လုယီဖျင်သည် ပြင်ပတွင် ဖြစ်ပျက်နေသည်ကို မသိရှိခဲ့ပေ။ သူသည် ကြာနက် မြစ်အတွင်းသို့ ဝင်ရောက်ပြီးနောက် မြစ်၏ အနက်ရှိုင်းဆုံးနေရာများဆီသို့သာ ဦးတည်ပျံသန်းသွားခဲ့သည်။
ကြာနက် မြစ်အတွင်းတွင် တည်ရှိမှုနယ်ပယ် များစွာရှိပြီး နယ်ပယ်တစ်ခုချင်းစီမှာ ကမ္ဘာတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ ထို့ကြောင့် လုရီဖျင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက်ပင် မြစ်၏အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိရန် အတော်ပင် အားစိုက်ထုတ်ရလေသည်။
မြစ်၏အတွင်းပိုင်းသို့ ရောက်လေ အေးစက်သောလေထုမှာ ပိုမိုပြင်းထန်လာလေဖြစ်သည်။ ကြာနက် မြစ်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းတွင် အအေးဓာတ်များမှာ အရည်အသွင်ကဲ့သို့ပင် ကူးပြောင်းနေပြီး အနက်ရောင်မှင်ရည်များကဲ့သို့ ဟင်းလင်းပြင်ထဲတွင် ဝေ့ဝဲနေကြသည်။
တာအိုပညာရှင် တစ်ဦးပင်လျှင် ထိုကဲ့သို့ မှင်ရည် ပင်ကိုယ်အအေးဓာတ် ရှေ့မှောက်တွင် မလှုပ်ရှားနိုင်တော့ပေ။ ထို့အပြင် ယခုနေရာတွင် တားမြစ်ချက်အတားအဆီးများမှာလည်း နေရာအနှံ့ရှိနေပြီး အစွမ်းမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။ တာအိုသူတော်စင် တစ်ဦးပင် မှားယွင်းထိမိပါက အပြင်းအထန် ဒဏ်ရာရရှိနိုင်ပေသည်။
လုရီဖျင်သည် ဆက်လက်၍ အနက်ရှိုင်းဆုံးဆီသို့ အဆက်မပြတ် ပျံသန်းသွားခဲ့သည်။
နောက်ဆုံးတွင် အအေးဓာတ်မှာ ခဲသွားသည်အထိ အစွမ်းထက်လာခဲ့သည်။ အစွမ်းထက်လှသော သူတော်စင်ဧကရာဇ်ဘုရင် ပင်လျှင် ခဲနေသော အအေးဓာတ်ကို မချိုးဖျက်နိုင်တော့ပေ။
လုရီဖျင်အတွက်ပင် အနည်းငယ် အားစိုက်ထုတ်လိုက်ရသည်။
ထိုအအေးဓာတ်၏ ခုခံမှုမှာ ပိုမိုကြီးမားလာကာ အအေးဓာတ်မှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။
လုရီဖျင်တွင် ရွှမ်ဟွမ်း ကျောက်မျက်တာဝါ၏ ကိုးရောင်ခြည် အကာအကွယ် ရှိနေသော်လည်း အအေးဓာတ်၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို ခံစားနေရဆဲဖြစ်သည်။ အကယ်၍ သူ့တွင် တာဝါနှင့် ချောင်းခေါင်းလောင်းသာ မရှိပါက သူသည်လည်း အခက်တွေ့ပေလိမ့်မည်။
ခဏမျှ လျှောက်လှမ်းပြီးနောက် လုရီဖျင်သည် ရှေ့တွင် ခဲနေသော အနက်ရောင်အအေးဓာတ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ "ဒီကြာနက် မြစ်ထဲမှာ တခြား ကံကောင်းခြင်း ကျောက်ပြားစိမ်းတွေ မရှိတော့ဘူးလား" ဟု တွေးတောမိခဲ့သည်။
သူသည် ယခုအခါ မြစ်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်လုနီးပါး ဖြစ်နေသော်လည်း သူ၏ကိုယ်တွင်းရှိ ကျောက်ပြားမှာ မည်သည့်တုံ့ပြန်မှုမျှ မရှိသေးပေ။ အကယ်၍ တခြားကျောက်ပြားရှိပါက တုံ့ပြန်မှု ရှိရမည်ဖြစ်သည်။
သို့သော် လုရီဖျင်သည် ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ အနက်ရှိုင်းဆုံးနေရာနှင့် မဝေးတော့သဖြင့် အဆုံးထိ သွားကြည့်ရန်သာ စိတ်ပိုင်းဖြတ်လိုက်သည်။
ထို့ကြောင့် သူသည် မီးတာအိုလမ်းစဉ်ကို အသုံးပြုကာ ရှေ့မှ ခဲနေသော အအေးဓာတ်များကို လောင်ကျွမ်းစေပြီး ဆက်လက်လျှောက်လှမ်းခဲ့သည်။ ခဏအကြာတွင် ရုတ်တရက် သူ၏ကိုယ်တွင်းရှိ ကံကောင်းခြင်းကျောက်စိမ်းပြားမှာ တုန်ခါလာခဲ့သည်။
လုရီဖျင်သည် ခဏမျှ မှင်တက်သွားပြီးနောက် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။
ကံကောင်းခြင်း ကျောက်စိမ်းပြားသည် တုန်ခါလာပြီး လုရီဖျင်သည်လည်း ရှေ့သို့ ခြေလှမ်းအနည်းငယ် ထပ်တိုးလိုက်သည်။ ရုတ်တရက် ရှေ့ရှိ ခဲနေသော အအေးဓာတ်များမှာ တစ်ခုခုသည် ရေခဲအား ဖောက်ထွက်တော့မည့်အလား တုန်ခါလာခဲ့သည်။
မကြာမီ ပင့်ကူအိမ်ကြီးကဲ့သို့ အက်ကြောင်းများ ပေါ်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းပိုင်းအပြတ်ပြတ် ကွဲထွက်သွားလေသည်။
ထို့နောက် အရာတစ်ခုမှာ ဟင်းလင်းပြင်ထဲမှ ပျံထွက်လာခဲ့ေလသည်။
၎င်းမှာ ကံကောင်းခြင်း ကျောက်စိမ်းပြား ပင် ဖြစ်သည်။ လုရီဖျင်သည် လက်ကိုဆန့်ထုတ်ကာ ထိုကျောက်စိမ်းပြားကို ဖမ်းယူလိုက်သည်။ ကြာနက် မြစ်၏ အအေးဓာတ်မှာ အံ့သြဖွယ်ကောင်းလောက်အောင် ပြင်းထန်သော်လည်း ထိုကျောက်စိမ်းပြားမှာမူ နွေးထွေးပြီး စိုပြည်နေလေသည်။
လုရီဖျင်သည် သူ၏လက်ထဲရှိ ကံကောင်းခြင်း ကျောက်စိမ်းပြားမှ ထွက်ပေါ်နေသော အလင်းရောင်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။ ခဏအကြာတွင် နောက်ထပ် တစ်ချပ်ကို စုစည်းနိုင်ခဲ့ပြီဖြစ်သည်။ ယခင်ရှိထားသော ကျောက်စိမ်းပြားများနှင့်ပေါင်းလျှင် ယခုအခါ သူ၏လက်ထဲတွင် ကံကောင်းခြင်း ကျောက်စိမ်းပြား ၂၂ ချပ် ရှိနေပြီဖြစ်သည်။ အားလုံးပြည့်စုံရန် ၂ ချပ် သာ ကျန်ရှိတော့သည်။
လုရီဖျင်သည် ထိုကျောက်စိမ်းပြားကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းကာ ထိုနေရာမှာပင် စတင်ကျင့်ကြံ လိုက်ေတာ့သည်။ ခဏအကြာတွင် ထိုကျောက်စိမ်းပြားကို အောင်မြင်စွာ ကျင့်ကြံပြီးနောက် ကြာနက် မြစ်၏ အနက်ရှိုင်းဆုံးနေရာများသို့ ဆက်လက်လျှောက်လှမ်း စူးစမ်းရှာဖွေခဲ့သည်။
လုရီဖျင် ခဏသာလမ်းလျှောက်ခဲ့ရပြီး ရုတ်တရက် သူ၏ကိုယ်တွင်းရှိ ကျောက်စိမ်းပြားမှာ နောက်တစ်ကြိမ် ထပ်မံတုန်ခါလာခဲ့ပြန်သည်။ လုရီဖျင်မှာ အံ့အားသင့်သွားပြီးနောက် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။
မူလက ဒုတိယမြောက် ကျောက်စိမ်းပြားကို ထပ်တွေ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော် ကြာနက် မြစ်ထဲတွင် နောက်ထပ်တစ်ချပ် ရှိနေလိမ့်မည်ဟု သူ အထင်မထားခဲ့မိပေ။
လုရီဖျင်သည် အသက်ကို ရှူသွင်းလိုက်ပြီး ရှေ့သို့ ဆက်လက်ေလျှာက်လှမ်းခဲ့သည်။ မကြာမီ ရှေ့မှ အနက်ရောင်လေထုများ ကွဲအက်သွားခဲ့ပြီး ကြာနက်မြစ်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းမှ အခြား ကျောက်စိမ်းပြားတစ်ချပ် ပျံထွက်လာကာ လုယီဖျင်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူ၏ရှေ့မှ ၂၃ ချပ်မြောက် ကံကောင်းခြင်း ကျောက်စိမ်းပြားကို ကြည့်ရင်း လုရီဖျင်သည် သူ၏စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်တော့ပေ။
အားလုံးပြည့်စုံသွားရန် နောက်ဆုံးတစ်ချပ်သာ ကျန်ရှိကာ ထိုအချိန်ကျလျှင် သူ၏ ကံကောင်းခြင်း ကျောက်စိမ်းပြားများ အလုံးစုံ ပြည့်စုံသွားပေလိမ့်မည်။
သူသည် ကံကောင်းခြင်း ကျောက်စိမ်းပြားနှင့်အတူ မွေးဖွားလာသူဖြစ်ပြီး ကျောက်စိမ်းပြား ၂၄ ချပ် လုံးကိုသာ စုစည်းနိုင်ပါက သူ၏ အမှတ်အသား နှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို အဖြေရှာနိုင်လိမ့်မည်ဟု သူ ခံစားနေမိသည်။
ခဏအကြာတွင် လုရီဖျင်သည် ထိုင်ချလိုက်ပြီး ၂၃ ချပ်မြောက် ကျောက်စိမ်းပြားကို စတင်ကျင့်ကြံခဲ့သည်။ မကြာမီမှာပင် သူသည် ထိုကျောက်စိမ်းပြားကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။
လုရီဖျင် ထရပ်လိုက်ပြီးနောက် ကြာနက် မြစ်၏ အနက်ရှိုင်းဆုံးနေရာသို့ လှည့်ကြည့်လိုက်သည်။ နောက်ဆုံး ကျောက်စိမ်းပြားတစ်ချပ် ကျန်ရှိတော့သဖြင့် နောက်ဆုံးတစ်ချပ်သည်လည်း ကြာနက်မြစ်ထဲမှာပင် ရှိနေမလားဟု တွေးမိခဲ့သည်။
ခဏအကြာတွင် လုရီဖျင်သည် ကြာနက် မြစ်၏ အဆုံးသတ်ဆီသို့ တစ်လှမ်းချင်း ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။
သို့သော် လုရီဖျင်သည် ကြာနက် မြစ်၏ အဆုံးထိ ရောက်သွားသော်လည်း သူ၏ခန္ဓာကိုယ်အတွင်းမှ မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ပေ။
နောက်ဆုံး ကျောက်စိမ်းပြားမှာ ဤကြာနက်မြစ်ထဲတွင် မရှိတော့ကြောင်း သိလိုက်ရသည်။
ထိုအခြေနေတွင် လုရီဖျင်သည် စိတ်ပျက်သွားမှုကို မထိန်းနိုင်ခဲ့ပေ။
နောက်ဆုံး ကျောက်စိမ်းပြားကို မတွေ့ရှိခဲ့သော်လည်း လုရီဖျင်သည် ခရမ်းရွှေရောင် အလင်းတန်းများ ဖြာထွက်နေသော ကြာနက် ကြာစေ့အချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုကြာစေ့အချို့မှာ ကမ္ဘာဦးကာလကတည်းက တည်ရှိနေခဲ့ေလသည်။
လွန်ခဲ့သော နှစ်သန်းပေါင်း တစ်ရာ ရှေးဦးကာလအချိန်ဖြစ်သည့် နှစ်သန်းပေါင်း တစ်ထောင် ကမ္ဘာဦးကာလဖြစ်သည်။ ထို့ကြောင့် ထိုကြာနက်နှင့် ကြာစေ့များသည် အနည်းဆုံး သက်တမ်း နှစ်သန်းပေါင်း တစ်ထောင်ရှိနေပြီ ဖြစ်သည်။
လုရီဖျင်သည် ထိုကြာစေ့များကို သိမ်းဆည်းလိုက်ပြီး ကြာနက် မြစ်၏ အနက်ရှိုင်းဆုံးနေရာမှ အပြင်ဘက်သို့ ပြန်လည်ထွက်ခွာလာခဲ့လေသည်။
ကြာနက် မြစ်၏ အနက်ရှိုင်းဆုံးနေရာသို့ အပြင်ဘက်မှ ဝင်ရောက်ရန်မှာ ခက်ခဲလှသော်လည်း အနက်ရှိုင်းဆုံးနေရာမှ ပြန်လည်ထွက်ခွာလာရန်မှာမူ ပိုမိုလွယ်ကူလှပေသည်။
မကြာမီမှာပင် လုရီဖျင်သည် အေးခဲနေသော ဧရိယာထဲမှ ထွက်ခွာလာနိုင်ခဲ့သည်။
သို့သော် လုရီဖျင်သည် ကြာနက်မြစ်အတွင်းမှ ချက်ချင်းထွက်ခွာရန် အစီအစဉ်မရှိပေ။ သူသည် အသစ်ရရှိထားသော ကံကောင်းခြင်း ကျောက်စိမ်းပြားများအတွင်းရှိ တာအိုတရားများကို ဤထိုနေရာ၌ပင် ဆက်လက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။
ယခင်က လုံချိန်းထံမှ ရရှိခဲ့သော ကျောက်စိမ်းပြားထဲရှိ တာအိုလမ်းစဉ်များကို လေ့လာရန် အချိန်မရခဲ့ပေ။ ယခု ရရှိထားသော ကျောက်စိမ်းပြားနှစ်ချပ်နှင့် ပေါင်းစပ်ပြီးနောက် စုစုပေါင်း ကျောက်ပြား သုံးချပ် ဖြစ်လာခဲ့သည်။ ထိုကျောက်ပြား သုံးချပ်ထဲတွင် မဟာတာအိုလမ်းစဉ်ပေါင်း ကိုးဆယ်ကိုးသွယ် ပါရှိသည်။
လုရီဖျင်သည် မဟာတာအိုလမ်းစဉ် ကိုးဆယ်ကိုးသွယ်ကို နားလည်သဘောပေါက်သွားပါက သူ တတ်မြောက်ထားသော မဟာတာအိုလမ်းစဉ် စုစုပေါင်းမှာ ၂,၉၉၉ သွယ် အထိ ရှိလာပေလိမ့်မည်။
လုရီဖျင်သည် ကြာနက်မြစ်၏ အနက်ရှိုင်းဆုံးနေရာတွင် အစွမ်းထက်သော အစီရင်ခံအချို့ကို ချမှတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်လျက် ကျောက်စိမ်းပြား သုံးချပ်ထဲရှိ တာအိုလမ်းစဉ် ကိုးဆယ်ကိုးသွယ်ကို စတင်လေ့လာ ကျင့်ကြံလေတော့သည်။
လုရီဖျင် တစ်ယောက် ကြာနက် မြစ်အတွင်း၌ တာအိုလမ်းစဉ်တရားများကို ကျင့်ကြံနေစဉ်မှာပင် ကောင်းကင်ယံကို ဖြတ်သန်းကာ ရောက်ရှိလာသော လူရိပ် ဆယ်ဂဏန်းကျော်မှာ ကြာနက်မြစ်ကမ်းသို့ ဆင်းသက်လာခဲ့သည်။
ထိုလူ ဆယ်ဂဏန်းကျော်မှာ တစ်ဦးချင်းစီတိုင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြပြီး အားလုံးမှာ သွေးမိစ္ဆာဂိုဏ်းမှ ဘိုးဘေးများဖြစ်သလို အစွမ်းထက်သော သူတော်စင်များလည်း ဖြစ်ကြသည်။
ယခုတစ်ကြိမ် ကျီလျန်း မတော်တဆဖြစ်မှုတွင် သွေးမိစ္ဆာဂိုဏ်း၏ ဘိုးဘေးများမှာ ဘိုးဘေး တစ်ဦးတည်းကိုသာ ဂိုဏ်းတွင် စောင့်ရှောက်ရန် ချန်ထားခဲ့ပြီး ကျန်ရှိသူများအားလုံး ထွက်လာခဲ့ကြခြင်း ဖြစ်သည်။
ယင်းယွီရောက်ရှိလာပြီးနောက် ကြာနက် မြစ်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူသည် ယင်ဖုန်း၏ ညီဖြစ်ပြီး သွေးမိစ္ဆာဂိုဏ်းတွင် ဒုတိယအစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ သူတော်စင်ဧကရာဇ် စွမ်းအားမှာ တိုက်ပွဲစွမ်းရည် ကုဋေတစ်ထောင် အထိ ရောက်ရှိနေပြီး သူ၏ခွန်အားမှာ ယင်ဖုန်းပြီးလျှင် အမြင့်ဆုံးဖြစ်သည်။
"အရင်ဆုံး ကျီလျန်းကို ရှာကြ" ဟု ယင်းယွီက အမိန့်ပေးလိုက်သည်။ "ကျီလျန်းကို ရှာပြီးတာနဲ့ အပြာရောင်ဝတ်စုံနဲ့ ကောင်ကိုပါ ရှာကြ"
ထိုသို့ပြောပြီးသည်နှင့် သူသည် ကြာနက် မြစ်၏ အအေးဓာတ်လှိုင်းများကို ဖြတ်ကျော်ကာ မြစ်အတွင်းသို့ ပထမဆုံး ဝင်ရောက်သွားခဲ့သည်။
ကျန်ရှိသော သွေးမိစ္ဆာဂိုဏ်း ဘိုးဘေးများသည်လည်း နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။
ကျီလျန်း၏ ဖြစ်ရပ်ကြောင့် အရပ်မျက်နှာအသီးသီးမှ မိစ္ဆာအစွမ်းထက်သူများမှာ ကြာနက် မြစ်သို့ ပိုမိုရောက်ရှိလာကြပြီး ယခုအခါ မြစ်အနီးတွင် လူပေါင်း သိန်းချီ၍ စုဝေးနေကြပြီ ဖြစ်သည်။
ယင်းယွီနှင့် သွေးမိစ္ဆာဘိုးဘေးများ မြစ်အတွင်းသို့ ဝင်ရောက်သွားသည်ကို လူအုပ်ကြီးက မြင်လိုက်ရသောအခါ ဆူညံသွားကြသည်။
"ဒီတစ်ခါတော့ သခင်ကြီး ယင်းယွီ ကိုယ်တိုင်တောင် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး"
"အခု သခင်လေး ကျီလျန်း ဘယ်လိုနေမလဲ မသိဘူး…"
"ပြောရခက်တယ်၊ ကြာနက် မြစ်ရဲ့ အအေးဓာတ်က ကြောက်စရာကောင်းလွန်းတယ်၊ သခင်လေး ကျီလျန်းကလည်း ဒဏ်ရာအပြင်းအထန် ရထားတာဆိုတော့ ကံကောင်းပြီးအသက်ရှင်ဖို့ကတော့ ခဲယဉ်းလိမ့်မယ်"
လုရီဖျင်သည် တာအိုလမ်းစဉ် ၂,၉၉၉ သွယ်အထိ ကျင့်ကြံဖို့ ကြိုးစားနေချိန်၌ သွေးမိစ္ဆာဂိုဏ်းမှ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ယင်းယွီကိုယ်တိုင် ရောက်ရှိလာခဲ့သည်။
***