ချောင်းနယ်ပယ်အတွင်းရှိ ဂိုဏ်းစွယ်အားလုံး၊ မိသားစုအားလုံးနှင့် အင်အားစုအားလုံးတို့သည် လုရီဖျင် နှင့် လုံချိန်တို့၏ စွမ်းအင်ဖိအားအောက်တွင် တုန်လှုပ်ချောက်ခြားနေကြရသည်။ ၎င်းတို့ထဲတွင် လုမိသားစုဝင် အားလုံးလည်း ပါဝင်ေပသည်။
လုမိသားစု၏ ဘိုးဘေးများဖြစ်ကြသော လုခုံ၊ လုယုံကျီ နှင့် လုပင်း တို့သည်လည်း လုရီဖျင်ထံမှရရှိသည့် စွမ်းအားရိုက်ခတ်မှုကြောင့် မျက်နှာများ ဖြူဖျော့ကာ ခြေဖျားလက်ဖျားများ တောင့်တင်းပြီး အသက်ရှူရန်ပင် ခက်ခဲနေကြသည်။
“ဘယ်လောက်တောင် ကြာသွားပြီလဲ” လုခံုက လုမိသားစုခေါင်းဆောင် လုဂန်းကို တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။ လုရီဖျင်နှင့် လုံချန်းတို့ တိုက်ခိုက်နေသည်မှာ မည်မျှကြာသွားပြီနည်းဟု မေးခြင်းဖြစ်သည်။
“တစ်ရက်နဲ့ တစ်ညရှိေနပါပြီ” ဟု လုဂန်းက ဖြေလိုက်သည်။ သူကိုယ်တိုင်ပင် အချိန်အတိအကျကို မပြောနိုင်သော်လည်း တစ်ရက်နှင့် တစ်ညခန့် ရှိပြီဟု ခန့်မှန်းမိသည်။
ယခင်က လုခံုအနေဖြင့် လုရီဖျင်ကို သတ်ဖြတ်ရန်မှာ အသက်ရှူသေလာက်အချိန်တွင်း ပြီးမြောက်သွားလိမ့်မည်ဟု ၎င်းတို့ ထင်မှတ်ခဲ့ကြသော်လည်း ယခုတိုက်ပွဲသည် တစ်ရက်နှင့် တစ်ညအထိ ကြာမြင့်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ရက်နှင့်ညများ ကုန်ဆုံးသွားသော်လည်း လုရီဖျင်သည် သေဆုံးခြင်းမရှိသည့်အပြင် ပို၍ပင် သန်စွမ်း လန်းဆန်းနေပုံရပြီး တိုက်ပွဲပြင်းထန်လေ ပို၍ရဲရင့်လာလေ ဖြစ်နေခဲ့သည်။
တိုက်ပွဲကြာလာသည်နှင့်အမျှ လုရီဖျင်၏ စွမ်းအင်လှိုင်းများမှာလည်း တဖြည်းဖြည်း မြင့်တက်လာနေေတာ့သည်။
တစ်ရက်နှင့် တစ်ည ကုန်ဆုံးပြီးနောက် လုရီဖျင်၏ အသက်ရှူထုတ်လိုက်သည့် စွမ်းအားမှာပင် ယခင်ကထက် ဆယ်ပုံတစ်ပုံခန့် ပိုမိုအားကောင်းလာခဲ့သည်။
အကြောင်းရင်းမှာ ၎င်းသည် သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့်၏ ဆယ်ပုံတစ်ပုံ ဖြစ်နေသောကြောာင့်ဖြစ်သည်။
တစ်ရက်နှင့် တစ်ည ကြာသွားပြီဟူသော လုဂန်း၏ စကားကို ကြားလိုက်ရသောအခါ လုခုံုနှင့် လုယုံကျီတို့၏ မျက်နှာများမှာ နောက်တစ်ကြိမ် ထပ်မံဖြူဖျော့သွားကြပြန်သည်။
ယခင်က သွေးနတ်ဆိုးဘိုးဘေးသည် လုရီဖျင်ကို မိသားစုထံ ပြန်လည်ခေါ်ယူရန် တိုက်တွန်းခဲ့သော်လည်း ၎င်းတို့က လုရီဖျင်သည် လုံချိန်းနှင့်တိုက်ခိုက်ပါက သေချာပေါက် သေဆံုးသွားလိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။
သို့သော် ယခုအခါ အမှားကြီး မှားသွားကြပြီဖြစ်သည်။
၎င်းတို့၏ နှလုံးသားများ တုန်လှုပ်နေကြပြီး နောင်တများလည်း ရနေကြသည်။
တာအိုဘိုးဘေးနယ်ပယ်နှင့် ယှဉ်နိုင်သော သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့် တစ်ယောက်၏အစွမ်းမှာ မည်မျှပြင်းထန်နေမည်ကို ၎င်းတို့ ကောင်းကောင်းနားလည်ကြသည်။
တာအိုဘိုးဘေးနှင့် အဆင့်တူသည့်် ပါရမီရှင်မျိုးကို ၎င်းတို့ကိုယ်တိုင် မိသားစုမှ နှင်ထုတ်ခဲ့ကြမိလေသည်။
လုယုံကျီက ခက်ခဲစွာဖြင့် ပြောလာခဲ့သည်။ “လုရီဖျင်ကတော့ သေချာပေါက် ရှုံးမှာပါ။ အရှင်လုံချိန်းက သူ့ရဲ့ အစွမ်းထက်ဆုံး နောက်ဆုံးပိတ် လျှို့ဝှက်ချက်ကို မသုံးသေးလို့ ဖြစ်ပါလိမ့်မယ်” သို့သော် ထိုစကားကို သူကိုယ်တိုင်ပင် မယုံကြည်နိုင်ပေ။
တစ်ရက်နှင့် တစ်ည တိုက်ခိုက်နေခဲ့ကြပြီဖြစ်ရာ လုံချိန်းအနေဖြင့် အစွမ်းထက်ဆုံး ပညာရပ်များကို မသုံးဘဲ နေမည်မဟုတ်ေပ။
ပတ်ဝန်းကျင်ရှိလူများ၏ ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုနှင့် ရူးသွပ်မှု အမူအရာမျိုးစုံကြားတွင် လုရီဖျင် နှင့် လုံချိန်းတို့သည် တိုက်ခိုက်ရင်း ရွေ့လျားလာကြရာ ခနအတွင်း စကြဝဠာ၏ အစွန်အဖျား နယ်စပ်သို့ ရောက်ရှိလာခဲ့ကြသည်။
ထိုတိုက်ပွဲအပြီးတွင် ချောင်းလောကသည် လူနှစ်ဦး၏ စွမ်းအားဒဏ်ကြောင့် ပျက်စီးယိုယွင်းသွားမည်ဖြစ်သည်။
လုံချိန်း၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေခဲ့ပြီဖြစ်သည်။
သူသည် လူရီဖင်ကို စိုက်ကြည့်နေမိပြီး အတွေးမျိုးစုံဝင်နေခဲ့သည်။ သူသည် တာအိုဘိုးဘေးတစ်ဦး ဖြစ်ပါလျက် တစ်ရက်နှင့် တစ်ည တိုက်ခိုက်ပြီးသည်တိုင် သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်တစ်ယောက်ကို မသတ်နိုင်သေးပေ။
လုရိိဖျင်အား ပြင်းထန်သော ဒဏ်ရာရအောင်ပင် မလုပ်နိုင်ခဲ့ချေ။
လုရီဖျင်၏ ခန္ဓာကိုယ် ပြန်လည်ကုသနိုင်စွမ်းမှာ သူ၏ တာအိုဘိုးဘေး ခန္ဓာကိုယ်ထက်ပင် မနိမ့်ကျကြောင်း သူ တွေ့ရှိလိုက်ရသည်။
သူတော်စင်ဧကရာဇ်ဘုရင်တစ်ယောက်၏ ခန္ဓာကိုယ် ပြန်လည်ကုသနိုင်စွမ်းသည် တာအိုဘိုးဘေးတစ်ယောက်နှင့် ရင်ပေါင်တန်းနိုင်နေခြင်းမှာ မယုံနိုင်စရာ ဖြစ်သော်လည်း ၎င်းက အမှန်တရားပင် ဖြစ်သည်။
စကြဝဠာ နယ်စပ်ရှိ တစ်နေရာတွင် လုံချိန်းနှင့် လုရီဖျင်တို့ ရပ်တန့်လိုက်ကြသည်။ လုံချိန်းက လုရီဖျင်ကို အေးစက်စွာ စိုက်ကြည့်ရင်း “မင်းဆီမှာ ကမ္ဘာဦးအဆင့် ကျင့်စဉ်နှစ်မျိုးထိတောင် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး” ဟု ပြောလိုက်သည်။
တစ်ခုမှာ ကံကောင်းခြင်း ကျောက်စိမ်းပြားမှ ဆင်းသက်လာသော ထာဝရရှင်သန်ခြင်းကျင့်စဉ် ဖြစ်ပြီး အခြားတစ်ခုမှာ ကမ္ဘာဦးသစ်ပင်မှ ရရှိေသာ မသေဆုံးနိုင်သည့် ကောင်းကင်သစ်သားကျင့်စဉ်ပင် ဖြစ်သည်။
ထာဝရရှင်သန်းခြင်းကျင့်စဉ် ကြောင့် လုရီဖျင်၏ ပြန်လည်ကုသနိုင်စွမ်းမှာ လုံချိန်း၏ တာအိုခန္ဓာကိုယ်ထက် မနိမ့်ကျတော့ပေ။ ထို့ပြင် မသေဆံုးနိုင်ေသာ ကောင်းကင်သစ်သားကျင့်စဉ် နှင့်အတူ ချောင်းခေါင်းလောင်း၊ ကမ္ဘာဦးသစ်ပင် နှင့် ရွှမ်ဟွမ်းကျောက်မျက်တာဝါတို့ ပေါင်းစပ်လိုက်သောအခါ လုရီဖျင်၏ ခုခံနိုင်စွမ်းမှာလည်း လုံချိန်း၏ တာအိုခန္ဓာကိုယ်ထက် မလျော့တော့ပေ။
ထို့ကြောင့်ပင် တစ်ရက်နှင့် တစ်ည တိုက်ခိုက်ပြီးသည့်တိုင် လုံချိန်းအနေဖြင့် လုရီဖျင်ကို အနိုင်ယူရန် နည်းလမ်းမရှိ ဖြစ်နေရခြင်း ဖြစ်သည်။
“ငါ့ေကြာင့်မဟုတ်ဘဲ မင်းရဲ့ တာအိုခန္ဓာကိုယ်က သိပ်ကို အားနည်းလွန်းနေလို့ဘဲ” ဟု လုရီဖျင်က ပြောလိုက်သည်။
လုံချိန်းသည် တာအိုဘိုးဘေးတစ်ဦး ဖြစ်သော်လည်း သူ၏ တာအိုခန္ဓာကိုယ်မှာမူ သိပ်ပြီး ကြံ့ခိုင်မှုမရှိပေ။
တာအိုခန္ဓာကိုယ် အမျိုးအစားပေါင်း သုံးထောင်ရှိသည့်အနက် လုံချိန်း၏ တာအိုခန္ဓာကိုယ်မှာ ထိပ်တန်း အဆင့် တစ်ထောင်အတွင်းသို့ပင် မဝင်နိုင်ချေ။
မိမိ၏ တာအိုခန္ဓာကိုယ်အား အားနည်းသည်ဟု လုရီဖျင်မှ ပြောလိုက်သောအခါ လုံချိန်း၏ မျက်နှာမှာ ပို၍ပင် မှောင်မည်း သွားခဲ့သည်။
ထိုအချက်မှာ သူ၏ တစ်သက်တာ နောင်တရစရာ စော်ကားမှုပင်ဖြစ်သည်။ ယခင်က တာအိုဘိုးဘေးနယ်ပယ်သို့ အမြန်တက်လှမ်းလိုစိတ် ပြင်းပြခဲ့သောကြောင့် သူတော်စင်ဧကရာဇ်ဘုရင်အဆင့်တွင် အခြေခံကို ခိုင်မာအောင် မလုပ်ဆောင်နိုင်ခဲ့ဘဲ တာအိုဘိုးဘေးအဖြစ်သို့ ကူးပြောင်းခဲ့သဖြင့် တာအိုခန္ဓာကိုယ်မှာ သန်စွမ်းမှုမရှိခြင်း ဖြစ်သည်။
လုရီဖျင်သည်လည်း ထပ်မံစကားမဆိုတော့ဘဲ ရှေ့သို့ ပြေးဝင်ကာ လုံချိန်းနှင့် ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။
ယခုတစ်ကြိမ်တွင်မူ သူသည် လုံချိန်းနှင့် တိုက်ပွဲကို အသုံးချ၍ သူ၏ သူတော်စင်ဧကရာဇ်ဘုရင် စွမ်းအားနှင့် တာအိုတရားများကို သွေးယူရန် ရည်ရွယ်ထားခဲ့သည်။
ထိုနည်းလမ်းဖြင့်သူ၏ ကျင့်စဉ်တက်လှမ်းမှုမှာ အလွန်မြန်ဆန်လွန်းလာခဲ့သည်။ သူတော်စင်ဧကရာဇ်ဘုရင်စွမ်းအားမှာ သန့်စင်သော်လည်း သူ၏ လိုအပ်ချက်ကိုမူ မပြည့်မီသေးပေ။ လုံချိန်းနှင့် တိုက်ခိုက်ခြင်းဖြင့် သူ၏ စွမ်းအားများကို ပိုမိုသိပ်သည်း ခိုင်မာလာအောင် ပြုလုပ်နေခြင်းဖြစ်သည်။
ထိုအခြေေနသည် တစ်ရက်နှင့် တစ်ညအကြာ၌ သူ၏ စွမ်းအင်လှိုင်းများ ပိုမိုအားကောင်းလာရခြင်း၏ အကြောင်းရင်း ဖြစ်သည်။
လုံချိန်းသည်လည်း လုရီဖျင်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားခဲ့သည်။ လုရီဖျင်သည် မိမိကို အသုံးချ၍ သူ၏ စွမ်းအားကို လေ့ကျင့်နေသည်ဟု တွေးမိသောအခါ လုံချိန်းမှာ ပို၍ပင် ဒေါသထွက်လာခဲ့သည်။
ယခုတိုက်ပွဲတွင် လုရီဖျင်ကို မသတ်နိုင်ရုံသာမက လုရီဖျင်၏ အစွမ်းထက်လာအောင်ပင် ကူညီပေးနေသကဲ့သို့ ဖြစ်နေခဲ့သည်။
လုံချိန်းသည် သူ၏ စွမ်းအားကို မြှင့်တင်လိုက်သော်လည်း သူ မည်သို့ပင် ကြိုးစားစေ လုရီဖျင်အား ထိခိုက်သွားေစခြင်းမရှိေပ။ ထိုသို့ဖြင့်ပင် နောက်ထပ် တစ်ရက်နှင့် တစ်ည ကုန်ဆုံးသွားခဲ့ပြန်သည်။
လုံချိန်းသည် ရပ်တန့်လိုက်ပြီး လုရီဖျင်ကို ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ “ငါ မင်းကို အထင်သေးမိသွားပုံဘဲ” ဟု ဆိုလိုက်သည်။
လုရီဖျင်က ခေါင်းခါယမ်းလိုက်ပြီး “မဟုတ်ဘူး၊ မင်းက မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာ” ဟု ပြန်ပြောလိုက်သည်။
လုံချိန်း၏ မျက်နှာမှာ ရှက်စိတ်ကြောင့် နီရဲသွားခဲ့ပြီး အမူအရာ အမျိုးမျိုး ပြောင်းလဲသွားကာ နောက်ဆုံးတွင် သက်ပြင်းချရင်း “ငါ့တပည့်တွေ ဘယ်မှာလဲ” ဟု မေးလိုက်သည်။
လုရီဖျင်က လုံချိန်းကို ကြည့်လိုက်သည်။
“ငါ့တပည့် သုံးယောက်ကို လွှတ်ပေးလိုက်ပါ” ဟု လုံချိန်းက ဆိုလိုက်သည်။ “ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်ကြရအောင်” သူသည် လုရီဖျင်ကို မသတ်နိုင်တော့ကြောင်း သိသွားပြီ ဖြစ်သည်။
လုရီဖျင်သည် လုံချိန်းကို စိုက်ကြည့်ပြီးနောက် လက်ချောင်းကို တစ်ချက်ခါလိုက်ရာ ချမ်လင်းချောင်၊ လူကျန်း နှင့် ဒုလီတို့ လွတ်မြောက်လာခဲ့သည်။ ၎င်းတို့သုံးဦးကို ကမ္ဘာဦးသစ်ပင်မှ ဝါးမြိုခြင်း မရှိသေးသဖြင့် ၎င်းတို့၏ ကျင့်စဉ်အဆင့်အတန်းများမှာ ပျက်စီးခြင်းမရှိဘဲ ကျန်ရှိနေသေးသည်။
မိမိ၏ တပည့်သုံးဦးမှာ ကျင့်စဉ်မပျက်စီးသေးသည်ကို မြင်သောအခါ လုံချိန်း၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး ဘာမှထပ်မပြောတော့ပေ။ သူသည် စွမ်းအားတစ်ခုကို ထုတ်လွှတ်ကာ တပည့်သုံးဦးကို ရစ်ပတ်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။
လုံချိန်း ထွက်ခွာသွားပြီးနောက် လုရီဖျင်သည် မိမိပတ်ဝန်းကျင်တွင် အားကောင်းသော ခံစစ်အစီအရင်တစ်ခုကို တည်ဆောက်ပြီး ထိုနေရာ၌ပင် တရားထိုင် ကျင့်ကြံခြင်း ပြုလုပ်လိုက်သည်။ ယခုတစ်ကြိမ် လုံချိန်းနှင့် တိုက်ခိုက်မှု၌ သူ့အတွက် အကျိုးကျေးဇူး များစွာရရှိခဲ့သည်။ ယခင်က နားမလည်ခဲ့သော အရာအချို့ကို သဘောပေါက်သွားခဲ့ပြီး ၎င်းတို့ကို ပြန်လည်တည်ငြိမ်အောင် ပြုလုပ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။
လုရီဖျင် ကျင့်ကြံနေစဉ်အတွင်း လုံချိန်းနှင့် လုရီဖျင်တို့၏ တိုက်ပွဲရလဒ်မှာ ချောင်းလောက တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ရာ တစ်လောကလုံး အံ့ဩတုန်လှုပ်ကာ ဆွေးနွေးသံများဆူညံသွားခဲ့သည်။
“လုရီဖျင်က ချောင်းဘုရင်ကို မရှုံးဘဲ တိုက်ခိုက်နိုင်ခဲ့တဲ့ ပထမဆုံးလူဘဲ”
“သူက သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ် အဆင့်ပဲ ရှိသေးတာမလား ။ တကယ်လို့ တာအိုဘိုးဘေး အဆင့်ကိုသာ ချိုးဖောက်တက်လှမ်းနိုင်ရင် သူ ဘယ်လောက်တောင် အစွမ်းထက်လာမလဲ”
“လုမိသားစုက တာအိုဘိုးဘေးတစ်ယောက်ကို တကယ်ပဲ နှင်ထုတ်လိုက်တာလား။ လုခံုတော့ နောင်တတွေ ရနေလောက်ပြီ။ အခုချိန် ပြာယာနေလောက်ပြီ”
“ပြာယာရံုတင် မဟုတ်ဘူး၊ ငါ့အထင်တော့ သူ သိပ်ကြောက်သွားလို့ ဆီးတောင် ထွက်ကျနေလောက်ပြီ” ဟူ၍ လမ်းမထက်တွင် လူတိုင်းသည် လုရီဖျင်နှင့် လုံချိန်းတို့အကြောင်းကိုသာ ပြောဆိုနေခဲ့ကြသည်။
အစောပိုင်းအချိန်တွင် လုရီဖျင်သည် လုမိသားစုသို့ ပြန်သွားခဲ့ပြီး သူ၏ ညီမဖြစ်သူ လုကျီချင်းကို ဘေးကင်းသော တောင်ကြားတစ်ခုတွင် ထားခဲ့ေလသည်။ လုကျီချင်းသည်လည်း သူမ၏ အစ်ကိုနှင့် လုံချိန်းတို့၏ တိုက်ပွဲရလဒ်ကို ကြားသိခဲ့ရသည်။
သူမသည် လုရီဖျင် ပေးထားသော သူတော်စင်ဓားကို ဆုပ်ကိုင်ထားရင်း မျက်ရည်ဝဲလျက် “အစ်ကိုကြီး...” ဟု တိုးတိုးလေး ခေါ်လိုက်မိသည်။
ထိုသို့ဖြင့် အချိန်ကာလများ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့သည်။
ထိုအချိန်တွင် စကြဝဠာ၏ အစွန်အဖျားတစ်နေရာ၌ လုရီဖျင်သည် သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး အစီအရင်ကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် ခဏတာ စဉ်းစားပြီးနောက် မိစ္ဆာမျိုးနွယ်စုရှိရာ ဒေသသို့ ပျံသန်းထွက်ခွာသွားခဲ့သည်။
ထာဝရကုန်သွယ်ရေးအသင်းမှ ဖန့်ဒံုယွမ်သည် စကြဝဠာ၏ မိစ္ဆာနယ်မြေအတွင်းတွင် ကံကောင်းခြင်း ကျောက်စိမ်းပြားကို ရှာတွေ့ထားခဲ့သည်။
ယခုအခါ သူသည် ကျောက်စိမ်းပြား ၂၁ ခုကို စုဆောင်းမိထားပြီဖြစ်ပြီး ပြီးပြည့်စုံရန် ၃ ခုသာ ကျန်ရှိတော့သည်။
အကယ်၍ သူသည် ကောင်းကင်ဘုံကျောက်ပြား ၂၄ ခုစလုံးကို စုဆောင်းနိုင်ပြီး စကြဝဠာတစ်ခုလုံး၏ တာအိုတရား အမျိုးပေါင်း သုံးထောင်ကို နားလည်သဘောပေါက်သွားပါက၊ တာအိုဘိုးဘေးနယ်ပယ်သို့ ချိုးဖောက်တက်လှမ်းသည့်အခါ တာအိုခန္ဓာကိုယ် သုံးထောင်အနက် အစွမ်းထက်ဆုံး တာအိုခန္ဓာကိုယ်ကို ပထမဆုံးပိုင်ဆိုင်သည့် ပုဂ္ဂိုလ်ဖြစ်လာမည်မှာ သေချာပေသည်။
***