အဆုံးသတ်တွင် လုရီဖျင်သည် ကမ္ဘာဦးသစ်ပင်ကို ထုတ်ယူလိုက်ပြီး သစ်ပင်၏ တာအိုအင်းကွက် များကို အသုံးပြုလိုက်သည်။ ကမ္ဘာဦးသစ်ပင်၏ သန်းပေါင်းများစွာသော သစ်ရွက်များမှ တာအိုအင်းကွက်များသည် ကောင်းကင်ယံမှ ရွှေရောင်ပန်းပွင့်များသဖွယ် လွင့်ပျံကျလာတော့သည်။
ထိုသို့ လွင့်ပျံလာသော တာအိုအင်းကွက်များသည် ကျောက်စိမ်းသေတ္တာအတွင်းသို့ ဆက်တိုက် စီးဝင်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းသေတ္တာမှ အလင်းတန်းများ တုန်ခါသွားခဲ့ေလသည်။ ကမ္ဘာဦးသစ်ပင်၏ တာအိုအင်းကွက်များအောက်တွင် သေတ္တာအတွင်းရှိ တားမြစ်ချက်များသည် တစ်လွှာပြီးတစ်လွှာ ထိုးဖောက်ခံရပြီး တစ်လွှာပြီးတစ်လွှာလည်း ပေါက်ပြဲသွားတော့သည်။
လုရီဖျင်သည် မိမိပတ်ဝန်းကျင်တွင် အချိန်နှင့် ဟင်းလင်းပြင် မဟာအစီအမံကို ချမှတ်ထားသဖြင့် ကျောက်စိမ်းသေတ္တာ၏ တုန်ခါမှုများကို မိစ္ဆာစွမ်းအားရှင်များ အာရုံစိုက်မှု မရရှိခဲ့ပေ။
ကျောက်စိမ်းသေတ္တာ၏ တားမြစ်ချက်များ လုံးဝပျက်စီးတော့မည့်အချိန်မှာပင် ခန်းမသို့ပြန်လာနေသည့် လော့ဟူသည် တစ်ခုခုထူးခြားနေသည်ကို ရုတ်တရက် သတိပြုမိသွားပြီး ဒေါသတကြီး ကြုံးဝါးလိုက်သည်
"ဘယ်လောက်တောင် ရဲတင်းတဲ့လုပ်ရပ်လဲ"
သူ၏ ကျင့်ကြံဆောင်အတွင်းသို့ ဝင်ရောက်ကာ ပစ္စည်းခိုးယူရဲသူ ရှိနေသည်ကို သိရှိသွားခဲ့သည်။
လော့ဟူ၏ ဒေါသတကြီး အော်ဟစ်သံမှာ ချောင်း မိုးကြိုးသံကြီး မြည်ဟည်းသွားသကဲ့သို့ မိစ္ဆာနန်းတော်နှင့် ဘိုးဘေးမိစ္ဆာမြို့တော်အတွင်းရှိ မိစ္ဆာစွမ်းအားရှင်များအားလုံးပင် ထိတ်လန့်တုန်လှုပ်သွားကြပြီး မျက်နှာများ ဖြူေဖျာ့ကုန်သည်။ လူတိုင်းသည် လော့ဟူရှိရာဘက်သို့ အံ့သြတကြီး ကြည့်လိုက်ကြရင်း တုန်ယင်နေကြတော့သည်။
မိစ္ဆာဘိုးဘေးကို ယခုမျှအထိ ဒေါသထွက်အောင် လုပ်နိုင်သူမှာ မည်သူဖြစ်သည်ကို သိချင်နေခဲ့သည်။
ချက်ချင်းပင် မိစ္ဆာနန်းတော်အတွင်းရှိ ရေတွက်မရနိုင်သော မိစ္ဆာစွမ်းအားရှင်များသည် ကောင်းကင်ယံသို့ ပျံတက်လာပြီး ထိုအသံကြားရာဘက်သို့ အပြေးအလွှား ထွက်လာကြတော့သည်။
လော့ဟူသည် ဒေါသတကြီး အော်ဟစ်ပြီးနောက် နန်းဆောင်ကို လက်ဝါးဖြင့် ရုတ်တရက် ရိုက်ချလိုက်သည်။ ထိုခဏ၌ မိစ္ဆာလှိုင်းလုံးများသည် ကောင်းကင်ယံသို့ လွင့်တက်သွားပြီး သန်းပေါင်းများစွာသော နတ်ဘုရားများနှင့် မိစ္ဆာများ၏ ဟိန်းဟောက်သံများမှာ မြေပြင်နှင့် ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့ပြီး လောကကြီးတစ်ခုလုံး ပျက်စီးတော့မည့်အတိုင်းပင်ဖြစ်နေခဲ့သည်။
မိစ္ဆာတို့၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် မိစ္ဆာနန်းတော်၊ ဘိုးဘေးမိစ္ဆာမြို့တော်နှင့် အနီးအနားရှိ မြို့များသည် ချက်ချင်း မှောင်အတိကျသွားပြီး လောကကြီးတစ်ခုလုံး ကြောက်မက်ဖွယ် အနက်ရောင် ချောက်ကမ်းပါးထဲ ကျဆင်းသွားသကဲ့သို့ ဖြစ်သွားခဲ့ရသည်။
လုရီဖျင်သည် ကမ္ဘာဦးသစ်ပင်ကို ထိန်းချုပ်ကာ ကျောက်စိမ်းသေတ္တာကို ဆက်လက်တိုက်ခိုက်နေပြီး ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ ဦးခေါင်းထက်တွင် ၁၉ ဧကရှိသော ချင်းယွမ်တိမ်တိုက် ထွက်ပေါ်လာေတာ့သည်။
၎င်းမှာ လုရီဖျင်၏ အစွမ်းကုန်ထုတ်သုံးလိုက်သော လက်သီးချက်ပင် ဖြစ်သည်။ ၁၉ ဘီလီယံရှိသော သူတော်စင်ဧကရာဇ်ဘုရင်၏ စွမ်းအားနှင့် တာအိုလမ်းစဉ်ပေါင်း ၂,၉၉၉ ခု၏ စွမ်းအားတို့ ပေါင်းစပ်ကာ လော့ဟူ၏ လက်ဝါးချက်နှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားတော့သည်။
ဝုန်း….*
ပေါက်ကွဲသံကြီးမှာ မိုင်ပေါင်းထောင်ချီအထိ မြည်ဟည်းသွားခဲ့သည်။ မိစ္ဆာနန်းတော်နှင့် ဝေးကွာသော မြို့များမှပင် ထိုအသံကြီးကို ကြားလိုက်ရသည်။ မြေကမ္ဘာကြီးမှာ တုန်ခါနေပြီး ကောင်းကင်ယံတွင်လည်း တိမ်မဲများ ပြည့်နှက်သွားခဲ့သည်။
ကြောက်မက်ဖွယ် စွမ်းအားများ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများသည် တစ်ကျော့ပြီးတစ်ကျော့ ပျံ့နှံ့သွားတော့သည်။
နားအကြားအာရုံများ လုံးဝပျောက်ဆုံးသွားရသည့် မိစ္ဆာနန်းတော်မှ စွမ်းအားရှင်များသည် ထိုကြောက်မက်ဖွယ် ရိုက်ခတ်မှုများ ပျံ့နှံ့လာသည်ကို မြင်သောအခါ ထိတ်လန့်တကြား ထွက်ပြေးကြရေလသည်။ လော့ဟူ၏ လက်အောက်ရှိ သူတော်စင်ဧကရာဇ်ဘုရင်အဆင့် စစ်သူကြီးများပင်လျှင် ခုခံနိုင်စွမ်းအမရှိဘဲ ထွက်ပြေးကြရေတာ့သည်။
ပေါက်ကွဲမှုများနှင့်အတူ ကျယ်လောင်သော မြည်ဟည်းသံများမှာ ဆက်လက် ထွက်ပေါ်နေဆဲပင် ဖြစ်သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရိုက်ခတ်မှုများအောက်တွင် မိစ္ဆာနန်းတော်အတွင်းရှိ အဆောက်အအုံအားလုံးမှာ ပြိုပျက်လုနီးပါး တုန်ခါသွားကြသည်။
ကံကောင်းစွာဖြင့် မိစ္ဆာနန်းတော်တွင် လော့ဟူကိုယ်တိုင် ချမှတ်ထားေသာ အားကောင်းသည့် တားမြစ်ချက် အစီအမံများ ရှိနေခဲ့ေသာေကြာင့် ထိုအဆောက်အအုံများမှာ မပျက်စီးသွားခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက တစ်ခဏချင်း မြေမှုန်များဖြစ်သွားပေလိမ့်မည်။
လော့ဟူသည် မီတာရာပေါင်းများစွာ နောက်သို့ လွင့်စင်သွားခဲ့ပြီး လုရီဖျင်မှာမူ အရှိန်ဖြင့် နောက်ပြန်လွင့်ကာ နန်းဆောင်အတွင်းရှိ ကျောက်တိုင်ကြီးကို တိုက်မိသွားခဲ့သည်။ ထိုကျောက်တိုင်ကြီးမှာလည်း ပြိုကျသွားခဲ့သည်။
ထို့နောက် လုရီဖျင်သည် မိမိကိုယ်တွင်းရှိ သွေးလေများ ဆူပွက်လာသည်ကို ခံစားလိုက်ရသဖြင့် အံ့အားသွားခဲ့ရသည်။
လုံချိန်နှင့် တိုက်ပွဲဖြစ်ပွားပြီးတောက် သူသည် တာအိုလမ်းစဉ် ၉၉ ခုကို နားလည်သဘောပေါက်ခဲ့ပြီး သူတော်စင်ဧကရာဇ်ဘုရင်၏ စွမ်းအားကို ပိုမိုသန့်စင်အောင် လေ့ကျင့်ထားခဲ့သော်လည်း ယခုအခါ လော့ဟူ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့သည်။ ထို့ကြောင့် မိစ္ဆာဘိုးဘေး လော့ဟူ အစွမ်းမှာ လုံချိန်ထက် များစွာ သာလွန်နေနိုင်ပေသည်။
လုရီဖျင်သည်လည်း အချိန်ဆွဲမနေေတာ့ဘဲ ကမ္ဘာဦးသစ်ပင်ကို အသုံးပြုကာ ကျောက်စိမ်းသေတ္တာပေါ်ရှိ အစီအမံကို ထပ်မံတိုက်ခိုက်လိုက်သည်။ ယခုအခါ နှစ်ချက်ခန့် တိုက်ခိုက်ရုံဖြင့် သေတ္တာပေါ်ရှိ တားမြစ်ချက်များ လုံးဝ ပျက်စီးသွားတော့မည် ဖြစ်သည်။
လော့ဟူသည် မိမိကိုယ်တိုင်ပင် မီတာရာပေါင်းများစွာ နောက်သို့ လွင့်စင်သွားသည်ကို မြင်သောအခါ ဒေါသတကြီး ဟိန်းဟောက်လိုက်ေလသည်။ တစ်ဖက်လူသည် သူ၏ လက်ဝါးချက်ကို ခုခံနိုင်ရုံသာမက သူ့ကိုပင် နောက်သို့ လွင့်စင်အောင် လုပ်နိုင်ခြင်းမှာ သူ၏ ထင်မှတ်ချက်ထက် ကျော်လွန်နေေသာေကြာင့်ပင် ဖြစ်သည်။
“သူတော်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ် အဆင့်ပဲ” လော့ဟူ၏ မျက်လုံးများမှာ အေးစက်နေပြီး ထိုသို့ပြောဆိုနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်မှာ နှစ်ဆခန့် ကြီးထွားလာခဲ့သည်။ သူသည် လုရီဖျင်ကို နောက်ထပ် လက်ဝါးချက်တစ်ခုဖြင့် ထပ်မံ ရိုက်ချလိုက်ေလသည်။ “သူတော်စင်ဧကရယဇ်ဘုရင် အထွတ်အထိပ်အဆင့် ဖြစ်နေရင်တောင် မင်း သေချာပေါက် သေရမှာပဲ”
"မဟာ အမြစ်ပြတ်ချေမှုန်းရေး မိစ္ဆာပညာ" လော့ဟူဟု၏ အေးစက်လှသော အသံမှာ လောကတစ်ခုလုံးတွင် မြည်ဟည်းသွားခဲ့သည်။
အစောပိုင်းကထက်ပင် အဆပေါင်းရာချီ ကြီးမားလှသော လက်ဝါးကြီးတစ်ခုသည် လုရီဖျင်ရှိရာ နန်းဆောင်ပေါ်သို့ ရိုက်ချလိုက်ေလသည်။ ထိုမိစ္ဆာလက်ဝါးကြီးမှာ ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားပြီး ကြီးမားလှသော မိစ္ဆာစက်ဝိုင်းကြီးသဖွယ် အရှိန်ဖြင့် လည်ပတ်နေကာ နန်းဆောင်တစ်ခုလုံးကို ဝါးမျိုတော့မည့်အတိုင်းပင် ဖြစ်သည်။ ထိုမဟာ အမြစ်ပြတ်ချေမှုန်းရေး မိစ္ဆာပညာမှာ ချောင်းနယ်မြေတွင် အားအကောင်းဆုံးသော မိစ္ဆာပညာများထဲမှ တစ်ခုဖြစ်သည်။
ရုတ်တရက် ကျရောက်လာသော ထိုမိစ္ဆာပညာရပ်ကို မြင်သောအခါ လုရီဖျင်သည်လည်း အမှားအယွင်းမဖြစ်ေစရန် သတိမူလာခဲ့သည်။ သူ၏ တစ်ကိုယ်လုံးမှ အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် သူတော်စင်ဧကရာဇ်ဘုရင်၏ စွမ်းအားများကို အစွမ်းကုန် မြှင့်တင်လိုက်သည်။ သူ၏ ဦးခေါင်းထက် ချင်းယွမ်တိမ်တိုက်ထံမှလည်း မင်္ဂလာ အလင်းတန်းများ ဖြာထွက်လာခဲ့သည်။
လုရီဖျင်သည် သူ၏ စွမ်းဆောင်မှုအားလုံးကို ပေါင်းစပ်ကာ ထိုလက်ဝါးချက်ကို ပြန်လည် တုံ့ပြန်လိုက်သည်။ လုရီဖျင် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ကမ္ဘာဦးသစ်ပင်များထံမှ စိမ်းလန်းသော အလင်းတန်းများ ပျံထွက်လာပြီး အရပ်မျက်နှာအသီးသီးမှ လုရီဖျင်၏ လက်ဝါးဆီသို့ စုစည်းသွားခဲ့သည်။ လုံချိန်နှင့် တိုက်ပွဲဖြစ်ပြီးနောက် လုရီဖျင်သည် ထိုနည်းလမ်းကို နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။ လုရီဖျင်၏ လက်ဝါးချက်မှာ ပို၍ပို၍ အားကောင်းလာခဲ့ပြီး နောက်ဆုံးတွင် လော့ဟူ၏ အမြစ်ပြတ်ချေမှုန်းရေး လက်ဝါးထက်ပင် ပိုမိုကြီးမားသွားတော့သည်။
လက်ဝါးနှစ်ခု ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်သည်။ ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အနက်ရောင်အလင်းတန်းများသည် လောကတစ်ခွင်ကို လင်းထိန်သွားစေခဲ့သည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံး လွင့်စင်သွားပြီး မိစ္ဆာနန်းတော်ရှိ လော့ဟူ၏ အစီအမံများပင်လျှင် လွင့်ထွက်သွားတော့သည်။
ပြင်းထန်လှသော တိုက်ခိုက်မှုအောက်တွင် နောက်ဆုံး၌ ကျောက်စိမ်းသေတ္တာပေါ်ရှိ တားမြစ်ချက်မှာလည်း လုံးဝ ပျက်စီးသွားေတာ့သည်။ ချက်ချင်းပင် သေတ္တာအတွင်းရှိ ကံေကာင်းခြင်း ကျောက်စိမ်းချပ်သည် လုရီဖျင်၏ ကိုယ်တွင်းရှိ ကျောက်စိမ်းချပ်များ၏ ဆွဲဆောင်မှုကြောင့် သေတ္တာကို ဖောက်ထွက်ကာ လုရီဖျင်၏ ကိုယ်တွင်းသို့ ပျံဝင်လာတော့သည်။
လုရီဖျင်သည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ကမ္ဘာဦးသစ်ပင် နှင့် တစ်သားတည်း ပေါင်းစည်းကာ အဝေးသို့ အမြန်ဆုံး ထွက်ခွာရန် ကြိုးစားတော့သည်။
“မင်းက ပြေးချင်တာလား၊ ငါနဲ့အတူ ဒီမှာပဲ ဆက်နေရမယ်ကွ…” လော့ဟူ၏ သတ်ဖြတ်လိုစိတ် ပြင်းထန်လှသော အသံသည် လုရီဖျင်၏ နောက်ကျောဘက်မှ ထွက်ပေါ်လာခဲ့သည်။
လော့ဟူ၏လက်ထဲတွင် မိစ္ဆာလှံတော်တစ်စင်း ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ မိစ္ဆာမျိုးနွယ်စု၏ ရတနာဖြစ်သော နတ်ဘုရားသတ် လှံတော်ပင် ဖြစ်သည်။ ချောင်းခေါင်းလောင်းနှင့် အဆင့်အတန်း တူညီသော ရတနာတစ်ပါး ဖြစ်သည်။
လော့ဟူသည် လှံဖြင့် လုရီဖျင်ထံ တည့်တည့်မတ်မတ် ထိုးနှက်လိုက်သည်။ မိစ္ဆာနန်းတော်၏ မိစ္ဆာစွမ်းအင်များကို လှံဦးမှ ဖောက်ထွက်သွားပြီး လုရီဖျင်၏ နောက်ကျောသို့ ပြင်းထန်စွာ ထိမှန်တော့မည့်အချိန်တွင် ကိုးရောင်ခြည် အလင်းတန်းများ လည်ပတ်လာပြီး ခေါင်းလောင်းသံ မြည်ဟည်းသွားခဲ့သည်။
လုရီဖျင် ဦးခေါင်းထက်တွင် ရွှမ်ဟွမ်း ကျောက်မျက်တာဝါ နှင့် ချောင်း ခေါင်းလောင်းတို့ ပေါ်ထွက်လာခဲ့သည်။
လှံချက်၏ စွမ်းအားသည် ကိုးရောင်ခြည် အလင်းကာရံနှင့် ချောင်းခေါင်းလောင်း အလင်းကာရံတို့ကို မိစ္ဆာစွမ်းအားများဖြင့် ရိုက်ခတ်လိုက်ရာ ထိုအလင်းကာရံနှစ်ခုလုံး ပေါက်ကွဲထွက်သွားရတော့သည်။
ထို့နောက် လုရီဖျင်၏ နောက်ကွယ်တွင် ကမ္ဘာဦးသစ်ပင်ပေါ်ထွက်လာခဲ့သည်။ လှံချက်သည်လည်း သစ်ပင်ကြီးကို ထိမှန်သွားခဲ့ပြီး ကမ္ဘာဦးသစ်ပင်၏ တာအိုအလင်းတန်းများသည် သန်းပေါင်းများစွာသော မီးရှူးမီးပန်းများ ပေါက်ကွဲသွားသကဲ့သို့ တောက်ပသွားေတာ့သည်။
ယခင်က လုံချိန်သည် သူ၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်ခဲ့စဉ် ကမ္ဘာဦးသစ်ပင်၏ သစ်ခေါက်အချို့ကိုသာ ကွာကျစေနိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ မိစ္ဆာဘိုးဘေး လော့ဟူသည် နတ်ဘုရားသတ် လှံတော်ဖြင့် အားကုန်လွှဲရိုက်လိုက်ရာ ကမ္ဘာဦးသစ်ပင်ပေါ်တွင် အံ့သြစရာကောင်းလောက်အောင် ကြီးမားသည့် လှံဒဏ်ရာ အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့ေလသည်။
သို့သော်လည်း ကမ္ဘာဦးသစ်ပင်၏ ခန္ဓာကိုယ်မှာ တိုက်ကြီးတစ်ခုစာခန့် ကြီးမားလှသဖြင့် ထိုအပေါက်ကြီးမှာ သစ်ပင်အတွက်မူ အမာရွတ်အသေးစားလေးတစ်ခုမျှသာ ဖြစ်သည်။
နတ်ဘုရားသတ် လှံတော်၏ တိုက်ခိုက်မှုကို ခံရပြီးနောက် လုရီဖျင်သည် အချိန်နှင့် ဟင်းလင်းပြင် စွမ်းအင်ကို အစွမ်းကုန် အသုံးပြုကာ မျက်စိတစ်မှိတ်အတွင်း မိစ္ဆာနန်းတော်မှ ထွက်ခွာသွားခဲ့ပြီး လိပ်တက်နေသော မိစ္ဆာစွမ်းအင်များကြားထဲမှ ပျောက်ကွယ်သွားတော့သည်။
မိစ္ဆာဘိုးဘေး လော့ဟူသည် ထိုအခြေနေကိုကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်၍ လုရီဖျင် နောက်သို့ အမီလိုက်တော့သည်။ သူ၏ အရှိန်မှာ လုရီဖျင်ထက် တစ်ဆင့် ပိုမြန်နေေပသည်။
လုရီဖျင်၏ အရှိန်မှာ ယခုအခါ သာမန် တာအိုနယ်ပယ် စွမ်းအားရှင်တစ်ဦးနှင့် ယှဉ်နိုင်နေပြီ ဖြစ်သော်လည်း မိစ္ဆာဘိုးဘေး လော့ဟူမှာမူ သာမန် တာအိုနယ်ပယ်အဆင့်ရှိသူ မဟုတ်ချေ။
မိစ္ဆာနန်းတော်မှ စွမ်းအားရှင်များသည်လည်း မိစ္ဆာဘိုးဘေး လိုက်သွားသည်ကို မြင်သောအခါ အနောက်မှ လိုက်လာခဲ့ကြသည်။ သို့သော် ချင်းပိုင်နှင့် အခြားသူများမှာ မိစ္ဆာနန်းတော်အပြင်ဘက်သို့ ရောက်ရှိပြီး မကြာမီမှာပင် လုရီဖျင်နှင့် လော့ဟူတို့၏ ခြေရာလက်ရာများကို လုံးဝ မျက်ခြေပြတ်သွားကြတော့သည်။
သူတော်စင်ဧကရာဇ်ဘုရင်၏ အထွတ်အထိပ်အဆင့်ရှိသော နျိုဟောင်ပင်လျှင် ၎င်းတို့နောက်သို့ အမီမလိုက်နိုင်တော့ပေ။
***