ချောင်းလောကသည် ကျယ်ပြောလှပြီး စကြဝဠာနယ်စပ်သည်လည်း ထိုထက်မသေးပေ၊ ပို၍ပင် ကျယ်ပြောနိုင်ေပသည်။ ချောင်းလေထု၏ လွှမ်းမိုးမှုကြောင့် စကြဝဠာနယ်စပ်၏ နေထိုင်မှုအခြေအနေမှာ ချောင်းကမ္ဘာထက် ပိုမိုဆိုးရွားနေခြင်းဖြစ်ပြီး ထို့ကြောင့်ပင် ၎င်းကို စကြဝဠာနယ်စပ်ဟု စုပေါင်းခေါ်ဆိုကြခြင်းဖြစ်သည်။
တောင်ရိုင်းမြို့မှ တောင်ဘက်သို့ ဦးတည်သွားလျှင် တောင်တန်းများ၊ သစ်တောများနှင့် သမုဒ္ဒရာများကို ဖြတ်ကျော်ပြီးနောက် မိစ္ဆာမျိုးနွယ်စုတို့၏ နယ်မြေသို့ ရောက်ရှိမည်ဖြစ်သည်။
အဆုံးအစမရှိ ကျယ်ပြောလှသော မိစ္ဆာနယ်မြေကို ဖြတ်ကျော်ပြီး တောင်ဘက်သို့ ဆက်သွားပါက စကြဝဠာ၏ အဆုံးသတ်သို့ ရောက်ရှိပေလိမ့်မည်။
အချို့သည်လည်း ပန့်ကူး၏ ကမ္ဘာသစ်ဖန်တီးမှု အဆုံးသတ်သို့ ရောက်ရှိနိုင်ပါက ပန့်ကူး၏ အမွေအနှစ်များကို ရရှိနိုင်သည်ဟု ဆိုထားကြသည်။ ယခုချိန်ထိ ပိုင်ဆိုင်သူမရှိသေးဘဲ ၎င်းမှာ ဒဏ္ဍာရီတစ်ခုအဖြစ်သာ ရှိနေဆဲဖြစ်သည်။
လုရီဖျင်သည် အေးအေးလူလူ လျှောက်လှမ်းနေသော်လည်း ခြေတစ်လှမ်းတိုင်းမှာ တောင်တန်းနှင့် မြစ်ပေါင်း ထောင်ချီကို ဖြတ်ကျော်နေခဲ့သည်။
တောင်ရိုင်းမြို့မှ မိစ္ဆာနယ်မြေအထိ တာအို ပညာရှင်တစ်ဦး အစွမ်းကုန်ပျံသန်းလျှင်ပင် တစ်လ သို့မဟုတ် နှစ်လခန့် ကြာမြင့်နိုင်သော်လည်း လုရီဖျင်အတွက်မူ မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။
လုရီဖျင်၏ လက်ရှိအရှိန်မှာ လုံချိန်းကဲ့သို့သော တာအိုဘိုးဘေးတစ်ဦးထက်ပင် မနိမ့်ကျတော့ပေ။
လုရီဖျင်သည် မိစ္ဆာနယ်မြေသို့ ချဉ်းကပ်လာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီးကြားရှိ မိစ္ဆာစွမ်းအင်များမှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ထိုမိစ္ဆာစွမ်းအင်များသည် သာမန်မိစ္ဆာစွမ်းအင်များမဟုတ်ဘဲ မိစ္ဆာဓာတ်ခံပါရှိသည့် စွမ်းအင်များဖြစ်သည်။ သာမန်လူသား ကျင့်ကြံသူများသည် ထိုစွမ်းအင်အောက်တွင် ကျင့်ကြံမိပါက ခဏအတွင်း မိစ္ဆာအဖြစ်သို့ ကူးပြောင်းသွားပေလိမ့်မည်။
လူသားမျိုးနွယ်မှ အစွမ်းထက်သူများပင်လျှင် သူတော်စင်အဆင့် မဟုတ်ပါက မိစ္ဆာနယ်မြေထဲတွင် အချိန်ကြာမြင့်စွာ မနေထိုင်နိုင်ကြပေ။
မိနစ်အနည်းငယ်အကြာတွင် လုရီဖျင်သည် မိစ္ဆာနယ်မြေသို့ ရောက်ရှိလာခဲ့သည်။
မိစ္ဆာနယ်မြေသို့ ရောက်သောအခါ မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် လုရ္ဖျင်သည် သူ၏လူသားအသွင်ကို ဖျောက်ကွယ်လိုက်ပြီး ခန္ဓာကိုယ်ပတ်လည်တွင် မိစ္ဆာစွမ်းအင်များ စီးဆင်းစေကာ အစွမ်းထက်သော မိစ္ဆာသူတော်စင်တစ်ဦးအဖြစ် အသွင်ပြောင်းလိုက်သည်။
မိစ္ဆာနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် မိစ္ဆာမျိုးနွယ်စုမှ အစွမ်းထက်သူများသည် လုရီဖျင်၏ ကိုယ်ပေါ်မှ မိစ္ဆာသူတော်စင် အရှိန်အဝါကို အာရုံခံမိကြပြီး ထိတ်လန့်တကြားဖြစ်ကာ လမ်းဖယ်ပေး၍ အရိုအသေပြုခဲ့ကြလေသည်။
လုရီဖျင်သည်လည်း မိစ္ဆာနယ်မြေ၏ ဗဟိုချက်ဆီသို့ ဦးတည်သွားလိုက်သည်။
ဖန့်ဒံုယွမ်၏ ကံကောင်းခြင်း ကျောက်စိမ်းပြားကို မိစ္ဆာနယ်မြေ၏ ဗဟိုပိုင်းရှိ ကြာနက် မြစ် ဟုခေါ်သော နေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကြာနက် မြစ်သည် မိစ္ဆာများအတွက် အလွန်အန္တရာယ်များသော နေရာတစ်ခုဖြစ်သည်။ ၎င်းကို တစ်နှစ်ပတ်လုံး အနက်ရောင် အေးစက်သော လေထုများက ဖုံးလွှမ်းထားပြီး သာမန်မိစ္ဆာများမှာ အနားသို့ပင် မချဉ်းကပ်နိုင်ကြပေ။
လမ်းခရီးတွင် အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ လုရီဖျင်သည် ကြာနက် မြစ်သို့ ရောက်ရှိလာခဲ့သည်။
ကြာနက် မြစ်ဟု ခေါ်ရခြင်းမှာ ထိုမြစ်ထဲတွင် ကြာနက် များ ပေါက်ရောက်နေခြင်းကြောင့်ဖြစ်သည်။ ထိုကြာနက် များတွင် အလွန်ပြင်းထန်သော အဆိပ်အတောက်များ ရှိကြသည်။
ကြာနက် မြစ်တွင် အလွန်အဆိပ်ပြင်းသော ကြာနက် များ ပေါက်ရောက်နေခဲ့ပြီး အံ့သြဖွယ် အေးစက်သောလေထုများ ဖုံးလွှမ်းနေသော်လည်း မိစ္ဆာအစွမ်းထက်သူများသည် ထိုမြစ်သို့ မပြတ်မကွက် လာရောက်နေကြဆဲဖြစ်သည်။
အကြောင်းမှာ ကြာနက်၏
ကြာစေ့များသည် အဖိုးတန်လှသော မိစ္ဆာဆေးလုံးများ ဖော်စပ်ရာတွင် အဓိကပါဝင်ပစ္စည်းတစ်ခု ဖြစ်သောကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့် နေ့စဉ်နေ့တိုင်း မိစ္ဆာမျိုးနွယ်စုမှ အစွမ်းထက်သူ ထောင်ပေါင်းများစွာသည် ကြာနက် မြစ်သို့ လာရောက်ကြလေသည်။ ကြာနက်၏ ကြာစေ့မှာ အလွန်အဖိုးတန်လှသော်လည်း နေ့စဉ်လာရောက်သူ ထောင်ချီရှိနေသောကြောင့် ၎င်းကို ရရှိရန်မှာမူ မလွယ်ကူလှပေ။
သူေတာ်စင်ဧကရာဇ်ဘုရင်အဆင့်ရှိသူပင်လျှင် အေးခဲသွားနိုင်ပြီး အကယ်၍ ထိုအေးစက်သော ရေစီးကြောင်းနှင့် တိုးမိပါက သေဆုံးသွားနိုင်ပေသည်။
ထို့ကြောင့် နေ့စဉ်နေ့တိုင်း ကြာနက်၏ ကြာစေ့ကို အမှန်တကယ် ရရှိနိုင်သူမှာ မိစ္ဆာအစွမ်းထက်သူ အနည်းငယ်မျှသာ ရှိလေသည်။
လာရောက်သူ အများစုထဲတွင် ပွဲကြည့်ပရိသတ်အဖြစ် အပျော်သဘော လာရောက်ကြခြင်းသာ ဖြစ်သည်။
လုရီဖျင်သည် ကြာနက် မြစ်သို့ ရောက်ရှိလာချိန်တွင် မြစ်ကမ်းနဖူး၌ မိစ္ဆာအစွမ်းထက်သူ အုပ်စုကြီး တစ်စုရှိနေခဲ့သည်။
"သခင်လေး ကျီလျန်းကတော့ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ၊ ဒီနေ့အတွက် စတုတ္ထမြောက် ကြာနက်ကြာစေ့ကို ခူးဆွတ်နိုင်ခဲ့ပြီတဲ့၊ ပြီးတော့ အားလုံးကလည်း နှစ်သန်းပေါင်း ဆယ်ချီသက်တမ်းရှိတဲ့ အဆင့်တွေချည်းပဲ"
"ကြာနက်ကြာစေ့ကို ရသွားတာလား"
"နှစ်သန်းပေါင်း တစ်ရာသက်တမ်းရှိတာလား"
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။
"ကြည့်ကြစမ်း၊ သခင်လေး ကျီလျန်း ပြန်လာပြီ" ဟု လူအုပ်ထဲမှ တစ်ယောက်က ပြောလိုက်ရာ လုရီဖျင်သည် လူတိုင်း၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သောအခါ ကြာနက် မြစ်၏ အနက်ရှိုင်းဆုံးနေရာမှ ပျံသန်းထွက်ပေါ်လာသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုသူမှာ ခရမ်းရောင်ဆံပင်နှင့် ခရမ်းရောင်မျက်ခုံးရှိသော လူငယ်တစ်ဦးဖြစ်သည်။
ထိုသူ၏ ခွန်အားမှာ မနိမ့်လှပေ။ သူတော်စင်ဧကရဇ်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေပြီး အချိန်မရွေး တာအိုဘိုးဘေးနယ်ပယ်သို့ တက်လှမ်းနိုင်သည့် အခြေအနေဖြစ်သည်။
သို့သော် ထိုသူ၏ ဝတ်စုံကို မြင်လိုက်ရသောအခါ လုရီဖျင်၏ စိတ်ထဲတွင် တစ်ခုခုကို သတိပြုမိသွားသည်။ သူဝတ်ဆင်ထားသည်မှာ မိစ္ဆာမျိုးနွယ်စု၏ သွေးမိစ္ဆာဂိုဏ်းမှ လူတစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်။
ယခင်က လုရီဖျင် သတ်ဖြတ်ခဲ့သော ယင်ဖုန်း သည် မိစ္ဆာဘိုးဘေး လော့ဟူ၏ စစ်သူကြီးဖြစ်ကာ သူ၏ နောက်ထပ် အမှတ်အသားတစ်ခုမှာလည်း သွေးမိစ္ဆာဂိုဏ်း ကို တည်ထောင်သူဖြစ်ကြောင်း ပြသနေခဲ့သည်။
ထိုစဉ် ရုတ်တရက်ဆိုသလိုပင် ကြာနက် မြစ်၏ မျက်နှာပြင်ပေါ်တွင် အံ့သြဖွယ်ကောင်းသော အေးစက်သည့် ရေစီးကြောင်းတစ်ခု ပေါ်ထွက်လာပြီး ပြင်းထန်သည့် မုန်တိုင်းကဲ့သို့ ကျီလျန်းဆီသို့ ဝေ့ဝိုက်တိုက်ခတ်သွားေလသည်။
ကမ်းစပ်ရှိ လူတိုင်းမှာ ထိုထိတ်လန့်ဖွယ် အအေးဓာတ်လှိုင်းကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားကြသည်။
"အစ်ကိုကြီး သတိထား…." ဟု ကမ်းစပ်ရှိ ချောမောလှပသော အမျိုးသမီးတစ်ဦးက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
ထိုအေးစက်လှသော ရေစီးကြောင်းမှာ ကျီလျန်းကို အေးခဲပစ်တော့မည့် အချိန်၌ ရုတ်တရက် ကျီလျန်း၏ တစ်ကိုယ်လုံးမှ မိစ္ဆာမီးလျှံများ တဟုန်းဟုန်း တောက်လောင်လာပြီး ခန္ဓာကိုယ်ကို ဝေ့ဝိုက်လှုပ်ရှားလိုက်ရာ နောက်ကွယ်တွင် ပုံရိပ်ယောင်ပေါင်း ထောင်ချီ ပေါ်ထွက်လာေတာ့သည်။ ထို့နောက် ထိုပုံရိပ်ယောင်များမှာ တစ်ခုနှင့်တစ်ခု ထပ်တူကျသွားခဲ့ပြီး အေးစက်သော ရေစီးကြောင်းထဲမှ လွတ်မြောက်သွားလေသည်။
ထို့နောက် ကျီလျန်းသည် ကမ်းစပ်ရှိ လုရီဖျင် ရပ်နေသော ဘက်သို့ ခုန်ပျံဝင်ရောက်လာခဲ့သည်။
လုရီဖျင်၏ အနားတွင်ရှိသော မိစ္ဆာအစွမ်းထက်သူများသည် ကျီလျန်းအတွက် နေရာဖယ်ပေးရန် တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြသည်။
သို့သော် လုရီဖျင် တစ်ယောက်သာလျှင် တုပ်တုပ်မျှမလှုပ်ဘဲ ရပ်မြဲအတိုင်း ရပ်နေခဲ့သည်။
ကျီလျန်းသည် ၎င်းကိုမြင်သောအခါ မျက်နှာပျက်သွားပြီး ကမ်းစပ်သို့ ခုန်ဆင်းလိုက်စဉ် ရုတ်တရက် လုရီဖျင်ကို လက်သီးဖြင့် ထိုးနှက်လိုက်ပြီး "ဖယ်စမ်း" ဟု ဟိန်းဟောက်လိုက်သည်။ သူတော်စင်စွမ်းအား များ လိမ့်တက်လာပြီး မိစ္ဆာများအသွင်သို့ ပြောင်းလဲသွားသည်။
လုရီဖျင်မှာမူ ထိုလက်သီးချက်ကို မတုန့်ပြန်ခဲ့ပေ။ သူ၏တစ်ကိုယ်လုံးရှိ မိစ္ဆာအလင်းတန်းများသာ မြင့်တက်လာခဲ့သည်။
တစ်ဖက်လူ၏ လက်သီးသည် လုရီဖျင်၏ ပတ်လည်ရှိ မိစ္ဆာအလင်းတန်းကို ရိုက်မိသွားပြီးနောက် ထိုသူမှာ အရှိန်ပြင်းစွာဖြင့် လွင့်ထွက်သွားလေတော့သည်။
ကမ်းစပ်သို့ ပြန်ခုန်ဆင်းရန် ပြင်နေသော ကျီလျန်းသည် လုရိဖျင်၏ မိစ္ဆာအလင်းတန်းကြောင့် တုန်ခါသွားကာ ကြာနက် မြစ်၏ အနက်ရှိုင်းဆုံးနေရာသို့ ပြန်လည်လွင့်ထွက်သွားပြီး နောက်ဆုံးတွင် ထူထပ်လှသော အအေးဓာတ်လှိုင်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ထိုနောက် ကြာနက်မြစ်၏ အထက်တွင် သွေးမြူတိမ်များသာ အချိန်အတော်ကြာအောင် ဝေ့ဝဲနေခဲ့သည်။အခြေနမှာ မြန်ဆန်လွန်းသဖြင့် ကမ်းစပ်ရှိ လူတိုင်းမှာ ကြောင်အမ်းသွားကြသည်။
အချိန်အတော်ကြာသည်အထိ မည်သူမျှ သတိမဝင်နိုင်ကြပေ။
ထိုချောမောလှပသော အမျိုးသမီးငယ်လေးမှာလည်း မျက်နှာတွင် အုံဩသော အမူအရာဖြင့် မှင်တက်ကာ ကျန်ရစ်ခဲ့ရသည်။
လုရီဖျင်သည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီးေနာက် ထူထပ်သော အအေးဓာတ်များကို ဖြတ်ကျော်ကာ ကြာနက် မြစ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် သူ၏ပုံရိပ်မှာ အအေးဓာတ်များကြားတွင် မကြာမီ ပျောက်ကွယ်သွားလေသည်။
"သူေတာ်စင်ဧကရာဇ်အဆင့် အစွမ်းထက်သူလား"
လုရီဖျင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသော မိစ္ဆာတစ်ဦးမှာ လည်ချောင်းများ ခြောက်ကပ်ကာ တုန်တုန်ယင်ယင်ဖြင့် ရေရွတ်လိုက်မိသည်။
ချောမောသော အမျိုးသမီးငယ်မှာ သတိဝင်လာပြီး ကြာနက်မြစ်ဆီသို့ ကြည့်ကာ "အစ်ကိုကြီး…." ဟု အော်ဟစ်လိုက်သည်။
သို့သော် အချိန်အတော်ကြာသည့်တိုင် မည်သူမျှ ပြန်မထူးခဲ့ဘဲ ကျီလျန်း၏ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။ လူတိုင်းလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"သခင်လေး ကျီလျန်းက ဒီတိုင်းပဲ သေသွားပြီလား" ဟု မိစ္ဆာအစွမ်းထက်သူတစ်ဦးက ပြောလိုက်သော်လည်း သူကိုယ်တိုင်ပင် ထိုစကားကို အတည်မပြုရဲပေ။
ကျီလျန်းသည် မိစ္ဆာမျိုးနွယ်စု၏ မျိုးဆက်တွင် အထူးချွန်ဆုံး ပါရမီရှင်တစ်ဦးဖြစ်သည်။ မိစ္ဆာမျိုးနွယ်မှ သူေတာ်စင်ဧကရာဇ်ဘုရင် အများအပြားသည် ကျီလျန်းမှာ နှစ်ပေါင်းတစ်သောင်းအတွင်း သူေတာ်စင်ဧကရာဇ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ပြီး မိစ္ဆာမျိုးနွယ်စု သမိုင်းတလျှောက် အသက်အငယ်ဆုံး သန့်ရှင်းသောဘုရင် ဖြစ်လာလိမ့်မည်ဟု အခိုင်အမာ ပြောဆိုထားကြသည်။
သို့သော် ယခုအခါ မိစ္ဆာမျိုးနွယ်စုသမိုင်းတွင် အသက်အငယ်ဆုံး အစွမ်းထက်သူ ဖြစ်လာမည့် ထိုသူမှာ ယခုကဲ့သို့ အေးစက်စွာ အဆုံးသတ်သွားရတော့သည်။
ထိုအမျိုးသမီးငယ်မှာ ကျီလျန်း၏ ဆရာတူညီမလေး မန်လုဖြစ်ပြီး သွေးမိစ္ဆာဂိုဏ်း၏ သူတော်စင်တစ်ဦးလည်း ဖြစ်သည်။ ကျီလျန်းထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိတော့သည်ကို မြင်သောအခါ သူမ၏မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး ထိုနေရာမှ ထွက်ခွာသွားတော့သည်။ သူမသည် သွေးမိစ္ဆာဂိုဏ်းမှ အစွမ်းထက်သူများကို သွားရောက်ခေါ်ဆောင်လာမည်မှာ ထင်ရှားလှသည်။
မန်လု ကောင်းကင်သို့ ပျံတက်သွားသည်ကို ကြည့်ရင်း မိစ္ဆာတစ်ဦးက "ဒါက စစ်ပွဲတစ်ခု ဖြစ်လာတော့မှာလား" ဟု ရေရွတ်လိုက်မိသည်။
ကျီလျန်းသည် သွေးမိစ္ဆာဂိုဏ်းမှ အစွမ်းကုန် မွေးမြူထားသော ပါရမီရှင်ဖြစ်ပြီး နှစ်ပေါင်းတစ်သောင်းအတွင်း သူေတာ်စင်ဧကရာဇ်ဘုရင် ဖြစ်လာမည့်သူဖြစ်သည်။ အနာဂတ်တွင် သွေးမိစ္ဆာဂိုဏ်း၏ ဘိုးဘေး ယင်ဖုန်းကိုပင် ကျော်လွန်ကာ အထွတ်အထိပ် အစွမ်းထက်သူ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခံထားရသူလည်း ဖြစ်သည်။ အမှန်တကယ်ပင် သွေးမိစ္ဆာဂိုဏ်းမှ ဘိုးဘေးများသာ ကျီလျန်း၏ မတော်တဆမှုကို သိရှိသွားပါက သူတို့ မည်မျှအထိ ဒေါသထွက်သွားမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
သူေတာ်စင်ဧကရာဇ်ဘုရင်များအားလုံး တစ်ပြိုင်နက် ရောက်ရှိလာနိုင်ပေသည်။
မကြာမီမှာပင် ကျီလျန်းသည် ကြာနက် မြစ်ထဲတွင် လျှို့ဝှက်ဆန်းပြားသော လူငယ်တစ်ဦး၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံရပြီး မြစ်၏ အနက်ရှိုင်းဆုံးနေရာသို့ ကျသွားကာ သေခြင်းရှင်ခြင်း မသိရတော့ကြောင်း သတင်းများ ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းကြောင့် မိစ္ဆာနယ်မြေတစ်ခုလုံး တုန်လှုပ်သွားလေသည်။
မန်လု သွေးမိစ္ဆာဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် မကြာမီမှာပင် သွေးမိစ္ဆာဂိုဏ်း၏ ဗဟိုခန်းမဆောင်မှ လူရိပ်ပေါင်း ဆယ်ဂဏန်းကျော် ပျံတက်လာပြီး ကြာနက်မြစ်ဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြလေတော့သည်။
***