ချီယွဲ့က လန်နင်ယုကို ဂူတစ်ဂူထဲသို့ ခေါ်လာခဲ့၏။ ထို့နောက် သူမက ဝင်္ကပါအစီအရင်တစ်ခုကို လျင်မြန်စွာချထားပြီး ဂူတစ်ခုလုံးကို ဖုံးကွယ်လိုက်သည်။
ထိုအရာများအားလုံး လုပ်ဆောင်ပြီးနောက်မှ သူမက သက်ပြင်းချနိုင်တော့၏။ သူမက ကျောပိုးထားသော လန်နင်ယုကို မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ချပေးလိုက်သည်။
“စီနီယာအစ်မ... တောင့်ခံထားနော်... ကျွန်မ အခုချက်ချင်း အစ်မရဲ့ ဒဏ်ရာတွေကို ကုသပေးမယ်...”
ချီယွဲ့က လန်နင်ယု၏ ဒဏ်ရာအခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး ကုသရေးဆေးလုံး အမြောက်အမြားကို ကမန်းကတန်း ထုတ်ယူလိုက်သည်။
“အလကားပဲ... ဒီဆေးလုံးတွေက မင်းသမီးချီလျန် လုပ်သွားတဲ့ ဒဏ်ရာတွေကို မကုသနိုင်ပါဘူး...”
လန်နင်ယုက ခေါင်းခါ၍ ပြောလိုက်သည်။
“ဒါဆို အခု အစ်မ ဘယ်လိုနေသေးလဲ...”
“နည်းနည်းပူသလို ခံစားနေရတယ်...”
လန်နင်ယုက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။ အလွန်အမင်း နာကျင်နေခြင်းမရှိသော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ ခံစားနေရသည်။
ရှေးကျသော ရမ္မက်ဆန္ဒတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲတွင် တအုံနွေးနွေး ဖြစ်ပေါ်နေပြီး အချိန်မရွေး သူမ၏ ခန္ဓာကိုယ်ကို ကြီးစိုးသွားတော့မည့်အလား ခံစားနေရ၏။
“ပူတယ် ဟုတ်လား...”
ချီယွဲ့က လန်နင်ယု၏ နဖူးကို စမ်းကြည့်လိုက်သည်။ တကယ့်ကို တော်တော်လေး ပူနွေးနေပြီး သူမ၏ မျက်နှာမှာ နီရဲနေကာ နဖူးတွင်လည်း ချွေးပေါက်များ စို့နေ၏။
“ဒါက ဘာဖြစ်တာလဲ... စီနီယာအစ်မ ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ...”
ချီယွဲ့မှာ အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ စီနီယာအစ်မ ဤသို့ဖြစ်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။
“ကြက်သွေးရောင်ကြာပန်းမြွေဆီက မီးတောက်အဆိပ်များလား... ကျစ်...”
ချီယွဲ့မှာ အလွန်အမင်း စိုးရိမ်ပူပန်နေသော်လည်း တစ်ချိန်တည်းမှာပင် ဘာဆက်လုပ်ရမည်ကို မသိအောင် ဖြစ်နေသည်။
ထိုအခိုက်၌ အပြင်ဘက်မှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့လာပြီး ဂူတစ်ခုလုံးကို တုန်ခါသွားစေ၏။
ချီယွဲ့မှာ အံ့အားသင့်သွားသည်။ သူမ ချထားခဲ့သော ချိတ်ပိတ်အစီအရင်က ဤမျှ မြန်မြန် ပျက်စီးသွားခဲ့ပြီဖြစ်၏။
“မင်းသမီးချီလျန်က ငါတို့ကို ရှာတွေ့သွားပြီလား... မဖြစ်နိုင်တာ... သူမက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရှာတွေ့သွားတာလဲ...”
“လန်နင်ယု... ငါ့ရဲ့မီးတောက်အဆိပ်က သိပ်ပြီး ခံစားလို့ ကောင်းတယ် မဟုတ်ဘူးမလား...”
ထင်ထားသည့်အတိုင်းပင် မင်းသမီးချီလျန်၏ အသံက ဂူအပြင်ဘက်မှ ထွက်ပေါ်လာသည်။
သူတို့ကို အမဲလိုက်မည့်သူက အပေါက်ဝသို့ပင် ရောက်ရှိနေပြီ ဖြစ်၏။
လန်နင်ယုက မြေပြင်ပေါ်မှ အတင်း ရုန်းထ၍ မတ်တပ်ရပ်လိုက်သည်။
“ချီယွဲ့... နင် ဒီနေရာကနေ ထွက်ပြေးဖို့ အခွင့်အရေးရှာနေတုန်း ငါ သူမကို တားထားပေးမယ်...”
“ဟင့်အင်း... အစ်မကို အဲဒီလို လုပ်ခွင့်မပေးနိုင်ဘူး...”
ချီယွဲ့က ပြတ်ပြတ်သားသား ပြောလိုက်၏။
“ကျွန်မနဲ့ လိုက်ခဲ့ပါ... အတူတူ ထွက်သွားကြမယ်... အစ်မကို ဒီနေရာမှာ တစ်ယောက်တည်း အသေခံခိုင်းမှာ မဟုတ်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် အပြင်ထွက်ပြီး အဲဒီမြွေယုတ်မာမကို ရင်ဆိုင်ရမှာကို ကျွန်မ ဂရုမစိုက်ဘူး...”
ထိုသို့ပြောပြီးနောက် သူမက ဂူအပြင်ဘက်သို့ လျှောက်ထွက်သွားသည်။ မင်းသမီးချီလျန်ကို မြင်သည်နှင့်တစ်ပြိုင်နက် သူမက စကားတစ်ခွန်းမှ မဆိုတော့ဘဲ လက်ကို မြှောက်၍ အင်ပါယာသိုင်းကွက်ဖြစ်သော နှလုံးဖမ်းဆုပ်ခြင်းလက်သည်းကို ထုတ်ဖော်လိုက်၏။
ရုတ်တရက် လွှမ်းမိုးနိုင်လွန်းပြီး ဖျက်ဆီးပစ်နိုင်သော ဝမ်းနည်းပူဆွေးမှု ခံစားချက်ကြီးတစ်ခုက လေထုထဲတွင် ပြည့်နှံ့သွားသည်။
လက်သည်းစွမ်းအားငါးခုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲမတတ် ထွက်ပေါ်လာ၏။
သို့သော်လည်း မင်းသမီးချီလျန်က အထင်သေးသော အပြုံးတစ်ခု ပြုံးလိုက်သည်။
“နင်က တားမြစ်ခံ ကောင်းကင်သမီးတော် မဟုတ်ဘဲနဲ့... ငါ့ကို တိုက်ခိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား...”
ထို့နောက် မင်းသမီးချီလျန်က ကြက်သွေးရောင် မီးတောက်တစ်ခုကို ထုတ်လွှတ်၍ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။
ထိုလက်သည်းအားဟုန်မှာ လက်ဝါးရိုက်ချက်ကြောင့် ရက်စက်စွာ ကွဲကြေသွားပြီး လက်ဝါးအားအဟုန်က ချီယွဲ့ကို ဂူနံရံနှင့် သွားစောင့်မိစေသည်။
“မြွေယုတ်မာမ... နင် ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ ငါ မယုံနိုင်ဘူး...”
ချီယွဲ့က ကျိန်ဆဲလိုက်၏။
တစ်ချိန်တည်းမှာပင် ဂူအပြင်သို့ ရောက်လာသော လန်နင်ယုက ချီယွဲ့ ရန်သူ့လက်ချက်ဖြင့် လွင့်ထွက်သွားသည်ကို မြင်သောအခါ လက်ဝါးသိုင်းကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ကြမ်းတမ်းသော ရေခဲ၊ လေနှင့် နှင်းစွမ်းအင်များက မင်းသမီးချီလျန် ရှိရာဆီသို့ တိုက်ခတ်သွား၏။
“ငါ့ရဲ့မီးတောက်အဆိပ် မိထားတာတောင် နင်က သတိလွတ်မသွားသေးဘူးပဲ... ကျစ်... မဆိုးပါဘူး... နင့်ရဲ့ တည်ငြိမ်သောစိတ်ခံစားချက်တာအိုက တကယ့်ကို အထင်ကြီးစရာပဲ...”
မင်းသမီးချီလျန်က သူမ၏ နတ်ဘုရားစွမ်းအားကို အသက်သွင်းလိုက်ရာ မီးတောက်များက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဝန်းရံသွားသည်။ ထို့နောက် ထိုမီးတောက်များက လန်နင်ယုဆီသို့ ဒလဟော စီးဆင်းသွားပြီး သူမ ပတ်လည်ရှိ ရေခဲနှင့် နှင်းများအားလုံးကို အရည်ပျော်သွားစေ၏။
“ပျော်ရွှင်ခြင်းတံဆိပ်တော်...”
မလှမ်းမကမ်းနေရာမှ ချီယွဲ့က သူမ၏ အင်ပါယာသိုင်းကွက်ကို တစ်ဖန်ပြန်လည် အသက်သွင်းလိုက်သည်။ သူမ၏ လက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်တော်တစ်ခု ပေါ်လာပြီး မင်းသမီးချီလျန်ထံသို့ ပစ်လွှတ်လိုက်၏။
ဤတံဆိပ်တော်က ယခင်နှလုံးဖမ်းဆုပ်ခြင်းလက်သည်းနှင့် လုံးဝ ကွဲပြားခြားနားပြီး ၎င်းတွင် လွှမ်းမိုးနိုင်သော ပျော်ရွှင်မှု ခံစားချက်များ ပါဝင်နေကာ လူများကို မထိန်းနိုင်အောင် ပြုံးလာစေသည်။
“အိုး... နင်တို့ စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းရဲ့ အင်ပါယာသိုင်းကွက်တွေက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ... နင့်ရဲ့ ကျင့်စဉ်အဆင့်က နိမ့်လွန်းနေတာ နှမြောစရာပဲ...”
မင်းသမီးချီလျန်က ပျော်ရွှင်ခြင်းတံဆိပ်တော်ကို အားစိုက်ထုတ်စရာမလိုဘဲ ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူမ၏ လက်ချောင်းထိပ်များမှ အဆိပ်မီးတောက်တစ်ခု ပစ်ထွက်လာပြီး သူတို့ကြားရှိ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ချီယွဲ့၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွား၏။
“တစ်ခုဝယ် တစ်ခုလက်ဆောင်ပေါ့... နင်တို့ ညီအစ်မနှစ်ယောက်စလုံး လူ့လောကရဲ့ အပြစ်များတဲ့ သာယာမှုတွေကို ခံစားခွင့် ပြုလိုက်မယ်...”
မလှမ်းမကမ်း နေရာတစ်ခုတွင် ပုန်းကွယ်နေသော လီစဲ့လုံ၏ မျက်လုံးများက မင်းသမီးချီလျန်၏ ညီအစ်မ နှစ်ယောက်စလုံးအပေါ် အလားတူ လှည့်ကွက်မျိုးသုံးရန် ရည်ရွယ်ချက်ကို သိလိုက်ရသောအခါ အရောင်လက်သွားသည်။
ထို့အပြင် ချီယွဲ့ကလည်း အလွန်လှပသူ တစ်ဦးဖြစ်၏။ ရုပ်ရည်ပိုင်းအရဆိုလျှင် သူမက လန်နင်ယုနှင့် သိပ်မကွာခြားလှပေ။
တစ်ယောက်က ရေခဲကဲ့သို့ အေးစက်ပြီး နောက်တစ်ယောက်က မီးကဲ့သို့ ပြင်းပြသည်။
ဤအရာကို တွေးမိသောအခါ လီစဲ့လုံမှာ စိတ်လှုပ်ရှားလာ၏။ သူက ဆက်၍ မစောင့်နိုင်တော့သကဲ့သို့ သူ့လက်များကို ပွတ်သပ်လိုက်သည်။
“မဖြစ်သေးဘူး... ငါ အလောတကြီး မလုပ်သင့်ဘူး... အခြေအနေက ဒီလောက်ကြီး မဆိုးရွားသေးဘူး...”
“နင်ယု တကယ် မျှော်လင့်ချက်ကင်းမဲ့ပြီး အသည်းအသန်ဖြစ်နေတဲ့ အချိန်အထိ စောင့်ပြီးမှ ငါ့ရဲ့အကူအညီကို ပေးရမယ်... ဒါမှသာ သူမအပေါ် အနက်ရှိုင်းဆုံး အထင်ကြီးမှုကို ချန်ထားနိုင်မှာ... လန်နင်ယု... ဒီအကြံနဲ့ဆိုရင် ငါ မင်းကို သေချာပေါက် ရယူနိုင်လိမ့်မယ်... မင်းက ငါ့အပိုင် ဖြစ်လာရမယ်...”
လီစဲ့လုံက သူ၏မျက်လုံးများထဲတွင် ပြင်းပြသော ရမ္မက်များဖြင့် ပြောလိုက်သည်။
သူက လန်နင်ယုကို နှစ်ပေါင်းများစွာ လိုက်နေခဲ့သော်လည်း သူမက သူ့အပေါ် လုံးဝ စိတ်မဝင်စားခဲ့ချေ။ ထို့ကြောင့် သူက ဤနည်းလမ်းကိုသာ အသုံးပြုရတော့မည် ဖြစ်၏။
ချူခွမ်းရန်က လန်နင်ယုကို တစ်ကြိမ် ကယ်တင်ခဲ့ဖူးခြင်းကြောင့် သူမက သူ့ကို စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းသို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သူ ကြားသိထားသည်။
ဤသည်က သူရဲကောင်းဟန်ဆောင်ခြင်းက လန်နင်ယုအပေါ် သေချာပေါက် အလုပ်ဖြစ်ကြောင်း ဆိုလိုနေ၏။
ဤတစ်ကြိမ်တော့ သူ အောင်မြင်ရမည်။
အဆုံးတွင် သူမ၏ နှလုံးသားကို မရယူနိုင်ခဲ့လျှင်တောင် သူမ၏ ခန္ဓာကိုယ်ကို သူ လိုချင်သေးသည်။
“မြွေယုတ်မာမ... နင် ငါ့ကို ဘာလုပ်လိုက်တာလဲ...”
ဆန္ဒမီးတောက်အဆိပ်က သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောအခါ ချီယွဲ့မှာ တားဆီးမရနိုင်သော အပူရှိန်တစ်ခု သူမအတွင်း၌ ဖြစ်ပေါ်လာပြီး ဆူပွက်နေသည်ကိုသာ ခံစားလိုက်ရသည်။ တစ်မုဟုတ်ချင်းပင် သူမ၏ မျက်နှာမှာ မထိန်းချုပ်နိုင်လောက်အောင် နီရဲသွား၏။
“ချီယွဲ့...”
လန်နင်ယု၏ မျက်နှာက ကြောက်မက်ဖွယ် ကောင်းနေသည်။ သူမက ချီယွဲ့ဆီသို့သွား၍ အခြေအနေကို ကြည့်ချင်သော်လည်း မင်းသမီးချီလျန်က သူမလမ်းကို ပိတ်ဆို့ထား၏။
“နင့်ကိုယ်နင်တောင် ဒုက္ခရောက်နေပြီကို... တခြားလူတွေကို ဂရုစိုက်ဖို့ အချိန်ရနေသေးတယ်ပေါ့...”
မင်းသမီးချီလျန်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီးနောက် သူမ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြင်းထန်စွာ ဒဏ်ရာရထားသော လန်နင်ယုကို မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။ ပြိုင်ဘက်၏ ရင်ဘတ်ပေါ်သို့ ခြေတစ်ဖက် တင်ထားရင်း သူမက အထက်စီးမှ ငုံ့ကြည့်ကာ ပြောလိုက်၏။
“အစွမ်းထက်လှပါတယ်ဆိုတဲ့ စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းရဲ့ မြင့်မြတ်တဲ့သူတော်စင်မလေးက အခုတော့ ငါ့ခြေဖဝါးအောက်က သနားစရာ ပုရွက်ဆိတ်လေး တစ်ကောင်ထက် မပိုတော့ပါဘူး... နင့်ရဲ့အသက်ရှင်ခြင်း၊ သေဆုံးခြင်းက ငါ့အပေါ်မှာပဲ မူတည်နေပြီ...”
ထို့နောက် သူမက လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ သူမ၏ ကြက်သွေးရောင် မီးတောက်အဆိပ်က ရှည်လျားသော ဆေဘာတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ သူမ လုပ်ရန် လိုအပ်သည်မှာ ညင်သာစွာ ခုတ်ပိုင်းလိုက်ရုံသာဖြစ်ပြီး လန်နင်ယု၏ ခေါင်းပြတ်ကျသွားမည်ဖြစ်၏။
“အခု ငါ လှုပ်ရှားရမယ့်အချိန်ရောက်ပြီ...”
လီစဲ့လုံက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ သူက အခက်အခဲ ကြုံတွေ့နေရသော အလှမယ်လေးကို ကယ်တင်သည့် သူရဲကောင်းပုံစံမျိုး ဖန်တီးကာ မင်းသမီးချီလျန်နှင့်အတူ ပြဇာတ်ကပြရန် အသင့်ဖြစ်နေပြီ ဖြစ်၏။
သို့သော်လည်း ဤအခိုက်အတန့်တွင် အဝေးမှ ဓားချီတစ်ခုက သူတို့ဆီသို့ ရုတ်တရက် ပစ်ထွက်လာသည်။
ဓားချီက မင်းသမီးချီလျန်ကို ပစ်မှတ်ထားလိုက်သဖြင့် သူမမှာ တွန့်ဆုတ်သွားရ၏။
“ဒီလိုဓားချီမျိုး... ဘယ်လိုလုပ်ပြီး...”
*လီစဲ့လုံဆီမှာ ဒီလိုစွမ်းအားမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ…*
ဤဓားချီက မင်းသမီးချီလျန်ကိုပင် သတိလွတ်သွားမတတ် ထိတ်လန့်သွားစေသည်။
“ကြက်သွေးရောင်ကြာပန်း နတ်ဘုရားပိုင်းဖြတ်ခြင်း...”
မင်းသမီးချီလျန်က သူမ ခန္ဓာကိုယ်ထဲရှိ မီးတောက်အဆိပ်များကို စုစည်း၍ လက်ထဲရှိ ဆေဘာပေါ်သို့ ပို့လွှတ်လိုက်သည်။ သူမက ထိုလက်နက်ဖြင့် ခုတ်ပိုင်းလိုက်ရာ ကြက်သွေးရောင် ဆေဘာအလင်းတန်းတစ်ခုက စပါးအုံးမြွေကြီး တစ်ကောင်၏ ပုံသဏ္ဌာန်ဖြင့် ပြိုင်ဘက်ထံသို့ ပစ်ထွက်သွား၏။
စွမ်းအားနှစ်ခု ရိုက်ခတ်သွားသည့် အခိုက်အတန့်တွင် သူတို့ပတ်လည်ရှိ မြေပြင်က တုန်ခါသွားသည်။
ပြင်းထန်သော သက်ရောက်မှုကြောင့် မင်းသမီးချီလျန်မှာ မီတာရာပေါင်းများစွာ နောက်သို့ လွင့်ထွက်သွားရ၏။ သူမက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။
သူမ မြင်လိုက်ရသည်မှာ ကောင်းကင်ယံမှ သူမဆီသို့ ချဉ်းကပ်လာသော မိုးကုတ်စက်ဝိုင်းထံမှ ပုံရိပ်တစ်ခုသာ ဖြစ်သည်။
ထိုသူက ဆံပင်အနက်ရောင်နှင့် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး သေမျိုးလူသားနှင့် မတူအောင် ချောမောခန့်ညားနေ၏။ သူ့နောက်တွင် သူမထက်မလျော့သော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။
ထိုအမျိုးသမီး၏ လက်ထဲတွင် ထူးဆန်းသော သစ်သားရုပ်သေးရုပ်လေးတစ်ခုလည်း ရှိနေ၏။
ထိုသူများမှာ ချူခွမ်းရန်၊ ဓားသမားမိန်နှင့် ကျန့်ချန်ဖုန်းတို့ ဖြစ်ကြသည်။
“စိတ်ဝင်စားစရာပဲ... ညီမလန်... ပြီးခဲ့တဲ့အကြိမ် ငါ မင်းကိုကယ်တုန်းက မင်းက ကောင်းကင်ရေခဲစပါးအုံးရဲ့ လိုက်လံ သတ်ဖြတ်တာကို ခံနေရတယ်... အခုတစ်ကြိမ်မှာတော့ ကြက်သွေးရောင်ကြာပန်းမြွေရဲ့ လိုက်သတ်တာကို ခံနေရပြန်ပြီ... ညီမလန်... မင်းက အတိတ်ဘဝတုန်းက မြွေဖမ်းသမားများ ဖြစ်ခဲ့တာလား... မဟုတ်ရင် ဒီလိုမြွေအမျိုးအစားတွေက ဘာလို့ မင်းကိုပဲ အမြဲရွေးချယ်ပြီး အနိုင်ကျင့်နေကြတာလဲ...”
ချူခွမ်းရန်က လန်နင်ယုဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ပြုံးလိုက်သည်။
တစ်ချိန်တည်းမှာပင် လန်နင်ယုက သူ၏ ရုတ်တရက် ပေါ်ပေါက်လာမှုကို ဘယ်လို တုံ့ပြန်ရမည်မှန်း မသိဘဲ ချူခွမ်းရန်ကို စိုက်ကြည့်နေ၏။
*သူမရဲ့ ပြဿနာတွေကို ကယ်တင်ပေးမယ့်သူ... သူ ထပ်ရောက်လာပြန်ပြီ…*
ဤသည်က နှစ်ကြိမ်ဆက်တိုက် ဖြစ်ခဲ့ပြီ ဖြစ်၏။ ဒါက ကံကြမ္မာများလား...
တစ်ချိန်တည်းမှာပင် မလှမ်းမကမ်း တစ်နေရာတွင် လီစဲ့လုံ၏ မျက်နှာက မည်းမှောင်နေ၏။ သူ အလွန် ဒေါသထွက်သွားသဖြင့် သူ့ဘေးရှိ သစ်ပင်စည်ကို လက်သီးဖြင့် ထိုးပစ်လိုက်သည်။
“ချူခွမ်းရန်... ဘာလို့ အမြဲတမ်း မင်းပဲ ဖြစ်နေရတာလဲ...”
“ပြီးခဲ့တဲ့အကြိမ်ကလည်း မင်း ပေါ်လာပြီး ငါ့အကြံအစည်တွေကို ဖျက်ဆီးခဲ့တယ်... အခုတစ်ခါလည်း ဘာလို့ မင်း ထပ်ဖြစ်နေရတာလဲ... မင်းနဲ့ငါ ရန်ငြိုးများ ရှိနေလို့လား...”
***