ရောက်လာသူများမှာ ဟွန်းယွမ်ကျောင်းတော်မှ ကိုယ်တော်သုံးပါး ဖြစ်သည်။ သူတို့က သတိဖြင့် ဝင်လာခြင်း မဟုတ်၊ ဒေါသတကြီး ချဉ်းကပ်လာခြင်းပင်။ ကိုယ်တော်တစ်ပါး၏ မျက်နှာတွင် သေးငယ်သော အပေါက်များစွာ ရှိနေသည်။ သူ့မျက်နှာတစ်ခုလုံး မည်းနက်နေသဖြင့် အဆိပ်မိနေသည်မှာ သိသာလှသည်။ သို့သော် အပေါက်များမှာ မနက်လှသဖြင့် အဆိပ်များမှာ ခန္ဓာကိုယ်ထဲသို့ မရောက်သေးဘဲ သူ၏ ဝိညာဉ်စွမ်းအားဖြင့် ညှစ်ထုတ်ထားခြင်း ဖြစ်သည်။
"ဘယ်သောက်ရူးက အဆိပ်အပ်တွေ လျှောက်ပစ်နေတာလဲ" အဆိပ်မိနေသော ကိုယ်တော်က ဒေါသတကြီး အော်ဟစ်ရင်း ဝင်လာသည်။ လမ်းကွေ့တစ်ခုသို့ ရောက်ချိန်တွင် မမျှော်လင့်ဘဲ ပစ်လွှင့်လာသော အဆိပ်အပ်အချို့နှင့် ထိမှန်သွားခဲ့ခြင်း ဖြစ်သည်။ ထိုကိုယ်တော် သုံးပါးစလုံးမှာလည်း အခြေတည်အဆင့် အထွတ်အထိပ်တွင် ရှိနေကြသည်။
စုန့်ဝမ်သည် ရှေ့မှ ဓားပြခုနစ်ဦးနှင့် နောက်မှ ကိုယ်တော်သုံးပါးကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် သိုလှောင်လက်စွပ်ထဲမှ အဆိပ်ရှိသော ဆေးပင်တစ်ပင်ကို ထုတ်ယူကာ ဝါးစားလိုက်သည်။ ချက်ချင်းပင် သူ့အရေပြားမှာ အဆိပ်မိနေသကဲ့သို့ မည်းနက်သွားခဲ့သည်။ ကိုယ်တော်သုံးပါး နီးကပ်လာသည်နှင့် "မိတ်ဆွေတို့ သတိထားကြပါ။ ရှေ့မှာ ဓားပြတွေ ရှိနေတယ်" ဟု အခြားသူများ၏ ဘေးကင်းရေးကို စိုးရိမ်သော သူရဲကောင်းတစ်ဦးအသွင်ဖြင့် အော်ဟစ် သတိပေးလိုက်သည်။
နှစ်ဖက်အကွာအဝေးမှာ ပေ ၃၀၀ ထက် မကွာတော့သောအခါ အချင်းချင်း၏ ဝိညာဥ်အာရုံနယ်ပယ်အတွင်းသို့ ရောက်ရှိသွားကြသည်။ ကိုယ်တော်များ သတိပြုမိသွားချိန်တွင် စုန့်ဝမ်က ဒေါသတကြီး အော်ဟစ်လိုက်ပြန်သည်။ "မင်းတို့ ဟွန်းယွမ်ကျောင်းတော်က လူယုတ်မာတွေ၊ အပြင်ပန်းမှာ တရားရှိသလိုလိုနဲ့ သတ်ဖြတ်၊ လုယက်ပြီး မကောင်းတာမှန်သမျှ အကုန်လုပ်နေကြတာပဲ"
စုန့်ဝမ်၏ ဆဲဆိုသံများကြောင့် ကိုယ်တော်သုံးပါးမှာ ကြောင်အသွားကြသည်။ လျှို့ဝှက်နယ်မြေထဲ ရောက်ပြီးတည်းက သူတို့မှာ သတိကြီးစွာ ထားနေခဲ့ပြီး မည်သည့် မကောင်းမှုကိုမျှ မလုပ်ခဲ့ကြပေ။ မည်သို့ဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟူသော နာမည်ဆိုးကို ရလာသနည်း။ စုန့်ဝမ် နီးကပ်လာသည်ကို မြင်သောအခါ ကိုယ်တော်သုံးပါးမှာ ပို၍ သတိထားလာကြသည်။ အရပ်ပုပု ကိုယ်တော်တစ်ပါးက လက်ကို မြှောက်ပြီး ဝေ့ယမ်းလိုက်ရာ ကိုယ်တော်ဝတ်ရုံတစ်ခု လွင့်ထွက်လာပြီး သူတို့ သုံးဦး၏ အပေါ်တွင် ပျံဝဲနေခဲ့သည်။ ဝတ်ရုံမှာ အဆက်မပြတ် လည်ပတ်နေပြီး ကိုယ်တော်သုံးပါးကို ဖုံးအုပ်ထားသည့် ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်နေသည်။ ရွှေရောင်အလင်းတန်းများ၏ အပေါ်တွင် ရွှေရောင်ကျမ်းစာလုံးများ အဆက်မပြတ် စီးဆင်းနေသည်။ ဤဝတ်ရုံမှာ အဆင့်မြင့်ခံစစ်ဝိညာဉ်လက်နက် ဖြစ်သည်။
စုန့်ဝမ်မှာ အခြေတည်အဆင့် အလယ်ပိုင်းသာ ဖြစ်ကြောင်း သတိပြုမိသွားသောအခါ ကိုယ်တော်သုံးပါးမှာ အနည်းငယ် စိတ်အေးသွားကြသည်။ "ဒကာကြီး... ဒါ ငါတို့ ပထမဆုံး ဆုံတာပဲ။ ဘာလို့ ငါတို့ ဟွန်းယွမ်ကျောင်းတော်ကို ဆဲဆိုနေရတာလဲ"
ပေ ၆၀ ခန့်သာ ကွာတော့ချိန်တွင် စုန့်ဝမ် ရပ်လိုက်သည်။ လိပ်မြွေဒိုင်းမှာမူ သူ့ပတ်လည်တွင် အဆက်မပြတ် လည်ပတ်နေသည်။ "ဟွန်း.. ငါ့နောက်မှာ ဓားပြ ခုနစ်ယောက် ရှိတယ်၊ ခေါင်းဆောင်က ကိုယ်တော်တစ်ပါးပဲ။ ဟွန်းယွမ်ကျောင်းတော်က မဟုတ်ရင် ဒီလျှို့ဝှက်နယ်မြေထဲမှာ တခြား ဘယ်ကိုယ်တော် ရှိဦးမှာလဲ..."
စကားမဆုံးသေးခင်မှာပင် စုန့်ဝမ် မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားသည်။ အသက်ကို အားစိုက်ရှူနေရပြီး မျက်နှာမှာလည်း အလွန်အမင်း နာကျင်နေသည့် အမူအရာ ဖြစ်ပေါ်နေသည်။ အဆိပ်မိနေသဖြင့် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့သည့် ပုံစံပင်။
ကိုယ်တော်သုံးပါးမှာ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး ဇဝေဇဝါ ဖြစ်နေကြသည်။ ဟွန်းယွမ်ကျောင်းတော်မှ ကိုယ်တော်အချို့မှာ အခြားကျင့်ကြံသူများနှင့် ပူးပေါင်းပြီး ချောင်းမြောင်း လုယက်နေခြင်းလောဟုပင် တွေးမိသွားသည်။ ထိုစဉ်မှာပင် ဓားပြ ၇ ဦးမှာလည်း နီးကပ်လာပြီး ကိုယ်တော်သုံးပါး၏ ဝိညာဥ်အာရုံခံနယ်ပယ်အတွင်းသို့ ဝင်ရောက်လာကြသည်။
ခေါင်းပြောင်နှင့် ဓားပြကို မြင်လိုက်ရသောအခါ ကိုယ်တော်သုံးပါးမှာ ဒေါသအမျက်ခြောင်းခြောင်း ထွက်သွားကြသည်။ "ဟေ့... သူခိုးကောင်၊ မင်းက ငါတို့ ဟွန်းယွမ်ကျောင်းတော်က ကိုယ်တော်ဟန်ဆောင်ပြီး လုယက်၊ သတ်ဖြတ်နေတာလား။ ငါတို့ကျောင်းတော်ရဲ့ နာမည်ကို ဖျက်ဆီးရဲတယ်ပေါ့။ မင်းရဲ့ အပြစ်တွေက ခွင့်လွှတ်လို့ မရဘူး"
အဆိပ်အပ် ထိမှန်ထားသော ဒေါသထွက်နေသည့် ကိုယ်တော်က ရဟန္တာရွှေခန္ဓာနည်းစနစ်ကို အသက်သွင်းလိုက်ရာ သူ့ရှေ့တွင် ဘုရားပုံရိပ်များစွာ ပေါ်လာသည်။ တပြိုင်တည်းပင် ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ခန္ဓာကိုယ်မှာလည်း ကြီးထွားလာပြီး ၁၀ ပေကျော် မြင့်မားသော လူသန်ကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ချက်ချင်းပင် ထိုလူသန်ကြီးက ဓားပြ ခုနစ်ဦးထံ ပြေးဝင်တိုက်ခိုက်တော့သည်။
ကျန်ရှိသော ကိုယ်တော်နှစ်ပါးမှာ ထိုကိုယ်တော် စိတ်လိုက်မာန်ပါ လုပ်ဆောင်နေသည်ကို ကြည့်ကာ စိတ်ညစ်သွားသည်။ သူတို့ သုံးဦးစလုံးမှာ အခြေတည်အဆင့် အထွတ်အထိပ်များ ဖြစ်သဖြင့် ဓားပြခုနစ်ဦးကို ကြောက်စရာ အကြောင်းမရှိသော်လည်း ဤကဲ့သို့သော ကိစ္စလေးအတွက် တိုက်ခိုက်ခြင်းမှာ အကျိုးအမြတ် အလုပ်ရှုပ်ရုံသာ ရှိမည်ကို သူတို့ သိကြသည်။ သို့သော် တစ်ဦးက စတင် တိုက်ခိုက်နေပြီ ဖြစ်သဖြင့် သူတို့လည်း ရပ်ကြည့်မနေနိုင်တော့ပေ။
အရပ်ပုပုကိုယ်တော်က လက်ကို မြှောက်လိုက်ရာ သူခြုံထားသော ဝတ်ရုံမှာ လွင့်ပျံသွားပြီး လူသန်ကြီးကိုယ်တော်၏ အပေါ်တွင် ပျံဝဲနေခဲ့သည်။ ယင်းက လူသန်ကြီး၏ ပတ်လည်တွင်ရှိသော ရွှေရောင်အလင်းများကို ပိုမို အားကောင်းစေပြီး စွမ်းအားကို မြှင့်တင်ပေးခြင်း ဖြစ်သည်။ ထို့နောက် အရပ်ပုပုကိုယ်တော်လည်း နတ်ဆိုးနှိမ်တုတ်ကို ကိုင်ဆောင်ကာ ဓားပြခုနစ်ဦးထံသို့ ပြေးဝင် တိုက်ခိုက်ခဲ့သည်။
နောက်ဆုံး ကိုယ်တော်မှာမူ ပုတီးစိပ်နေရင်း တရားစာကို တိုးညှင်းစွာ ရွတ်ဆိုကာ တည်ငြိမ်သော ခြေလှမ်းများဖြင့် ရှေ့သို့ တိုးလာခဲ့သည်။ သူ့လှုပ်ရှားမှုမှာ နှေးကွေးနေပုံရသော်လည်း ခြေလှမ်းတိုင်းမှာ အကွာအဝေး ၁၀ ပေခန့်ထိ ဖြတ်ကျော်နေသဖြင့် တစ္ဆေတစ်ကောင် လျှောက်လှမ်းကဲ့သို့ ထူးဆန်းလှသည်။
စုန့်ဝမ်မှာမူ မြေပြင်ပေါ်တွင် လဲကျနေပြီးနောက် ကျောက်နံရံကို မှီထားလိုက်သည်။ လူသန်ကိုယ်တော်နှင့် အရပ်ပုပု ကိုယ်တော်တို့ သူ့ဘေးမှ ဆက်တိုက် ဖြတ်ကျော်သွားကြသည်။ နောက်ဆုံး ကိုယ်တော်မှာမူ တည်ငြိမ်သော အမူအရာနှင့် ကရုဏာမျက်နှာထားဖြင့် ဖြည်းညှင်းစွာ ချဉ်းကပ်လာရင်း စုန့်ဝမ် ဘေးမှ ဖြတ်သွားစဉ် ရုတ်တရက် ခေါင်းလှည့်လိုက်သည်။ ထိုကိုယ်တော်၏ အကြည့်မှာ ရက်စက်ကြမ်းကြုတ်ပြီး သူ့မျက်နှာကလည်း ဂရုဏာဟန် မပေါ်ဘဲ သွေးဆာနေသော အပြုံးတစ်ခုက နေရာယူထားသည်။ ကရုဏာကြီးမားသော ကိုယ်တော်တစ်ပါးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သွေးဆာနေသော မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုကိုယ်တော်က လက်ထဲမှ ပုတီးကို ခပ်ဖွဖွ လှည့်လိုက်ရာ ပုတီးစေ့အတွင်းမှ တစ္ဆေတစ်ကောင် ထွက်ပေါ်လာသည်။ ထိုတစ္ဆေက သံချေးတက်နေပြီး ဟောင်းနွမ်းနေသော ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။ ထိုဓားမှာ တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပြီး အချိန်ကာလ၏ တိုက်စားမှုကြောင့် ပဲ့ရွဲ့လိမ်ကောက်နေသည်။
တစ္ဆေက ဓားကိုမြှောက်ကာ သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ စုန့်ဝမ် အနည်းငယ် လန့်သွားသည်။ ဟွန်းယွမ်ကျောင်းတော်မှ လူများသည်လည်း ကျင့်ကြံမှုလောကသားပီပီ ရာနှုန်းပြည့် ရိုးသားဖြောင့်မတ်သူများ မဟုတ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ ယခုကဲ့သို့ အဆိပ်မိနေသည့်အသွင် ဟန်ဆောင်ခြင်းမှာ အားနည်းသူအဖြစ် ဟန်ဆောင်ကာ လှည့်ဖျားရန်ဖြစ်သည်။ တစ်ဖက်လူကလည်း ထိုအခွင့်အရေးကို အသုံးချကာ သူ့ကို ချောင်းမြောင်းတိုက်ခိုက်ပြီး အကျိုးအမြတ်ထုတ်ရန် ကြိုးစားလာခြင်း ဖြစ်သည်။ သို့သော် ရန်သူက တစ္ဆေတစ်ကောင်ကို ဆင့်ခေါ်ခြင်းမှာ စုန့်ဝမ် မမျှော်လင့်ထားသော ကိစ္စဖြစ်သည်။ ဟွန်းယွမ်ကျောင်းတော်မှ ကိုယ်တော်များသည် လမ်းမှန်ဂိုဏ်းဟူသော မျက်နှာဖုံးကိုပင် မတပ်တော့ဘဲ နတ်ဆိုးကျင့်စဉ်များကို ဗြောင်ကျကျ ကျင့်ကြံနေကြခြင်း ဖြစ်သည်။
စုန့်ဝမ်လည်း အတွေးတစ်ချက်ဖြင့် လိပ်မြွေဒိုင်းကို အသက်သွင်းလိုက်ရာ မြွေဟောက်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး တစ္ဆေကို ပြန်လည် တိုက်ခိုက်သည်။ တချိန်တည်းမှာပင် စုန့်ဝမ်လည်း ဘေးဘက်သို့ လျင်မြန်စွာ ခုန်ထွက်လိုက်ပြီး လမ်းအတိုင်း အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။
တိုက်ခိုက်သူကိုယ်တော် အံ့ဩသွားသည်။ ဒဏ်ရာပြင်းထန်ပြီး အခြေတည် အလယ်အဆင့်သာရှိသော ကျင့်ကြံသူတစ်ဦးကို သတ်ရန် တစ္ဆေတစ်ကောင်တည်းနှင့် လုံလောက်သည်ဟု သူ ထင်ထားသော်လည်း လုံးဝလွဲချော်သွားသည်။ သူတို့တစ်ဖွဲ့လုံး လှည့်စားခံလိုက်ရခြင်းဖြစ်ကြောင်း ထိုကိုယ်တော် ချက်ချင်း ရိပ်စားမိသွားသည်။ တစ်ဖက်လူမှာ အဆိပ်မိနေခြင်းလည်း မဟုတ်၊ ဒဏ်ရာရနေခြင်းလည်း မဟုတ်ပေ။ သူတို့သာ ကျားကို မောင်းထုတ်ရန် ဝံပုလွေကို အသုံးချသည့် ကစားပွဲတစ်ခုတွင် အရုပ်များအဖြစ် အသုံးချခံလိုက်ရခြင်း ဖြစ်သည်။ဟထိုကိုယ်တော်လည်း ပုတီးကို အလျင်အမြန် လှည့်လိုက်ရာ နောက်ထပ် တစ္ဆေ သုံးကောင် ပေါ်လာပြီး စုန့်ဝမ် နောက်သို့ လိုက်လံ တိုက်ခိုက်တော့သည်။
စုန့်ဝမ် မိုးကြိုးလှံနည်းစနစ်ဖြင့် ၁၀ ပေခန့် ရှည်လျားသော လျှပ်စီးလှံ သုံးစင်း ဖန်တီးပြီး တစ္ဆေသုံးကောင်ဆီ ပစ်လွှတ်လိုက်သည်။ တစ္ဆေများသည် မိုးကြိုးလျှပ်စီးကို အကြောက်ဆုံး ဖြစ်သည်။ သို့သော် ဟွန်းယွမ်ကျောင်းတော်မှ ကိုယ်တော်များ သန့်စင်ထားသော ဤတစ္ဆေများမှာ အနည်းငယ် ကွဲပြားသည်။ ၎င်းတို့၏ ပတ်လည်တွင် ဖြူဖျော့သော အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းတွင် မဟာယနစွမ်းအားနှင့် တစ္ဆေစွမ်းအင် နှစ်ခုစလုံး ရောယှက်နေသည်။ တစ္ဆေသုံးကောင်မှာ ၎င်းတို့၏ ဓားရှည်များကို မြှောက်ကာ မိုးကြိုးလျှပ်စီးလှံများကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။
“ဂျိမ်း..” ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လျှပ်စီးများသည် တစ္ဆေသုံးကောင်ထံ စီးဝင်သွားသည်။ တစ္ဆေသုံးကောင်မှာ နေရာတွင်ပင် တောင့်ခဲသွားပြီး ၎င်းတို့၏ ခန္ဓာကိုယ်ပတ်လည်တွင် သေးငယ်သော လျှပ်စီးမီးပွားများစွာ ဝဲပျံနေသည်။ ၎င်းတို့ပတ်လည်ရှိ အဖြူရောင် အလင်းတန်းမှာလည်း လျင်မြန်စွာ မှိန်ဖျော့သွားခဲ့သည်။ မကြာမီမှာပင် အဖြူရောင်အလင်းတန်းမှာ လုံးဝ ပျောက်ကွယ်သွားပြီး တစ္ဆေများ၏ ဝိညာဉ်ခန္ဓာများ ပေါ်လာသည်။ သို့သော် ထိုအချိန်တွင် လျှပ်စီးလှံများ၏ မိုးကြိုးစွမ်းအင်မှာလည်း သိသိသာသာ လျော့နည်းသွားပြီဖြစ်ရာ တစ္ဆေများ၏ ဝိညာဉ်စွမ်းအား အချို့ကို ဝါးမြိုပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။ တစ္ဆေများမှာ အလုံးစုံပျက်စီးခြင်း မရှိသော်လည်း ဆက်လက်လှုပ်ရှားနိုင်ခြင်း မရှိတော့။
"မိုးကြိုးနည်းစနစ်လား.." ထိုကိုယ်တော်လည်း တီးတိုးရေရွတ်ရင်း အဝေးသို့ ပြေးထွက်သွားသော စုန့်ဝမ်၏ ကျောပြင်ကို ကြည့်ကာ အံ့အားသင့်ပြီး ကျန်နေခဲ့သည်။ ချက်ချင်းဆိုသလို စုန့်ဝမ်က သူ့ဝိညာဥ်အာရုံနယ်ပယ်အတွင်းမှ ထွက်ခွာသွားသဖြင့် ထိုကိုယ်တော်လည်း ဘာမှမတတ်နိုင်တော့ဘဲ သူ့အဖော်နှစ်ဦးကို ကူညီရန် လှည့်ပြန်သွားခဲ့သည်။
"ကြွက်စုတ်တွေ၊ ငါတို့ ဟွန်းယွမ်ကျောင်းတော်က ကိုယ်တော်တွေလို ဟန်ဆောင်ရဲတယ်ပေါ့။ သေဖို့သာပြင်ပေတော့" လူသန်ကိုယ်တော်က ကြိမ်းမောင်းရင်း ကြီးမားသော ရွှေရောင်လက်သီးဖြင့် ကတုံးပြောင်ဓားပြကို ထိုးနှက်လိုက်သည်။ ကတုံးပြောင်ဓားပြ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားခဲ့သည်။ သူတို့မှာ ကိုယ်တော်အတုများ ဖြစ်သော်လည်း ယခုအခါ ဟွန်းယွမ်ကျောင်းတော်မှ ကိုယ်တော်အစစ်နှင့် ထိပ်တိုက်တွေ့နေရပြီ ဖြစ်သည်။
ဓားပြအုပ်စုထဲမှ အမျိုးသား ငါးဦးမှာ ချက်ချင်းပင် ဓားပျံများ ထုတ်ကာ လူသန်ကြီးကို တိုက်ခိုက်ကြသည်။ အမျိုးသမီး ဓားပြနှစ်ဦးမှာမူ ပန်းရောင် ကျောက်စိမ်းတုတ်တံ တစ်ခုစီ ထုတ်ယူပြီး လေထဲတွင် ခပ်ဖွဖွ ဝေ့ယမ်းလိုက်ရာ ချက်ချင်းပင် ပန်းရောင်မြူခိုးများနှင့် ပန်းပွင့်လွှာများ ထွက်ပေါ်လာသည်။ သန်မာသောကိုယ်တော်၏ အပေါ်တွင် လည်ပတ်နေသော ဝတ်ရုံမှာ အရှိန်အဟုန်ဖြင့် လည်ပတ်လာပြီး ရွှေရောင်အလင်းတန်းများ ပိုမို အားကောင်းလာခဲ့သည်။ ဓားပျံငါးလက်မှာ ရွှေရောင်အလင်းများ၏ တားဆီးခြင်း ခံလိုက်ရသည်။ ဓားပျံများက အကာအကွယ်ကို မထိုးဖောက်နိုင်သော်လည်း ဘုန်းတော်ကြီး၏ အရှိန်မှာ သိသိသာသာ လျော့ကျသွားခဲ့သည်။ ထိုစဉ်မှာပင် ပန်းပွင့်ဖတ်များ ရောယှက်နေသော ပန်းရောင်မြူခိုးများမှာ လွင့်ပျံလာခဲ့သည်။ ထိုမြူခိုးများသည် ရွှေရောင်အလင်းတန်း အကာအကွယ်ကို တိုက်ရိုက်ဖြတ်ကျော်ကာ ကိုယ်တော်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။ ဘုန်းတော်ကြီးမှာ ရုတ်တရက် ယိုင်နဲ့သွားပြီး သတိလွတ်လုမတတ် ဖြစ်သွားသည်။
ထိုအခွင့်အရေးကို အသုံးချကာ ဓားပြခုနစ်ဦးက အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။
"မင်းတို့ ဘယ်ပြေးမလို့လဲ" အရပ်ပုပုကိုယ်တော်က အော်ဟစ်ရင်း နတ်ဆိုးနှိမ်တုတ်ဖြင့် ကတုံးပြောင်နှင့်ဓားပြကို ပစ်လွှတ်တိုက်ခိုက်လိုက်သည်။
ဓားပြလည်း အလွန်အမင်း ထိတ်လန့်သွားပြီး ဓားပျံဖြင့် တားဆီးရန် ကြိုးစားလိုက်သည်။ "ငါ့ကို ကူကြပါဦး" တချိန်တည်းမှာပင် အခြားဓားပြ ခြောက်ဦးကို အကူအညီ လှမ်းတောင်းလိုက်သည်။
သို့သော် အခြားဓားပြ ခြောက်ဦးမှာ နောက်သို့ပင် လှည့်မကြည့်ဘဲ လမ်းအတိုင်း ထွက်ပြေးသွားကြတော့သည်။
ခေါင်းပြောင်ဓားပြမှာ ပြိုင်ဘက်ထက် အားနည်းသည့်အပြင် အလျင်စလို တုံ့ပြန်နေရသဖြင့် စွမ်းအားအစစ်အမှန်ကို မထုတ်နိုင်တော့ပေ။ သူ၏ ဓားမှာ တုတ်ဖြင့် ရိုက်ထုတ်ခံရပြီး အဝေးသို့ လွင့်စင်ထွက်သွားသည်။ နတ်ဆိုးနှိမ်တုတ်မှာ မရပ်တန့်ဘဲ ခေါင်းပြောင်ဓားပြ၏ ရင်ဘတ်သို့ ဆက်လက် တိုးဝင်သွားခဲ့သည်။ ဓားပြမှာ ဝိညာဉ်စွမ်းအားကို သုံး၍ ကာကွယ်ရေးဒိုင်း အလျင်အမြန် တည်ဆောက်ပါသော်လည်း ဒိုင်းမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့သည်။ နတ်ဆိုးနှိမ်တုတ်မှာ ဓားပြ၏ ရင်ဘတ်အတွင်းသို့ ထိုးဖောာက် စိုက်ဝင်သွားသည်။ ချက်ချင်းပင် ဓားပြ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး သွေးများ နေရာအနှံ့ စင်သွားသည်။
***