စုန့်ဝမ် ပုန်းကွယ်နေသည့်နေရာနှင့် မလှမ်းမကမ်း မိုင်အနည်းငယ်အကွာရှိ သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားပေါ်၌ လူသုံးဦး ရပ်နေကြသည်။ ထိုသူတို့မှာ စုန့်ဝမ် သိကျွမ်းသော ဖုန်ချီ၊ လျန်ထျန်းလုနှင့် မျက်နှာဖုံးစွပ်ထားသူတို့ ဖြစ်ကြသည်။ ၎င်းတို့သုံးဦးသည် ဆယ်မိုင်ခန့်အကွာရှိ ဝိညာဉ်စွမ်းအားများ ပြင်းထန်စွာ လှုပ်ခတ်နေသည့် နေရာတစ်ခုကို အာရုံစိုက် စိုက်ကြည့်နေကြသည်။
ဖုန်ချီက "ဟိုဘက်က တိုက်ပွဲက နည်းနည်း ထူးဆန်းတယ်၊ ၁၅ မိနစ်လောက် ရှိနေပြီ၊ အခုထိ အရှုံးအနိုင် မပေါ်သေးဘူး" ဟု စိတ်မရှည်ဟန်ဖြင့် ဆိုသည်။
မျက်နှာဖုံးစွပ်ထားသူက "ငါ့ရဲ့ ကင်းထောက်ကြွက်တွေ အာရုံခံမိသလောက်ဆို အဲဒီတိုက်ပွဲဇုန်ထဲ အနည်းဆုံး လူနှစ်ယောက် ဝင်သွားတယ်၊ ဒါပေမဲ့ တစ်ယောက်မှ ပြန်ထွက်မလာသေးဘူး" ဟု ပြောလိုက်သည်။
လျန်ထျန်းလုက "ဝင်ပဲဝင်ပြီး ပြန်မထွက်ဘူး ဟုတ်လား။ တစ်ခုခု ကြံစည်နေတာများလား" ဟု မှတ်ချက်ပြုသည်။
ဖုန်ချီက ခေါင်းခါလိုက်သည်။ "သူတို့ ဘာပဲလုပ်လုပ် ငါတို့နဲ့ မဆိုင်ဘူး။ ကင်းထောက်ကြွက်တွေကို ပတ်ဝန်းကျင်မှာ လှုပ်ရှားမှုရှိလား စောင့်ကြည့်ခိုင်းထားလိုက်။ မိုးလင်းတာနဲ့ ငါတို့ ဒီကနေ ထွက်မယ်"
ဖုန်ချီ၏ စကားအဆုံးတွင် မျက်နှာဖုံးစွပ်ထားသူမှ ရုတ်တရက် "မကောင်းတော့ဘူး၊ ငါ့ရဲ့ ကင်းထောက်ကြွက်တစ်ကောင် အသတ်ခံလိုက်ရပြီ"ဟု စိုးရိမ်တကြီး ပြောလာသည်။
"ဘာက သတ်လိုက်တာလဲ သိလား"ဟု ဖုန်ချီက မေးသည်။
မျက်နှာဖုံးစွပ်ထားသူက ခေါင်းခါပြသည်။ "အရမ်းဝေးနေတော့ အာရုံခံလို့မရဘူး။ တိုက်ပွဲသံကြောင့် ရောက်လာတဲ့ တခြားကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့များတယ်" …..
ထိုစဉ်မှာပင် ၎င်းတို့သုံးဦးနှင့် ဆယ်မိုင်ခန့်အကွာရှိ ကွင်းပြင်တစ်ခုတွင် ချောမောလှပသော အမျိုးသမီးတစ်ဦး မြေပြင်ပေါ် လဲကျနေသည်။ အဝတ်အစားများမှာ ဖရိုဖရဲဖြစ်နေပြီး ဖွေးနုနေသော အသားစိုင်အချို့ပင် ပေါ်လွင်နေသည်။ ထိုအမျိုးသမီးရှေ့ ပေ ၁၅၀ ခန့်အကွာတွင် ကိုယ်တော်ဝတ်ရုံ ဝတ်ဆင်ထားသော သန်မာထွားကြိုင်းသည့် အမျိုးသားတစ်ဦး ရပ်နေသည်။ ထိုသူက အချိန်အနည်းငယ်ကြာတိုင်း မီးလုံးမန္တန်ကို ပစ်လွှတ်နေသည်။ မီးလုံးကြီးမှာ အမျိုးသမီးကျင့်ကြံသူ၏ အနီးအနား ကျရောက်ပေါက်ကွဲပြီး မြေကြီးများ လွင့်စင်ကာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်နေသည်။ အမျိုးသမီးကိုကား မထိမှန်ချေ။ ကွင်းပြင်ပတ်လည်ရှိ ထူထပ်သည့် တောအုပ်အတွင်း၌ အခြားကျင့်ကြံသူ ငါးဦးက အော်ရာကို ဖုံးကွယ်ကာ သစ်ပင်ထိပ်ဖျားများတွင် ပုန်းနေကြသည်။
"အစပိုင်းက ရောက်လာတဲ့ ငကြောင်တွေကလွဲရင် ငါတို့ ချောင်းနေတာ ၁၅ မိနစ်လောက် ရှိပြီ။ နောက်ထပ် ဘယ်သူမှ ငါးစာလာဟပ်မယ့်ပုံ မပေါ်တော့ဘူး" ဟု မြေပြင်ပေါ်တွင် လဲကျနေသော အမျိုးသမီးက ပြောလိုက်သည်။
သန်မာသောအမျိုးသားက ခဏတာ တိတ်ဆိတ်သွားပြီး "ငါတို့ ဒီနေရာကနေ ထွက်သင့်ပြီ။ အကြာကြီးနေရင် တစ်ခုခုမှားနေတာကို သတိထားမိသွားလိမ့်မယ်" ဟု ဆိုသည်။
အမျိုးသမီးလည်း ချက်ချင်းပင် မြေပြင်ပေါ်မှ ထလိုက်ပြီး အဝတ်အစားပေါ်မှ ဖုန်များကို ခါထုတ်ကာ တောအုပ်အတွင်း ပျောက်ကွယ်သွားသည်။ အမျိုးသားလည်း ကိုယ်တော်ဝတ်ရုံကို ချွတ်ကာ သာမန်အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ပြီး ခေါင်းကို ပွတ်လိုက်ရာ အတုတပ်ဆင်ထားသော ကတုံးပုံစံဦးဆောင်း ကွာကျသွားသည်။ မျက်စိတမှိတ်အတွင်းပင် ကိုယ်တော်တစ်ပါးအသွင်မှ သန်မာသော ခန္ဓာကိုယ်ကျင့်ကြံသူအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူသည်လည်း အမျိုးသမီးနောက်သို့ လိုက်ကာ တောအုပ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ သစ်ပင်ထိပ်ဖျားများတွင် ပုန်းနေသော ကျင့်ကြံသူ ငါးဦးမှာလည်း အစအနမကျန် ပျောက်ကွယ်သွားကြသည်။
ညအချိန်သည် တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့သည်။ ….
နောက်တစ်နေ့ နံနက်တွင် နေမင်းကြီး ထွက်ပေါ်လာပြီး လျှို့ဝှက်နယ်မြေတစ်ခုလုံးကို လင်းထိန်သွားစေသည်။ ထူထပ်သော မြူများလည်း လွင့်ပြယ်သွားသည်။
စုန့်ဝမ်က နေထွက်လာသော်လည်း ချက်ချင်း မလှုပ်ရှားသေးဘဲ အခြေအနေ စောင့်ကြည့်နေသည်။ ၁၅ မိနစ်ခန့်အကြာတွင် ကျင့်ကြံသူ ခုနစ်ဦးသည် ဓားပျံများကို စီးနင်းကာ အဝေးရှိ တောင်ကြီးဆီသို့ ပျံသန်းသွားကြသည်။ နောက်ထပ် မိနစ် ၃၀ ခန့် အကြာတွင် နောက်ထပ် လူသုံးဦးလည်း ထိုတောင်ဆီသို့ပင် ပျံသန်းသွားကြပြန်သည်။ စုန့်ဝမ်သည် အခြားသူများ ထွက်သွားသည်ကို မြင်သော်လည်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်တိုင် မထွက်သေးပေ။ နောက်ထပ် မိနစ် ၃၀ ခန့် ထပ်မံစောင့်ဆိုင်းသော်လည်း အခြားလူကို မတွေ့ရတော့မှသာ ကူပိုးကောင်များကို ကင်းထောက်စေလွှတ်ပြီး တောအုပ်အတွင်းမှသာ ဓားပျံစီး၍ ပျံသန်းသွားခဲ့သည်။
တောအုပ်အတွင်း နှစ်ရက်တိုင်တိုင် ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် တောင်ကြီး၏ အနီးသို့ ရောက်ရှိလာသည်။ ဤတောင်မှာ မြင်ဖူးသမျှထဲတွင် အမြင့်ဆုံးနှင့် အကြီးမားဆုံး တောင်ကြီးဖြစ်သည်။ အလောင်းနတ်ဆိုးတောင်ပင်လျှင် ဤတောင်လောက် မမြင့်မားပေ။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီးအကြားတွင် ရပ်နေသော ဘီလူးကြီးကဲ့သို့ တိမ်တိုက်များကို ထိုးဖောက်ကာ ခန့်ညားထည်ဝါစွာ တည်ရှိနေသည်။
တောင်ပေါ်တွင် သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး၊ စမ်းချောင်းများလည်း ရှုပ်ထွေးစွာ စီးဆင်းနေသည်။ တောင်ထိပ်မှာ တိမ်တိုက်များနှင့် မြူများအောက်တွင် ဖုံးကွယ်နေပြီး တစ်ခါတစ်ရံ လေပြင်းတိုက်ချိန် ချွန်ထက်သော တောင်စွန်းတစ်ခုသာ ပေါ်လာတတ်ကာ ကျန်အချိန်များတွင် တိမ်ပင်လယ်အတွင်း လုံးဝ ပျောက်ကွယ်နေတတ်သည်။
တောင်ခြေပတ်ပတ်လည်တွင် အရွယ်အစားအမျိုးမျိုးရှိသော ရေကန်ကြီးများ ဝန်းရံလျက် ရှိသည်။ ဆယ်မိုင်ခန့် ကျယ်ဝန်းသော ရေကန်တစ်ခုအတွင်း ကြီးမားသော သားရဲကြီးနှစ်ကောင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ တစ်ကောင်မှာ ၁၀ ပေကျော် ရှည်လျားပြီး ကျောတွင် အတောင်ပံများ ပါရှိသော ကျားတစ်ကောင် ဖြစ်သည်။ အခြားတစ်ကောင်မှာမူ ၁၅ ပေကျော် ရှည်လျားသော မိကျောင်းနဂါး ဖြစ်သည်။
မိကျောင်းနဂါး၏ ခန္ဓာကိုယ်မှာ ပြာလဲ့လဲ့ အလင်းတန်းများ ထွက်ပေါ်နေသည့် ထူထပ်တောက်ပသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏ အမြီးနှင့် ခြေလက်များမှာ အလွန်ပင် ခွန်အားကြီးလှပြီး လှုပ်ရှားလိုက်တိုင်း လှိုင်းလုံးကြီးများ ဖြစ်ပေါ်စေသည်။ မိကျောင်းနဂါးမှာ ၎င်း၏ အမြီးကြီးဖြင့် ကျားကို ရေထဲသို့ ရိုက်ချရန် ကြိုးစားနေသည်။ ကျားမှာမူ သွက်လက်လျင်မြန်ပြီး ၎င်း၏ အတောင်ပံများမှာ ပြာလွင်သော အလင်းတန်းများဖြင့် တောက်ပနေသည်။ အတောင်ပံကို ခပ်ဖွဖွ ခတ်လိုက်ရုံဖြင့် လေထဲတွင် လှပစွာ ပျံဝဲကာ မိကျောင်း၏ တိုက်ခိုက်မှုများကို လိမ္မာပါးနပ်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။ ကျားကြီးသည် ဓားကဲ့သို့ ချွန်ထက်သော လက်သည်းများဖြင့် မိကျောင်းကြီးကို ပြင်းထန်စွာ ကုတ်ခြစ်တိုက်ခိုက်နေသည်။
သားရဲနှစ်ကောင်မှာ လုံးထွေးတိုက်ခိုက်နေကြပြီး မည်သူကမျှ အသာမရသေးပေ။ မိကျောင်းနဂါးသည် ၎င်း၏ ခိုင်မာသော ခံစစ်နှင့် ရိုက်နှက်နိုင်သော စွမ်းအားကို အသုံးချကာ ကျားကို အဆက်မပြတ် ဖိအားပေးနေပြီး ကျားမှာလည်း ၎င်း၏ မြန်နှုန်းနှင့် ပျံသန်းနိုင်စွမ်းကို သုံးကာ ရှောင်တိမ်း တိုက်စစ်ဆင်နေသည်။ နောက်ဆုံးတွင် မိကျောင်းနဂါးသည် ရေထဲတွင်ရှိသော ၎င်း၏ အားသာချက်ကို အသုံးချကာ ကျားဖြူကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့သည်။ ကျားဖြူမှာ ဒဏ်ရာမှ သွေးများစွာ ထွက်နေသဖြင့် မကျေမနပ် ဟိန်းဟောက်ပြီး အတောင်ပံခတ်ကာ ကောင်းကင်ယံရှိ တိမ်တိုက်များအတွင်းသို့ ပျံတက်ကွယ်ပျောက်သွားခဲ့သည်။ မိကျောင်းနဂါးမှာ ထိုကျားဖြူသားရဲ ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီးနောက် ရေထဲသို့ တဖြည်းဖြည်း ငုပ်လျှိုး ပျောက်ကွယ်သွားသည်။
တတိယအဆင့် နတ်ဆိုးသားရဲကြီးနှစ်ကောင်၏ တိုက်ပွဲမှာ စုန့်ဝမ် အပါအဝင် ရောက်ရှိလာသော ကျင့်ကြံသူ အများအပြား၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ အနည်းဆုံး လူ ၂၀ ခန့်မှာ ထိုသားရဲနှစ်ကောင်၏ တိုက်ပွဲကို သိရှိခဲ့ကြသည်။ ၎င်းတို့က ထိုရေကန်ကြီးနှင့် မြူများ ဖုံးလွှမ်းနေသော တောင်ထိပ်ကို အန္တရာယ်နယ်မြေအဖြစ် သဘောထားပြီး ရှောင်ကွင်းသွားရန်သာ စိတ်ကူးထားကြသည်။ တတိယအဆင့် နတ်ဆိုးသားရဲများ၏ နယ်မြေမှာ အခြေတည်အဆင့် ကျင့်ကြံသူများ ကျူးကျော် ဝင်ရောက်နိုင်သော နေရာမဟုတ်ပေ။
သားရဲနှစ်ကောင် တိုက်ပွဲပြီးသွားသောအခါ ပုန်းကွယ်နေသော ကျင့်ကြံသူများ ပေါ်ထွက်လာကြသည်။ မြင့်မားသော တောင်ကြီး၏ ခြေရင်းတွင် အရှေ့တောင်၊ အနောက်တောင်၊ အရှေ့မြောက်နှင့် အနောက်မြောက် အရပ်မျက်နှာ လေးဖက်တွင် ကြီးမားသော ဂူအဝင်ပေါက် လေးခု ရှိသည်။ ထိုအဝင်ပေါက်များမှာ ပေ ၃၀ ကျော် မြင့်မားပြီး တောင်အတွင်းပိုင်းသို့ ဦးတည်နေသည်။ ကျင့်ကြံသူများလည်း တစ်ယောက်ပြီး တစ်ယောက် ထိုဂူဝင်ပေါက် လေးခုတွင်းသို့ ဝင်ရောက်သွားကြသည်။ စုန့်ဝမ်က အလောတကြီး ဝင်မသွားဘဲ တစ်နာရီခန့် စောင့်ဆိုင်းပြီး အခြားသူများ မတွေ့ရတော့မှသာ အနီးဆုံး ဂူဝင်ပေါက်ဆီသို့ ပြေးဝင်ခဲ့သည်။ ဂူဝင်ပေါက်မှာ ခန့်ညားထည်ဝါစွာ တည်ဆောက်ထားသော်လည်း နှစ်ပေါင်းများစွာ ကြာညောင်းခဲ့သဖြင့် ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ တစ်ချိန်က ချောမွေ့ခဲ့သော မြေပြင်မှာပင် ကွဲအက်ပျက်စီးနေသည်။
ဂူဝင်ပေါက်အတွင်းသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်မှာ ရုတ်တရက် လုံးဝ မှောင်မိုက်သွားခဲ့သည်။ ထို့ပြင် ဝိညာဉ်အာရုံမှာလည်း ကန့်သတ်ခံထားရသဖြင့် ကူပိုးကောင်များကို ထုတ်ကာ ရှေ့နှင့်နောက်ကို ကာကွယ်ခိုင်းထားလိုက်သည်။ လမ်းမှာ ကွေ့ကောက်နေပြီး အောက်ဘက်သို့ လျောဆင်းနေသည်။ အတန်ကြာ လမ်းလျှောက်ပြီးနောက် စုန့်ဝမ်မှာ တစ်စုံတစ်ဦး၏ စောင့်ကြည့်ခြင်းကို ခံနေရသလို ခံစားလိုက်ရသည်။ အပေါ်သို့ မော့ကြည့်လိုက်သောအခါ မျက်နှာကြက်ရှိ အက်ကွဲကြောင်းများကြားတွင် လင်းနို့နှစ်ကောင် ပုန်းနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့တွင် မည်သည့် ဝိညာဉ်စွမ်းအားမျှ မရှိပေ။ ထိုသာမန်လင်းနို့များမှာ ကျင့်ကြံသူတစ်ဦးက ကင်းထောက်ရန်အတွက် မွေးမြူထားခြင်း ဖြစ်မည်။ ၎င်းတို့ထံမှ ဝိညာဉ်စွမ်းအား မထုတ်လွှတ်သဖြင့် စုန့်ဝမ်မှာ အစပိုင်းတွင် သတိမထားမိခဲ့ခြင်း ဖြစ်သည်။ သာမန်ငှက်များ၏ စောင့်ကြည့်ခြင်းကို ခံရခြင်းမှာ တကယ်ပင် မမျှော်လင့်ထားသော ကိစ္စဖြစ်သည်။
ထိုအခိုက်အတန့်မှာပင် မှောင်မိုက်နေသော ဂူလမ်းအတွင်းမှ ဆံချည်မျှင်တမျှ သေးငယ်သော အနက်ရောင်အပ်များ စုန့်ဝမ်ထံသို့ တိတ်ဆိတ်စွာ ပြေးဝင်လာခဲ့သည်။ အကယ်၍ စုန့်ဝမ်သာ ကူပိုးကောင်များမှတဆင့် ဝိညာဉ်အာရုံကို ပေ ၁၂၀၀ အထိ တိုးမြှင့်ထားခြင်း မရှိပါက အန္တရာယ်ကို သတိပြုမိချိန်တွင် ခုခံရန်ပင် အချိန်ရလိုက်မည် မဟုတ်ပေ။ ဤချောင်းမြောင်းတိုက်ခိုက်မှုမှာ ပေ ၄၀၀ ခန့်မှနေ၍ ရုတ်တရက် တိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုအကွာအဝေးမှာ တိုက်ခိုက်သူ၏ ဝိညာဥ်အာရုံ လွှမ်းခြုံနိုင်စွမ်းထက် ကျော်လွန်နေသဖြင့် ထိုသူသည် အပ်များကို လိုသလို မထိန်းချုပ်နိုင်ပေ။ အပ်အချို့ လွဲချော်သွားသော်လည်း အပ်အများစုမှာ စုန့်ဝမ်ထံသို့ တိကျစွာ ဦးတည်လာနေဆဲ ဖြစ်သည်။
စုန့်ဝမ်လည်း အတွေးတစ်ချက်ဖြင့် လိပ်မြွေဒိုင်းကို ထုတ်ယူ ကာကွယ်လိုက်သည်။ တိုးညှင်းသော ရိုက်ခတ်သံနှင့်အတူ အပ်အားလုံး ဒိုင်းဖြင့် တားဆီးခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ စုန့်ဝမ်က ဝိညာဉ်စွမ်းအား အသုံးပြုပြီး အပ်များကို သူ့နောက်ဘက်ရှိ မှောင်မိုက်သော လမ်းအတွင်းသို့ လွှင့်ပစ်လိုက်သည်။ ထိုအနက်ရောင်အပ်များမှာ ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်လက်နက် ဖြစ်သော်လည်း လက်ရှိတွင် တိုက်ခိုက်သူ၏ ဝိညာဥ်အာရုံနယ်ပယ်ပြင်ပသို့ ရောက်နေသဖြင့် ၎င်းတို့ကို မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်သည်။ စုန့်ဝမ်မှာ သတိကြီးသူပီပီ အပ်များကို ရန်သူက ပြန်ခေါ်သွားနိုင်သည့် အခွင့်အရေးကို မပေးလိုသောကြောင့် အဝေးသို့ လွှင့်ပစ်လိုက်ခြင်း ဖြစ်သည်။
ထိုစဉ်မှာပင် လူတစ်ဦး သူ့ဝိညာဥ်အာရုံနယ်ပယ်အတွင်းသို့ ဝင်ရောက်လာသည်ကို စုန့်ဝမ် သိလိုက်ရသည်။ ထိုသူသည် ခေါင်းတွင် အမာရွတ် ရှိကာ ကိုယ်တော်တစ်ပါးကဲ့သို့ ဝတ်ဆင်ထားသည်။ သူ့နောက်တွင် အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ခြောက်ဦးလည်း လိုက်ပါလာသည်။
စုန့်ဝမ် စိတ်ရှုပ်သွားသည်။ ဝိညာဥ်ဆေးပင်ပင် တစ်ပင်မှ မတွေ့ရသေးခင် ဓားပြအုပ်စုနှင့် တိုးခြင်းပင်။ ၎င်းတို့သည် လျှို့ဝှက်နယ်မြေထဲ မဝင်ခင်တည်းက ဆေးပင်ရှာရန်ထက် လုယက်ခြင်းဖြင့် အမြတ်ထုတ်ရန် ကြိုတင် ကြံစည်ထားသည်မှာ သိသာလှသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ဆေးပင်ရှာရန် မဟုတ်ဘဲ အခြားကျင့်ကြံသူများကို လုယက်ရန်သာ ဖြစ်သည်။
၎င်းတို့ ခုနစ်ဦးစလုံးမှာ အခြေတည်အဆင့် နှောင်းပိုင်းတွင် ရှိနေကြသည်။ ငွေအလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်တို့ကို မသုံးဘဲ ထိုခုနစ်ဦးစလုံးကို ရင်ဆိုင်ရန်မှာ စုန့်ဝမ်အတွက် ခက်ခဲလွန်းလှသည်။ သို့သော် ဤနေရာမှာ အဝင်ဝနှင့် အလွန်နီးကပ်နေပြီး အခြားကျင့်ကြံသူများ အချိန်မရွေး ဖြတ်သွားနိုင်သဖြင့် ငွေအလောင်းရုပ်သေးနှင့် တစ္ဆေဘုရင်ကို ထုတ်သုံးလျှင် လူမိသွားနိုင်သည့် အန္တရာယ် ရှိသည်။
ထို့ကြောင့် လမ်းဘေးရှိ အက်ကွဲကြောင်းများတွင် ကူလေးကောင်ကို ပုန်းအောင်း စောင့်ကြည့်ခိုင်းပြီး နောက်သို့ ဆုတ်ခွာခဲ့သည်။ ပေ ၃၀၀ ရာခန့် ဆုတ်ခွာပြီးနောက် နောက်ဘက်ရှိ လှုပ်ရှားမှုများကို စောင့်ကြည့်နေသော ကူပိုးကောင် နှစ်ကောင်ထံမှ နောက်ဘက်မှလည်း လူများ လာနေပြီဖြစ်ကြောင်း သတင်းပို့လာသည်။
***