ချူခွမ်းရန်၏ စိတ်ဝိညာဉ်ပင်လယ်အတွင်း၌ သူ၏ အထွတ်အထိပ်အုတ်မြစ်အဆင့် ခုနစ်ခုက ကြီးမားသော နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေပြီး ၎င်းတို့၏ ပတ်လည်တွင် ကြီးမားသော စိတ်ဝိညာဉ်စွမ်းအင် သမုဒ္ဒရာကြီးက ဒေါသတကြီး လှိုင်းပုတ်နေ၏။
သို့သော်လည်း ဤအခိုက်အတန့်တွင် အတိုင်းအဆမရှိ သန့်စင်ပြီး ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအင်များက အထွတ်အထိပ်အုတ်မြစ်အဆင့်များကို ရွှေရောင်မြူခိုးအချို့ ထုတ်လွှတ်ရန် လှုံ့ဆော်ပေးလိုက်သည်။ ၎င်းတို့ ခုနစ်ခုစလုံးက တဝုန်းဝုန်း မြည်ဟည်းလာပြီး သူတို့ကြားတွင် တစ်စုံတစ်ရာသော ပဲ့တင်ထပ်မှု ရှိနေသကဲ့သို့ တဖြည်းဖြည်းချင်း တစ်ခုနှင့်တစ်ခု နီးကပ်လာကြ၏။
ချူခွမ်းရန်၏ မျက်လုံးများ အရောင်လက်သွားသည်။
“အဲ့ဒါများ ဖြစ်နိုင်မလား...”
သူက သူ၏ အထွတ်အထိပ်အုတ်မြစ်အဆင့်၏ ပြောင်းလဲမှုများကို ဆက်လက် စောင့်ကြည့်နေ၏။
အထွတ်အထိပ်အုတ်မြစ်အဆင့်များမှ ထွက်ပေါ်လာပြီးနောက် ရွှေရောင်မြူခိုးဝဲဂယက်များက စုစည်းသွားပြီး ရွှေရောင်စိတ်ဝိညာဉ်စွမ်းအင် ကြိုးမျှင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုစိတ်ဝိညာဉ်စွမ်းအင်က ပတ်ဝန်းကျင်ရှိ ကျန်ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များထက် အရည်အသွေးပိုင်းတွင် များစွာသာလွန်နေ၏။ ၎င်းက ကြိုးမျှင်တစ်ခုတည်း ဖြစ်သော်လည်း ၎င်း၏ တည်ရှိမှုက အလွန်တရာ ကြီးမားလှသည်။ ၎င်းက ကောင်းကင်ဘုံကိုပင် အညံ့ခံစေနိုင်မည့်အလား ဖြစ်နေ၏။
ချူခွမ်းရန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့မျက်လုံးများက ဝမ်းသာအားရဖြင့် အရောင်လက်သွားသည်။
“ဒါက... အင်ပါယာချီပဲ...”
အင်ပါယာချီက အင်ပါယာအဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်သော စိတ်ဝိညာဉ်စွမ်းအင်တစ်မျိုး ဖြစ်သည်။
ချူခွမ်းရန်က အင်ပါယာအဆင့်ကျင့်ကြံသူများသာ ထုတ်လုပ်နိုင်သော အင်ပါယာချီတစ်မျှင်ကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်၏။
အတိတ်တုန်းက ရှေးဟောင်းအင်ပါယာ၏ အနှစ်သာရ ကြိုးမျှင်များက ကောင်းကင်ကြယ်တာရာတွင် တစ်ချိန်က ပေါ်ထွက်ခဲ့ဖူးသည်။ သို့သော်လည်း ၎င်းတို့က အင်ပါယာချီနှင့်ယှဉ်လျှင် ကွဲပြားခြားနားကြ၏။
ထိုအင်ပါယာအနှစ်သာရတွင် လျှို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်များပါဝင်ပြီး တာအိုအပေါ် နားလည်သဘောပေါက်မှု တိုးပွားလာစေရန် ထိုးထွင်းသိမြင်မှုများ ရရှိရန်အတွက်သာ ရည်ရွယ်သည်။ တစ်နည်းအားဖြင့် ၎င်းက ပစ္စည်းတစ်ခုသာဖြစ်၏။
အခြားတစ်ဖက်တွင်မူ ချူခွမ်းရန် ထုတ်လုပ်လိုက်သော အင်ပါယာချီက သူ၏ ကျင့်ကြံမှု ရလဒ်တစ်ခုဖြစ်သည်။ ၎င်းက သူ အပြည့်အဝ ထိန်းချုပ်နိုင်သော အရာတစ်ခုဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ရန်အတွက်လည်း အသုံးပြုနိုင်၏။
“အင်ပါယာချီက ဘယ်ကျင့်ကြံသူရဲ့ စိတ်ဝိညာဉ်စွမ်းအင်ထက်မဆို အများကြီး ပိုပြီး ကြောက်စရာကောင်းတယ်... ငါ့ဆီမှာ တစ်မျှင်တည်းရှိတယ်ဆိုပေမဲ့ အထင်သေးစရာတော့ မဟုတ်ဘူး...”
“ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင် အရည်အသွေးက အင်ပါယာတစ်ပိုင်းအဆင့်ရဲ့ ကန့်သတ်ချက်ကို ရောက်သွားပုံရတယ်... မဟုတ်ရင် အင်ပါယာတွေအတွက်သာ သီးသန့်ဖြစ်တဲ့ အင်ပါယာချီတစ်မျှင်ကို ထုတ်လုပ်နိုင်မှာ မဟုတ်ဘူး...”
ချူခွမ်းရန်က ဝမ်းသာအားရ ရယ်မောလိုက်၏။ သူက ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံကို သန့်စင်ခြင်းမှ ဤမျှကြီးမားသော ရလဒ်များကို ရရှိခဲ့သည်။
အင်ပါယာလျှောက်လမ်းရှိ အင်ပါယာတစ်ပိုင်း အနည်းငယ်သာလျှင် သူတို့၏ ကိုယ်ပိုင် အင်ပါယာချီကို ထုတ်လုပ်နိုင်ကြ၏။ အများစုသော အချိန်များတွင် နက်ရှိုင်းသော နောက်ခံရှိသည့် ဂိုဏ်းများမှ ပညာရှင်အုပ်စိုးသူများသာလျှင် ၎င်းကို ပြုလုပ်နိုင်ကြသည်။
ကောင်းကင်သားတော်များနှင့် ပတ်သက်၍မူ တားမြစ်ခံ ကောင်းကင်သားတော် တစ်ဦးပင်လျှင် ဤကဲ့သို့သောအရာမျိုးကို ရရှိရန်အတွက် များပြားလှသော အရင်းအမြစ်များနှင့် ရတနာများ လိုအပ်ပေမည်။ မဟုတ်ပါက မဖြစ်နိုင်ပေ။
ချူခွမ်းရန်က ထိုအင်ပါယာချီ တစ်မျှင်တည်းဖြင့် အင်ပါယာလျှောက်လမ်းရှိ ကောင်းကင်သားတော်အများစုကို အနိုင်ယူနိုင်ပြီ ဖြစ်၏။
အထွတ်အထိပ်အုတ်မြစ်အဆင့် ခုနစ်ခုကြားရှိ ပဲ့တင်ထပ်မှုက တဖြည်းဖြည်း ရပ်တန့်သွားပြီး ချူခွမ်းရန်၏ ခန္ဓာကိုယ်အတွင်း လည်ပတ်နေသော မျက်စိကျိန်းမတတ် တောက်ပသည့် ရွှေရောင်အင်ပါယာချီ တစ်မျှင်တည်းကိုသာ ချန်ထားရစ်ခဲ့သည်။
သူ၏ ခန္ဓာကိုယ်အတွင်း တစ်ပတ်လည်ပတ်ပြီးနောက် ရွှေရောင်အင်ပါယာချီက ချူခွမ်းရန်၏ စိတ်ဝိညာဉ်ပင်လယ်ဆီသို့ ပြန်သွား၏။ ချူခွမ်းရန်က ၎င်း စတင်ထုတ်လုပ်ခဲ့ချိန်နှင့် ယှဉ်လျှင် အနည်းငယ် ကြီးထွားလာသကဲ့သို့ ခံစားလိုက်ရသည်။
ကြက်သွေးရောင်အဆိပ်ငွေ့ ကြာပန်းမီးလျှံကို အပြည့်အဝ သန့်စင်ပြီးနောက် ချူခွမ်းရန်က မတ်တပ်ရပ်လိုက်၏။ သူ၏ အနက်ရောင်ဆံပင်များက လေထဲတွင် လွင့်ခါနေပြီး သူ၏ နက်ရှိုင်းသော မျက်လုံးများက ကြယ်များကဲ့သို့ တောက်ပနေသည်။ သူက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုကိုလည်း ထုတ်လွှတ်နေ၏။
၎င်းက အင်ပါယာအရှိန်အဝါတစ်မျိုး ဖြစ်သည်။
ဓားသမားမိန်၊ လန်နင်ယုနှင့် ချီယွဲ့တို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။ သူတို့၏ ခန္ဓာကိုယ်များက သူ၏ အရှိန်အဝါ ရှိနေမှုအောက်တွင် မထိန်းချုပ်နိုင်အောင် တုန်ယင်နေကြသည်။
“ဘယ်လိုတောင် စွမ်းအားမျိုးလဲ... သခင်က ပိုပြီး အစွမ်းထက်လာပြန်ပြီ...”
“သူ့ရဲ့ တိုးတက်မှုနှုန်းက အရမ်းကို မြန်လွန်းတယ်...”
ချီယွဲ့က အံ့အားသင့်စွာဖြင့် စုပ်သပ်လိုက်၏။
“သွားကြစို့...”
ချူခွမ်းရန်က လန်နင်ယုနှင့် အခြားသူများနှင့်အတူ ရွှံ့နွံတောမှ မထွက်ခွာမီ ပြောလိုက်သည်။
ရွှံ့နွံတောမှ ထွက်ခွာပြီးနောက် ချူခွမ်းရန်၏ စိတ်ဝိညာဉ်အာရုံများက ကီလိုမီတာတစ်ထောင် ပတ်လည်အထိ ဖြန့်ကြက်သွား၏။
သူတို့ ယခင်ရှိခဲ့သောနေရာနှင့် ယှဉ်လျှင် ဤနေရာတွင် ရတနာများ ပိုမို များပြားပုံရသည်။ ၎င်းက သူတို့ တားမြစ် တောရိုင်းနယ်မြေ၏ အတွင်းပိုင်းနယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရှင်းလင်းသော လက္ခဏာတစ်ရပ်ဖြစ်၏။
“တားမြစ် တောရိုင်းနယ်မြေရဲ့ အတွင်းပိုင်းနယ်မြေမှာ ကံတရားအခွင့်အလမ်းတွေ အများကြီး ရှိရမယ်... ညီမလန်ဆီမှာ သဲလွန်စတစ်ခုခု ရှိလား...”
ချူခွမ်းရန်က လန်နင်ယုကို မေးလိုက်သည်။
တားမြစ်တောရိုင်းနယ်မြေက အင်ပါယာလျှောက်လမ်းအတွင်းရှိ အလွန်တရာ ရှေးကျသောနေရာတစ်ခု ဖြစ်၏။ ကောင်းကင်ကြယ်တာရာရှိ အင်ပါယာများနှင့် ပတ်သက်သော မှတ်တမ်းများပင် ရှားပါးနေပြီ ဖြစ်ရာ ဤကဲ့သို့သော ရှေးဟောင်း နေရာမျိုးနှင့် ပတ်သက်၍ ဆိုဖွယ်ရာ မရှိတော့ပေ။
သို့သော်လည်း လန်နင်ယုကဲ့သို့သော ရှေးဟောင်း ဂိုဏ်းများ၏ အမွေဆက်ခံသူများအတွက်တော့ အခြေအနေက ကွာခြားလှ၏။
ဤဂိုဏ်းများတွင် နက်ရှိုင်းသော နောက်ခံများနှင့် ရှည်လျားသော အမွေအနှစ်များရှိသဖြင့် သူတို့က သူ့ထက်စာလျှင် တားမြစ်တောရိုင်းနယ်မြေနှင့် ပို၍ ရင်းနှီးကျွမ်းဝင်ကြသည်။
ဆိုလိုသည်မှာ သူတို့က ဤနေရာနှင့် ပတ်သက်သော အချက်အလက်များကို သူ့ထက်များစွာ ပိုမို သိရှိထားရမည်ဖြစ်၏။
၎င်းက ချူခွမ်းရန်က သူတို့ကို သူ၏ အဖွဲ့ထဲသို့ ခေါ်ဆောင်လာခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သည်။ သူ၏ နောက်တစ်ဆင့် လှုပ်ရှားမှု မည်သို့ ဖြစ်သင့်သနည်းဆိုသည်ကို ဆုံးဖြတ်ရန် ကူညီပေးနိုင်မည့် နေရာနှင့် ရင်းနှီးကျွမ်းဝင်သူ တစ်ဦးကို သူ လိုအပ်နေ၏။
အချို့သော ကံတရားအခွင့်အလမ်းများကို သူ၏ ရတနာရှာဖွေခြင်း ကျွမ်းကျင်မှုဖြင့် ရှာဖွေ၍ မရနိုင်ချေ။
“စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းမှာ တားမြစ်တောရိုင်းနယ်မြေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ အများကြီးရှိတာတော့ အမှန်ပဲ... ဒီနေရာမှာ ကြီးမားတဲ့ ကံတရားအခွင့်အလမ်းတွေရှိတဲ့ တိကျတဲ့ နေရာအချို့ရှိတယ်... တားမြစ်နယ်မြေ ပွင့်လာတိုင်း အဲဒီနေရာတွေက ကောင်းကင်သားတော်အားလုံး အလိုချင်ဆုံး နေရာတွေ အမြဲတမ်း ဖြစ်လာလေ့ရှိတယ်... ဥပမာ - ရှေးဟောင်းချမ်းသာခြင်းလိုဏ်ဂူ၊ ရှေးဟောင်းတာအိုရေကန်၊ လေပြင်းနဂါးရှစ်ကောင်တောင်တန် နဲ့ တခြားနေရာတွေ အများကြီးပဲ...”
“ကြီးမားတဲ့ ကံတရားအခွင့်အလမ်းတွေရှိတဲ့ အဲဒီနေရာတွေက တားမြစ်နယ်မြေ ပွင့်လာတိုင်း တိကျတဲ့ ပုံစံတွေကို အများအားဖြင့် လိုက်နာလေ့ရှိတယ်... အဲဒီမှတ်တမ်းတွေအရ ဆိုရင် ရှေးဟောင်းချမ်းသာခြင်းလိုဏ်ဂူက နောက်ရက်အနည်းငယ် အတွင်း ပွင့်လာလိမ့်မယ်...”
လန်နင်ယုက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ရှင်းပြလိုက်၏။
ထိုစကားကို ကြားသောအခါ ချူခွမ်းရန် ပို၍ အံ့အားသင့်သွားသည်။
“ကောင်းပြီ... ရှေးဟောင်းချမ်းသာခြင်းလိုဏ်ဂူ ကို သွားကြည့်ကြတာပေါ့...”
ချူခွမ်းရန်၏ အဖွဲ့အပြင် အခြား ကောင်းကင်သားတော်များကလည်း ရှေးဟောင်းချမ်းသာခြင်းလိုဏ်ဂူဆီသို့ ဦးတည်နေကြ၏။
မည်သို့ပင်ဆိုစေကာမူ ၎င်းက ကြီးမားသော ကံတရားအခွင့်အလမ်းများရှိသည့် နေရာတစ်ခု ဖြစ်သည်။ မည်သည့် ကောင်းကင်သားတော်ကမျှ ဤကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွတ်ခံမည် မဟုတ်ချေ။
တစ်နေရာရှိ တောင်တန်းတစ်ခုတွင်။
အနီရောင် အလင်းတန်းတစ်ခုက ကောင်းကင်ယံသို့ ရုတ်တရက် ထိုးတက်သွားပြီး သိပ်သည်းသော အရှိန်အဝါလှိုင်းတစ်ခုက ပေါက်ကွဲထွက်လာကာ ကီလိုမီတာ ထောင်ပေါင်းများစွာ အဝေးထိ ပျံ့နှံ့သွား၏။
ထိုအရှိန်အဝါက သက်ရှိသတ္တဝါတိုင်းကို မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားစေပြီး တုန်ယင်နေစေသည်။
အနီရောင် အလင်းတန်းထဲမှ ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာ၏။ သူမက တောက်ပသော အနီရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး အနီရောင်ဆေဘာရှည် တစ်လက်ကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦးဖြစ်ကာ ထိုသူမှာ ပိုင်ဟုန်ယွီ ဖြစ်သည်။
လေထဲတွင် သူမ၏ ကိုယ်ပိုင်စွမ်းအားကို အာရုံခံမိသောအခါ သူမက ကျေနပ်စွာ ပြုံးလိုက်၏။
“သေချာတာပေါ့... အင်ပါယာတစ်ပါးရဲ့ အလောင်းက အထင်သေးစရာ မဟုတ်ဘူး... အဲဒါက ငါ့ကို အင်ပါယာတစ်ပိုင်းအဆင့်ကို ဒီလောက် မြန်မြန် ရောက်သွားအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ငါ မယုံနိုင်ဘူး... ငါ့ရဲ့ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို ရှာတွေ့ပြီး ဒီဆေဘာကိုလည်းရပြီ အင်ပါယာတစ်ပိုင်းတစ်ယောက် ဖြစ်လာပြီဆိုတော့ အခုဆို ငါ အထွတ်အထိပ်အင်ပါယာတစ်ပိုင်း တစ်ယောက်ကိုတောင် အနိုင်ယူနိုင်မယ်လို့ ငါ ယုံကြည်တယ်...”
“နောက်တစ်ဆင့်အနေနဲ့... မကြာခင် ပွင့်လာတော့မယ့် ရှေးဟောင်းချမ်းသာခြင်းလိုဏ်ဂူကို သွားရမယ်... အဲဒီမှာ ဘယ်လို ကံတရားအခွင့်အလမ်းတွေရှိလဲဆိုတာ ငါ သွားကြည့်ဖို့ အချိန်တန်ပြီ...”
ပိုင်ဟုန်ယွီက ရေရွတ်လိုက်ပြီးနောက် အနီရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွား၏။
အခြားတစ်နေရာတွင်။
လိုဏ်ဂူတစ်ခုအတွင်းမှ မျက်စိကျိန်းမတတ် တောက်ပသော အရောင်ငါးမျိုးရှိသည့် အလင်းတန်းတစ်ခု ရုတ်တရက် ဖြာထွက်လာသည်။
ထိုအလင်းတန်းများ ကြားတွင် ဝတ်ရုံရှည် ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက လိုဏ်ဂူထဲမှ ထွက်လာသည်ကို မြင်တွေ့ရ၏။
ထိုသူက အရောင်ငါးမျိုးရှိသည့် အလင်းတန်းများဖြင့် ရေချိုးထားပြီး လမ်းစဉ်ငါးသွယ် အရှိန်အဝါများ ဝန်းရံနေကာ နတ်ဘုရားများ၏ ဘုရင်တစ်ပါး ရောက်ရှိလာသကဲ့သို့ ရှိနေသည်။
“ငါ့ရဲ့ နတ်ဘုရားစွမ်းအား လမ်းစဉ်ငါးသွယ် နတ်ဘုရားဘီးက စွမ်းအား တိုးလာတာတင် မကဘူး... ငါ့ရဲ့ ကျင့်စဉ်အဆင့်ကလည်း အများကြီး တိုးတက်လာတယ်... အခုချိန်မှာ ငါ ပညာရှင်အုပ်စိုးသူတစ်ယောက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် ကောင်းကောင်း ယှဉ်တိုက်နိုင်မှာ သေချာတယ်... ချူခွမ်းရန်... နောက်တစ်ခါ ငါတို့ တွေ့တဲ့အခါ ငါ့ရဲ့ စွမ်းအားကြောင့် မင်း အံ့ဩသွားလိမ့်မယ်...”
ထိုသို့ ရေရွတ်နေသူမှာ ဝမ်ကလန်မှ ဝမ်ချွမ် ဖြစ်၏။
သူက အဝေးသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။
“ရှေးဟောင်းချမ်းသာခြင်းလိုဏ်ဂူကို ငါ သွားဖို့ အချိန်တန်ပြီ... ငါ ဘယ်လောက် ပိုပြီး အစွမ်းထက်လာလဲ ဆိုတာကို စမ်းသပ်ကြည့်ရမှာပေါ့...”
တောင်ထိပ်တစ်ခုပေါ်တွင်။
လူငယ်တစ်ဦးက သူ၏ မျက်လုံးများကို ကြမ်းတမ်းစွာ ဖွင့်လိုက်ပြီး အလွန် ထက်မြက်သော ဓားချီလှိုင်းများကို ထုတ်လွှတ်လိုက်၏။
ဓားချီများက သူ့ပတ်လည်ရှိ အရာအားလုံးကို ခုတ်ပိုင်းသွားပြီး ပတ်ဝန်းကျင် ရှုခင်းများကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
“အခု ငါ ဓားအင်ပါယာရဲ့ အမွေအနှစ်ကို အပြည့်အဝ သန့်စင်ပြီးပြီဆိုတော့ ငါ အများကြီး၊ အများကြီး ပိုပြီး အစွမ်းထက်လာပြီ...”
“ဒါ့အပြင် အဲဒီဓားအင်ပါယာရဲ့ အလောင်းကနေ လက်ချောင်း လေးချောင်းကိုပဲ ငါ သန့်စင်ခဲ့ရပေမဲ့ အဲဒီပမာဏကတင် ငါ့ရဲ့ကျင့်စဉ်အဆင့်ကို အထွတ်အထိပ်အင်ပါယာတစ်ပိုင်းအထိ တိုးတက်ဖို့ လုံလောက်နေပြီ... လျှို့ဝှက်ဆန်းကြယ်ဓားသင်္ကေတလေးပါးကို ဆုံးရှုံးခဲ့ရပေမဲ့ ဤတစ်ကြိမ်မှာ ငါ အများကြီး ရရှိခဲ့သေးတာပဲ...”
ဓားတာအိုသခင်က ဝမ်းသာအားရ ပြောလိုက်၏။
သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဓားနှစ်လက်ကို ထုတ်ယူလိုက်သည်။ ၎င်းတို့ နှစ်လက်စလုံးက အင်ပါယာလက်နက်များ ဖြစ်ကြ၏။
၎င်းတို့မှာ ရွှေရောင်နတ်ဘုရားအင်ပါယာဓား နှင့် ဓားအင်ပါယာချင်းရွှယ်၏ ချင်းရွှယ်နတ်ဘုရားဓားတို့ ဖြစ်ကြသည်။
“ဒီအင်ပါယာလက်နက်နှစ်လက်နဲ့ မင်း ငါ့ကို ဘယ်လို အနိုင်ယူမလဲဆိုတာ ကြည့်ကြသေးတာပေါ့ ချူခွမ်းရန်...”
ဤအချက်ကို တွေးမိသောအခါ ဓားတာအိုသခင်မှာ အလွန် စိတ်အားထက်သန်နေ၏။
ထို့နောက် သူက အဝေးသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။
“ရှေးဟောင်းချမ်းသာခြင်းလိုဏ်ဂူမှာ မင်းနဲ့ ထပ်တွေ့ဖို့ ငါ မျှော်လင့်တယ်... အဲဒီအချိန်ကျရင် ဒီခေတ်မှာ ဓားတာအိုရဲ့ အထွတ်အထိပ်မှာ ရပ်တည်ဖို့ ကံပါလာတဲ့ တစ်ဦးတည်းသောသူက ငါပဲ းဆိုတာ မင်းကို ငါ သိစေရမယ်...”
ဤအခိုက်အတန့်တွင် ဓားတာအိုသခင်၏ ခါးရှိ ကျောက်စိမ်းပေလိပ်လေး တုန်ခါသွား၏။
“ဓားကလန်ဆီက အချက်ပြမှုလား...”
အနည်းငယ် အံ့အားသင့်သွားပြီးနောက် ဓားတာအိုသခင်၏ ပုံရိပ်က လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး ထိုအချက်ပြမှု ထွက်ပေါ်လာရာ နေရာဆီသို့ ပြေးသွားသည်။
မကြာမီတွင် သူက ထိုအချက်ပြမှု ထွက်ပေါ်လာရာ နေရာသို့ ရောက်ရှိလာ၏။
ဓားကလန်အဖွဲ့ဝင် အတော်များများ ထိုနေရာတွင်ရှိနေပြီး ရင်းနှီးသော လူတစ်ယောက်လည်း ပါဝင်သည်။
“လီစဲ့လုံ... မင်းလား...”
ဓားတာအိုသခင်က လီစဲ့လုံကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့ဘေးရှိ မင်းသမီးချီလျန်ကို ထပ်မံ ကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေသည်။
“တားမြစ်ခံကောင်းကင်သားတော် မင်းသမီးချီလျန်... ငါ့ကို ဒီနေရာကိုခေါ်ရတဲ့ အကြောင်းရင်းများရှိလို့လား...”
ဓားတာအိုသခင်က မင်းသမီးချီလျန်ကို အနည်းငယ် အထက်စီးဆန်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်၏။
***