မျော်လင့်ချက်မဲ့ဂူဝတွင် ကွန်းငါးကြီးအား ဝိုင်းရံတိုက်ခိုက်နေသည့် လူနှစ်ဦးမှာ အားနည်းသူများမဟုတ်ကြပေ။ သူတို့သည် တိုက်ပွဲဝင်သူတော်စင်အင်အား ၁၇ ဘီလီယံ ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။
၎င်းတို့ထဲမှ တစ်ဦးမှာ တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအမျိုးသားဖြစ်ပြီး၊ အခြားတစ်ဦးမှာ မီးခိုးရောင် နတ်ဘုရားချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးဖြစ်သည်။
ထိုသူနှစ်ဦးသည် မြင့်မြတ်သောလက်နက်ကို ကိုင်ဆောင်ထားကာ အပေးအယူမျှမျှဖြင့် ပူးပေါင်းတိုက်ခိုက်နေသာေကြာင့် ကွန်းငါးကြီးမှာ တစ်လှမ်းချင်း နောက်ဆုတ်နေရပြီး သူ၏ကိုယ်ပေါ်တွင်လည်း ဓားဒဏ်ရာများစွာ ရရှိနေပြီဖြစ်သည်။ သို့သော်လည်း ထိုနှစ်ဦးမှာ အသာစီးရနေည့်တိုင် ဧရာမကွန်းငါးကြီးအား ခဏအတွင်း အနိုင်ပိုင်းရန်မှာမူ မဖြစ်နိုင်သေးပေ။
"မင်းတို့က မြေခွေးအိုတွေဘဲ... ယောကျာ်းေတွသာဆိုရင် တစ်ယောက်ချင်းချလေ" ကွန်းငါးကြီးသည် တစ်ဖက်အဘိုးအိုကို ဒေါသတကြီး အော်ေပြာလိုက်သည်။ "နှစ်ယောက်ပေါင်းပြီး တိုက်နေတာ အရည်အချင်းမရှိတဲ့လုပ်ရပ်ပဲ"
အဘိုးအိုကလည်း လှောင်ပြောင်ရယ်မောရင်း "မင်းကို သတ်နိုင်ရင် ပြီးတာပဲ၊ ဘာအရည်အချင်းလိုသေးလဲ" ဟု ဆိုကာ ဓားအလင်းတန်းပေါင်း သောင်းချီကို လေဟာနယ်ထဲမှ ထုတ်လွှတ်လိုက်သည်။ ထိုဓားအလင်းတန်းများသည် အံ့သြဖွယ်ကောင်းသော ဓားမိုးရွာသွန်းမှုသဖွယ် ဖြစ်ပေါ်လာပြီး ကွန်းငါးကြီး၏မျက်လုံးများဆီသို့ ဦးတည်သွားလေသည်။
ကွန်းငါးကြီး နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် ထိုသောင်းချီသော ဓားအလင်းတန်းများသည် သူ၏ရှေ့မှောက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့ေတာ့သည်။
ထိုနေရာရှိလူများအားလုံးလည်း အံ့အားသင့်သွားကြပြီး တစ်နေရာသို့ မျှော်ကြည့်လိုက်သည်။ ထိုအချိန် မျှော်လင့်ချက်မဲ့ဂူ၏ အဝင်အထွက်လမ်းမှ အပြာရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ဖြည်းညင်းစွာ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
လူရိပ်ကို မြင်လိုက်သည်နှင့် ကွန်းငါးကြီးက အံ့သြဝမ်းသာစွာဖြင့် "အရှင်... ထွက်လာပြီလား" ဟု ပြုံး၍ နှုတ်ဆက်လိုက်သည်။
လုရီဖိင်ကလည်း ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်သည်။ ကျန်လူနှစ်ဦးမှာမူ တစ်ဦးကိုတစ်ဦး အံ့သြတကြီး ကြည့်လိုက်ကြသည်။
"မင်းက ဘယ်သူလဲ" ဟု အဘိုးအိုက မေးလိုက်သည်။
"လုရီဖျင်ပဲ…” ဟု ပြန်ဖြေခဲ့သည်။
ထိုလူလတ်ပိုင်းအရွယ် ယောင်္ကျား နှင့် အဘိုးအိုတို့မှာ တွေဝေသွားကြသည်။ လုရီဖျင်ဆိုေသာအမည်ကို ထိုလူနှစ်ဦးလုံး တစ်ခါမျှ မကြားဖူးကြပ။ ယွမ်ဟိုင်းပင်လယ် ရေအောက်ကမ္ဘာသည် ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်တောက်နေသဖြင့် ပြင်ပအကြောင်းအရာများကို မသိရှိကြပ။ ထို့ကြောင့် လုရီဖျင်၏ အမည်ကိုလည်း မကြားဖူးကြပေ။
"ငါတို့က ချင်းထျန်းနယ်မြေမြတ်ကပဲ" လူလတ်ပိုင်းအမျိုးသားက လေသံမာမာဖြင့် ပြောလိုက်သည်။ "ဒါ ငါတို့နဲ့ ကွန်းငါးကြီး ကြားက ကိစ္စ။ မင်းဝင်မပါတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ယွမ်ဟိုင်းလောကို မလာခဲ့တာပိုကောင်းမယ်လို့ ထင်သွားရတဲ့အထိ မင်းကိုပညာပေးရလိမ့်မယ်"
ချင်းထျန်းနယ်မြေမြတ်သည် ပြင်ပလောကတွင် လူသိမများသော်လည်း နက်ရှိုင်းသော ရေအောက်ကမ္ဘာ၌ အထွတ်အမြတ်နေရာ ဖြစ်သည်။ ထိုနယ်မြေရှိ ပညာရှင်များမှာ တိမ်တိုက်များသဖွယ် များပြားလှပြီး ၎င်းတို့၏အာဏာမှာ ယွမ်ဟိုင်းပင်လယ် ရေအောက်ကမ္ဘာ တစ်ခုလုံးကို လွှမ်းမိုးထားေလသည်။
ချင်းထျန်းနယ်မြေမြတ်တွင် တာအိုဘိုးဘေးအဆင့် ပညာရှင်များ မရှိသော်လည်း သူေတာ်စင်ဧကရာဇ်ဘုရင် အဆင့်ရှိသူအသောက် ၄၀ ကျော်ထိ ရှိေပသည်။
၎င်း၏ အင်အားမှာ ကမ္ဘာဦးနယ်မြေရှိ ထိပ်သီးမိသားစုကြီးလေးစု၏ ခေါင်းဆောင်ဖြစ်သော ကျူး မိသားစုထက်ပင် ပိုမိုတောင့်တင်းလေသည်။
လုရီဖျင်သည်လည်း ထိုလူနှစ်ဦးကို ကြည့်ပြီး "တိုက်ပွဲဝင်အင်အား ၁၇ ဘီလီယံလား... မဆိုးပါဘူး" ဟု ဆိုလိုက်သည်။
ထိုသူနှစ်ဦးမှာ သူေတာ်စင်ဧကရာဇ်ဘုရင်အဆင့်၏ အထွတ်အထိပ်သို့ မရောက်ရှိသေးသော်လည်း၊ ၎င်းတို့နှစ်ဦး၏ တာအိုသီးနှံများကို ဝါးမြိုလိုက်မည်ဆိုပါက လုရီဖျင်၏ တာအိုဘိုးဘေးအင်အားမှာ သန်း ၂၀၀ အထိ ထိုးဖောက်တက်လှမ်းသွားနိုင်မည်ဖြစ်သည်။
"မဆိုးဘူး၊ ဟုတ်လား…”
လုရီဖျင်၏ကားကို ကြားရသောအခါ ထိုနှစ်ဦးမှာ ဇဝေဇဝါဖြစ်သွားကြေလသည်။ သို့သော် လုရီဖျင်သည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ၎င်းတို့နှစ်ဦးထံသို့ လှမ်း၍ ဖမ်းဆုပ်လိုက်သည်ကို မြင်လိုက်ရသည်။
"မင်းက သေချင်နေတာပဲ” ထိုအခြေနကို မြင်သောအခါ အဘိုးအိုသည် သူ၏လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းကာ တိုက်ပွဲဝင်သူတော်စင်စွမ်းအား ၁၇ ဘီလီယံကို အသုံးပြု၍ လုရီဖျင်ထံသို့ ပြင်းထန်သော ဓားအရှိန်အဝါများဖြင့် ပိုင်းဖြတ်လိုက်လေသည်။
သို့သော်လည်း လုရီဖျင်၏ လှုပ်ရှားမှုမှာ ပြောင်းလဲမသွားဘဲ ဟင်းလင်းပြင်ကို တစ်ချက်ဖမ်းဆုပ်လိုက်ရုံဖြင့် တစ်ဖက်လူ၏ ဓားအရှိန်အဝါများကို ရိုက်ခွဲပစ်လိုက်ပြီး ထိုလူနှစ်ဦးကို ဆက်လက်ဖမ်းဆုပ်ရန် လက်လှမ်းလိုက်ေတာ့သည်။
ထိုလူနှစ်ဦးစလုံးမှာလည်း လုရီဖျင်၏စွမ်းအင်အရှိန်ကြောင့် ထိတ်လန့်သွားကြရသည်။ ၎င်းတို့သည် တစ်ပြိုင်နက်တည်းပင် တိုက်ခိုက်မှုကို ပြန်လည်ခုခံခဲ့ကြသည်။ ထို့နောက် အဘိုးအို၏ လက်ထဲမှ ဓားရှည်သည် စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး နက်ရှိုင်းသော ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ လုရီဖျင်ထံသို့ လိပ်တက်လာခဲ့သည်။
လူလတ်ပိုင်းအမျိုးသားမှာမူ ဓားကြီးကို အသုံးပြုတိုက်ခိုက်ပြီး ၎င်း၏ ဓားအရှိန်အဝါမှာ မီတာထောင်ချီ ရှည်လျားကာ အဘိုးအိုထက်ပင် အစွမ်းထက်နေခဲ့သည်။
သို့သော် လုရီဖျင်မှ လေထဲ၌ လက်ချောင်း တစ်ချက်တောက်လိုက်ရုံဖြင့် ဓားအလင်းတန်း နှစ်ခုစလုံးကို ထပ်မံချေမှုန်းပစ်လိုက်ေလသည်။
ထိုသူနှစ်ဦးစလံုးမှာလည်း တုန်လှုပ်သွားကာ နောက်သို့ ပျံထွက်ရန် ကြိုးစားသော်လည်း ခြေတစ်လှမ်းနှေးသွားခဲ့သည်။ လုရီဖျင်၏ အင်အားမှာ သူတို့ကို လွှမ်းခြုံသွားခဲ့ပြီး သူ၏ရှေ့မှောက်သို့ ဆွဲခေါ်လာလေသည်။
"မင်း... မင်းက ဘယ်သူလဲ" အဘိုးအိုသည် လုရီဖျင်ကို ထိတ်လန့်တကြား ကြည့်ကာ မေးလိုက်သည်။
လုရီဖျင်မှာ ထိုသူနှစ်ဦးကို စကားပြောရန် စိတ်မရှည်တော့သဖြင့် သူတို့၏ အင်အားကို ပိတ်ဆို့ လိုက်ပြီး အဆောက်အအုံအတွင်းရှိ လေဟာနယ်ဟင်းလင်းပြင်ထဲသို့ ပစ်ထည့်လိုက်သည်။
"ချင်းထျန်းနယ်မြေမြတ်က ဘယ်လိုမျိုးလဲ" ဟု လုရီဖျင်မှ ကွန်းငါးကြီးကို မေးလိုက်သည်။
ချင်းထျန်းနယ်မြေမြတ်အကြောင်း ပြောလိုက်သည်နှင့် ကွန်းငါးကြီး၏မျက်နှာတွင် ဒေါသရိပ်များ ယှက်သန်းလာပြီး "ချင်းထျန်းနယ်မြေမြတ်က ယွမ်ဟိုင်းလောကမှာ မိုးေကာင်းကင်ကိုကာထားတဲ့အလား အာဏာကြီးလွန်းတဲ့နယ်ေမြပဲ။ အားနည်းသူတွေ၊ အားနည်းတဲ့ ဂိုဏ်းငယ်လေးတွေဆိုရင် ချင်းထျန်းနယ်မြေမြတ်ကို ပြစ်မှားမိတာနဲ့ အစနမကျန်ေပျာက်သွားကြတာ၊ အဲ့လို ဂိုဏ်းအဖွဲ့စည်းေတွ ဖျက်ဆီးခံရတာက ပုံမှန်လိုတောင် ဖြစ်နေပြီ"ဟုပြောလိုက်သည်။
"အမျိုးသမီးတွေလည်း တန်းတူဘဲ၊ စည်းကမ်းမလိုက်နာတဲ့သူရှိခဲ့ရင် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးကြရတာ"
ကွန်းငါးကြီးပြောသည့် ညှဉ်းပန်းနှိပ်စက်ခြင်းလုပ်ရပ်များကို လုရီဖျင် သိထားပေသည်။ "ဒါပေမဲ့ ချင်းထျန်းနယ်မြေမြတ်က အရမ်းအင်အားကြီးတာမလို့ ယွမ်ဟိုင်းလောကထဲက တခြားနယ်မြေမြတ်တွေတောင် ဘာမှမပြောရဲကြဘူး"
ကွန်းငါးကြီးသည် မကျေမနပ်ဖြင့် ဆက်ပြောခဲ့သည်မှာ "ယွမ်ဟိုင်းလောကမှာ ကျင့်ကြံဖို့ကောင်းတဲ့ နေရာ ၁၀ ခုရှိရင် ၉ ခုက ချင်းထျန်းနယ်မြေမြတ်က သိမ်းပိုက်ထားတဲ့နယ်ေမြေတွပဲ။ ပြီးတော့ သူတို့ဆီမှာ မိစ္ဆာကျင့်စဉ် ကျင့်ကြံပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဘိုးဘေးအဆင့် ပညာရှင်တွေလည်း အများကြီးရှိတယ်"
ကွန်းငါးကြီးသည် ချင်းထျန်းနယ်မြေမြတ်၏ မကောင်းမှုလုပ်ရပ်များကို တစ်ခုပြီးတစ်ခု ဆက်တိုက် ပြောပြနေလေတော့သည်။
ခဏမျှ နားထောင်ပြီးနောက် လုရီဖျင်သည် သူ့ကို ချင်းထျန်းနယ်မြေမြတ်သို့ ခေါ်ဆောင်သွားရန် ကွန်းငါးကြီးအား ခိုင်းစေလိုက်သည်။
ချင်းထျန်းနယ်မြေမြတ်သည် မျှော်လင့်ချက်မဲ့ဂူ နှင့် တော်တော်ဝေးကွာလှသည်။ သို့သော်လည်း လုရီဖျင် နှင့် ကွန်းငါးကြီးတို့၏ အရှိန်အဟုန်မှာ မြန်ဆန်လွန်းလှသဖြင့် နာရီဝက်မပြည့်မီမှာပင် ချင်းထျန်းနယ်မြေမြတ်သို့ ရောက်ရှိသွားကြသည်။
ချင်းထျန်းနယ်မြေမြတ်သည် အလွန်ပင် ကျယ်ဝန်းလှသည်။ မိစ္ဆာမျိုးနွယ်စုနယ်မြေလောက် မကြီးမားသော်လည်း ထိုနယ်မြေ၏ တစ်ဝက်ခန့် ရှိပေသည်။
ကျွန်းမကြီးတစ်ခုနှင့်တစ်ခုမှာ ချိတ်ဆက်နေသည်ကို မြင်တွေ့ရပြီး ကျွန်းပေါ်တွင် မြို့ပေါင်းများစွာနှင့် အာကာသယာဉ် သန်းပေါင်းများစွာ ရှိနေခဲ့သည်။ တပည့်ပေါင်း သောင်းချီ၍ ပျံသန်းသွားလာနေကြသည်မှာ ပုရွက်ဆိတ်အုံကဲ့သို့ပင် များပြားလှသည်။ ထိုတပည့်များသည်လည်း အားနည်းသူများမဟုတ်ဘဲ အများစုမှာ ရွှေရောင်နတ်မင်းအဆင့်များ ဖြစ်ကြသည်။
ကွန်းငါးကြီးက "ဒီနယ်မြေမြတ်မှာ စုစုပေါင်း ကျွန်းမကြီး ၁၀,၈၀၀ ရှိတယ်။ ကျွန်းတစ်ခုချင်းစီက စစ်အင်အားတစ်ခုစီပဲ။ အဲဒီ စစ်အင်အားတွေအားလုံး ပေါင်းစည်းလိုက်တဲ့အခါ နက်ရှိုင်းေသာ ပင်လယ်စစ်တပ်ဆိုတဲ့ မဟာစစ်တပ်ကြီး ဖြစ်လာတာ" ဟု ရှင်းပြလိုက်သည်။
"ဒီစစ်အင်အားက အရမ်းတောင့်တင်းတယ်။ ကျွန်တော်တို့ ရေအောက်ကမ္ဘာရဲ့ နံပါတ်တစ် စစ်အင်အားပေါ့။ ပင်လယ်ပြင်ကြီးတစ်ခုလုံးနဲ့ တစ်သားတည်းဖြစ်နေသလိုတည်ရှိမှုမျိုး။ သူေတာ်စင်ဧကရာဇ်ဘုရင် အထွတ်အထိပ်အဆင့်ကိုရောက်နေတဲ့ ပညာရှင်တစ်ယောက် တိုက်ခိုက်ရင်တောင် ဒီစစ်အင်အားကို ဖောက်ထွက်နိုင်ဖို့ မလွယ်ဘူး၊ ဒီစစ်အင်အားကြောင့်ပဲ ရေအောက်ကမ္ဘာမှာ ဘယ်သူကမှ ချင်းထျန်းနယ်မြေမြတ်ကို မလှုပ်ခါနိုင်တာ"
ထိုစကားများကြားပြီးသည့်နောက် လုရီဖျင်၏ မျက်နှာမှာ ပုံမှန်အတိုင်းပင် တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။
ထိုအချိန်ရုတ်တရက်ဆိုသလို မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော ရွှေရောင်လက်သီးရာကြီးတစ်ခု ပေါ်ထွက်လာေလသည်။
ရွှေရောင်လက်သီးရာသည် နယ်မြေမြတ်၏ ကာကွယ်ရေးအတားအဆီးကို ချက်ချင်းဆိုသလို ရိုက်ခွဲပစ်လိုက်သည်။ ကောင်းကင်နှင့် မြေကြီးမှာ ပေါက်ကွဲသွားသကဲ့သို့ တုန်ဟည်းသွားခဲ့ပြီး ချင်းထျန်းနယ်မြေမြတ် တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားတော့သည်။
ချင်းထျန်းနယ်မြေမြတ်၏ ဗဟိုကျွန်းမကြီးတွင် ရှိနေသော သူေတာ်စင်ဧကရာဇ်ဘုရင်အဆင့် ဘိုးဘေး ၄၃ ဦးတို့သည် ကောင်းကင်သို့ ပျံတက်လာကြသည်။ ၎င်းတို့ အပေါ်ရောက်သည်နှင့် တပြိုင်နက် မြင်လိုက်ရသည်မှာ ရွှေရောင်လေလှိုင်းများနှင့်အတူ လိပ်တက်လာသည့် ကြောက်မက်ဖွယ် ရွှေရောင်လက်သီးရာကြီးပင် ဖြစ်သည်။
"မြန်မြန်... ယွမ်ဟိုင်း မဟာစစ်အစီရင်ကို အပြည့်အဝဖွင့်လိုက်ကြ" ချင်းထျန်းနယ်မြေမြတ်၏ အင်အားအကြီးဆုံး ဘိုးဘေးဖြစ်သူ ဒုယီလန်က အော်ဟစ်လိုက်သည်။
သူ၏ အမိန့်ပေးသံနှင့်အတူ ချင်းထျန်းနယ်မြေမြတ်မှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်သို့ ထိုးတက်သွားပြီး ယွမ်ဟိုင်းရေအောက်ကမ္ဘာ၏ ထောင့်ပေါင်းစုံကို လင်းထိန်သွားစေခဲ့သည်။ ရေအောက်လောက၏ လှိုင်းလုံးများသည် ထောင်ချီ၍ မြင့်တက်လာသဖြင့် အခြားသော နယ်မြေမြတ်များပင် တုန်လှုပ်သွားကြသည်။
"ချင်းထျန်းနယ်မြေမြတ်က နက်ရှိုင်းသော ပင်လယ်စစ်အစီရင်ကို အပြည့်အဝ ဖွင့်လိုက်ပြီပဲ"
"ဘာတွေ ဖြစ်နေတာလဲ"
စစ်အင်အားကို အပြည့်အဝ ဖွင့်ထားသော်လည်း လုရီဖျင်၏ ရွှေရောင်လက်သီးရာမှာ ရှေ့သို့ မတားဆီးနိုင်ဘဲ တိုးဝင်လာပြီး ကျွန်းမကြီးများ၏ ကာကွယ်ရေးစစ်အင်အားများကို တစ်ခုပြီးတစ်ခု ရိုက်ခွဲပစ်ခဲ့သည်။ ကာကွယ်ရေးစစ်အင်အားတစ်ခု ပျက်စီးသွားသည့်အချိန်တိုင်း ချင်းထျန်းနယ်မြေမြတ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ယွမ်ဟိုင်းပင်လယ်ပြင်ကြီးမှာလည်း လှိုင်းလေထန်လာတော့သည်။
နောက်ဆုံးတွင် နယ်မြေမြတ်ကြီးမှာ ပြိုလဲတော့မည့်အလား ပိုမိုပြင်းထန်စွာ လှုပ်ခါလာသည်။ ချင်းထျန်းနယ်မြေမြတ်ရှိ သူတော်စင်ဧကရာဇ်ဘုရင် ဘိုးဘေး ၄၃ ဦးတို့မှာ ယွမ်ဟိုင်းမဟာစစ်အင်အားကို အပြည့်အဝဖွင့်ထားပါသော်လည်း ရွှေရောင်လက်သီးရာကို မတားဆီးနိုင်သည့် အခြေနကိုမြင်သောအခါ မျက်နှာများ ပျက်ယွင်းကုန်ကြသည်။
"ဒါ... ဒါ တာအိုဘိုးဘေးအဆင့်လား" နယ်မြေမြတ်မှ သူေတာ်စင်ဧကရာဇ်ဘုရင်တစ်ဦးမှာ တုန်ရီနေသော လေသံဖြင့် မေးလိုက်သည်။
အမြဲတစေ မောက်မာဝင့်ကြွားနေခဲ့သော သူတော်စင်ဧကရာဇ်ဘုရင် ၄၃ ဦးစလုံးမှာ ယခုအခါ ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။
"ငါတို့မှာ နက်ရှိုင်းသော ပင်လယ်စစ်အင်အား ရှိနေတာပဲ၊ ဘာကြောက်စရာလိုလဲ။ အားလုံးပေါင်းပြီး စစ်အစီရင်ကို အစွမ်းကုန် လှုံ့ဆော်လိုက်ကြ၊ တာအိုဘိုးဘေး ဖြစ်နေရင်တောင် ငါတို့ တိုက်နိုင်သေးတယ်" ဟု ဒုယီလန်က ဟိန်းဟောက်လိုက်ပြီး လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ တိုက်ပွဲဝင်သူတော်စင်အင်အား ၁၉ ဘီလီယံကို စစ်အစီရင်၏ အချက်အချာဆီသို့ ပို့လွှတ်လိုက်လေသည်။
***