ကျန်ရှိသော ဓားပြ ခြောက်ဦးမှာ ထိုအခွင့်အရေးကို အသုံးချကာ အရပ်ပုပုကိုယ်တော်၏ ဝိညာဥ်အာရုံနယ်ပြင်ပသို့ ထွက်ပြေးသွားကြသည်။ လျှို့ဝှက်နယ်မြေအတွင်း ကျင့်ကြံသူများ၏ ဝိညာဉ်အာရုံမှာ ကန့်သတ်ခံထားရသဖြင့် တိုက်ခိုက်ရန် ခက်ခဲသော်လည်း ထွက်ပြေးလွတ်မြောက်ရန် များစွာ အထောက်အကူပြုသည်။ ပေ ၃၀၀ ကျော်သည်နှင့် ရန်သူ၏ အာရုံခံနိုင်စွမ်းမှ လွတ်မြောက်သွားသဖြင့် ထွက်ပြေးရန် ပိုမိုလွယ်ကူသွားသည်။
သန်မာသောကိုယ်တော်မှာ သူ့ခေါင်းကို ပြင်းထန်စွာ ခါလိုက်မှ မူးဝေမှုများ ပျောက်ကွယ်သွားပြီး ကြည်လင်လာသော်လည်း လှည့်စားခံလိုက်ရသဖြင့် အလွန်ပင် ဒေါသထွက်နေခဲ့သည်။ "ဟယ်ဟွမ်းဂိုဏ်းက လူယုတ်မာတွေနဲ့ မဟာကောင်းကင်ဓားဂိုဏ်းက အမှိုက်တွေ ပေါင်းထားတာကိုး။ ငါ့ကိုတောင် ဒုက္ခပေးရဲတယ်ပေါ့။ ဒီနေ့တော့ မင်းတို့ တစ်ယောက်မှ မလွတ်စေရဘူး"
ထိုသို့ပြောပြီးနောက် ထွက်ပြေးသူများနောက်သို့ လိုက်လံ ဖမ်းဆီးရန် ပြင်လိုက်ချိန်တွင် အနောက်မှ ကိုယ်တော်က ရုတ်တရက် အော်ဟစ်တားဆီးလိုက်သည်။ "ကျဲ့ဝူ.. စိတ်လိုက်မာန်ပါ မလုပ်နဲ့။ ဟယ်ဟွမ်းဂိုဏ်းက ဝိညာဉ်တိုက်ခိုက်မှု ကျွမ်းကျင်တယ်။ မင်းခန္ဓာကိုယ်က အင်အားကြီးပေမဲ့ ဝိညာဉ်ကို ကျင့်ကြံထားတာ မရှိဘူး၊ မစွန့်စားနဲ့"
ကျဲ့ဝူဟုခေါ်သော လူသန်ကြီးက နောက်လှည့်ကြည့်ရင်း "ကျဲ့ဟွေ... သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား" ဟု မေးလိုက်သည်။ သူ့မျက်နှာတွင် မကျေနပ်သော အမူအရာ ရှိသော်လည်း ကျဲ့ဟွေ၏ စကားကို နားထောင်ကာ ခြေလှမ်းရပ်လိုက်သည်။
"သူတို့က ဓားပြလေးတွေပဲ။ သူတို့နဲ့ အချိန်ဖြုန်းနေလို့ ဘာအကျိုးရှိမှာလဲ။ လင်မီးလျှံသစ်သား ရှိတဲ့နေရာကို အမြန်သွားကြစို့။ တခြားသူတွေ အရင်ရောက်သွားရင် ငါတို့အတွက် အရှုံးပဲ" ဟု ကျဲ့ဟွေက ဆိုသည်။
ထိုစဉ်မှာပင် အရပ်ပုပုကိုယ်တော်ကလည်း "ကျဲ့ဝူ... မင်းခေါင်းထဲမှာ ကြွက်သားတွေပဲ ရှိတော့တာလား၊ ဦးနှောက်ကော ရှိသေးရဲ့လား။ ကျဲ့ဟွေ စီစဉ်တဲ့အတိုင်းပဲ လုပ်စမ်းပါ"ဟု ဝင်ပြောလိုက်ပြန်သည်။
ကျဲ့ဝူက အရပ်ပုပုနှင့် ကိုယ်တော်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ "ကျဲ့စဲ... မင်းရဲ့ ခေါင်းထဲမှာ မိန်းမကိစ္စတွေပဲ ရှိတာ၊ ငါ့ကို ဝေဖန်ဖို့ မင်းမှာ အရည်အချင်း မရှိဘူး"
"တော်တော့" ကျဲ့ဟွေက သူ့လူနှစ်ယောက်ကို အော်ဟစ် တားမြစ်လိုက်သည်။ "ငါတို့ ဘယ်နေရာ ရောက်နေလဲဆိုတာ မင်းတို့ မေ့နေပြီလား။ အငြင်းပွားမနေကြနဲ့"
ကျဲ့ဝူသည် မကျေမနပ်ဖြင့် "ကျဲ့စဲက အရင် ရန်စတာပါ"ဟု ပြောရင်း ငြိမ်သွားသည်။
ကျဲ့ဟွေ့သည် ကျဲ့စဲ ဘက်သို့ လှည့်ကြည့်ကာ "ကျဲ့စဲ... ကျဲ့ဝူကို သွားရန်မစနဲ့။ ဒီလျှို့ဝှက်နယ်မြေက အန္တရာယ်တွေနဲ့ ပြည့်နေတာ၊ ဂိုဏ်းပေါင်းစုံက ပညာရှင်တွေ အများကြီးပဲ၊ သတိရှိဖို့က ပထမဦးစားပေးပဲ"ဟု သတိပေးလိုက်သည်။
ကျဲ့စဲကမူ အရေးစိုက်ဟန် မပေါ်ပေ။ "ငါတို့ သုံးယောက် အတူတူ ရှိနေတာပဲ၊ အနိုင်မရနိုင်ဘူး ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကတော့ ပြဿနာ မရှိပါဘူး။ ကျဲ့ဟွေ့... မင်းကိုက သတိကြီးလွန်းနေတာပါ"
"သတိကြီးလွန်းတယ် ဟုတ်လား။ အခုလေးတင် ငါတို့ ဆုံခဲ့တဲ့ သားရဲသခင်ဂိုဏ်းက ကျင့်ကြံသူဆို အခြေတည်အဆင့် အလယ်ပိုင်းပဲ ရှိသေးတယ်၊ ဒါပေမဲ့ ငါ့မျက်စိရှေ့တင် လွတ်အောင် ပြေးသွားနိုင်ခဲ့တယ်။ ခုနက ဓားပြတွေဆိုလည်း အခြေတည် နှောင်းပိုင်းအဆင့်ပဲ ရှိတယ်၊ ဒါတောင် သူ့တို့ကို မဖမ်းနိုင်ခဲ့ဘူး။ ဘယ်သူ့ကိုမှ လျှော့မတွက်နဲ့။ သွားကြစို့၊ ငါတို့ အမြန်သွားဖို့ လိုတယ်။ လင်မီးလျှံသစ်သားနဲ့ နှစ်တစ်သောင်းဝိညာဥ်ရည် ရှိတဲ့နေရာက လမ်းအတူတူပဲ။ တစ်ခါတည်း ယူလို့ရတယ်"
ထို့နောက် ကိုယ်တော်သုံးပါးလည်း လမ်းအတိုင်း လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
ခဏအကြာတွင် စုန့်ဝမ် ပေါ်လာခဲ့သည်။ ဂူလမ်း၏ အပေါ်ဘက်ရှိ ကျောက်အက်ကြောင်းများတွင် ခိုအောင်းနေသော ကူပိုးကောင်မှတဆင့် ကိုယ်တော်သုံးပါး၏ စကားဝိုင်းကို အကုန် ကြားခဲ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် စုန့်ဝမ်လည်း နှစ်တစ်သောင်းဝိညာဉ်ရည်ကို စိတ်ဝင်စားနေသဖြင့် ၎င်းတို့နောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့သည်။
ချန်းလန်လျှို့ဝှက်နယ်မြေ၏ အဓိက ရတနာစ်ခုမှာ နှစ်တစ်သောင်းဝိညာဉ်ရည်နှင့် ယင်ယန်သွေးမျက်ရည်သစ်ပင် ဖြစ်သည်။ ယင်ယန် သွေးမျက်ရည်သစ်ပင်မှာ မြေအောက် မြစ်ကြီးများ၏ ဘေးတွင် ပေါက်လေ့ရှိပြီး ၎င်း၏ တည်နေရာမှာ အတည်တကျ မရှိပေ။ မြေအောက် မြစ်ကြီးများမှာ အလွန် ရှုပ်ထွေးပြီး ကြီးမားသော ပိုက်ကွန်ကြီးကဲ့သို့ မြေအောက် နယ်မြေအနှံ့ ပြန့်နှံ့နေသည်။ ကျင့်ကြံသူများသည် ၎င်းကို ရှာဖွေရန်အတွက် မြေအောက်ထဲ နက်ရှိုင်းစွာ ဝင်ရောက်ကာ ဖြည်းဖြည်းချင်း ရှာဖွေရမည် ဖြစ်သည်။ သို့သော် နှစ်တစ်သောင်းဝိညာဉ်ရည်မှာမူ နေရာ အတည်တကျ ရှိသည်။ နှစ်တစ်သောင်းဝိညာဉ်ရည်ခန်းမ အတွင်း၌သာ ဖြစ်တည်လေ့ ရှိသည်။
စုန့်ဝမ် ပေတစ်ထောင်ခန့် ဝင်သွားပြီးနောက် လမ်းခွဲများ စတင် တွေ့လာရသည်။ အတွင်းပိုင်း ရောက်သည်နှင့် ဂူလမ်းမှာ ကျဉ်းမြောင်းလာပြီး လမ်းခွဲများ ပိုမို များပြားလာကာ ကြီးမားသော မြေအောက် ဝင်္ကပါကြီးနှင့် တူလာခဲ့သည်။ ထို့ပြင် ဝိညာဉ်အာရုံမှာလည်း ကန့်သတ်ခံထားရသဖြင့် မြေပုံရှိလျှင်ပင် သတိမထားပါက လမ်းမှားသွားနိုင်သည်။ စုန့်ဝမ်လက်ထဲတွင် ကျမ်းစာဆောင်မှ ရရှိထားသော မြေပုံတစ်ခု ရှိသော်လည်း ထိုမြေပုံ၏ တိကျမှုကိုမူ စစ်ဆေးရန် လိုအပ်နေဆဲ ဖြစ်သည်။
ကူပိုးကောင်များက ကိုယ်တော်သုံးပါး၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသဖြင့် စုန့်ဝမ် အနေဖြင့် ၎င်းတို့အား မျက်ခြေပြတ်သွားမည်ကို မစိုးရိမ်ရပေ။ အတွင်းသို့ ဆက်လက် ဝင်ရောက်လာသောအခါ လေထုမှာ ပူပြင်းခြောက်သွေ့လာသည်။ ၁၀ မိနစ်ခန့် လမ်းလျှောက်ပြီးနောက် လမ်းမှာ အောက်ဘက်သို့ လျောဆင်းနေသဖြင့် မြေအောက် နှစ်မိုင်ခန့်အထိ ရောက်နေပြီဟု ခန့်မှန်းလိုက်မိသည်။ လမ်းကွေ့တစ်ခုသို့အရောက် မှောင်မိုက်နေသော မြေအောက်လမ်းအတွင်း၌ မှိန်ဖျော့သော အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ တချိန်တည်းမှာပင် အပူလှိုင်းတစ်ခုလည်း တိုးဝင်လာသည်။
"ဒါ မြေအောက် ချော်ရည်တွေ ဖြစ်ရမယ်" ဟု စုန့်ဝမ် တွေးလိုက်မိသည်။ ချန်းလန်လျှို့ဝှက်နယ်မြေအတွင်း မြေအောက်ချော်ရည်များ ရှိသည်မှာ အံ့ဩစရာ မဟုတ်ပေ၊ သားရဲသခင်ဂိုဏ်းမှ ရရှိသော သတင်းများမှတဆင့် ယင်းကို သိရှိထားပြီး ဖြစ်သည်။
စုန့်ဝမ်လည်း ရောက်သည့်နေရာတွင် ရပ်လိုက်ပြီး ရှေ့မှ ကူပိုးကောင်များကို ဆက်လက် ကင်းထောက်ခိုင်းလိုက်သည်။ မကြာမီမှာပင် ကြီးမားသော ချော်ရည်ဂူကြီးတစ်ခုမှာ ကူပိုးကောင်များ ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုဂူကြီးမှာ ၁၀ မိုင်ကျော် ရှည်လျားပြီး အတွင်း၌ ချော်ရည်များမှာ တရွေ့ရွေ့ စီးဆင်းနေသည်။ ချော်ရည်များမှာ ရဲရဲနီနေပြီး အရည်ပျော်နေသော သံရည်များနှင့် တူနေသည်။ ဂူကြီးကို ဝန်းရံထားသော ကျောက်နံရံများမှာလည်း အလွန်ပူပြင်းနေပြီး မှိန်ဖျော့သော အနီရောင်အလင်းများ ထွက်ပေါ်နေသည်။ ဤသာမန် ကျောက်တုံးများသည် နှစ်ပေါင်းများစွာ ချော်ရည်များ၏ အပူဒဏ်ကို ခံခဲ့ရပြီးနောက် ထူးခြားသော အသွင်အပြင်သို့ ပြောင်းလဲသွားပုံ ရသည်။
ချော်ရည်များကြားတွင် ကျောက်ဆောင်အချို့ ရှိနေသည်။ ဂူ၏ အလယ်ဗဟိုရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် သစ်ပင်ငယ်လေးတစ်စု ပေါက်နေသည်။ ထိုနေရာတွင် အရွယ်အစားအမျိုးမျိုးရှိသော သစ်ပင်ငယ် ၁၀ ပင်ကျော် ရှိပြီး အမြင့်ဆုံးမှာ ၅ ပေခန့် ရှိကာ အနိမ့်ဆုံးမှာ ၁ ပေခန့်သာ ရှိသည်။ သို့သော် သစ်ပင်ငယ် နှစ်ပင်သာလျှင် ၅ ပေ အမြင့်သို့ ရောက်ရှိနေကြသည်။ ထိုအပင်ငယ်လေးများသည် အနီရောင်ရင့်ရင့် ရှိပြီး ပင်စည်နှင့် အရွက်များမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသည်။ ပင်စည်ပေါ်တွင် အကြေးခွံများကဲ့သို့သော အလွှာများ တစ်ခုနှင့်တစ်ခု ထပ်လျက် ရှိနေကြသည်။
ထိုချော်ရည်ဂူအတွင်း၌ အုပ်စု ၃ စု ရှိနေသည်။ ပထမအုပ်စုမှာ လေ့မိသားစုမှ အခြေတည်အဆင့် အထွတ်အထိပ်တွင်ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ဒုတိယအုပ်စုမှာ ဖုန်ချီ၊ လျန်ထျန်းလုနှင့် မျက်နှာဖုံးစွပ်ထားသူတို့ ဖြစ်သည်။ နောက်ဆုံးအုပ်စုမှာ ယခုမှ ရောက်ရှိလာသော ကျဲ့ဟွေတို့ ကိုယ်တော်သုံးပါး ဖြစ်သည်။
ကျဲ့ဟွေ့တို့ ရောက်လာသည်ကို မြင်သောအခါ ဖုန်ချီနှင့် လေ့မိသားစုမှ ကျင့်ကြံသူ၏ မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားခဲ့သည်။ ဖုန်ချီနှင့် လေ့မိသားစုမှ ကျင့်ကြံသူတို့မှာ တိုက်ခိုက်နေခြင်းဖြစ်သော်လည်း ကျဲ့ဟွေ့တို့ ရောက်လာခြင်းကြောင့် ရပ်တန့်သွားခဲ့သည်။
လေ့မိသားစုမှ ကျင့်ကြံသူသည် ကိုယ်တော်သုံးပါးကို ကြည့်လိုက်ပြီးနောက် ဖုန်ချီဘက်သို့ လှည့်ကာ ရုတ်တရက် ပြုံးပြလိုက်သည်။ "ဖုန်ချီ... လင်မီးလျှံနှစ်ပင်ကို တစ်ယောက်တစ်ပင် ခွဲယူကြစို့လို့ ငါ အစောက ပြောသားပဲ၊ မင်းက သဘောမတူခဲ့ဘူး။ အခုတော့ ဟွန်းယွမ်ကျောင်းတော်က ကိုယ်တော် သုံးပါး ရောက်လာပြီဆိုတော့ ငါတို့ ခွဲယူဖို့ လုံလောက်တော့မှာ မဟုတ်ဘူး"
ဖုန်ချီ၏ မျက်နှာမှာ မည်းမှောင်နေခဲ့သည်။ အစောပိုင်းက လေ့မိသားစုမှ ကျင့်ကြံသူ တစ်ယောက်တည်းသာ ရှိပြီး သူ့ဘက်တွင် လူသုံးယောက် ရှိသဖြင့် အသာစီးရနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ အခြေတည်အဆင့် အထွတ်အထိပ်များဖြစ်ကြသော ကျဲ့ဟွေ့တို့ သုံးဦး ရောက်လာသောအခါ ဟွန်းယွမ်ကျောင်းတော်ဘက်မှ အားသာသွားပြီ ဖြစ်သည်။
ဖုန်ချီလည်း မတတ်သာသည့်အဆုံး ကျဲ့ဟွေ့တို့ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။ "ကိုယ်တော်တို့... အရွယ်ရောက်နေတဲ့ လင်မီးလျှံသစ်ပင် နှစ်ပင်ကို ကျွန်တော်တို့ ခွဲယူကြမယ်ဆိုရင် ဘယ်လိုလဲ"
ကျဲ့ဝူမှာ ရဟန္တာရွှေခန္ဓာကို ရုပ်သိမ်းလိုက်ပြီး သာမန်အရွယ်အစားသို့ ပြန်ရောက်နေပြီဖြစ်ကာ မောက်မာသော အမူအရာဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ "သားရဲသခင်ဂိုဏ်းက အမှိုက်တွေ... မြန်မြန် ထွက်သွားစမ်း၊ မင်းတို့အတွက် ဝေစု မရှိဘူး"
ထိုစကားကို ကြားသောအခါ ဖုန်ချီ အလွန်ပင် ဒေါသထွက်သွားပြီး ကျဲ့ဝူကို စိုက်ကြည့်နေသော်လည်း ဘာမှ ပြန်မပြောပေ။ ရုတ်တရက် လေ့မိသားစုဝင် ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ လျှပ်စီးများ လျင်မြန်စွာ ထွက်ပေါ်လာပြီး ချော်ရည်ဂူ၏ အလယ်ဗဟိုဆီသို့ ပြေးဝင်သွားခဲ့သည်။
"မင်းက ရေနောက်တုန်း ငါးဖမ်းချင်နေတာလား၊ အဲလောက် မလွယ်ဘူး" ဟု ကျဲ့ဝူက အော်ဟစ်ရင်း လက်ကို မြှောက်ကာ ဓားပျံတစ်လက် ပစ်လွှတ်လိုက်သည်။ လေ့မိသားစုဝင် ကျင့်ကြံသူသည် လျှပ်စီးလှုပ်ရှားနည်းစနစ်ဖြင့် အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။ ဓားပျံမှာ ပေ ၃၀၀ ခန့်အရောက် ချော်ရည်များအတွင်းသို့ ကျရောက်သွားခဲ့သည်။
"ဝုန်း.." ကျယ်လောင်သောအသံနှင့်အတူ ချော်ရည်များ ပေါက်ကွဲထွက်လာပြီး လေ့မိသားစုဝင် ကျင့်ကြံသူ၏ လမ်းကို ပိတ်ဆို့လိုက်သည်။ ထိုလူလည်း အပင်ရှိရာ ကျောက်တောင်ဆီ ဆက်မသွားနိုင်တော့ဘဲ၊ အနီးနားရှိ ကျောက်ဆောင်ပေါ် ဆင်းလိုက်သည်။
ချော်ရည်များအတွင်း ကျရောက်သွားသော ဝိညာဉ်စွမ်းအားသည် ထိုနေရာ၏ ငြိမ်သက်မှုကို နှောင့်ယှက်လိုက်ပုံ ရသည်။ ချော်ရည်များမှာ စတင် လှုပ်ရှားလာပြီး အတွင်း၌ တစ်စုံတစ်ဦး ရှိနေသကဲ့သို့ ဖြစ်လာသည်။ ရုတ်တရက် သုံးပေကျော် ရှည်လျားသော ငါးပုံစံ နတ်ဆိုးသားရဲတစ်ကောင် ချော်ရည်များကို ထိုးဖောက်ကာ လေထဲသို့ ခုန်တက်လာသည်ကို မြင်လိုက်ကြရသည်။ ထိုငါးမှာ တစ်ကိုယ်လုံး ရဲရဲနီနေပြီး အကြေးခွံများမှာ သံချပ်ကာကဲ့သို့ တစ်ခုနှင့်တစ်ခု ထပ်နေကာ ခိုင်မာသော အရေခွံတစ်ခုအသွင် ဖြစ်နေသည်။ ပါးစပ်တွင် ချွန်မြထက်မြက်သော သွားများက အပြည့်ပင်။ ၎င်းသည် အမြီးကို အဆက်မပြတ် ခတ်ကာ လေ့မိသားစုမှ ကျင့်ကြံသူထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားသည်။
လေ့မိသားစုဝင် ကျင့်ကြံသူက ခန္ဓာကိုယ်ကို အနည်းငယ် လှည့်ကာ ထိုသားရဲ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ပစ်မှတ်လွဲသွားသော ထိုငါးမှာ ချော်ရည်များအတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။ ထိုငါး ပေါ်လာခြင်းက ချော်ရည်အောက်တွင် ပုန်းအောင်းနေသော အခြားသော ငါးအုပ်စုကြီးကိုပါ နှိုးဆွပေးလိုက်သလို ဖြစ်သွားသည်။ ငါးများ ရာနှင့်ချီ၍ အောက်ဘက်မှ ထိုးထွက်လာပြီး လေ့မိသားစုဝင် ကျင့်ကြံသူကို တိုက်ခိုက်ကြတော့သည်။ လေ့မိသားစုဝင် ကျင့်ကြံသူ မျက်နှာပျက်သွားပြီး မိုးကြိုးလက်ဝါးနှစ်ချက် ရိုက်ထုတ်ပြီးနောက်၊ သူ့ခန္ဓာကိုယ်မှ လျှပ်စီးများ ပေါက်ကွဲထွက်ပေါ်လာပြီး လျှပ်စီးတန်းအသွင် ပြောင်းလဲကာ ပေ ၃၀၀ အကွာရှိ အခြားသော ကျောက်ဆောင်တစ်ခုဆီသို့ ပြေးထွက်သွားခဲ့သည်။
မိုးကြိုးလက်ဝါး စွမ်းအင်များ ထိုငါးအုပ် အနီးသို့ ရောက်သောအခါ ရုတ်တရက် ပေါက်ကွဲသွားပြီး ကြီးမားသော လျှပ်စီးပိုက်ကွန်ကြီးတစ်ခု ပေါ်လာကာ ငါးအုပ်ပေါ်သို့ ကျရောက်သွားသည်။ လျှပ်စီး ထိမှန်သောကြောင့် ရာနှင့်ချီသော ငါးများထံမှ အနက်ရောင် မီးခိုးများ ထွက်ပေါ်လာပြီး ၎င်းတို့၏ ရဲရဲနီနေသော အကြေးခွံများမှာ မည်းတူးသွားခဲ့သော်လည်း သေဆုံးရန် မဆိုထားနှင့် ဒဏ်ရာရခြင်းပင် မရှိကြပေ။ ချော်ရည်များအတွင်းသို့ ပြန်လည် ပြုတ်ကျသွားရုံသာ ရှိသည်။ ငါးအုပ်ကြီးမှာ ဆုတ်ခွာမသွားဘဲ ချော်ရည်မျက်နှာပေါ်တွင် ကူးခတ်နေကြပြီး တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။
လေ့မိသားစုဝင် ကျင့်ကြံသူက ကျောက်ဆောင်ပေါ်တွင် ရပ်ကာ ချော်ရည်များအတွင်း ကူးခတ်နေသော ငါးများကို ကြည့်လျက် ငြီးငြူလိုက်သည်။ "ဒီကတုံးကတော့ကွာ လင်မီးလျှံသစ်ပင်ကို ယူရတာ အရမ်းလွယ်နေမယ် ထင်နေတာလား။ ရူးနေလို့ ချော်ရည်မီးလျှံငါးတွေကို ရန်သွားစနေတာလား"
***