"ကိုယ်လုပ်တော်တွေ ကိုယ်ဝန်ရှိတာ ကောင်းတာပေါ့။ တော်ဝင်မျိုးဆက် ပြန့်ပွါးတာ နန်ချီအတွက်ကောင်းချီးပဲလေ။ မင်းတို့လည်း ငယ်ကြသေးတော့ အားမကျနဲ့။ နောက်ကျ ကလေးရလာမှာပါ။”
မိဖုရားခေါင်ကြီး ပြုံးလျက် ပြောလိုက်သည်။
"အခု နန်းတော်ထဲမှာ ကလေးငါးယောက် ရှိနေပြီဆိုပေမဲ့ နည်းတယ်လို့ပြောရမယ်။ အဲ့တာကြောင့် မင်ရှိုးရုန် ကိုယ်ဝန်ရသွားလို့ အရှင်မင်းကြီး ပျော်နေပြီး မနေ့ကပဲ ကျောက်ချွန်းနန်းဆောင်ကို ပြင်ဆင်ပြီး နောက်နှစ် သူ့ကို ပြောင်းခိုင်းမယ်လို့ ပြောနေတယ်။ နှစ်သစ်ကူးကျရင် ရာထူးတိုးပေးမယ် ထင်တယ်။”
နင်ချန်က လူမသိစေရဘူးလို့ မပြောခဲ့ပေမဲ့ နှစ်သစ်ကူးထိ စောင့်မယ်လို့ ပြောခဲ့တာဆိုတော့ စောင့်စေချင်တဲ့ သဘောပါပဲ။
ဒါကြောင့် မိဖုရားခေါင်ကြီးက စကားကို တိတိကျကျ မပြောဘဲ ထားလိုက်သည်။
မိဖုရာရခေါင်ကြီး၏ရည်ရွယ်ချက်သည်သတင်းဖြန့်လိုက်ပြီး တစ်စုံတစ်ယောက်က နည်းလမ်းရှာကာ ယဲ့မျိုးရိုး ရာထူးတိုးမှာကို တားဆီးပေးမလားလို့ မျှော်လင့်နေခဲ့သည်။
စကားဆုံးပြီမို့ မိဖုရားခေါင်ကြီးလည်း စိတ်မကြည်သဖြင့် အားလုံးကို ပြန်လွှတ်လိုက်သည်။ ကိုယ်လုပ်တော်များ ဖုန်းရှီးနန်းဆောင်မှ တိတ်ဆိတ်စွာ ပြန်လာကြသည်။
လက်ရှိတွင် အဓိကပစ်မှတ်နှစ်ဦးမရှိသည့်အပြင် မနေ့ညက မိဖုရားခေါင်ကြီး အိပ်ဆောင်ဝင်ခဲ့သဖြင့် မနာလိုစရာ မရှိပေ။ ထို့ကြောင့် ပုံမှန်ထက်ဂါဝရပြုပွဲသည်ငြိမ်သက်နေခဲ့သည်။
.....
သို့သော်ယိရွှင်ရုန် သည် လမ်းလျှောက်ထွက်လာသော ယောင်ရှန်း ကို တွေ့သောအခါ အကြီးအကျယ် စကားနာထိုးတော့သည်။
"အို... ဒါညီမလေးယောင်ပါလား။ မင်းရှို့ရုန်နဲ့ အတူတူ ကိုယ်ဝန်ဆောင်ထားရတာဆိုတော့ ဘယ်လိုတောင်တိုက်ဆိုင်တာလဲ။ ဒါပေမဲ့အရှင်မင်းကြီးကလည်းလေ ယွီရှို့အဆောင် ကိုပဲ သွားနေတယ်။ ဝေ့ရွယ်
ဆောင်ကို နည်းနည်းပါးပါးမျက်နှာသာပေးအုံးပေါ့။ ဩော်... မဟုတ်သေးဘူး။ မကြာခင် မင်ရှိုးရုန်က ကျောက်ချွန်းနန်းဆောင်ကို ပြောင်းတော့မှာ။ ဝေ့ရွယ်ဆောင်ထက် အများကြီး ပိုကြီးတယ်လို့ကြားတယ်။”
ယောင်ရှန်း မျက်နှာမဲသွားသော်လည်း ရှေ့မှလူက ရာထူးမြင့်နေသဖြင့် သည်းခံလိုက်ရသည်။
"ရွှင်ရုန် နောက်နေပါပြီ။ ဒီချန်းချဲ့က ကျယ်ယွီ အဆင့်ပဲ ရှိတာပါ။ ကျိုဖင်အဆင့်ရှိတဲ့ မင်ရှိုးရုန်နဲ့ ဘယ်ယှဉ်လို့ရမလဲ။”
"ညီမလေးယောင်ပြောမှပဲ သတိရတော့တယ်။ ကျိုဖင်အဆင့် မဟုတ်တော့ရင် ဝေ့ရွယ်ဆောင်ရဲ့ အဓိက အဆောင်မကြီးမှာ နေလို့မရတော့ဘူးလေ။ ဘေးဆောင်ကို မြန်မြန် ပြောင်းမှ ဖြစ်မယ်မလား။ စည်းကမ်းဖောက်လို့ မဖြစ်ဘူး။ အမအရင်သတိရလို့ တော်သေးတာပေါ့။ တခြားလူတွေ သိသွားရင် နင်က တမင် စည်းကမ်းဖောက်တယ်လို့ ထင်သွားဦးမယ်။”
ယိရွှင်ရုန် အေးစက်စွာ ပြုံးလိုက်ပြီး ဘေးနားက ယွင်ရှို့ ကို အမိန့်ပေးလိုက်သည်။
"ဖန်းကျယ်ယွီဆီမှာ လူအင်အား နည်းနေလောက်တယ်။ နင် လူနှစ်ယောက်လောက် ခေါ်သွားပြီး ပစ္စည်းတွေ ကူသယ်
ပေးလိုက်ပါ။ စိတ်ထဲမထားနဲ့နော်ညီမလေးယောင် ဒါအမရဲ့စေတနာပါ"
ယောင်ရှန်း ငြင်းခွင့်မရလိုက်ခင်မှာပင် ယွင်ရှို့က မိန်းမစိုးလေး လေးယောက်ကို ခေါ်သွားလိုက်သည်။
ယောင်ရှန်း ဒေါသထွက်ပြီး အံကြိတ်ထားသော်လည်း သူမဘက်က မှားနေသဖြင့် သည်းခံလိုက်ရသည်။
....
ထို့ကြောင့် မနက်ခင်း တစ်ပိုင်းအတွင်း ယွင်ရှို့၏ "စေတနာ" ကြောင့် ယောင်ရှန်းသည် ကျယ်ဝန်းသော အဆောင်မကြီးမှ ကျဉ်းမြောင်းသော ဘေးဆောင်သို့ ပြောင်းရွှေ့လိုက်ရသည်။
ယွင်ရှို့ ထွက်သွားသည်နှင့် ယောင်ရှန်း ဒေါသထွက်ပြီး လက်ဖက်ရည်ခွက်ကို ရိုက်ခွဲပစ်လိုက်သည်။
ကျီကျူး လန့်သွားပြီး အမြန် ချော့မော့လိုက်သည်။
"ကျယ်ယွီ... စိတ်မဆိုးပါနဲ့။ ကိုယ်ဝန်ရှိနေတာလေ။ ကျန်းမာရေး ထိခိုက်လိမ့်မယ်။ ယိရွှင်ရုန်က တမင်စနေတာပါ။ သူ့အကွက်ထဲ မဝင်ပါစေနဲ့"
"ယီရွှင်ရုန်ပြောသလို အတူတူ ကိုယ်ဝန်ဆောင်ထားရတာပဲ။ ယဲ့မျိုးရိုးကျတော့ တန်ဖိုးထားခံရတယ်။ ငါ့ဗိုက်ထဲကဟာက ကျောက်ခဲမို့လို့လား။ အရှင်မင်းကြီးက ငါ့ကို အရေးမလုပ်တော့ ဒီကောင်မတွေက ငါ့ကို အနိုင်ကျင့်ရဲလာတာပေါ့။”
ယောင်ရှန်း ဒေါသထွက်လွန်း၍ နဖူးကြောများ ထောင်လာပြီး စိတ်မပြေနိုင်သဖြင့် လက်ဖက်ရည်အိုးကိုပါ ထပ်ရိုက်ခွဲပစ်လိုက်သည်။ လက်ဖက်ရည် တစ်ဝက်ကျန်သေးသဖြင့် ကြမ်းပြင်ပေါ် ဖိတ်စင်သွားပြီး သူမ၏ ဂါဝန်စကို စိုစွတ်သွားစေသည်။
ကျီကျူးလည်း ဒေါသထွက်သော်လည်း ယောင်ရှန်း၏ ဗိုက်ကို စိုးရိမ်သဖြင့် အဝတ်အစား အရင်လဲရန် ချော့မော့လိုက်သည်။
"ကျယ်ယွီ... အရှင်မင်းကြီးဆီ သွားတိုင်ကြမလား။”
နျန်ဝမ် မျက်မှောင်ကြုတ်ပြီး အကြံပေးလိုက်သည်။
"တုံးလိုက်တာ။ အရှင်မင်းကြီး ငါ့ကို ပိုမုန်းသွားအောင် လုပ်မလို့လား"
ယောင်ရှန်း စူးစူးဝါးဝါး ကြည့်လိုက်သည်။
"ငါက ကျိုဖင်အဆင့် မဟုတ်တော့ အဆောင်မကြီးမှာ မနေသင့်တာ အမှန်ပဲ။ ယိရွှင်ရုန်က မမှားဘူး။ ငါက မိသားစုနဲ့ ဒီဗိုက်ကို အားကိုးပြီး ပြန်တက်လာရတာ။ ပိုသတိထားမှ ဖြစ်မယ်။ ဒီကိစ္စလေးနဲ့ ပြဿနာမတက်ချင်ဘူး။ ဘာပဲဖြစ်ဖြစ်ငါက မှားနေတာပဲဟာ။”
နျန်ဝမ် အဆူခံရသဖြင့် မျက်နှာပူသွားပြီး ခေါင်းငုံ့တောင်းပန်လိုက်သည်။
ယောင်ရှန်း လက်ကာပြပြီး သူမကို ထွက်သွားခိုင်းလိုက်သည်။ ကျီကျူးကိုသာ အနားခေါ်ထားသည်။
အခြားတစ်ဖက်တွင် ယဲ့ယွင် နေ့လည်စာ စားပြီးနောက် ယွမ်ကျို ရောက်လာသည်။
သူ့နောက်တွင် အသက် ၄၀ ကျော်ခန့်ရှိသော မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးကြီးတစ်ဦး ပါလာသည်။
အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်ကို သေသပ်စွာ စည်းနှောင်ထားကာ ငွေရောင် ဆံထိုးနှစ်ချောင်းသာ ထိုးထားသည်။ တခြားအလှဆင်ပစ္စည်း မပါပေ။ ကြည့်ရတာ သပ်ရပ်တဲ့ပုံပဲ။
"ရှိုးရုန် ကို ဂါရဝပြုပါတယ်။ ဒါက လျန်မားမား ပါ။ အရှင်မင်းကြီးက ရှိုးရုန်ကို ပြုစုဖို့နဲ့ ကိုယ်ဝန်စောင့်ရှောက်ဖို့ စေလွှတ်လိုက်တာပါ"
ယွမ်ကျို ပြုံးပြီး မိတ်ဆက်ပေးကာ ဘေးဖယ်ပေးလိုက်သည်။
လျန်မျိုးရိုးသည် အသားဖြူပြီး ရုပ်ရည်သန့်ပြန့်သည်။ ငယ်စဉ်က လှပခဲ့မည့်ပုံ ပေါက်သည်။
"ဒီချန်းချဲ့ လျန်မျိုးရိုး... ရှိုးရုန်ကို ဂါရဝပြုပါတယ်။”
"မားမား ထပါ။ နောက်နောင် ကျွန်မဗိုက်ကို မားမားပဲ တာဝန်ယူပေးပါတော့။”
ယဲ့ယွင် ဖော်ရွေစွာ ပြုံးလိုက်သည်။
ဘေးနားမှ ဟွေယွဲ့က အလိုက်သိစွာငွေထုပ်ကြီးတစ်ထုပ် ထည့်ပေးလိုက်သည်။ လျန်မျိုးရိုး ကိုင်ကြည့်လိုက်ရာ အံ့ဩသွားသည်။
လာတုန်းက ယွမ်ကျို ပြောပြထားသည်။ ဒီသခင်မက ရက်ရောတယ်၊ အလုပ်ကြိုးစားရင် ဆုချလိမ့်မယ်တဲ့။ ဒါပေမဲ့ ပထမဆုံးတွေ့တာနဲ့ ဒီလောက်အများကြီး ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ထို့ကြောင့်ယူပြီးနောက် ကျေးဇူးတင်စကား ဆိုလိုက်သည်။
နန်းတွင်းအတွေ့အကြုံ ရင့်ကျက်သူမို့ စိတ်ထဲ အံ့ဩနေသော်လည်း မျက်နှာတွင် မပေါ်စေပဲ တည်ငြိမ်နေသည်။
ထိုအချက်ကို ယဲ့ယွင် သဘောကျသွားခဲ့သည်။ ထိုမားမားအပေါ်ပထမအမြင်
သည်အလွန်ကောင်းမွန်ပေသည်။
ပိုင်ရှု က ယွမ်ကျိုကို လိုက်ပို့ပြီးနောက် ယဲ့ယွင်က လျန်မားမားကို အခန်းထဲ ခေါ်သွင်းလိုက်သည်။
စကားပြောပြီး စည်းကမ်းသတ်မှတ်ရမယ်လေ။ သူမက ပြုစုမယ့်သူကို ရှာတာ။ သူမကို ထိန်းချုပ်မယ့်သူ ရှာတာ မဟုတ်ဘူး။
"ကျွန်မက စကားပြောရင် ဒဲ့ပြောတတ်တယ်။ အချိန်ကြာကြီး အတူနေရမှာဆိုတော့ ကြိုပြောပြထားချင်တယ်"
"ရှိုးရုန် သဘောပါပဲ။ ကျွန်တော်မျိုးမ နာခံပါ့မယ်"
လျန်မျိုးရိုး ရိုသေစွာ ပြောလိုက်သည်။
ကြည့်ရတာ ဉာဏ်ကောင်းပြီး အလိုက်သိမည့်ပုံပဲ။ ဉာဏ်ကောင်းသူနှင့် ဆက်ဆံရတော့ မပင်ပန်းဘူးပေါ့။
ယဲ့ယွင်က သူမ၏ စည်းကမ်းများကို ရှင်းပြလိုက်သည်။
ပထမအချက် - အစားအသောက်။ ဘေးကင်းရမယ်၊ အာဟာရရှိရမယ်၊ အရသာရှိရမယ်။ ဒီသုံးချက် ပြည့်စုံရမယ်။ မဖြစ်မနေမှလွဲရင် ပါးစပ်ထဲဝင်သမျှ ဒီအချက်တွေနဲ့ ညီညွတ်ရမယ်။
ဒုတိယအချက် - ကိုယ်ဝန်ထိန်းဆေးနဲ့ တခြားဆေးတွေ မသောက်ဘူး။
ဒါကို နင်ချန်လည်း သိတယ်၊ သမားတော်ရှန် လည်း သဘောတူထားတယ်။ လျန်မျိုးရိုး အံ့ဩသော်လည်း ဘာမှ မပြောပေ။
တတိယအချက် - ယွီရှို့အဆောင် က အစေခံမလေးတွေကို ဆုံးမပဲ့ပြင်ခွင့် ရှိတယ်။ ဒါပေမဲ့ ဗိုက်နဲ့ပတ်သက်တဲ့ ကိစ္စပဲ ဖြစ်ရမယ်။ တခြားကိစ္စ ဝင်မစွက်ဖက်ရဘူး။
အဓိက ဒီနှစ်ချက်ပဲ ရှိတယ်။
လျန်မျိုးရိုး လက်ခံလိုက်သည်။
စကားပြောရင်း သိလိုက်ရတာက လျန်မားမားသည်အရှင်မင်းကြီး၏အထိန်းတော်ကြီး ချင်မားမား၏ ဝမ်းကွဲညီမ ဖြစ်နေသည်။
ဝမ်းကွဲဆက်ဆံရေးကို ကြည့်ရင် အရှင်မင်းကြီးက သေချာ သူမအတွက်စေတနာထားရွေးချယ်ပေးထားမှန်း သိသာသည်။
ချင်မားမား ကိုယ်တိုင် ညွှန်ပေးလိုက်တာ ဖြစ်လောက်တယ်။ ဒါဆိုရင် သူ့နောက်ကြောင်းက သေချာပေါက် ရှင်းလင်းနေမှာပဲ။ ပြောစရာရှိတာ ပြောပြီးနောက် နန်ကျစ်ကို ခေါ်ပြီး နေရာချပေးခိုင်းလိုက်သည်။
တစ်နှစ်နီးပါး နေရမှာ ဖြစ်သလို အရှင်မင်းကြီး ပေးလိုက်သူ ဖြစ်သောကြောင့် အခန်းတစ်ခန်း သီးသန့် ပေးလိုက်သည်။
လျန်မျိုးရိုး ဒီလိုအခွင့်အရေး ရလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ထို့ကြောင့်အံ့ဩဝမ်းသာသွားပြီး သခင်မအပေါ် အမြင်ကြည်လင်သွားသည်။
ညနေပိုင်းတွင် ယဲ့ယွင် ပုံမှန်အတိုင်း တစ်ရေးအိပ်သည်။ နိုးလာသောအခါ လုမေ့နှင့် လုကျီ တို့ စောင့်နေကြသည်။
ထလာသည်နှင့် ရေနွေးတစ်ခွက် တိုက်လိုက်သည်။ ထို့နောက် လုကျီက ပြုံးစစဖြင့် ဒီနေ့ ဝေ့ရွယ်ဆောင်မှာ ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။
***