လင်းချီယဲ့သည် သူ၏ အထောက်အထားကို ထုတ်ဖော်ပြသပြီးနောက် ဘုရင်နှစ်ပါးထံမှ အကျိုးအမြတ်များကို ချက်ချင်း တောင်းဆိုလိုက်သည်။
အုပ်ချုပ်သူ နှစ်ဦးမှာ တွန့်ဆုတ်နေခဲ့ကြသည်။ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြကာ လင်းချီယဲ့ကို ပြောလိုက်သည် - “အရှင်သန့်စင်သောကလေးငယ် . . . ကျွန်တော်တို့ အရင်းအမြစ်တွေကို စုဆောင်းပြီး ရေတွက်ဖို့ အချိန် နည်းနည်းတော့ လိုပါဦးမယ်”
“အဲဒီလောက်အထိ အရေးတကြီး မလိုပါဘူး။ ငါ လိုချင်တာတွေ မင်းတို့ဆီမှာ ရှိ၊ မရှိ ဆိုတာကိုပဲ ငါ အရင် အတည်ပြုချင်တာပါ။ အကယ်၍ မရှိဘူးဆိုရင်လည်း ငါ လုံးဝ မလာခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ”
လင်းချီယဲ့က သူတို့နှစ်ဦးကို ကြားဖြတ် ပြောလိုက်သည်။
!!
သူ၏ အထောက်အထားတွင် ပြဿနာ မရှိကြောင်း တရားဝင် အတည်မပြုရသေးမီအထိ သူတို့သည် ထောက်ပံ့ရေး ပစ္စည်းများကို အလွယ်တကူ လွှဲပြောင်းပေးရန် သဘောတူမည် မဟုတ်ကြောင်း သူ သိထားသည်။
ဘုရင်များ အနေဖြင့် သူတို့၏ အမျိုးသား ဘဏ္ဍာတိုက် အခြေအနေကို သူတို့ ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။
သူတို့သည် ဤနေရာတွင် သူနှင့်အတူ အချိန်ဖြုန်းနေရသည့် အကြောင်းရင်းမှာ စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ယောက်ကို စေလွှတ်နိုင်စေရန် အချိန်ဆွဲနေခြင်းထက် မပိုပေ။
လင်းချီယဲ့သည် သူတို့၏ စုံစမ်းစစ်ဆေးမှုကို မကြောက်ပေ။ သို့သော် အချိန်မှာ အလွန်အဖိုးတန်သည်။ သူသည် သူတို့နှင့်အတူ အချိန်ဖြုန်း မနေလိုပေ။
“ဒါက . . .”
ဘုရင်နှစ်ပါးမှာ မှင်တက်သွားကြသည်။ လင်းချီယဲ့၏ ပြတ်သားမှုနှင့် သူသည် အရင်းအမြစ်များကိုသာ အတည်ပြုလိုခြင်းဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားထဲရှိ သံသယများမှာ ထက်ဝက်ခန့် လျော့နည်းသွားခဲ့သည်။
“ကောင်းပါပြီ . . . ခဏလောက် စောင့်ပေးပါ အရှင်သန့်စင်သောကလေးငယ်။ ကျွန်တော်တို့ အရင်းအမြစ် စာရင်းကို အရင်လုပ်လိုက်ပါမယ်၊ အဲဒီနောက်မှာ အရှင် ကြည့်ရှုနိုင်ပါတယ်”
လင်းချီယဲ့၏ အထောက်အထားမှာ ပြဿနာရှိ၊ မရှိကို မထောက်ထားဘဲ သူ၏ ခွန်အားမှာ အားလုံး မြင်တွေ့နိုင်သကဲ့သို့ ရှင်းလင်းနေသည်။ ဘုရင်နှစ်ပါးမှာ သူ့ကို ဂရုတစိုက် ဆက်ဆံရမည်ဖြစ်သည်။
လင်းချီယဲ့က ခေါင်းညိတ်ပြလိုက်ပြီး အင်ပါယာနှစ်ခုမှ လူများမှာလည်း အလျင်အမြန် စုဝေးလိုက်ကြသည်။
လူပေါင်း တစ်ရာကျော်ကို အုပ်စုနှစ်စု ခွဲလိုက်ပြီး စာရင်းတွင် မှတ်တမ်းတင်ရမည့် အရာများကို အပြင်းအထန် ဆွေးနွေးလိုက်ကြသည်။
လင်းချီယဲ့သည် ထောက်ပံ့ရေး ပစ္စည်းများစွာ လိုအပ်ကြောင်း သူတို့ သိထားကြသော်လည်း သူ၏ လေသံအရ သူသည် အရာအားလုံးကို လိုချင်ပုံ မရပေ။
အကယ်၍ ၎င်းသည် ထိပ်တန်း ရတနာတစ်ခု မဟုတ်လျှင် သူ၏ မျက်စိထဲသို့ ဝင်နိုင်မည် မဟုတ်ပေ။
“အမျိုးသား ဘဏ္ဍာတိုက်ထဲမှာရှိတဲ့ ရတနာအားလုံးရဲ့ စာရင်းက ဒီမှာပါ။ အရှင်သန့်စင်သောကလေးငယ် ဘာလိုချင်လဲဆိုတာ ကျွန်တော်တို့ မသိဘူး၊ ဒါကြောင့် အားလုံးကို ထုတ်ပြပြီး သူ့ကို ရွေးချယ်ခိုင်းတာက ပိုကောင်းပါလိမ့်မယ်”
“အဲဒီနည်းလမ်း တစ်ခုပဲ ရှိတော့တာပါ။ မဟုတ်ရင် သူ သဘောကျမယ့်အရာ တစ်ခုမှ မရှိခဲ့ရင် ငါတို့ရဲ့ နောက်ဆုံး အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ်”
“ဒါပေမဲ့ ဒီရတနာတွေဟာ အရှင်မင်းကြီးက အချိန်အကြာကြီး မျိုးဆက်ပေါင်းများစွာက ပညာရှိ အရာရှိတွေနဲ့အတူ စုဆောင်းခဲ့တာလေ။ အရှင်သန့်စင်သောကလေးငယ်က အကုန်လုံးကို လိုချင်တယ်လို့ ပြောလာရင် ဘယ်လိုလုပ်မလဲ”
ဝန်ကြီးများ အားလုံးက သူတို့၏ ဘုရင်ကို လှည့်ကြည့်လိုက်ကြသည်။
နှစ်ဖက်စလုံးမှ ဘုရင်များမှာ ထိုအချိန်တွင် အတော်အတန် ရက်ရောနေကြသည်။
သူတို့သည် မျက်မှောင်ပင် မကြုတ်ဘဲ ပြောလိုက်ကြသည် - “ဒီအခြေအနေမှာ အသက်ထက် အရေးကြီးတာ ဘာရှိဦးမှာလဲ။ အဲဒါတွေ မရှိတော့ရင်လည်း ဘာမှမဖြစ်ပါဘူး။ ငါတို့ရဲ့ အမွေအနှစ်တွေ ရှိနေသရွေ့ ငါတို့ အနာဂတ်မှာ ပြန်ပြီး ထလာနိုင်ပါတယ်”
“အရှင်မင်းကြီးက ပညာရှိပြီး ပွင့်လင်းမြင်သာမှု ရှိလှပါတယ်။ ကျွန်တော်တို့ အရှင်မင်းကြီးနောက်ကို သေသည်အထိ လိုက်ပါပြီး ဂုဏ်သိက္ခာရှိတဲ့ ကမ္ဘာသစ်တစ်ခုကို အတူတူ ဖန်တီးသွားပါမယ်”
ဝန်ကြီးများက သူတို့ကို မြှောက်ပင့် ပြောဆိုလိုက်ကြပြီး ဘုရင်နှစ်ပါးမှာလည်း အမြတ်ထုတ် ခံရတော့မည်ကို ကြိုတင် ပြင်ဆင်ထားကြသည်။
သို့သော် သူတို့ ပြောသကဲ့သို့ပင် ဤကမ္ဘာပျက်မည့် ဘေးဒုက္ခတွင် အမွေအနှစ်ကို ထိန်းသိမ်းနိုင်သရွေ့ ဆုံးရှုံးသွားသော ရတနာများကို တစ်နေ့တွင် ပြန်လည် စုဆောင်းနိုင်လိမ့်မည် ဖြစ်သည်။
အလွန် လျင်မြန်စွာပင် အင်ပါယာနှစ်ခုလုံးမှ လူများသည် ထူထဲသော စာရင်းတစ်ခုစီကို ပြုလုပ်ပြီး လင်းချီယဲ့ထံသို့ ရောက်လာကြသည်။
“အရှင်သန့်စင်သောကလေးငယ် . . . ဒါတွေကတော့ ကျွန်တော်တို့ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ အရင်းအမြစ်တွေနဲ့ ရတနာအမျိုးမျိုးပါပဲ”
အုပ်ချုပ်သူ နှစ်ဦးသည် စိုးရိမ်တကြီးဖြင့် စာရင်းကို လင်းချီယဲ့ထံသို့ ကမ်းပေးလိုက်သည်။
လင်းချီယဲ့က ထိုအရာများကို အထင်သေးပြီး သူတို့ကို ကူညီရန် လက်လျှော့သွားမည်ကို သူတို့ ကြောက်ရွံ့နေကြသည်။
အဆုံးတွင် လင်းချီယဲ့သည် ရွှေအမြုတေအဆင့်နှင့် ထိုထက် မြင့်မားသော ပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။
သူ၏ လက်ထဲတွင်ရှိသော ရတနာများသည် သူတို့ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော အရာများထက် အဆပေါင်းများစွာ ပိုကောင်းနေလိမ့်မည် ဖြစ်သည်။
သူက သူတို့၏ လက်ကျန်ပစ္စည်းများကို သဘောကျ၊ မကျ ဆိုသည်မှာ ကံတရားအပေါ်တွင်သာ မူတည်နေသည်။
“ဒီလောက်တောင် များတာလား”
သူ၏ ခါးအထိပင် ရောက်နေသော စာရွက်စာတမ်း နှစ်ပုံကြီးကို ကြည့်လိုက်ရင်း လင်းချီယဲ့၏ မျက်ခုံးများ လှုပ်ရှားသွားခဲ့သည်။
“အဟမ်း . . . အရှင်သန့်စင်သောကလေးငယ်၊ ဒါက ငါတို့နိုင်ငံနှစ်ခုလုံးမှာရှိတဲ့ ပစ္စည်းစာရင်း အားလုံး ပါဝင်ပါတယ်။ အရှင် အသုံးဝင်မယ့် အရာတစ်ခုခု ကျန်ရစ်နေခဲ့ရင် အဲဒါက ငါတို့အတွက် အပြစ်တစ်ခု ဖြစ်မသွားဘူးလားလို့ တွေးမိလို့ပါ” ဟု ဘုရင်နှစ်ပါးက အပြစ်ရှိသကဲ့သို့ ပြောလိုက်ကြသည်။
သူတို့တွင် ရွေးချယ်စရာ မရှိပေ။ လင်းချီယဲ့၏ အကူအညီကို ရရှိရန် သူတို့တွင်ရှိသမျှ အရာအားလုံးကို စွန့်လွှတ်ရမည်ဖြစ်သည်။
သူတို့ ပြောခဲ့သကဲ့သို့ပင်၊ သူတို့အတွက် သိပ်ပြီး တန်ဖိုးမရှိသော်လည်း လင်းချီယဲ့ သဘောကျမည့် အရင်းအမြစ်အချို့ ရှိနေခဲ့လျှင် ဘယ်လိုလုပ်မလဲ။
“အရမ်းကို စဉ်းစားပေးတာပဲ”
လင်းချီယဲ့သည် သူတို့နှစ်ဦးကို အပြုံးဖျော့ဖျော့ဖြင့် ကြည့်လိုက်သည်။ သူတို့ ဘာတွေးနေသည်ကို သူက တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။
သို့သော် သူသည် ဤအရာအပေါ် ကန့်ကွက်စရာ မရှိပေ။ ယင်းအစား ထိုလူနှစ်ဦးသည် အခြေအနေကို နားလည်တတ်သည်ဟု ခံစားလိုက်ရသည်။
“တောက် . . . လူ့လောကရဲ့ ဘုရင်နှစ်ပါးက ဒီလောက်အထိ အရှက်မရှိတာပဲ။ အသက်ရှင်နေတာက ဘာထူးမှာလဲ”
ဝမ်မုန့်၏ မထီမဲ့မြင်ပြုသည့် အသံသည် လင်းချီယဲ့၏ စိတ်ထဲတွင် မြည်ဟည်းသွားခဲ့သည်။
“မင်း ဘာသိမှာလဲ။ ဒါကို အခြေအနေကို နားလည်တဲ့ ပညာရှိလို့ ခေါ်တယ်။ အသက်ရှိနေသရွေ့ မျှော်လင့်ချက် ရှိနေသေးတာပဲ။ အကယ်၍ မင်း အသက်ဆုံးရှုံးသွားရင် မင်းမှာ ပြောစရာ ဘာဂုဏ်သိက္ခာ ရှိဦးမှာလဲ”
လင်းချီယဲ့က သူမကို လျှို့ဝှက်စွာ ပြန်ဖြေလိုက်သည်။
“ဟင့် . . . ကျွန်မရဲ့ သခင် အာဏာမရခင်တုန်းက သူ့ထက် အဆင့်များစွာ မြင့်တဲ့လူနဲ့ ရင်ဆိုင်ရရင်တောင် သူက အနည်းငယ်မျှတောင် ကြောက်ရွံ့တဲ့ အရိပ်အယောင် မပြခဲ့ဘူး။ အားကြီးတဲ့လူတွေက အားနည်းနေတဲ့ အချိန်မှာတောင် သူတို့မှာ စည်းတစ်ခု ရှိသင့်တယ်”
ဝမ်မုန့်သည် အင်ပါယာနှစ်ခု၏ ဘုရင်များကို မထီမဲ့မြင် ပြုနေခဲ့သည်။
ဝမ်မုန့်သည် သူ့ကို သူ၏ ဂုဏ်သိက္ခာကို မဆုံးရှုံးစေရန် ပတ်ရိုက်ပြီး ပြောနေခြင်းဖြစ်ကြောင်း လင်းချီယဲ့ သိလိုက်သည်။
သို့သော် ဤအချိန်တွင် သူသည် သူမနှင့် စကားပြောရန် အချိန်မရှိပေ။
“ကောင်းပါပြီ . . . ဒီလူနှစ်ယောက်က မင်းရဲ့ အရင်သခင်နဲ့ မယှဉ်နိုင်ပါဘူး။ မင်း ငါ့ကို ဒီပစ္စည်းပုံကြီးထဲကနေ ငါသုံးလို့ရမယ့် အရာတစ်ခုခု ရှိမရှိဆိုတာကို မြန်မြန်လေး ကူပြီး စစ်ထုတ်ပေးပါဦး”
လင်းချီယဲ့သည် အချို့သော ဒေသထွက် ပစ္စည်းများ၏ အာနိသင်ကို မသိသော်လည်း ဝမ်မုန့်မှာမူ မတူပေ။ သူမသည် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး သူမ၏ ဦးနှောက်ထဲရှိ အသိပညာမှာ ကောင်းကင်နတ်ဘုရားနန်းတော်မှ မုတ်ဆိတ်ဖြူ အဖိုးအိုထက်ပင် ပိုများနေလိမ့်မည် ဖြစ်သည်။
***