ယွီရှို့အဆောင်သို့ ပြန်ရောက်သောအခါ နင်ချန် ရောက်နေမည်ဟု မထင်ထားပေ။
ယဲ့ယွင် ဝင်လာသည်နှင့် နင်ချန်က လက်ကို ဆွဲယူလိုက်သည်။
"ဒီနေ့ လက်တွေက နွေးနေပါလား။ ဘယ်သွားခဲ့တာလဲ။”
"ဥယျာဉ်တော်ထဲ သွားလမ်းလျှောက်တာပါ။ ဒီကောင်မလေးတွေကအရမ်းပူပန်တတ်လုပ်လိုက်ကြတာ။ မီးဖိုတွေ၊ စောင်တွေ အကုန်သယ်သွားကြတယ်လေ"
ယဲ့ယွင် ရယ်မောပြီး ဖြေလိုက်သည်။
နင်ချန်က သူမကို ဆိုဖာပေါ်တွင် ထိုင်စေသည်။
"ဂရုစိုက်တာ ကောင်းပါတယ်။ အခုက ကိုယ်ဝန်ဆောင်ထားတာဆိုတော့ ပေါ့ဆလို့ မဖြစ်ဘူး။”
ဒါပေမဲ့ အပြင်မထွက်ရဘူးလို့ မပြောခဲ့ပါဘူး။ သမားတော်ကျန်းကိုယ်တိုင် မှာကြားထားတယ်လေ။ အမြဲတမ်း လှဲမနေဘဲ လှုပ်ရှားပေးမှ မွေးဖွားရ လွယ်ကူမယ်တဲ့။
ယဲ့ယွင် ခေါင်းညိတ်လိုက်ပြီး နန်ကျစ် ပေးသော နွားနို့ပူပူကို သောက်လိုက်သည်။
ခုနက ဥယျာဉ်တော်ထဲက ကိစ္စကို သတိရသွားပြီး နင်ချန်ကို မျက်စောင်းထိုးလိုက်သည်။
"ဘာဖြစ်လို့လဲ"
အကောင်းကြီးကနေ မျက်စောင်းထိုးခံလိုက်ရသဖြင့် နင်ချန် နားမလည်စွာ မေးလိုက်သည်။
"အရှင်မင်းကြီးက ချောမောခန့်ညားလွန်းတော့ အနောက်ဆောင်က မိန်းမလှလေးတွေ သဝန်တိုနေကြတာကို တွေးမိလို့ပါ။ ခုနက ဥယျာဉ်တော်ထဲမှာ ဝမ်ဝမ်ရုန်နဲ့ တွေ့ခဲ့တယ်။ အဲ့ကောင်မလေး သဝန်တိုလွန်းလို့ အချဉ်နံ့တွေတောင် ထွက်နေတယ်။”
သူမ၏ အမူအရာကို ကြည့်ပြီး နင်ချန် ရယ်ချင်စိတ် ပေါက်သွားသည်။ ဒီမိန်းကလေး တစ်ယောက်ယောက်ကို အနိုင်ကျင့်လာပြန်ပြီ။
"ဝမ်မျိုးရိုးက ဘာပြောလိုက်လို့လဲ။”
"ဟွန့်... ဒီချန်းချဲ့ကို တိုင်ချင်တာလေ။ ချီဝမ်ရုန် အချစ်ခံရတာကို မနာလိုဖြစ်ပြီး ဒီချန်းချဲ့ကို မြှောက်ပေးပြီး ရန်တိုက်ပေးချင်နေတာ"”။”
ယဲ့ယွင် နှုတ်ခမ်းမဲ့လိုက်ပြီး လက်သည်းနီဆိုးထားသော လက်ချောင်းလေးများကို ကြည့်ကာ မထီမဲ့မြင် ပြုလိုက်သည်။
"ကံဆိုးစွာနဲ့ပဲ ဒီချန်းချဲ့က သူများလက်ထဲက ဓားသွား အဖြစ်မခံဘူးလေ။”
သူမ ဒီလောက် ပွင့်လင်းစွာ ပြောလိုက်လိမ့်မည်ဟု နင်ချန် မထင်ထားသည့်အတွက် ဘာပြန်ပြောရမှန်း မသိတော့ပေ။
ကံကောင်းထောက်မစွာ သမားတော်ရှန် ရောက်လာကြောင်း ပိုင်ရှု လာလျှောက်တင်သဖြင့် စကားလမ်းကြောင်း လွှဲလိုက်နိုင်သည်။
သမားတော်ရှန် ဝင်လာပြီး ဂါရဝပြုလိုက်သည်။
ပုံမှန်အတိုင်း သွေးကြောစမ်းကြည့်ပြီး အစားအသောက် အနေအထား မေးမြန်းကာ အခန်းတွင်းရှိ အသုံးအဆောင်များ၊ ရနံ့များကို စစ်ဆေးကာ အသေးစိတ် ဂရုစိုက်သည်။
"ရှိုးရုန်ရဲ့ ကိုယ်ဝန်အခြေအနေ ကောင်းမွန်ပါတယ်။ လက်ရှိအတိုင်း ဆက်နေဖို့အကြံပေးချင်ပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း အားဆေးတွေစားတာ များနေပုံရတယ်။ လျှော့စားသင့်ပါတယ်။ အာဟာရလွန်ကဲရင် ကလေးအရွယ်အစားကြီးမားပြီး မွေးဖွားရ ခက်ခဲတတ်ပါတယ်။”
သမားတော်ရှန်၏ စကားကြောင့် ယဲ့ယွင် ရယ်မောလိုက်ပြီး ဘေးနားမှ အစေခံနှစ်ယောက်ကို ကြည့်လိုက်သည်။
"တွေ့လား... ငါ အများကြီး စားနေရတယ်လို့ ပြောတာ မယုံကြဘူး။ အခု သမားတော်ကြီး ပြောပြီဆိုတော့ လျှော့စားခွင့်ပေးတော့နော်"
နန်ကျစ် ခေါင်းကုတ်လိုက်ပြီး ရှက်ရွံ့နေသည်။ ဟွေယွဲ့လည်း မျက်နှာပူနေသည်။
အရှင်မင်းကြီးက နေ့တိုင်း ငှက်သိုက်ပေါင်း ပို့ပေးနေသလို သူတို့ကလည်း သီးသန့် ဟင်းချိုတွေ ချက်တိုက်နေတော့ အာဟာရလွန်ကဲသွားတာ ဖြစ်မယ်။
"မင်းအစေခံတွေက စေတနာနဲ့ လုပ်ပေးတာပါ။ ဒါပေမဲ့ အတွေ့အကြုံ မရှိကြဘူး။ ငယ်လွန်းသေးတယ်"
နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ပြောရရင် မင်းဆီမှာ အတွေ့အကြုံရှိတဲ့ အထိန်းတော်ကြီး မရှိသေးဘူး။ ကျန်းသင့်တော်သူ တစ်ယောက်လောက် ရှာပေးမယ်။”
"ဟုတ်ပါတယ်။ ဟွေယွဲ့နဲ့ နန်ကျစ်က မွေးဖွားရေးကိစ္စ နားမလည်ကြဘူး။ သင်ပေးမယ့်သူ လိုအပ်တယ်။”
ယဲ့ယွင် သဘောတူလိုက်သည်။
နင်ချန်သည် ယွမ်ကျိုကို နန်းတွင်းရေးရာဌာနသို့ စေလွှတ်ပြီး နောက်ကြောင်းရှင်းသော အထိန်းတော်ကြီး တစ်ယောက် ရှာခိုင်းလိုက်သည်။
သမားတော်ရှန် ထွက်သွားမှ ယဲ့ယွင် ကိုယ်ဝန်ထိန်းဆေး မသောက်ကြောင်း နင်ချန် သတိထားမိလိုက်သည်။
"ဆေးဆိုတာ အဆိပ်သုံးပုံ တစ်ပုံ ပါတယ်လေ။ ဒီချန်းချဲ့က ကျန်းမာရေး ကောင်းတယ်။ ကိုယ်ဝန်လည်း ငြိမ်တယ်။ ခါးသက်တဲ့ ဆေးရည်တွေကို ဘာလို့ သောက်ရမှာလဲ။ သမားတော်ရှန်ကလည်း နေမကောင်းမှ သောက်ရမယ်။ ကောင်းနေရင် မသောက်တာ ပိုကောင်းတယ်လို့ ပြောတယ်။”
ယဲ့ယွင် ရှင်းပြလိုက်သည်။ တခြားကိုယ်လုပ်တော်တွေ ကိုယ်ဝန်ရရင် ဆေးသောက်နေကျမို့ မသောက်ရဘူးဆိုတဲ့အတွေးက်ို နင်ချန် မတွေးမိခဲ့ဘူး။
အခုမှ သဘောပေါက်သွားသည်။
"သမားတော်ရှန်က ငယ်ပေမဲ့ တည်ငြိမ်တာပဲ"
နင်ချန် ရုတ်တရက် ပြောလိုက်သည်။
ယဲ့ယွင် သူ့ကို ထူးဆန်းသလို ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ။”
"အရှင်မင်းကြီး... သမားတော်ရှန်က အသက် ၃၀ ကျော်နေပြီလေ။ အရှင်မင်းကြီးထက် ၁၀ နှစ်နီးပါး ကြီးတယ်။”
လူငယ်လေးတစ်ယောက်က ဦးလေးကြီးတစ်ယောက်ကို ငယ်တယ်လို့ ပြောနေတာ ရယ်စရာ ကောင်းမနေဘူးလား။
နင်ချန် ကြောင်သွားပြီး ရှက်ရွံ့စွာ ချောင်းဟန့်လိုက်သည်။
"သမားတော်ဆောင်ထဲမှာဆိုရင် သူက ငယ်သေးတယ်လို့ ပြောချင်တာပါ"
ဟုတ်ပါပြီ... ထီးနန်းတက်လာတာ ၅ နှစ်ရှိပြီဆိုတော့ လူအိုကြီးတွေနဲ့ပေါင်းတာများပြီးတစ်ခါတစ်လေ သူက ၂၅၊ ၂၆ နှစ်ပဲ ရှိသေးတာကို မေ့နေတတ်တယ်။
အသက်ကြီးတဲ့ အမတ်ကြီးတွေနဲ့ နေ့တိုင်း ဆက်ဆံနေရတာ လူက်ိုမြန်မြန်အိုစေတာပဲ။
ဒါပေမဲ့သူ အသက် ၃၀ ပြည့်ဖို့ လိုပါသေးတယ်။ အဲ့ဒီအချိန်ကျရင် အာဏာကို အပြည့်အဝ ထိန်းချုပ်နိုင်မှာပါ။ ပြီးတော့အဲ့ဒီအချိန်ကျရင် သူနဲ့ ယဲ့မျိုးရိုးရဲ့ ကလေးက ၃ နှစ်၊ ၄ နှစ်လောက် ရှိနေလောက်ပြီ။ သားအမိနှစ်ယောက်လုံးကို ကာကွယ်ပေးနိုင်မှာပါ။
နင်ချန် စိတ်ကူးယဉ်ရင်း ယဲ့ယွင်၏ ဗိုက်ကို ကြည့်ပြီး မျှော်လင့်ချက်များ ထားရှိလာသည်။ အနောက်ဆောင်ထဲတွင် ယဲ့ယွင်က ထူးခြားသူမို့ သူ မွေးလာမယ့် ကလေးကလည်း ထူးခြားမှာ သေချာတယ်။
"နှစ်ကုန်တော့မယ်။ နောက်ထပ် နှစ်ရက်လောက်နေရင် ကြေညာလိုက်တော့မယ်။ နှစ်ကုန်ရင် အလုပ်ရှုပ်တော့ မသိတဲ့လူတွေ လာနှောင့်ယှက်မှာ စိုးလို့။”
တကယ်တမ်းတွင် သူက ယဲ့ယွင် ကိုယ်ဝန်ရှိနေတာကို လူတိုင်း သိစေချင်နေပြီဖြစ်သည်။
"အရှင်မင်းကြီး သဘောပါပဲ"
ယဲ့ယွင် ပြုံးပြီး သဘောတူလိုက်သည်။
......
ထို့ကြောင့် ၁၁လပိုင်း ၁၀ ရက်နေ့တွင် သမားတော်ချုပ်ကျန်းကိုယ်တိုင် သတင်းထုတ်ပြန်ခဲ့သည်။
ယွီရှို့အဆောင်မှ မင်ရှိုးရုန်သည် ကိုယ်ဝန်
နှစ်လကျော် (သုံးလနီးပါး) ရှိနေပြီ ဟူ၍ ဖြစ်သည်။
ဒီသတင်းက အနောက်ဆောင်တစ်ခုလုံးကို ဗုံးတစ်လုံး ကျသလို လှုပ်ခတ်သွားစေသည်။
မိဖုရားခေါင်ကြီးသည် ဖုံးကွယ်ခံထားရသဖြင့် ဒေါသထွက်သော်လည်း နင်ချန်က ဦးအောင် ရှင်းပြလိုက်သည်။
"မင်ရှိုးရုန် ကိုယ်ဝန်ရစမှာ ဖျားနာခဲ့လို့ ကိုယ်ဝန်မငြိမ်မသက် ဖြစ်ခဲ့တာ။ လူအများကြီး သိသွားပြီး လာနှောင့်ယှက်ရင် ထိခိုက်မှာစိုးလို့ ကျန်းမာလာမှ ကျန်းထုတ်ပြောခိုင်းတာပါ။”
ထို့နောက် ဆုလာဘ်များစွာ ယွီရှို့အဆောင်သို့ ရောက်ရှိလာသည်။
ဖန်းကျယ်ယွီ ကိုယ်ဝန်ရတုန်းကတည်းက မနာလိုသူတွေ များနေခဲ့သည်။ အခု အချစ်ခံရဆုံး မင်ရှိုးရုန်ပါ ကိုယ်ဝန်ရသွားသောကြောင့် အနောက်ဆောင်တွင်တခြားလူများနေစရာ နေရာမရှိတော့ပေ။
ဒေါသအထွက်ဆုံးကတော့ ယောင်ရှန်း ပင် ဖြစ်သည်။ သူမအထင် ယဲ့ယွင်က ကိုယ်ဝန်ရှိမှန်း စောစောကတည်းက သိနေပြီး ချုံးယန်ပွဲတော်မှာ သူမကို တမင် သားကောင်အဖြစ် တွန်းပို့လိုက်တာ ဖြစ်မယ်။
ဒီကာလအတွင်း ယဲ့ယွင်က အေးဆေးအနားယူနေပြီး သူမကတော့ မြှားစာအဖြစ် အသုံးချခံလိုက်ရတယ်။
တကယ်တမ်းတော့ သူမ အတွေးလွန်နေခြင်း ဖြစ်သည်။ နင်ချန်က သမားတော် ခေါ်မစစ်ဆေးခိုင်းရင် ယဲ့ယွင်ကိုယ်တိုင်တောင် သိမှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် အနောက်ဆောင်မှာ မိသားစုနောက်ခံ ကောင်းမွန်တဲ့ ကိုယ်ဝန်ဆောင် နှစ်ယောက် ရှိလာပြီ။ ထိုအချက်ကသားယောက်ျားလေး မမွေးနိုင်သေးသော မိဖုရားခေါင်ကြီးအတွက် ဖိအားများဖြစ်စေလာသည်။
ကံကောင်းသည်မှာ နင်ချန်က မိဖုရားခေါင်ကြီး မျက်နှာကို ထောက်ထားသေးသည်။
ယဲ့ယွင် ကိုယ်ဝန်ရှိကြောင်း ကြေညာသောနေ့ ညဘက်တွင် ဖုန်းရှီးနန်းဆောင်သို့ သွားရောက်အိပ်စက်ခဲ့သည်။
ပထမအချက်က နှစ်သိမ့်ပေးရန်ဖြစ်သည်။ ကိုယ်လုပ်တော် ကိုယ်ဝန်ရပါကမိဖုရားခေါင်ကြီးကို အသိပေးရမည့် စည်းကမ်း ရှိသော်လည်း သူက ဖုံးကွယ်ထားခဲ့သဖြင့် မိဖုရားခေါင်ကြီး စိတ်မကောင်းဖြစ်နေမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။
ဒုတိယအချက်က ယဲ့ယွင် နေရာပြောင်းမည့် ကိစ္စကို အတည်ပြုရန် ဖြစ်သည်။
နောက်ဆုံးအချက်က နှစ်သစ်ကူးတွင် ယဲ့ယွင်ကို ရာထူးတိုးပေးရန် စီစဉ်ထားကြောင်း ပြောပြရန် ဖြစ်သည်။
***