တကယ်လို့ မင်းသာ မင်းရဲ့ အိမ်ဖြစ်တဲ့ ဂြိုဟ်ဆီကို ပြန်သွားရင်—"
"ငါ အိမ်ကို ပြန်မှာ မဟုတ်ဘူး"
ကိုင်ရီယော့စ် ရော့ဒ်ဂရိမ် က အမျက်ဒေါသများ ပြည့်နှက်နေသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"ငါက ငါ့ရဲ့ တပည့်ဆီကို သွားမှာ"
***