"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" ယဲ့ယွင်က နွဲ့နှောင်းစွာ အရိုအသေပြုလိုက်သည်။
နင်ချန်က ပြုံးလျက် လက်ကာပြကာ
" မလိုပါဘူးကွာ ဒီနေ့ကျမှ ဘာလို့ ဒီလောက် စည်းမျဉ်းစည်းကမ်းတွေအတိုင်းလုပ်နေရတာ
လဲ။”
ပြောရင်းနှင့် သူက ယဲ့ယွင်ဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းလာပြီး နေမြဲအတိုင်း သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
"စည်းကမ်းဆိုတာ ဖောက်ဖျက်လို့ မရဘူးလေ" ယဲ့ယွင်က မျက်ခုံးလေးပင့်ကာ ပြုံးလိုက်သည်။
"ပြီးတော့အရှင်မင်းကြီးက ချန်းချဲ့ကို မေမေနဲ့ တွေ့ခွင့်ပေးခဲ့လို့ ချန်းချဲ့အရမ်းကိုပျော်နေတာအဲ့တာကြောင့် ချန်းချဲ့က ဟောဒီကအရှင့်ကိုကျေးဇူးတင်စကား လာပြောတာလေ။”
ပြောရင်းနှင့် သူမသည် နင်ချန်၏ လက်မောင်းကို အသာအယာ လှုပ်ယမ်းလိုက်ရာ ပျိုဖော်ဝင်စ မိန်းကလေးတစ်ဦး၏ ချွဲနွဲ့မှုမျိုး အပြည့်ရှိနေတော့သည်။
နင်ချန်က သူမကို ထိုင်စေပြီးနောက် မျက်ဝန်းထဲတွင် အပြုံးများဖြင့် ကိုယ်လုပ်တော်လေး၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
"ပြီးခဲ့တဲ့ ရက်အနည်းငယ်က အစေခံတွေ လာတင်ပြကြတယ်၊ မင်း စားလို့သောက်လို့လည်း မကောင်းဘူး၊ နေ့တိုင်း စိတ်မကြည်မလင် ဖြစ်နေတယ်ဆိုပဲ... ဘာလို့ အိမ်လွမ်းနေတာကို ကျန်း ကိုပွင့်ပွင့်လင်းလင်းမပြောခဲ့တာလဲ၊ ချင်မားမားကသာ အကြောင်းရင်းကို ရိပ်မိလို့ပေါ့၊ အခုရော ပျော်သွားပြီလား။”
"ဒါပေါ့... ပျော်တာပေါ့"
ယဲ့ယွင်က နှုတ်ခမ်းလေး တွန့်ရုံပြုံးကာပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ နှစ်ကုန်ခါနီးပြီးဆိုတော့ထုံးစံအတိုင်းအရှင်မင်းကြီးက တိုင်းပြည်ရေးရာတွေနဲ့ အမြဲအလုပ်များနေတာလေ ပြီးတော့ချန်းချဲ့က နှစ်သစ်ကူးချိန်ကျ မေမေနဲ့ တွေရမှာပဲလို့တွေးပြီးအရှင်မင်းကြီးကို အလုပ်မရှုပ်စေချင်လို့ မပြောဖြစ်ခဲ့တာပါ။”
"နောက်နောင် ဘာကိစ္စပဲရှိရှိ ကျန်းကို လူလွှတ်ပြီး ပြောလို့ရတယ်၊ အခု မင်းမှာ ကိုယ်ဝန်နဲ့လေ၊ တစ်ယောက်တည်း စားမကောင်း အိပ်မပျော်ဖြစ်နေရင် ကလေးကောမင်းပါထိခိုက်စေနိုင်တယ်"
ထိုအခိုက်တွင် မော့ယွီနှင့် လျန်ယွီတို့ ဝင်လာပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်နှင့် မုန့်များကို ယဲ့ယွင် နှစ်သက်သည့်အရာများဖြင့်လဲလှယ်ပေးကြသည်။ ကိုယ်ဝန်ရှိနေသဖြင့် လက်ဖက်ရည် မသောက်တော့ဘဲ နို့ဖြင့် ပြုလုပ်ထားသော သောက်စရာများကိုသာ ပြင်ဆင်ပေးထားကြသည်။ ဘယ်အရာမဆိုသတိထားခြင်းက အကောင်းဆုံးပင်။
ယဲ့ယွင်သည် ဇီးယိုကိတ်တစ်ခုကို စားကြည့်ရာ အရသာ အတော်ကောင်းသဖြင့် နောက်တစ်ခုကို ထပ်ယူလိုက်သည်။
သူမ စားနေသည်ကို ကြည့်ပြီးမှ နင်ချန်က စူးစမ်းသလို မေးလိုက်သည်။
"မင်းက ကိုယ်ဝန်ကြောင့် အော့အန်တာမျိုး မရှိဘူးထင်တယ်၊ ကျန်း ကြားတာတော့ ဖန်းကျယ်ယွီက အခုဆို ဆိတ်သားနံ့တောင် မခံနိုင်ဘူးတဲ့၊ ညှီနံ့ရတဲ့ ဟင်းဆိုရင် စားပွဲပေါ်တောင် တင်လို့မရဘူးလို့ ပြောကြတယ်"
"ကြည့်ရတာချန်းချဲ့ ဗိုက်ထဲက ရှောင်ပေါင်လေးက လိမ္မာလို့ ထင်ပါတယ်၊ အခုထိတော့ ဘာမဆို စားလို့ရနေတုန်းပဲ"
ယဲ့ယွင်က ပြုံးပြုံးလေး ဖြေလိုက်သည်။
တကယ်တမ်း ကိုယ်ဝန်ကြောင့် အော့အန်ခြင်းသည်တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပေ၊ သူမက ကိုယ်ဝန်ရင့်မှ စတင်နိုင်သလို အခုချိန်တွင်မသိသာတာလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင်မူ သူမ စိတ်ကြိုက် စားနိုင်နေသေးသည်။
(သို့သော်လည်း နောက်ပိုင်းကျမှ ယဲ့ယွင် သိလိုက်ရသည်မှာ သူမ ဗိုက်ထဲက ကလေးမှာ လုံးဝ မလိမ္မာခြင်းပင်ဖြစ်ပေသည်။)
....
ယခု လက်ရှိတွင်မူ...
နင်ချန်သည် သူမ စားနေသည်ကို ကြည့်ရင်း မသိမသာ ပြုံးမိသွားသည်။
"မင်းအခုလို ပါးစပ်မပျက်ပဲစားနိုင်တာလည်း ကောင်းတာပဲ စားချင်တာရှိရင် အားမနာနဲ့။”
ဤစကားကို နင်ချန်က ပြောစရာပင် မလိုပေ။ ယဲ့ယွင်မှာ မိမိကိုယ်ကိုယ် အနစ်နာခံမည့်သူမျိုး မဟုတ်ပေ။
သူမလာလည်သည့်အတွက် နင်ချန်က ပြန်မလွှတ်တော့ဘဲ ညစာ အတူစားစေကာ ကျိုချန်းနန်းဆောင်၌ပင် အိပ်စက်စေခဲ့သည်။ ဘာမှ မလုပ်နိုင်သည့်တိုင် အမွှေးလုံးလေးကိုပွေ့ဖက်ထားရသည်မှာ အလွန်ကောင်းပေသည်။
ကိုယ်လုပ်တော်လေး၏ ကိုယ်သင်းနံ့သင်းသင်းလေးနှင့် နူးညံ့သော ကိုယ်လုံးလေးကို ဆောင်းတွင်းဘက်တွင် ဖက်အိပ်ရသည်မှာ အကောင်းဆုံးပင် ဖြစ်သည်။
ထိုညတွင် အပြင်၌ နှင်းများ စတင်ကျဆင်းလာခဲ့သည်။ ၁၂ လပိုင်း အစောပိုင်းဖြစ်သဖြင့် ယခင်နှစ်များထက်စာလျှင် အနည်းငယ် နောက်ကျခဲ့သည်။ နှင်းကျသဖြင့် အေးလာသောကြောင့်လားမသိ၊ ယဲ့ယွင်သည် အိပ်မက်ထဲတွင် နင်ချန်၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်နေမိသည်။
နင်ချန်မှာ သူမကြောင့် နိုးလာခဲ့ပြီး အနည်းငယ် အေးသည်ဟု ခံစားရသဖြင့် အစေခံများကို အပြင်ကနေ သိုးမွေးစောင် တစ်ထပ် ထပ်ခြုံခိုင်းလိုက်သည်။ အစေခံများ ခြေဖွဖွဖြင့် ဝင်လာသော်လည်း ယဲ့ယွင် နိုးသွားခဲ့သည်။
"အရမ်းအေးတာပဲ..."
သူမက တတွတ်တွတ် ညည်းညူရင်း နင်ချန်၏ လည်ပင်းနားသို့ ခေါင်းဖြင့် ပွတ်သပ်နေသည်။
"နှင်းကျနေလို့လေ၊ စောင်ထပ်ခြုံပေးထားပြီ၊ ဆက်အိပ်တော့နော်" နင်ချန်က သူမကျောကို အသာပုတ်ပေးရင်း နူးညံ့စွာ ပြောလိုက်သည်။
အိပ်ချင်မူးတူး ဖြစ်နေသဖြင့် အနွေးဓာတ်ရသည်နှင့် ယဲ့ယွင်ချက်ချင်း ပြန်အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ နိုးလာချိန်တွင် နင်ချန်မှာ ညီလာခံသို့ သွားနှင့်ပြီ ဖြစ်သည်။ သို့သော် သူမအား မနက်စာ စားပြီးမှ ပြန်ရန် မှာကြားခဲ့သည်။ ယဲ့ယွင်သည်လည်း သဘောအတိုင်းပင် ကျိုချန်းနန်းဆောင်၌ မနက်စာ စားလိုက်သည်။
အပြင်သို့ ထွက်လာချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆွတ်ဆွတ်ဖြူသော နှင်းများဖြင့် ဖုံးလွှမ်းနေလေပြီ။
နန်ကျစ်ကဦးစွာပြောလိုက်သည်။
"ရှိုးရုန်... ဝေါယာဉ်စီးပါလား၊ လေတိုက်နေတယ်"
"ဒီနေ့က ပထမဆုံးနှင်းကျတဲ့နေ့လေ၊ လမ်းလျှောက်ချင်သေးတယ်၊ ဝေါယာဉ်ကိုတော့ အနောက်ကနေ လိုက်ခဲ့ခိုင်းလိုက်ပါ"
ယဲ့ယွင်က လက်ကာပြလိုက်သည်။
သူမသည် အဝတ်အစား ထူထူဝတ်ထားသဖြင့် အအေးဒဏ်ကို မကြောက်ပေ၊ ထို့အပြင်နှင်းများနှင့်ပင် ကစားချင်သေးသည်။ သို့သော် အစေခံများက ခွင့်ပြုမည်မဟုတ်သဖြင့် စိတ်ကူးထဲမှာသာ တွေးလိုက်ရတော့သည်။
ရှေ့သို့ သိပ်မဝေးခင်မှာပင် အခြားလူတစ်စုနှင့် ဆုံမိသည်။ မျက်နှာစိမ်းများဖြစ်သဖြင့် ယဲ့ယွင် မမှတ်မိပေ။ သို့သော် တစ်ဖက်လူက သူမကို သိသဖြင့် အရင်ဦးဆုံး ဂါရဝပြုလိုက်သည်။
"ကျွန်တော်မျိုးမ ပေါင်လင် ယွီရှီ၊ မင်ရှိုးရုန်ကို ဂါရဝပြုပါတယ်။”
ယဲ့ယွင်က မိမိကို မမှတ်မိကြောင်း ရိပ်မိပုံရသဖြင့် သူမကိုယ်သူမ မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။
"ထပါ" ယဲ့ယွင်က ပြုံးပြလိုက်ကာတည်ကြည်စွာစကားပြောလိုက်သည်။
"ယွီပေါင်လင်က အပြင်ထွက် လမ်းလျှောက်နေတာလား။”
အခုဆိုလျှင် အချိန်မစောတော့ရာ အခြားသူများကို ဂါရဝပြုချိန်မှာ ပြီးဆုံးနေပြီ ဖြစ်သည်။ ယွီရှီက ခေါင်းခါပြကာ အားနာဟန်ဖြင့် -
"ပြီးခဲ့တဲ့ရက်က မိဖုရားခေါင်ကြီးအတွက် ခါးပတ်တစ်ခု လုပ်ပေးထားတာပါ၊ ဒီနေ့ ဂါရဝပြုချိန်မှာ ယူလာဖို့ မေ့သွားလို့ အခု သွားပို့မလို့ပါ။”
"ဪ... မင်းက တကယ် သိတတ်တာပဲ၊ ဒါဆိုလည်း အမြန်သွားတော့၊ တို့ မင်းကို အချိန်မဆွဲတော့ပါဘူး။”
ယဲ့ယွင်သည် သူမ၏ အစေခံမလေး ကိုင်ထားသော သစ်သားဗန်းလေးကို တစ်ချက်ကြည့်လိုက်သည်။ အဝတ်ဖြင့် ဖုံးအုပ်ထားသဖြင့် အထဲက ဘာမှန်းတော့ မသိနိုင်သော်လည်းစိတ်မဝင်စားပေ။ ထို့နောက်ယွီရှီသည် အရိုအသေပြုကာ အမြန်ထွက်ခွာသွားတော့သည်။
သူမ နန်းတွင်းဝင်လာကတည်းက မင်ရှိုးရုန်အကြောင်း သတင်းများစွာ ကြားခဲ့ဖူးသည်။ ဧကရာဇ်၏ အချစ်တော် ဖြစ်သလို ဆက်ဆက်ထိမခံစွာစိတ်တိုတတ်သည်ဟုလည်း နာမည်ကြီးရာ ယခု ကိုယ်ဝန်နှင့်ဆိုတော့ ပို၍ပင် မထိဝံ့ဖြစ်နေမိသည်။
ယွီရှီ ထွက်ခွာသွားသည်ကို ကြည့်ရင်း ယဲ့ယွင်က မျက်လုံးလေး မှေးလိုက်ကာ -
"မိဖုရားခေါင်ကြီးရဲ့ အမြင်က မဆိုးဘူးပဲ၊ ဒီယွီရှီက ကတာတော်ပုံရတယ်၊ သူ့ကိုယ်လုံးကိုယ်ပေါက်က တကယ်ကို နွဲ့နှောင်းနေတာပဲ၊ လမ်းလျှောက်တာတောင် ကြည့်လို့ကောင်းတယ်။”
"အရင်က ယန်ရှီလည်း ကတာတော်တာပဲလေ၊ မိဖုရားခေါင်ကြီးက ဒီလိုလူမျိုးတွေကိုပဲ သီးသန့် ရွေးချယ်တာများလား။” ဟု နန်ကျစ်က ဆိုသည်။
ယဲ့ယွင်က ပြုံးလိုက်ကာ "ဘယ်သူသိမှာလဲ၊ ဒါပေမဲ့ မိဖုရားခေါင်ကြီး ရွေးတဲ့လူတွေက နွယ်ပင်တွေလိုပဲ နုနုနယ်နယ်လေး ဒါပေမဲ့ အရှင်မင်းကြီးကတော့ အဲဒီလိုလူမျိုးတွေကို သိပ်ကြိုက်ပုံမရဘူး။”
"ရှိုးရုန် ပြောမှပဲ သတိထားမိတော့တယ်၊ ကျန်းဝမ်ရုန်နဲ့ ဒီယွီပေါင်လင်က ကြည့်ရတာ အရမ်းကို နုနယ်ပြီး သနားစရာကောင်းတဲ့ ပုံစံမျိုးတွေပဲ" နန်ကျစ်က နှုတ်ခမ်းလေး မဲ့ကာ ပြောလိုက်သည်။
"ကြည့်ရတာ မနုနယ်ရင် မိဖုရားခေါင်ကြီးက သူတို့ကို ဘယ်လိုလုပ်ချုပ်ကိုင်နိုင်မှာလဲ။”
ယဲ့ယွင်က မျက်ဝန်းများကို တစ်ချက်ဝှေ့ကြည့်လိုက်ကာ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးလေး တစ်ချက် ပေါ်လာသည်။
"ငါတို့ရဲ့ မိဖုရားခေါင်ကြီးက ဘက်တော်သားလည်း မွေးထုတ်ချင်တယ်၊ ဒါပေမဲ့ ကျားမွေးရောပါမှာလည်း ကြောက်နေသေးတယ်၊ ဒီလို သတ္တိမရှိဘဲ လူကိုလည်း သေချာမသုံးတတ်တော့ဘယ်လိုလုပ် အလုပ်ဖြစ်မှာလဲ။”
ယခင်က ကျောက်ရှီသည် နောက်ဆုံးတွင် မိဖုရားခေါင်ကြီးကို ပြန်လည် သစ္စာဖောက်ခဲ့သည် မဟုတ်ပါလား။ သို့ပေမဲ့လည်းအကြောင်းအရင်းမှာ မိဖုရားခေါင်ကြီးက သဘောထားသေးလွန်းပြီး သူမကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားကာ ကိုယ်လုပ်တော်ဘွဲ့တစ်ခုပင် မပေးခဲ့သောကြောင့် ဖြစ်သည်။
ယဲ့ယွင်၏ အမြင်တွင်မူ ယခုရှူးဖေးကို စွန့်ခွာ၍ မိဖုရားခေါင်ကြီးထံ ခိုလှုံနေသော ကျန်းရှီမှာလည်း ရိုးသားသူ မဟုတ်ပေ။ ထို့အပြင်ရည်မှန်းချက် မရှိလျှင် ဤကဲ့သို့ လုပ်ရပ်မျိုး လုပ်လိမ့်မည်မဟုတ်ပေ။
မိဖုရားခေါင်ကြီးက ကျန်းရှီ၏ ရည်မှန်းချက်ကို မဖြည့်ဆည်းပေးနိုင်သော အခါတွင် ကျန်းရှီသည် ကျောက်ရှီထက် ပိုမိုဆိုးရွားသော လုပ်ရပ်များကို လုပ်လာနိုင်ပေသည်။
တကယ်တမ်းတွင် မိဖုရားခေါင်ကြီးကိုယ်တိုင်က ပြတ်သားမှုမရှိခြင်း ဖြစ်သည်။ လက်နက်ကောင်းတစ်ခုကို မိမိအတွက် အသုံးချချင်သော်လည်း ထိုလက်နက်က ထက်လွန်းလျှင် မိမိကိုယ်ကို ပြန်ထိခိုက်မည်ကို စိုးရိမ်နေခြင်းပင်။
ဤအတိုင်းဆိုလျှင် အခြားသူများကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ နင်ချန်ကသာ အရာရာကို ထိုးထွင်းသိမြင်သူဖြစ်ပြီး မိဖုရားခေါင်ကြီးကို အမြဲ လေးစားသမှု ပြုနေခဲ့ခြင်းမရှိလျှင် မိဖုရားခေါင်ကြီးမှာ ဟိုကတည်းက ရာထူးပြုတ်နေလောက်ပြီ ဖြစ်သည်။
"ရှိုးရုန် ဘာတွေ တွေးနေတာလဲ၊ အပြင်မှာ လေစတိုက်နေပြီ၊ အမြန်ပြန်ကြရအောင်"
နန်ကျစ်က ယဲ့ယွင်၏ ဝတ်ရုံကို သေချာပြင်ပေးရင်း နူးညံ့စွာ ပြောလိုက်သည်။
ယဲ့ယွင် ထိုအခါမှ အတွေးစကို ဖြတ်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ မိဖုရားခေါင်ကြီး မည်သို့ပင်ဖြစ်စေ၊ လောလောဆယ်တွင် သူမသည် ထိုဇာမဏီထိုင်ခုံ (မိဖုရားခေါင်ကြီးနေရာ) ကို စိတ်မဝင်စားသေးပေ။ ထို့ကြောင့် ရင်းနှီးပြီးသားလူ ထိုင်နေသည်က ပိုကောင်းပေသည်။
အကယ်၍ တစ်နေ့တွင် အခြေအနေအရ သူမ တိုက်ခိုက်ရတော့မည်ဆိုလျှင်လည်း လက်နှေးနေလိမ့်မည် မဟုတ်ပေ။ သို့သော် ထိုနေ့သို့ ရောက်မလာစေဖို့ သူမ မျှော်လင့်သည်။
အမှန်စင်စစ်တွင် ဧကရီဟူသောဂုဏ်ပုတ်သည်ထင်ထားသလောက် ကောင်းမနေပေ။တိုင်းပြည်၏မိဖုရားခေါင်ကြီးသည် မြင့်မြတ်ပြီး သဘောထားကြီးရမည်ဖြစ်သော်လည်း၊ ကိုယ်လုပ်တော်တွင်တော့ မောက်မာရိုင်းစိုင်းခွင့် ရှိသည်ကို သဘောပေါက်ခဲ့သည်။
ထို့ပြင် မိဖုရားခေါင်ကြီး နေရာကို ရရှိသည့်တိုင်အောင် ဧကရီအဖြစ်သာ သတ်မှတ်ခံရပြီး ခင်ပွန်းအား မယားငယ်များနှင့်ဝေမျှနေရဦးမည်ဖြစ်သည်။
"အင်း... အချစ်တော်ကိုယ်လုပ်တော် ဖြစ်ရတာကပိုပြီးသက်သောင့်သက်သာရှိသေးတယ်။”
သို့သော် လူတိုင်းက သူမကဲ့သို့ မတွေးကြပေ။ အချို့လူများမှာ ဘဝနှစ်ခုစာ ရှင်သန်ခဲ့ရသည့်တိုင် အခြားသူ၏ ပစ္စည်းများကို မက်မောနေတတ်ကြသည်။ မည်သို့ပင်ဖြစ်စေ၊ လောလောဆယ်တွင် မိဖုရားခေါင်ကြီး၏ နေရာမှာ တည်မြဲနေဆဲပင်။
နန်းတွင်း၏ တည်ငြိမ်မှုများကြားတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးအကြို ညစာစားပွဲကြီးမှာ ရောက်ရှိလာတော့မည် ဖြစ်သည်။
***