လျှို့ဝှက်ဆန်းကြယ်ဒြပ်စင်လေးပါး နတ်ဘုရားဓားကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် မြူခိုးနက်များကဲ့သို့သော ချိတ်ပိတ်မှုက တစ်မုဟုတ်ချင်း ကွဲကြေသွား၏။
ချူခွမ်းရန်က ဓားသမားဝေ့နှင့် ကျန့်ချန်ဖုန်းတို့ကို ထိုနေရာမှ ခေါ်ထုတ်လာခဲ့သည်။
“မင်းရဲ့ မူလခန္ဓာကိုယ်ဆီ ပြန်သွားလို့ရမယ့် နည်းလမ်းရှိသေးလား...”
ချူခွမ်းရန်က သစ်သားရုပ်သေးငယ် တစ်ရုပ်အဖြစ် ပြောင်းလဲသွားသော ကျန့်ချန်ဖုန်းကို လှမ်းကြည့်ရင်း မေးလိုက်၏။
ထိုစကားကို ကြားသောအခါ ကျန့်ချန်ဖုန်းက ခါးသီးစွာ ပြုံးလိုက်သည်။
“ကျွန်တော်က ဝိညာဉ်ကူးပြောင်းခြင်းနည်းစနစ်ကိုသုံးပြီး ဒီသစ်သားရုပ်သေးထဲကို ဝိညာဉ် ရွှေ့ပြောင်းခဲ့တာ။ မူလခန္ဓာကိုယ်ဆီ ပြန်သွားချင်တယ်ဆိုရင် ထိခိုက်ဒဏ်ရာ မရှိသေးတဲ့ ဝိညာဉ်မဲ့နေတဲ့ ခန္ဓာကိုယ်တစ်ခုကို ရှာဖို့ လိုအပ်တယ်။ အဲဒါက တခြားတစ်နေရာကို ဝိညာဉ်မကူးပြောင်းခင် လိုအပ်တဲ့အခြေခံအချက်ပဲ...”
ဤသည်က အလွန်ခက်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်သည်။
ကျန့်ချန်ဖုန်း၏ ဝိညာဉ်စွမ်းအင်က လုံလောက်စွာ အားမကောင်းချေ။ ထို့ကြောင့် သူက တခြားသူများ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လိုပါက အခြားခန္ဓာကိုယ်၏ ဝိညာဉ်ထံမှ ပြင်းထန်သော ငြင်းဆန်မှု သို့မဟုတ် ခုခံမှုကို သေချာပေါက် ကြုံတွေ့ရမည်ဖြစ်၏။ မူလပစ်မှတ်၏ ဝိညာဉ်နှင့် အသားအရည်က အခိုင်အမာ ပေါင်းစပ်နေပြီး ဖြစ်သည့်အတွက် သူ့ဝိညာဉ်တစ်ခုတည်းနှင့် ခန္ဓာကိုယ်ကို အပိုင်စီးရန်မှာ မလုံလောက်နိုင်ပေ။
ပျက်စီးနေသော ခန္ဓာကိုယ်တစ်ခုက သူ၏ ဝိညာဉ်အပြည့်အဝကို လက်ခံနိုင်စွမ်း ရှိမည်မဟုတ်သောကြောင့် အလောင်းတစ်ခုအတွင်းသို့ ဝင်ရောက်ခြင်းကလည်း အလုပ်ဖြစ်မည် မဟုတ်ချေ။
အခြားရွေးချယ်စရာ နည်းလမ်းတစ်ခုမှာ သူ့အတွက် ခန္ဓာကိုယ်သစ်တစ်ခု ဖန်တီးပေးရန် ဖြစ်သည်။
သို့သော်လည်း ဤအရာက ယခင်နည်းလမ်းထက်ပင် ပို၍ မဖြစ်နိုင်သေးပေ။
ခန္ဓာကိုယ်တစ်ခုကို ပြန်လည်တည်ဆောက်ရန် နည်းလမ်းများ ရှိသော်လည်း ၎င်းတို့ကို ရှာဖွေရန် အလွန်ရှားပါးလှ၏။ ဤနည်းလမ်းများအတွက် လိုအပ်သော ပစ္စည်းများက ပို၍ပင် ရှားပါးသေးသည်။ လိုအပ်သော ပါဝင်ပစ္စည်းတစ်ခုစီတိုင်းက အံ့မခန်း ရတနာများဖြစ်ကြသည်။
၎င်းတို့ကို ရနိုင်လျှင်ပင် ကျန့်ချန်ဖုန်းအတွက် ခန္ဓာကိုယ်တစ်ခု ပြန်လည်တည်ဆောက်ရန် ထိုကဲ့သို့သော ရတနာများကို အသုံးပြုသင့်မသင့် ချူခွမ်းရန် စဉ်းစားရဦးမည်ဖြစ်၏။
အဆုံးစွန်ပြောရလျှင် ကျန့်ချန်ဖုန်းက ချူခွမ်းရန်၏ ကျွန်တစ်ယောက်သာဖြစ်သည်။
“ဝိညာဉ်မဲ့ပြီး အပြစ်အနာအဆာကင်းတဲ့ ခန္ဓာကိုယ်တစ်ခုပေါ့... ဖြစ်နိုင်ပါတယ်... တကယ်တော့ သိပ်လည်းမခက်ခဲပါဘူး...”
ချူခွမ်းရန်က တိုးတိုးလေး ရေရွတ်လိုက်၏။
ကျန့်ချန်ဖုန်းမှာ အလွန်အမင်း ဝေခွဲမရ ဖြစ်သွားသည်။
“သခင်... ဒီကိစ္စကိုဖြေရှင်းဖို့ သခင့်မှာ နည်းလမ်းရှိလို့လား...”
“မင်း မကြာခင် သိလာရမှာပါ...”
ချူခွမ်းရန်က ထပ်၍ မပြောပြတော့ချေ။
ကောင်းကင်သားတော် မြောက်မြားစွာက တားမြစ်တောရိုင်းနယ်မြေကို စူးစမ်းလေ့လာရန် ရောက်ရှိလာခဲ့ကြပြီး သူတို့ တစ်ယောက်စီတိုင်းက မိမိတို့နှင့် သက်ဆိုင်သော ကံတရားအခွင့်အလမ်းများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် မပွင့်သေးသော ချိတ်ပိတ်မှုများမှ ကြီးမားသော အန္တရာယ်တစ်ခု တည်ရှိနေဆဲဖြစ်ရာ ကျင့်ကြံသူ အတော်များများ သေဆုံးခဲ့ရ၏။
အမှန်တကယ်တွင် ကောင်းကင်သားတော်များ အချင်းချင်း တိုက်ခိုက်နေကြခြင်းကလည်း သာမန်မြင်ကွင်းတစ်ခုသာ ဖြစ်သည်။
ကြက်သွေးရောင် မီးတောက်တစ်ခုက ကောင်းကင်ယံမှ လျှောဆင်းလာပြီး လန်နင်ယု၏ ခန္ဓာကိုယ်ပေါ်သို့ ရက်စက်စွာ ရိုက်ခတ်သွား၏။
ထိုမီးတောက်၏ စွမ်းအားက အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှသည်။ လန်နင်ယုပင် သွေးများ အန်မထုတ်ဘဲ မနေနိုင်တော့ချေ။ သူမ၏ နှင်းကဲ့သို့ ဖြူစင်သော အသားအရည် အတော်များများမှာ မီးလောင်ကျွမ်းသွားသည်။ ထိုမီးတောက်က သူမ၏ အရေပြားပေါ်ရှိ ဒဏ်ရာများမှတစ်ဆင့် ခန္ဓာကိုယ်ကို တိုက်စားသွားရုံသာမက သူမခန္ဓာကိုယ်၏ နက်ရှိုင်းသော နေရာများအထိ ထိုးဖောက်ဝင်ရောက်သွားသဖြင့် မီးတောက်များကို အာရုံခံရန် ခက်ခဲသွားစေသည်။
တစ်စုံတစ်ခု မှားယွင်းနေကြောင်း လန်နင်ယုကိုယ်တိုင် ခံစားနေရသော်လည်း သူမ၏ ဒဏ်ရာများကို သေချာစစ်ဆေးရန် အချိန်မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမရှေ့တွင် အချိန်မရွေး ခုန်အုပ်ရန် အသင့်ဖြစ်နေသော ကြောက်မက်ဖွယ် ရန်သူတစ်ဦး ရှိနေသောကြောင့်ဖြစ်၏။
ရန်သူမှာ အလွန်ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမက အနီရင့်ရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ ကောက်ကြောင်းအလှကို ပိုမို ထင်းလင်းနေစေသည်။ ဆောင်းဦးရာသီကဲ့သို့သော သူမ၏ မျက်လုံးအစုံက ပို၍ပင် ရမ္မက်ခိုး ဝေနေသေး၏။
“စီနီယာအစ်မ...”
မလှမ်းမကမ်းနေရာမှ ချီယွဲ့မှာ လန်နင်ယု ဒဏ်ရာရသွားသည်ကို မြင်သောအခါ အလွန်အမင်း စိုးရိမ်သွားသည်။ သူမက ကမန်းကတန်း ပြေးလာပြီး လန်နင်ယု၏ ရှေ့တွင်ရပ်ကာ ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးကို တည်ကြည်လေးနက်စွာ စိုက်ကြည့်လိုက်၏။
“မင်းသမီးချီလျန်... ရှင် ဘာလို့ ကျွန်မတို့ကို လိုက်သတ်နေတာလဲ... ရှင့်မှာ ဒီလိုလုပ်စရာ အကြောင်းပြချက် လုံးဝမရှိဘူးမဟုတ်လား...”
ချီယွဲ့က အေးစက်စက် မေးလိုက်သည်။
မင်းသမီးချီလျန်က နတ်ဘုရားမြွေကလန် ဘုရင်၏ မွေးစားသမီး ဖြစ်သည်။ သူတို့က အင်ပါယာလျှောက်လမ်းရှိ သားရဲမျိုးနွယ်စုမှ ဖြစ်ကြ၏။
ကောလာဟလများအရ သူမ၏ အစစ်အမှန်ပုံစံမှာ အလွန်အစွမ်းထက်သော ရှေးဟောင်းမိစ္ဆာသားရဲ ကြက်သွေးရောင်ကြာပန်းမြွေ ဖြစ်သည်ဟု ဆိုကြသည်။
သို့သော်လည်း စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းက နတ်ဘုရားမြွေကလန်နှင့် မည်သည့်အခါကမျှ ပတ်သက်မှု မရှိခဲ့သောကြောင့် မင်းသမီးချီလျန်က သူတို့ကို ဘာကြောင့် ပစ်မှတ်ထားလိုရသနည်းဆိုသည်ကို ချီယွဲ့မှာ နားမလည်နိုင်အောင် ဖြစ်နေရ၏။
“အဟက်... အကြောင်းပြချက် လုံးဝမရှိဘူး ဟုတ်လား...”
“အဲဒီတုန်းက နင့်ရဲ့လေးစားရတဲ့ဆရာက ငါ့အဖေကို သတ်ခဲ့တုန်းက ဒီနေ့ ရောက်လာမယ်လို့ သူမ မျှော်လင့်မထားခဲ့ဘူးလား...”
မင်းသမီးချီလျန်၏ မျက်လုံးများထဲမှ ရေခဲတမျှ အေးစက်သော အကြည့်များ ထွက်ပေါ်လာ၏။
ဤစကားကို ကြားသောအခါ လန်နင်ယုနှင့် ချီယွဲ့တို့က တစ်စုံတစ်ခုကို ချက်ချင်း နားလည်သွားကြသည်။
“ငါတို့ဆရာသတ်ခဲ့တဲ့ အဲဒီ ကြက်သွေးရောင်ကြာပန်းမြွေက နင့်အဖေလား...”
“အတိအကျပဲ...”
“ကျစ်... နင့်ရဲ့အစစ်အမှန် ပုံစံက ကြက်သွေးရောင်ကြာပန်းမြွေဆိုတာ ငါ အစောကြီးကတည်းက သိထားတယ်... ဒါပေမဲ့ ဆရာသတ်ခဲ့တဲ့ အဲဒီမြွေနဲ့ နင်နဲ့ ပတ်သက်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...”
ချီယွဲ့က သူမဘာသာ ကျိန်ဆဲလိုက်၏။ သူမ၏ လုပ်ရပ်များ နောက်ကွယ်တွင် အကြောင်းပြချက်တစ်ခု ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“ဟိုးအရင်တုန်းက နင့်အဖေက လူသားတွေအပေါ် ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးမှုတွေ လုပ်ခဲ့တာလေ... သူ လုပ်ခဲ့တဲ့ ကပ်ဘေးတွေကြောင့် ငါတို့ဆရာက သူ့ကို သတ်ခဲ့တာပဲ... အဲဒါ ဘာမှားနေလို့လဲ...”
ချီယွဲ့က ချေပလိုက်သည်။
“ဟွန့်... လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ့အဖေက ကျင့်ကြံခြင်းကို စွဲလမ်းလွန်းလို့ ရူးသွပ်သွားရုံပါ... ဘယ်လိုပဲဖြစ်ဖြစ် သာမန်ပြည်သူ အနည်းငယ်လောက်ပဲ အသက်ဆုံးရှုံးခဲ့တာလေ... ငါ့အဖေ သောင်းကျန်းတာ ပြီးသွားတာနဲ့ သူ အလိုအလျောက် ပုံမှန်ပြန်ဖြစ်သွားမှာပဲ... ဒါပေမဲ့ နင့်ရဲ့ဆရာက တရားမျှတရေး သူရဲကောင်းကြီးတစ်ယောက်ဖြစ်ချင်နေပြီး ငါ့ရဲ့ချစ်လှစွာသော အဖေကို သေဆုံးအောင် လုပ်ဖို့ ရွေးချယ်ခဲ့တာ...”
“အခုတော့ ငါက ကွယ်လွန်သွားတဲ့ ငါ့အဖေအတွက် လက်စားချေဖို့ ဒီနေရာကို ရောက်လာတာပဲ... နင်တို့နှစ်ယောက်စလုံးကိုသတ်ပြီး လန်ယွဲ့နဲ့ တခြားလူယုတ်မာတွေဆီကနေ အကြွေးပြန်တောင်းတာက ဘာများ မှားနေလို့လဲ...”
မင်းသမီးချီလျန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ထို့နောက် သူမက လက်ကို မြှောက်လိုက်ရာ သူမ၏ လက်ဖဝါးဗဟိုတွင် များပြားလှသော ကြက်သွေးရောင် မီးတောက်များက တငွေ့ငွေ့လောင်ကျွမ်း၍ လည်ပတ်သွား၏။
ဤသည်က မင်းသမီးချီလျန်၏ နတ်ဘုရားစွမ်းအား မြွေနီအဆိပ်မီးလျှံ ဖြစ်သည်။
ထိုမီးလျှံက အလွန်တရာ အစွမ်းထက်ပြီး ဤလောကရှိ မီးလျှံစွမ်းအားများစွာက ၎င်းကို ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။
“ငါတို့တော့ ဒုက္ခလှလှတွေ့ပြီ...”
ချီယွဲ့၏ မျက်နှာက တည်ကြည်သွား၏။ သူတို့၏ရန်သူက သူမအဖေအတွက် လက်စားချေရန် သစ္စာဆိုထားပါက သူတို့ လုပ်နိုင်သည့်အရာ လုံးဝမရှိတော့ပေ။
သို့သော်လည်း ဤသည်က သူတို့ သေရမည်ကို လက်ခံရန် အသင့်ဖြစ်နေပြီဟု ဆိုလိုခြင်း မဟုတ်ချေ။
“ချီယွဲ့... အခုထွက်သွားတော့... နင် သူမကို နိုင်မှာ မဟုတ်ဘူး...”
လန်နင်ယုက မင်းသမီးချီလျန်ကို တင်းမာစွာ စိုက်ကြည့်နေရင်း သူမ၏ခန္ဓာကိုယ်ထဲမှ ရေခဲချီများ ထွက်ပေါ်လာကာ သူမ၏ ဒဏ်ရာများကို ယာယီအေးခဲသွားစေသည်။
“သတ်...”
မင်းသမီးချီလျန်က သရော်လိုက်ပြီး သူမလက်ကို မြှောက်ကာ ထိုကြက်သွေးရင့်ရောင် မီးတောက်များကို ပစ်ပေါက်လိုက်၏။
ထိုမီးတောက်များက ရက်စက်ကြမ်းကြုတ်သော စပါးအုံးမြွေကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူတို့ရှိရာသို့ ရန်လိုစွာဖြင့် ပါးစပ်ကြီး ဖြဲ၍ ဝင်လာသည်။
“အထွတ်အထိပ် စိတ်ခံစားချက်မေ့ပျောက်ခြင်း ထိုးဖောက်မှု...”
လန်နင်ယုက သူမ၏ လက်မောင်းကို ဆန့်ထုတ်လိုက်ပြီး သူမ၏ တာအိုစည်းချက်ကို လက်ညှိုးတစ်ခုထဲသို့စုစည်းကာ ထိုးသွင်းလိုက်၏။ ထိုအခိုက်တွင် ဆင်စွယ်ရောင် လက်ညှိုးအရိပ်ကြီးတစ်ခုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲမတတ် ထိုးဖောက် ထွက်ပေါ်လာသည်။
ဤတိုက်ခိုက်မှုက အလွန်တရာ အစွမ်းထက်လှသည်။
ထိုကြောက်မက်ဖွယ်ရာ မီးစပါးအုံးမြွေကြီးမှာ လက်ညှိုးတစ်ချက်တည်းဖြင့် တစ်မုဟုတ်ချင်း ပျက်စီးသွား၏။
လက်ညှိုး၏ စွမ်းအားက မင်းသမီးချီလျန်ကို ချက်ချင်းပင် လွင့်ထွက်သွားစေသည်။ သူမက အံ့သြတကြီး တုံ့ပြန်လိုက်သည်။
“နင့်ဆီမှာ ဒီလောက်သန်မာတဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... နင်က တကယ့်ကို အစွမ်းထက်တဲ့ တားမြစ်ခံ ကောင်းကင်သမီးတော်ပဲ...”
လန်နင်ယုမှာ သူမပြိုင်ဘက်၏ ယခင် ချုံခိုတိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားပြီး အဆိပ်မီးတောက်များ၏ တိုက်စားမှုကိုလည်း ခံစားနေရသည်။ သို့တိုင်အောင် သူမက ပြိုင်ဘက်ကို တိုက်ခိုက်နိုင်ပြီး နောက်ဆုတ်သွားစေရန် အင်အားရှိနေဆဲဖြစ်၏။
သို့သော်လည်း လန်နင်ယု၏ အသက်အန္တရာယ်က နီးကပ်နေပြီဖြစ်ကြောင်း ချီယွဲ့က မြင်တွေ့နိုင်နေသည်။
မင်းသမီးချီလျန် နောက်ဆုတ်သွားရသည်နှင့် တစ်ပြိုင်နက် သူမက လန်နင်ယုကို လျင်မြန်စွာ ဖက်၍ အဝေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
“အဟက်... နင် ပြေးချင်သလောက် ပြေးလို့ရတယ်... ဒါပေမဲ့ နင် ငါ့ဆီကနေ ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး...”
မင်းသမီးချီလျန်က သူမ၏ ကြက်သွေးရင့်ရောင် မြွေလျှာကို ထုတ်၍ နှုတ်ခမ်းကို လျက်လိုက်ပြန်၏။ ထို့နောက် သူမက သူတို့ကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သူမအတွက်တော့ လန်နင်ယုနှင့် ချီယွဲ့တို့က သူမ၏ လက်ဖဝါးထဲတွင် ပိတ်မိနေပြီ ဖြစ်သည်။ သူတို့မည်မျှပင် ရုန်းကန်ပါစေ သူမ၏ အချုပ်အနှောင်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူမက သူမ၏ သားကောင်များကို ကစားရသည့် ခံစားချက်ကို နှစ်သက်နေ၏။
“ရွှစ်…”
မင်းသမီးချီလျန်၏ ဘေးတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
၎င်းက ရုပ်ရည်ချောမောသော လူငယ်တစ်ဦး ဖြစ်၏။ အကယ်၍ လန်နင်ယုနှင့် ချီယွဲ့တို့သာ ဤနေရာတွင်ရှိနေမည်ဆိုပါက ဤလူမှာ မည်သူဖြစ်ကြောင်း သူတို့ သေချာပေါက် မှတ်မိကြမည် ဖြစ်သည်။ သူက တာအိုအရှင်လီ၏တပည့် လီစဲ့လုံဖြစ်၏။
“လန်နင်ယုက ငါ့ရဲ့ ဆန္ဒမီးတောက်အဆိပ် မိသွားပြီ... အဲ့မီးတောက်အဆိပ်က လန်ယွဲ့ ခံစားခဲ့ရတာနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ... လန်ယွဲ့က သူမရဲ့ခံစားချက်တွေ ဒါမှမဟုတ် ဆန္ဒတွေ ပေါ်လာတိုင်း လောင်ကျွမ်းတဲ့ နာကျင်မှုကို ခံစားရပေမဲ့ ငါ့ရဲ့မီးတောက်အဆိပ်က လန်နင်ယုရဲ့ ခန္ဓာကိုယ်ထဲက အခြေခံအကျဆုံး ရမ္မက်တွေကို ဖြစ်ပေါ်လာစေမှာပဲ... သူမက ဘယ်လောက်ပဲ ဖြူစင်ပါစေ၊ ကာမဂုဏ်ကင်းစင်ပါစေ၊ ခံစားချက် ကင်းမဲ့နေပါစေ အရေးမကြီးဘူး... သူမ အဲ့အရာကို ခုခံနိုင်မှာ မဟုတ်ဘူး...”
“နင့်ရဲ့ အခွင့်အရေးရောက်လာပြီ... အဲဒါကို အကောင်းဆုံး အသုံးချလိုက်...”
ထိုစကားကို ကြားသောအခါ လီစဲ့လုံ၏ မျက်နှာက လုံးဝဝမ်းသာအားရ ဖြစ်သွားသည်။
“အစ်မချီလျန်... ကျေးဇူးအများကြီးတင်ပါတယ်...”
“နင် လိုချင်တာရသွားပြီဆိုရင် ငါ့ကို ကတိပေးထားတာမမေ့နဲ့...”
“မပူပါနဲ့ အစ်မချီလျန်ရယ်... ဒီကိစ္စတွေ အားလုံးပြီးသွားတဲ့အခါ အဲဒီ ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံ ဘယ်မှာရှိလဲဆိုတာ ငါ သေချာပေါက် ပြောပြပါ့မယ်...”
လီစဲ့လုံက ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူက ခါးမှ အိတ်ငယ်လေးကို ဖြုတ်၍ အတွင်းမှ နှင်းကဲ့သို့ဖြူဖွေးသော ပိုးကောင်လေးတစ်ကောင်ကို လွှတ်လိုက်၏။
ထိုပိုးကောင်လေးက လေထဲတွင် နှစ်ပတ်လည်ပြီးနောက် လန်နင်ယုနှင့် ချီယွဲ့တို့ ထွက်သွားသော လမ်းကြောင်းဆီသို့ ပျံသန်းသွားသည်။
“နှင်းကျောက်စိမ်းပိုးကောင်ဘုရင်မက ကီလိုမီတာပေါင်းများစွာ ကွာဝေးနေရင်တောင် မင်းကို အလွယ်တကူ ရှာဖွေနိုင်တယ်... ကျောက်စိမ်းပိုးကောင်တွေဆီက ပိုးမှုန့်တွေက မီးတောက်အဆိပ်နဲ့အတူ မင်းခန္ဓာကိုယ်ထဲကို ဝင်သွားပြီ နင်ယု… မင်း ပြေးလို့ရပေမဲ့ ပုန်းလို့ မရပါဘူး...”
လီစဲ့လုံ၏ မျက်နှာပေါ်တွင် ယုံကြည်မှုများ အပြည့်အဝ ရှိနေ၏။ နှင်းကျောက်စိမ်းပိုးကောင်ဘုရင်မ၏ လမ်းညွှန်မှုနှင့်အတူ သူက မင်းသမီးချီလျန်ကို ခေါ်၍ သူတို့နောက်သို့ လိုက်သွားသည်။
“အစ်မချီလျန်... သူတို့ နှစ်ယောက်စလုံးကို ရှာတွေ့တဲ့အခါ အစ်မက ငါနဲ့ ပူးပေါင်းပြီး ဇာတ်လမ်းလေးတစ်ပုဒ်လောက် ဖန်တီးပေးဖို့ မျှော်လင့်ပါတယ်...”
လီစဲ့လုံက ရုတ်တရက် တောင်းဆိုလိုက်သည်။
“အဲဒီအချိန်ကျရင် ငါက သူတို့ နှစ်ယောက်စလုံးကို ကယ်တင်တဲ့သူ ဖြစ်ချင်လို့ပါ...”
“အိုး... နင်က သူရဲကောင်းကြီးက အလှမယ်လေးကို ကယ်တင်တဲ့ ပြဇာတ် ဇာတ်ကွက်မျိုး ဖန်တီးချင်တာလား... ငါတို့ ဒီလောက်အထိ ခရီးရောက်နေပြီကို နင်က ဒီနည်းနဲ့ လန်နင်ယုရဲ့နှလုံးသားကို အပိုင်သိမ်းချင်နေတုန်းပဲ... ဟားဟား... လူသားတွေ နင်တို့က သိပ်ပြီး ဟန်ဆောင်ကောင်းလွန်းတာပဲ...”
မင်းသမီးချီလျန်က သူ၏ အကြံအစည်ကို ရယ်မောလိုက်သော်လည်း သဘောတူလိုက်လေသည်။
***