“အစ်ကိုချူ... ကျွန်မတို့ အဆိပ်ပြေသွားပြီလား...”
ချီယွဲ့က ချူခွမ်းရန်ကို ကြည့်၍ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“သေချာတာပေါ့... ငါ့စွမ်းရည်တွေကို မင်း မယုံဘူးလား...”
“ယုံပါတယ်... ဆရာ့ရဲ့ မီးတောက်အဆိပ်ကို ကုသပေးခဲ့တာ အစ်ကိုချူပဲဆိုတာ ကျွန်မ မေ့လုနီးပါး ဖြစ်သွားလို့ပါ... မင်းသမီးချီလျန်ရဲ့အဆိပ်က ရှင့်အတွက် တကယ့်ကို ပြဿနာ မဖြစ်လောက်ပါဘူး...”
ချီယွဲ့က နားလည်သဘောပေါက်စွာဖြင့် ခေါင်းခါ၍ ပြောလိုက်၏။ အစောက သူမ မီးတောက်အဆိပ်မိထားစဉ်တွင် ရှင်းလင်းစွာ မတွေးတောနိုင်ခဲ့သဖြင့် ဤအချက်အလက်ကို သူမ မမှတ်မိခဲ့ချေ။
ချူခွမ်းရန်က ဘေးမှရပ်၍ သူမ ခေါင်းခါနေသည်ကို ကြည့်နေ၏။ သူက မှတ်ချက်မချဘဲ မနေနိုင်တော့ပေ။
“မင်းကိုမင်းလည်း ပြန်ကြည့်ဦး... ဘာလို့ စိတ်ပျက်နေတဲ့ ပုံပေါက်နေရတာလဲ...”
“အဟမ်း... မဟုတ်ပါဘူး... ကျွန်မ စိတ်မပျက်ပါဘူး...”
ချီယွဲ့က ထိုစကားကို တုံ့ပြန်သည့်အနေဖြင့် ချောင်းနှစ်ချက် ဟန့်လိုက်သည်။ အမှန်တကယ်တော့ သူမက ချူခွမ်းရန်နှင့် သူမကြားတွင် တစ်ခုခုဖြစ်ခဲ့ရန် တိတ်တဆိတ် မျှော်လင့်ခဲ့မိ၏။
မည်သို့ပင်ဆိုစေကာမူ အစွမ်းထက်ပြီး ရုပ်ရည်ချောမောသော သူကဲ့သို့ လူငယ်လေးကို မည်သူက သဘောမကျဘဲ နေမည်နည်း။
“အိုး...”
ချူခွမ်းရန်က သူမကို တစ်ချက် ကြည့်လိုက်ပြီး ထိုကိစ္စကို ဆက်လက် မမေးမြန်းတော့ပေ။ ထို့နောက် သူက မတ်တပ်ရပ်၍ ဂူအပြင်သို့ လျှောက်ထွက်သွား၏။
အမျိုးသမီးနှစ်ဦးနှင့်ယှဉ်လျှင် ယခု သူက လီစဲ့လုံကို ပို၍ စိတ်ဝင်စားနေသည်။ လီစဲ့လုံက မင်းသမီးချီလျန်နှင့် မည်သည့် သဘောတူညီချက်များ ပြုလုပ်ထားသနည်း ဆိုသည်ကို သူ သိချင်နေ၏။
“စီနီယာအစ်မ... သွားကြစို့...”
ချီယွဲ့က သူမခန္ဓာကိုယ်ထဲမှ မီးတောက်အဆိပ်ကို ဖယ်ရှားပြီးကတည်းက နေရာတွင် အေးခဲသွားသကဲ့သို့ ဖြစ်နေသော လန်နင်ယုကို ဆွဲခေါ်လိုက်သည်။
သို့သော်လည်း လန်နင်ယုက ဂူအပြင်သို့ ထွက်သွားသော ချူခွမ်းရန်၏ ကျောပြင်ကို ကြည့်နေ၏။ သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။
“ချီယွဲ့... ငါ အခု အဲဒါကို နည်းနည်း ခံစားနေရသလိုပဲ...”
“ဟင်... ဘာခံစားရတာလဲ... မီးတောက်အဆိပ်က အပြည့်အဝ မပြယ်သေးဘူးလို့ ပြောမလို့လား...”
ချီယွဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
“မဟုတ်ပါဘူး... မဟုတ်ပါဘူး... ဆရာက ငါ ချူခွမ်းရန်ကို ချစ်မိသွားပြီလို့ ပြောခဲ့တယ်လေ... ငါ အခု အချစ်ကို နည်းနည်း စတင်ခံစားလာရပြီ ထင်တယ်...”
“ဘာပြောလိုက်တယ်...”
ဂူအပြင်ဘက်တွင်။
ဓားသမားမိန်က လီစဲ့လုံကို စိုက်ကြည့်နေပြီး ကျန့်ချန်ဖုန်းက သူတို့ဘေးရှိ ချုံပုတ်ထဲတွင် လဲလျောင်းနေ၏။ သူက နေရောင်ခြည်ကိုခံယူရင်း အချိန်တစ်လျှောက်လုံး မလှုပ်မယှက် ရှိနေသည်။ လမ်းသွားလမ်းလာ မည်သူမဆို သူ့ကို သာမန်ရုပ်သေးရုပ်တစ်ခုဟုသာ ထင်ကြပေမည်။
ချူခွမ်းရန်က ဂူအပြင်သို့ ထွက်လာသည်။
သူ့နောက်တွင် ချီယွဲ့နှင့် လန်နင်ယုတို့က ကပ်လျက်ပါလာ၏။
သူတို့၏ ပါးပြင်များပေါ်တွင် ရှက်သွေးဖြာနေသည့် အနီရောင်အကွက်များ ရှိနေဆဲဖြစ်သည်။ မီးတောက်အဆိပ်ကို ယခုမှသာ ဖယ်ရှားပြီးဖြစ်သဖြင့် သူတို့၏ အပူချိန်က လုံးဝ မကျဆင်းသေးချေ။
သို့သော်လည်း လီစဲ့လုံ၏ အမြင်တွင် ဤအမျိုးသားက ထိုအမျိုးသမီးနှစ်ဦးကို စိတ်ကျေနပ်အောင် လုပ်ပေးလိုက်သကဲ့သို့ ထင်ရ၏။
သူ၏နှလုံးသားမှာ ကြာမြင့်စွာကတည်းက တစ်စစီ ကွဲကြေသွားခဲ့ပြီ ဖြစ်သည်။ သူ အလွန် ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။ ဤမြင်ကွင်းက သူ မြင်တွေ့ရန်အတွက် အလွန်တရာ စော်ကားလွန်းလှ၏။
“သခင်...”
ဤအခိုက်အတန့်တွင် ဓားသမားမိန်က သူ့ကို ကြိုဆိုလိုက်ပြီး ထိုအမျိုးသမီးနှစ်ဦးကို ခိုးကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲရှိ မနာလိုမှုကို ဖုံးကွယ်၍ မရနိုင်ချေ။
တစ်ဖက်တွင် ချူခွမ်းရန်က သူ၏ အကြည့်များကို လီစဲ့လုံထံမှ မခွာနိုင်ပေ။ သူက လီစဲ့လုံကို ပြုံးပြ၍ ပြောလိုက်၏။
“နောက်တစ်ဆင့်အနေနဲ့... ငါတို့ကြားက အကြွေးတွေကို ရှင်းလင်းဖို့ အချိန်တန်ပြီလို့ မင်း မထင်ဘူးလား...”
လီစဲ့လုံက ပြောစရာတစ်ခုခုကို စဉ်းစားထားပြီး ဖြစ်သည်။ သို့သော်လည်း ချူခွမ်းရန်၏ စကားများကို ကြားသောအခါ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။
“အစ်ကိုချူ… မင်း ဘာကိုဆိုလိုတာလဲ...”
“ဟန်ဆောင်မနေပါနဲ့... ငါ ဘာကိုဆိုလိုလဲဆိုတာ မင်း အတိအကျ သိပါတယ်...”
“ကျွန်တော် မသိဘူး... အစ်ကိုချူ သေချာ ရှင်းပြပေးလို့ရမလား...”
“ပွင့်ပွင့်လင်းလင်းပဲ ပြောစမ်းပါ... ဒီနေရာမှာ ရုတ်တရက်ပေါ်လာရတဲ့ အကြောင်းရင်းက ဘာလဲ...”
“ကျွန်တော်က တားမြစ်တောရိုင်းနယ်မြေကို ကျင့်ကြံဖို့လာရင်းနဲ့ အချိန်ကိုက် ဒီနေရာကို ရောက်လာတာ မဖြစ်နိုင်ဘူးလား...”
“အိုး... ဒါဆို ငါက မင်းသမီးချီလျန်ရဲ့ခေါင်းကို ဖြတ်တော့မယ့်အချိန်မှာ မင်းက ဘာလို့ သူမကို ထွက်ပြေးဖို့ ကူညီပေးခဲ့တာလဲ...”
“ခင်ဗျား သူမကို သတ်တော့မယ်ဆိုတာ ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ... နင်ယုရဲ့ အသက်အန္တရာယ်ရှိနေလို့သာ ကျွန်တော် ထွက်လာပြီး ကူညီခဲ့တာပါ... သူမကို ခြောက်လှန့်ဖို့ အဆိပ်မြူတွေ သုံးခဲ့တာ ကျွန်တော်ပဲလေ... မှတ်မိသေးရဲ့လား...”
“ဟုတ်လား... ဒီလောက်အချိန်ကိုက် တိုက်ဆိုင်မှုကို ငါ ယုံမယ်လို့ မင်း မျှော်လင့်ထားတာလား... ဓားသမားမိန်... သူ့ကို ဖမ်းလိုက်...”
ချူခွမ်းရန်က အမိန့်ပေးလိုက်၏။
ဓားသမားမိန်က ထပ်မံမေးခွန်းထုတ်မနေဘဲ သူမ၏ ပုံရိပ်က ရုတ်ခြည်းလှုပ်ရှားသွားပြီး လီစဲ့လုံဆီသို့ ပြေးဝင်သွားသည်။ ဂူထဲတွင် အမှောင်စွမ်းအင်များ တစ်မုဟုတ်ချင်း ပေါက်ကွဲထွက်လာ၏။
“ငါ သည်းခံတာ လုံလောက်ပြီ...”
လီစဲ့လုံ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး လက်ကို မြှောက်ကာ ဓားသမားမိန်ကို ပြန်လည် တိုက်ခိုက်လိုက်သည်။ သူတို့ နှစ်ယောက်၏ စွမ်းအားများ ရိုက်ခတ်သွားသောအခါ ပြင်းထန်သော သက်ရောက်မှုကြောင့် သူတို့နှစ်ယောက်စလုံး နောက်သို့ လွင့်ထွက်သွား၏။
ထိပ်တန်း ကောင်းကင်သားတော်တစ်ဦးအနေဖြင့် လီစဲ့လုံ၏ စွမ်းရည်ကလည်း မဆိုးလှချေ။ သူ၏ ဆေးပညာစွမ်းရည်များအပြင် သူ၌ အင်ပါယာသိုင်းကွက်နှစ်ခုလည်း ရှိသေး၏။
“အိုး... မဆိုးပါဘူး...”
ဓားသမားမိန်က အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် သူမ၏ လက်ထဲတွင် ဓားရှည်တစ်လက်ပေါ်လာပြီး ပို၍ အစွမ်းထက်သော တိုက်ခိုက်မှု တစ်ခုဖြင့် ဆက်လက် တိုက်ခိုက်လိုက်၏။ သိုင်းကွက်အနည်းငယ်အတွင်းမှာပင် လီစဲ့လုံမှာ သူမကို ယှဉ်နိုင်ရန် ရုန်းကန်နေရပြီ ဖြစ်သည်။
“နင်ယု... ချူခွမ်းရန် ငါ့အပေါ် ဒီလို ယုတ်မာတဲ့အလုပ်တွေ လုပ်နေတာကို မင်း ဘယ်လိုလုပ် ခွင့်ပြုထားနိုင်ရတာလဲ... အစောက ငါ လုပ်ခဲ့သမျှအရာအားလုံးက မင်းကို ကယ်တင်ဖို့ချည်းပါပဲ...”
လီစဲ့လုံက အော်ဟစ်လိုက်၏။
သို့တိုင်အောင် လန်နင်ယုက သူ့ကို တုံ့ပြန်ခြင်း မရှိပေ။ သူမက ပြန်လည် ဖြေကြားရုံသာ ဖြေကြားလိုက်သည်။
“ချူခွမ်းရန်ရဲ ဆုံးဖြတ်ချက်ကို ကျွန်မ ယုံကြည်တယ်...”
လီစဲ့လုံမှာ ဒေါသထွက်လာ၏။
“နင်ယု... သူနဲ့ တစ်ခါလောက် မဟုတ်တာလုပ်လိုက်ရုံနဲ့ ငါတို့ရဲ့ အမှတ်တရတွေ အားလုံးကို မင်း မေ့သွားပြီလား...”
လန်နင်ယု မဖြေကြားရသေးမီ ချီယွဲ့က ကြားဖြတ် ပြောလိုက်သည်။
“စောက်ရူး... ငါတို့နဲ့ နင့်မှာ ဘယ်လို အမှတ်တရမျိုးရှိလို့လဲ... ဒီနှစ်တွေတစ်လျှောက်လုံး ငါ့စီနီယာအစ်မကို အမြဲတမ်းနှောင့်ယှက်နေခဲ့တာ နင်လေ... နင့်ရဲ့ လေးစားရတဲ့ဆရာဆိုတာကလည်း ငါတို့ရဲ့ဆရာကို သူ့ဆီ အညံ့ခံဖို့ ခြိမ်းခြောက်ခဲ့သေးတယ်... နင်တို့ ဆရာရော၊ တပည့်ရော နှစ်ယောက်စလုံးက အမှိုက်တွေချည်းပဲ...”
“မင်း...”
လီစဲ့လုံမှာ အလွန်ဒေါသထွက်လွန်းသဖြင့် စကားပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွား၏။
ဤတိုက်ပွဲတွင် သူ တစ်ယောက်တည်း ကျန်ရစ်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။ အခင်းဖြစ်ပွားရာနေရာရှိ လူတိုင်းက သူ့ကို ဖယ်ချန်၍ ချူခွမ်းရန်၏ ဘက်တွင်သာ ရှိနေကြ၏။
“ငါ ထွက်သွားတော့မယ်...”
လီစဲ့လုံက မှတ်ချက်ချလိုက်သည်။ မကြာမီတွင် သူ့ပုံရိပ်က အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ထွက်ပြေးသွား၏။
ဤအခိုက်အတန့်တွင် သူ မထွက်ခွာနိုင်မီ လက်ဝါးစွမ်းအားတစ်ခုက သူ့ထံ ရောက်ရှိလာသည်။ ၎င်းက သူ့နောက်မှ ကပ်လိုက်လာပြီး ကျောကို ရိုက်ချလိုက်ရာ သူ့ကို လေထဲသို့ လွင့်ထွက်သွားစေပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။
သူ့ကို တိုက်ခိုက်ခဲ့သူမှာ ချူခွမ်းရန် ဖြစ်သည်။
ဘေးဘက်တွင်ရှိနေသော သစ်သားရုပ်သေးငယ် ကျန့်ချန်ဖုန်းမှာ အံ့အားသင့်သွား၏။
*သခင်ရဲ့ လက်ဝါးရိုက်ချက်က လီစဲ့လုံကို မသတ်နိုင်ခဲ့ဘူးလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…နေပါဦး...အစောက အဲဒီ လက်ဝါးရိုက်ချက်ရဲ့ စွမ်းအားက အတော်လေး အားပျော့နေသလိုပဲ…*
ထို့နောက် ကျန့်ချန်ဖုန်းက တည်ငြိမ်နေသော ချူခွမ်းရန်ကို လှမ်းကြည့်လိုက်သည်။
ဤအချိန်မှာ သူ့သခင်က ဘာတွေ ထပ်ကြံစည်နေပြန်တာလဲ။
“ချူခွမ်းရန်... ငါ ဘယ်နည်းနဲ့ဖြစ်ဖြစ် မင်းကို လက်စားချေမယ်ကွ…”
လီစဲ့လုံက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အပ်တစ်ချောင်း ထုတ်ယူကာ သူ့ခေါင်းကို ထိုးသွင်းလိုက်၏။ သူ့စွမ်းအင်များ ရုတ်ခြည်း မြင့်တက်လာပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏နေရာမှ ပျောက်ကွယ်သွားသည်။
သူက အောင်မြင်စွာ ထွက်ပြေးနိုင်ရန်အတွက် သူ၏စွမ်းအားကို တိုးတက်စေရန် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သူက လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့လျှင်ပင် ချူခွမ်းရန်၏ စွမ်းအားနှင့် များစွာကွာဟနေသေးကြောင်း သူ သိနေသည်။
“အခု မသွားနဲ့ဦး...”
ဓားသမားမိန်က သူ့နောက်သို့ လိုက်ရန် ပြင်လိုက်သော်လည်း ချူခွမ်းရန်က သူမကို တားလိုက်၏။
“သူ့နောက်ကို လိုက်ဖို့မလိုဘူး...”
“သခင်... ဒကျွန်မအမှားပါ... သူ့ကို လွတ်သွားအောင် လုပ်မိလိုက်တယ်...”
ဓားသမားမိန်က အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
သို့သော်လည်း ချူခွမ်းရန်က သူမကို အပြစ်တင်ပုံ မပေါ်ချေ။
“ငါသာ သူ့ကို ဒီနေရာမှာ ထားချင်တယ်ဆိုရင် သူ့လိုလူ ဆယ်ယောက်လာလည်း ငါ လုပ်မယ့်အရာကို တားနိုင်မှာ မဟုတ်ဘူး...”
သူက လက်ကို ဆန့်ထုတ်၍ မြေပြင်ပေါ်မှ အိတ်ငယ်လေးတစ်ခုကို ကောက်ယူလိုက်၏။
၎င်းက အစောက လက်ဝါးရိုက်ချက်ခံရစဉ် လီစဲ့လုံ ကျကျန်ခဲ့သော ပစ္စည်းတစ်ခု ဖြစ်သည်။
“ဒါက ဘာလဲ...”
ဓားသမားမိန်က သိချင်စိတ်ဖြင့် မေးလိုက်၏။
“ပိုးကောင်လေ...”
ချူခွမ်းရန်က ပြောလိုက်သည်။ သူက ဤအိတ်ထဲရှိအရာကို ပြောနေခြင်းလား သို့မဟုတ် ယခုလေးတင် ထွက်ပြေးသွားသော လီစဲ့လုံကို ရည်ညွှန်းနေခြင်းလား မည်သူမျှ သေချာမသိနိုင်ပေ။
“ပိုးကောင်...”
ဓားသမားမိန်က အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။
“ဓားသမားမိန်... မင်းရဲ့တာဝန်အသစ် ရောက်လာပြီ...”
ချူခွမ်းရန်က အိတ်ငယ်လေးကို ဓားသမားမိန်ထံ ပစ်ပေးလိုက်သည်။
သူမက ၎င်းကို လျင်မြန်စွာ ဖမ်းယူလိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်၏။
“အမိန့်ကို ခံယူဖို့အသင့်ပါ သခင်...”
လီစဲ့လုံက သူ၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ အခင်းဖြစ်ပွားရာ နေရာမှ လျင်မြန်စွာ ထွက်ပြေးလာခဲ့သည်။ မည်သူမျှ သူ့နောက်သို့ လိုက်မလာကြောင်း သေချာပြီးနောက်မှသာ သူ သက်ပြင်းချနိုင်တော့၏။ သူက ခေါင်းပေါ်ရှိ ငွေအပ်ကို ဆွဲထုတ်လိုက်ပြီး သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ သူ့မျက်နှာက ချက်ချင်း ဖြူရော်သွားသည်။
“ကျစ်… သေစမ်း... ချူခွမ်းရန်... ငါ လက်စားချေဖို့ ပြန်လာခဲ့မယ်...”
“ပြီးတော့ လန်နင်ယု၊ ချီယွဲ့... နင်တို့ ပြည့်တန်ဆာမနှစ်ယောက်ကိုလည်း ငါ အလွယ်တကူ လွှတ်မပေးဘူး...”
ဤအခိုက်အတန့်တွင် သူ၏ စိတ်ထဲ၌ ချူခွမ်းရန်ကို လက်စားချေရန်သာရှိတော့၏။ ယခုအခါ လန်နင်ယုနှင့် ချီယွဲ့ကိုပင် သူ မုန်းတီးနေပြီ ဖြစ်သည်။
သူ့အမြင်တွင် ဤအမျိုးသမီးနှစ်ဦးက ဖြူစင်ခြင်းမရှိတော့သဖြင့် သူတို့နှင့် ဆက်လက် ပတ်သက်လိုခြင်း မရှိတော့ချေ။
သူတို့နှင့်အတူမနေနိုင်မှတော့ သူတို့ကို ဖျက်ဆီးပစ်မည်။
“ငါ့အစီအစဉ်တွေကို ဆက်မလုပ်ခင် မင်းသမီးချီလျန်ကို အရင်ရှာသင့်တယ်... အဲ့တားမြစ်ခံကောင်းကင်သားတော်တွေကပဲ ချူခွမ်းရန်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည် ရှိတယ်...”
လီစဲ့လုံက သူ၏ ငွေအပ်ကို သိမ်းဆည်းလိုက်သည်။ သူ ထွက်သွားရန် ပြင်လိုက်စဉ် နှင်းကျောက်စိမ်းပိုးကောင်ဘုရင်မပါဝင်သော အိတ်ငယ်လေး ပျောက်ဆုံးနေကြောင်း ရုတ်တရက် သတိပြုမိသွား၏။
သူ မျက်မှောင်ကြုတ်လိုက်သည်။
“ငါ ထွက်ပြေးလာတုန်းက ကျကျန်ခဲ့တာ ဖြစ်မယ်... ဘယ်မှာကျခဲ့မှန်း မသိတော့ဘူး...”
သူက ထိုကိစ္စကို စိတ်မဝင်စားနိုင်တော့ချေ။
လန်နင်ယုကို စွန့်ခွာရန် ဆုံးဖြတ်ပြီးကတည်းက နှင်းကျောက်စိမ်းပိုးကောင်ဘုရင်မက သူ့အတွက် အသုံးမဝင်တော့ပေ။ သူ ပျောက်သွားပြီဆိုလျှင်လည်း ပျောက်သွားပါစေတော့။
ယခုအချိန်တွင် သူ၏ အဓိကဦးစားပေးမှာ ချူခွမ်းရန်ကို လက်စားချေရန်သာဖြစ်၏။
***