“နင်လုပ်ရမှာက သူ့ကို သတ်ဖို့ပဲ...”
လီစဲ့လုံက ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။
သူ့ဘေးရှိ မင်းသမီးချီလျန်မှာ အံ့အားသင့်သွား၏။
“သူက တကယ်ပဲ နင့်ရဲ့ လေးစားရတဲ့ ဆရာလား...”
“ဟုတ်တယ်... ဒါပေမဲ့ နှမြောစရာပဲ... သူက အရမ်းကို အသုံးမကျလွန်းဘူး... လန်ယွဲ့ရဲ့ ရောဂါကိုတောင် မကုသနိုင်ခဲ့လို့ ငါနဲ့ နင်ယုရဲ့ ဆက်ဆံရေးကို ဖျက်ဆီးပစ်လိုက်တာပဲ အဖတ်တင်တယ်... သူသာ တကယ် အရည်အချင်းရှိတဲ့သူဆိုရင် ဒီနှစ်တွေတစ်လျှောက်လုံး လန်ယွဲ့ကို လိုက်နေတာ မအောင်မမြင် ဖြစ်ခဲ့မှာ မဟုတ်ဘူး... မဟုတ်ရင် နင်ယုက အခုဆို ငါ့ချစ်သူ ဖြစ်နေလောက်ပြီ...”
“အခြေအနေတွေကလည်း ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး...”
လီစဲ့လုံက နာကြည်းစွာဖြင့် ပြောလိုက်၏။
သူ သိသမျှ ကျွမ်းကျင်မှုတိုင်းကို သင်ပေးခဲ့သော လေးစားရတဲ့ဆရာကို သူက အေးစက်စက် ကြည့်လိုက်သည်။
“ဒါ့အပြင် သူ့ရဲ့လက်ရှိစွမ်းအားနဲ့ဆိုရင် ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံကို အပြည့်အဝ သန့်စင်နိုင်ရင်တောင် သူက ချူခွမ်းရန်ရဲ့ ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ဘူး... ဒါပေမဲ့ နင်လို တားမြစ်ခံ ကောင်းကင်သမီးတော်ကျတော့ မတူဘူးလေ... နင်သာ ဒီမီးတောက်ကို သန့်စင်ပြီးသွားရင် ချူခွမ်းရန်ကိုတောင် တိုက်ခိုက်နိုင်လိမ့်မယ်...”
“ငါ ချူခွမ်းရန်နဲ့ လန်နင်ယုကို တန်ဖိုးပေးဆပ်ရအောင် လုပ်ချင်တယ်...”
မင်းသမီးချီလျန်က အံ့အားသင့်စွာဖြင့် စုပ်သပ်လိုက်၏။
“လူသားတွေက ဘယ်လောက်အထိ ယုတ်မာနိုင်လဲဆိုတဲ့ ငါ့ရဲ့နားလည်မှုကို နင်က လုံးဝ အသစ်ပြန်လုပ်ပေးလိုက်တာပဲ... နင်က တကယ့်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းတာပဲ...”
“ဟွန့်... မမေ့နဲ့... ငါ ဒီလိုလုပ်တာက နင့်ကို ကူညီဖို့လည်း ပါတယ်...”
“စိတ်မပူပါနဲ့... နင့်ရဲ့ရည်ရွယ်ချက်တွေကို ငါ ကောင်းကောင်း သိပါတယ်... ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံကို သန့်စင်ပြီးတာနဲ့ နင့်ကို လက်စားချေနိုင်အောင် ငါ သေချာပေါက် ကူညီပေးပါ့မယ်...”
မင်းသမီးချီလျန်က ပြောရင်း သူမလက်ကို မြှောက်ကာ တာအိုအရှင်လီ၏ ကျောဘက်သို့ လက်ဝါးရိုက်ချက် တစ်ချက် ပစ်လွှတ်လိုက်သည်။
သူ၏အာရုံစူးစိုက်မှုအားလုံးက ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံကို သန့်စင်ခြင်းအပေါ် ရောက်နေသဖြင့် တာအိုအရှင်လီ၏ ပတ်ဝန်းကျင်အပေါ် သတိပြုမိမှုက ထိုအချိန်တွင် အနိမ့်ဆုံးသို့ ရောက်ရှိနေ၏။ အဆိပ်ငွေ့များ ပြည့်နှံ့နေသော ဤရွှံ့နွံတောထဲသို့ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ထိုရုတ်တရက် လက်ဝါးရိုက်ချက်က သူ့ကို သွေးအန်ပြီး လွင့်ထွက်သွားစေကာ တစ်မုဟုတ်ချင်းပင် ပြင်းထန်စွာ ဒဏ်ရာရသွားစေသည်။
“ဘယ်သူလဲ...”
မင်းသမီးချီလျန်ကို မြင်သောအခါ တာအိုအရှင်လီ၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။
သူမထံမှ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင် အတက်အကျများ ထွက်ပေါ်နေပြီး ၎င်းတွင် ထူးခြားသော မွေးရာပါကြမ်းကြုတ်သည့် ချီစွမ်းအင်များ ပါဝင်နေသည်။ သူက သူမ၏ ပြိုင်ဘက် မဟုတ်သည်မှာ ထင်ရှားလှ၏။
ထို့နောက် သူက အနီးနားတွင် ရပ်နေသော လီစဲ့လုံကို မြင်လိုက်ရသည်။
သူ၏ပုံရိပ်က ရုတ်ခြည်းလှုပ်ရှားသွားပြီး လီစဲ့လုံ၏ ရှေ့သို့ ရောက်သွား၏။ သူက ခေါင်းပင် မလှည့်ဘဲ ပြောလိုက်သည်။
“ငါတို့ သွားရမယ်... ဒီလူက အရမ်း အစွမ်းထက်တယ်... သူမကို တတ်နိုင်သမျှ အချိန်ဆွဲထားဖို့ ငါ ကြိုးစားမယ်...”
သို့သော်လည်း သူ စကားပြောမဆုံးမီမှာပင် သူ့နောက်ကျောမှ ဓားတစ်လက်က သူ၏ ရင်ဘတ်ကို ဖောက်ထွက်လာသည်။
တာအိုအရှင်လီက သူ၏ ရင်ဘတ်ပေါ်ရှိ ဓားသွားကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။
“ဘယ်လိုလုပ်...”
အသံတစ်ချက်နှင့်အတူ တာအိုအရှင်လီ၏ ခန္ဓာကိုယ်ထဲမှ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
ထို့နောက် လီစဲ့လုံက လက်ကို မြှောက်ကာ နောက်ထပ် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တာအိုအရှင်လီကို ထပ်မံ လွင့်ထွက်သွားစေ၏။
မင်းသမီးချီလျန်၏ ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ချက်ချင်းပင် လီစဲ့လုံ၏ ဓားဖြင့် ထိုးခြင်းကို ခံလိုက်ရသဖြင့် တာအိုအရှင်လီမှာ ယခုအခါ သေလုမြောပါး အခြေအနေဖြင့် မြေပြင်ပေါ်တွင် လဲကျနေပြီ ဖြစ်သည်။
“စဲ့လုံ... မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ...”
တာအိုအရှင်လီက သူ၏ မျက်လုံးများကို မယုံနိုင်အောင် ဖြစ်နေ၏။ သူက ဝေခွဲမရဖြစ်ပြီး အံ့အားသင့်စွာဖြင့် လီစဲ့လုံကို စိုက်ကြည့်နေသည်။
“ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ဆရာ... ဆရာက အသုံးမကျလွန်းလို့၊ ချူခွမ်းရန်ကို အနိုင်ယူဖို့ ကျွန်တော့်ကို မကူညီနိုင်ခဲ့လို့ ဆရာ့ကိုယ်ဆရာပဲ အပြစ်တင်လိုက်ပါ...”
“မင်း... မင်း... သစ္စာဖောက် ယုတ်မာကောင်...”
ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို တာအိုအရှင်လီ နားမလည်နိုင်သော်လည်း သူ့တပည့် သစ္စာဖောက်မှုအတွက် အလွန်အမင်း ဒေါသထွက်ပြီး ရှက်ရွံ့မိ၏။ ထို့ကြောင့် သူက အလွန်စိတ်ဓာတ်ကျနေပုံ ပေါ်သည်။
“သူ့ကို မင်းသမီးပဲ အဆုံးသတ်ပေးလိုက်ပါလား...”
“နင်ပဲ လုပ်လိုက်လို့ မရဘူးလား...”
လီစဲ့လုံက သက်ပြင်းချလိုက်၏။
“ဘာပဲဖြစ်ဖြစ် သူက ငါရဲ့ လေးစားရတဲ့ဆရာပါပဲ… ငါ မလုပ်နိုင်ဘူး...”
မင်းသမီးချီလျန်မှာ ဆွံ့အသွားသည်။
ဤမျှအရှက်မရှိသော လူသားမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
*သူက သူ့ဆရာကို ဓားနဲ့ အဲဒီလောက် အဆင်ပြေပြေ ထိုးခဲ့ပြီးတော့မှ သူ မလုပ်နိုင်ဘူးလို့ ပြောနေတာလား…*
“လူသားတွေက တကယ့်ကို ဟန်ဆောင်ကောင်းကြတာပဲ...”
မင်းသမီးချီလျန်က နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူမက တာအိုအရှင်လီ၏ ခန္ဓာကိုယ်ပေါ်သို့ မြွေနီအဆိပ်မီးလျှံ လှိုင်းတစ်ခုကို လွှတ်ထုတ်လိုက်သည်။
မကြာမီတွင် တာအိုအရှင်လီမှာ ပူလောင်သော အဆိပ်မီးတောက်များကြောင့် ပြာအဖြစ် လောင်ကျွမ်းသွား၏။
လီစဲ့လုံက မီးလောင်ကျွမ်းနေသော အလောင်းဆီသို့ လျှောက်သွားပြီး ယင်ယန်လက်စွပ်ကို ယူလိုက်သည်။ ၎င်းအတွင်းရှိအရာများကို စိတ်အာရုံခံလိုက်သောအခါ ကျေနပ်သော အပြုံးတစ်ခု ပေါ်လာ၏။
“နှစ်ပေါင်းများစွာ ဆေးပညာရှင်တစ်ယောက် လုပ်ခဲ့တာ အဘိုးကြီးအတွက် ဆုလာဘ်တွေ အများကြီး ရခဲ့တာပဲ... ငါ ထင်ထားတဲ့အတိုင်းပဲ ဒီနေရာမှာ ရတနာတွေ အများကြီးရှိတာပဲ..”
သူက လျှို့ဝှက်ဆန်းကြယ်သော ရုန်းစာလုံးများ ထွင်းထုထားသည့် ရွှေရောင် ကျောက်စိမ်းပေလိပ်တစ်ခုကို ထုတ်ယူလိုက်၏။
“သူ့ဆီမှာ အင်ပါယာအဆင့် အလင်းမြန်ထွက်ပြေးအဆောင်တောင် ရှိသေးတာပဲ...”
အလင်းမြန်ထွက်ပြေးအဆောင်က အသုံးပြုသူကို အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲစေပြီး အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် သွားလာနိုင်စေသော ရုန်းစာလုံး အမျိုးအစားတစ်ခု ဖြစ်သည်။
အင်ပါယာအဆင့် အလင်းမြန်ထွက်ပြေးအဆောင်က အလွန် ရှားပါးလှ၏။
ထိုပစ္စည်းကို ထွက်ပြေးရန် နည်းလမ်း တစ်ခုအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ ဤပစ္စည်းကို အသုံးပြုလိုက်တိုင်း အင်ပါယာတစ်ပါးပင်လျှင် အသုံးပြုသူ ထွက်ပြေးခြင်းကို တားဆီးနိုင်မည် မဟုတ်ချေ။
“ဒါဆို ငါ ဒီကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံကို စပြီး သန့်စင်လိုက်တော့မယ်...”
မင်းသမီးချီလျန်က သူမရှေ့ရှိ ကြက်သွေးရောင် မီးတောက်ကို ကြည့်သောအခါ အလွန်အမင်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။
သူမက မီးတောက်ထဲသို့ လက်ကို ထည့်လိုက်၏။ တစ်မုဟုတ်ချင်းပင် မီးတောက်အငွေ့အသက်များက သူမ၏ လက်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
အဆိပ်မီးတောက်များကို ကျွမ်းကျင်သော မိစ္ဆာသားရဲတစ်ကောင်အနေဖြင့် သူမက အခြားအဆိပ်မီးတောက်များကို စားသုံးခြင်းဖြင့် သူမ၏ နတ်ဘုရားစွမ်းအား မြွေနီအဆိပ်မီးလျှံ ကို ပိုမို အစွမ်းထက်လာစေနိုင်၏။
ထို့ကြောင့်ပင် ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံက သူမကို လုံးဝ မထိခိုက်နိုင်ခြင်းဖြစ်သည်။ သူမလို လူအတွက်တော့ ၎င်းက ကြီးမားသော ဖြည့်စွက်စာ တစ်ခုသာဖြစ်၏။
“ဘယ်လောက်တောင် သန့်စင်ပြီး ရှားပါးတဲ့ မီးတောက် စွမ်းအင်တွေလဲ... ဒီအရာက အံ့ဩစရာပဲ...”
မင်းသမီးချီလျန်မှာ အလွန် ဝမ်းသာသွားသည်။
ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံက ဤလောကရှိ အမြင့်ဆုံးအဆင့် သဘာဝရှားပါး မီးတောက်များထဲမှ တစ်ခုဖြစ်၏။ မီးအခြေခံတာအိုကို ကျွမ်းကျင်သော မည်သည့် ကျင့်ကြံသူအတွက်မဆို ဤကဲ့သို့သော ရှားပါးမီးတောက်က အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်သည်။
မင်းသမီးချီလျန်က ယခင်က ရှားပါးမီးတောက် အများအပြားကို စားသုံးခဲ့ဖူးသော်လည်း မည်သည့် မီးတောက်ကမျှ ယခု သူမစုပ်ယူနေသော ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံကို မယှဉ်နိုင်ချေ။
သို့သော်လည်း စွမ်းအင်သန့်စင်မှုနှင့် ပမာဏ အပိုင်းတွင်တော့ ၎င်းတို့ အားလုံးက ဆင်တူကြ၏။
မင်းသမီးချီလျန်က ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံကို စုပ်ယူနေစဉ် ရုတ်တရက် ဓားချီတစ်တန်း ပေါ်လာသည်။ ၎င်းက အဆိပ်ငွေ့များကို ဆုတ်ဖြဲပြီး သူမ၏ လက်မောင်းကို အားစိုက်ထုတ်စရာမလိုဘဲ ခုတ်ပိုင်းလိုက်၏။
မင်းသမီးချီလျန်က အော်ဟစ်လိုက်ပြီး ချက်ချင်း နောက်ဆုတ်သွားသည်။ ထို့နောက် သူမက ဓားချီ ထွက်ပေါ်လာရာ နေရာကို သတိထား၍ လှည့်ကြည့်လိုက်၏။
သူမ၏ မိစ္ဆာသားရဲ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ခုတ်ဖြတ်နိုင်သော ဓားချီတစ်တန်းကို ထုတ်လွှတ်နိုင်သူဖြစ်သဖြင့် ထိုသူက သာမန် ကျင့်ကြံသူတစ်ဦး မဖြစ်နိုင်ပေ။
ထို့အပြင် ထိုဓားချီက သူမအတွက် အလွန် ရင်းနှီးနေ၏။
“သူပဲ...”
“သေချာပေါက် သူပဲ...”
မင်းသမီးချီလျန်က အဆိပ်ငွေ့များကို စိုက်ကြည့်နေ၏။ လီစဲ့လုံမှာလည်း ဖြစ်ပျက်သွားသည်ကို ဝေခွဲမရ ဖြစ်နေသည်။
ထို့နောက် ပုံရိပ်တစ်ခုက အဆိပ်ငွေ့များထဲမှ ထွက်လာ၏။
ရောက်လာသူက လေထဲတွင် လွင့်ခါနေသော ဆံပင်အနက်ရောင်နှင့် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည်။ သူနှင့်အတူ အလွန်လှပသောအမျိုးသမီးသုံးဦးလည်း ပါလာ၏။
ချူခွမ်းရန်မှလွဲ၍ သူတို့ ဘယ်သူ ဖြစ်နိုင်ဦးမည်နည်း။
သူက ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံကို နောက်ပြောင်သည့် အကြည့်ဖြင့် ကြည့်ကာ ရယ်မောလိုက်သည်။
“ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံ ပေါ့... ဒီကံတရားအခွင့်အလမ်းက စောစောတုန်းက မင်းကို လွှတ်ပေးခဲ့ရကျိုး တကယ်နပ်တာပဲ...”
“ချူခွမ်းရန်... မင်း ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ...”
လီစဲ့လုံမှာ သူ့မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွား၏။
*ချူခွမ်းရန်က သူတို့ရှိနေတဲ့ နေရာတိုင်းမှာ ဘာလို့ ရှိနေရတာလဲ...ဒီလူက ဘာလို့ အမြဲတမ်းပေါ်လာပြီး သူ့အစီအစဉ်တွေကို ဖျက်ဆီးနေရတာလဲ…*
“နေပါဦး... ငါ့ကို လွှတ်ပေးခဲ့တယ်ဟုတ်လား... ဒါဆို စောစောတုန်းက မင်းက ငါ့ကို တမင်တကာ လွှတ်ပေးခဲ့တာပေါ့... ဒါပေမဲ့ မင်း ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ...”
“မင်း ခန့်မှန်းကြည့်ပါလား...”
လီစဲ့လုံမှာ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် နှင်းကျောက်စိမ်းပိုးကောင်ဘုရင်မကို သိမ်းထားသည့်နေရာဖြစ်သော သူ၏ ခါးကို စမ်းကြည့်လိုက်၏။
“ငါ့ရဲ့ ပျောက်နေတဲ့ နှင်းကျောက်စိမ်းပိုးကောင်ဘုရင်မကို အချိန်တစ်လျှောက်လုံး ခိုးယူထားတာ မင်းပဲ...”
“ကောင်းတယ်... အနည်းဆုံးတော့ မင်းက အဲဒီလောက်ကြီး အရူး မဟုတ်သေးပါဘူး...”
ချူခွမ်းရန်က ရယ်မောလိုက်၏။
“မင်း အကျွမ်းကျင်ဆုံးအရာကို မင်းကို ပြန်ဆန့်ကျင်ဖို့ ငါ သုံးလိုက်ရုံပါပဲ...”
“စောစောတုန်းက အဲဒီလက်ဝါးရိုက်ချက်က ငါ့ကို သတ်ဖို့မဟုတ်ဘဲ ကျောက်စိမ်းပိုးကောင်ရဲ့ ပိုးမှုန့်တွေကို ငါ့ဆီ ထိုးသွင်းဖို့ပဲပေါ့..”
“မှန်တယ်... အဲဒါက ညီမလန်ဆီ မင်း ထိုးသွင်းခဲ့တဲ့ ပိုးမှုန့်တွေပဲလေ...”
လီစဲ့လုံ၏ မျက်နှာအမူအရာက အလွန် ကြည့်ရဆိုးနေ၏။ လန်နင်ယုကို ကိုင်တွယ်ရန် သူ အသုံးပြုခဲ့သော နည်းလမ်းက သူ့ကို ပြန်လည်ဆန့်ကျင်ရန် အသုံးပြုခံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
“အရူးကောင်... နင်လုပ်လိုက်လို့ ငါ့မှာ အတော်လေး ဒုက္ခရောက်ရပြီ...”
မင်းသမီးချီလျန်က အံကြိတ်၍ လီစဲ့လုံကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူမက ချူခွမ်းရန်ကို ကြည့်ကာ ပြောလိုက်သည်။
“အစ်ကိုချူ... ဒါတွေ အားလုံးက လီစဲ့လုံကြောင့်ပါ... ငါ့အကူအညီအတွက် အလဲအလှယ်အနေနဲ့ ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံကို ကမ်းလှမ်းပြီး ငါ့ဆီလာခဲ့တာ သူပဲ... အကြွေးတိုင်းအတွက် ကြွေးဆပ်မယ့်သူတစ်ယောက် ရှိစမြဲလေ... ဒီအရာတွေအားလုံးအတွက် တာဝန်ရှိတာ သူဖြစ်တဲ့အတွက် ရှင် သူနဲ့ပဲ ဒီကိစ္စကို ဖြေရှင်းသင့်တယ်... ငါနဲ့ ဒီကိစ္စ ဘာမှမဆိုင်ဘူး... ဒီကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံနဲ့ ပတ်သက်ပြီးတော့...”
သူမက ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံကို ကြည့်၍ မလိုလားစွာဖြင့် ပြောလိုက်၏။
“ငါ ဒါကို ဆက်မလိုချင်တော့ဘူး... အစ်ကိုချူပဲ ယူလိုက်ပါ...”
သူမက ချူခွမ်းရန်၏ ပြိုင်ဘက် မဟုတ်ကြောင်း သိထားသဖြင့် သူ့ထံမှ ရှားပါးမီးတောက်ကို လုယူရန်မှာ မဖြစ်နိုင်ပေ။ သူနှင့်ထိပ်တိုက် ရင်ဆိုင်မည့်အစား သူမ၏ အသက်ကို အရင်ကယ်တင်ရန် စဉ်းစားသင့်သည် မဟုတ်လား။
***