"ချန်းချဲ့အကြောင်း ဘာတွေများ ပြောနေကြတာလဲ၊ ယိရွှင်ရုန်က တကယ်ကို စိတ်
ဝင်တစား ရှိနေပါလား။”
ယဲ့ယွင်က မျက်ခုံးလေးပင့်ကာ အေးအေးလူလူပင် ထိုင်ချလိုက်သည်။ ဘေးမှ လီချိုက်ရန်က ချက်ချင်းပင် စိတ်အားထက်သန်စွာ ရှင်းပြလေသည်။
"ခုနတင် ချီဝမ်ရုန်က ကဗျာတစ်ပုဒ် ရွတ်ပြလို့ အားလုံးက ဝိုင်းချီးကျူးနေကြတာလေ၊ ယိရွှင်ရုန်ကလည်း အရင်တုန်းက ရှိုးယွမ်တို့ ကျားစခ် မြက်ခင်းပြင်မှာ မြားပစ်စွမ်းရည်ပြပြီး နယ်စပ်မင်းသမီးကို အနိုင်ယူခဲ့တဲ့ အကြောင်းတွေကို ပြန်ပြောပြနေတာပါ၊ ရှိုးယွမ်နဲ့ ချီဝမ်ရုန်ကို တစ်ဦးက စာပေ၊ တစ်ဦးက အတတ်ပညာနဲ့ တစ်ခေတ်မှာ တစ်ယောက်ဆိုပြီး ချီးကျူးနေကြတာပါ"
"ဟုတ်လား" ယဲ့ယွင်က နှုတ်ခမ်းလေးတွန့်ရုံ ပြုံးလိုက်ပြီး မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"ယိရွှင်ရုန်ကတော့လေချန်းချဲ့ကို ချီးကျူးလွန်းလို့ အားတောင်နာရတော့မယ်၊ စာပေနဲ့ အတတ်ပညာကို ချန်းချဲ့နဲ့ ချီဝမ်ရုန်ကပဲ ယူထားတယ်ဆိုရင် ယိရွှင်ရုန်ကိုယ်တိုင်ကရော ဘာမှမတော်ဘူးလား၊ ကိုယ့်ကိုယ်ကိုယ် အရေအတွက်ဖြည့်ရုံသက်သက် လူတစ်ယောက်လိုတော့ မပြောပါနဲ့ဦး"
ဤခေတ်ကာလသည် အမျိုးသမီးများ ကိုယ်ခံပညာတော်သည်ကို ချီးကျူးလေ့ရှိသော ခေတ်မဟုတ်ပေ။ ထို့ကြောင့်ပင် ဖခင်ဖြစ်သူမှာ နာမည်ကြီး စစ်သူကြီးဖြစ်သော်လည်း ယဲ့ယွင်ကို မြားပစ်နှင့် မြင်းစီးကိုသာ သင်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ၎င်းကိုပင် အိမ်တွင်းလေ့ကျင့်ကွင်း၌ ဖခင်နှင့် အစ်ကိုဖြစ်သူတို့၏ အနီးကပ်စောင့်ကြပ်မှုအောက်တွင်သာ လေ့ကျင့်ရပြီး သူစိမ်းများ မြင်တွေ့၍မရပေ။
ထိုစဉ်က ကျားစခ်တွင် သူမ လက်စွမ်းပြခဲ့ခြင်းမှာ နင်ချန်၏ မျက်နှာကိုထောက်ထား၍လည်းကောင်း၊ မိမိကိုယ်မိမိ ထင်ပေါ်စေရန်အတွက်လည်းကောင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ယခုမူ ထိုသို့လုပ်ရန် မလိုအပ်တော့ပေ။
သို့သော် ယိရွှင်ရုန်က စစ်ဘက်၊ နယ်ဘက် အရာရှိကြီးများရှေ့တွင် သူမနှင့် ချီရှီအား 'တစ်ဦးက စာပေ၊ တစ်ဦးက အတတ်ပညာ' ဟု နှိုင်းယှဉ်ပြောဆိုခြင်းမှာ သူမတို့အား လက်ဝဲလက်ယာ ကိုယ်ရံတော်များသဖွယ် ပြောဆိုနေခြင်းဖြစ်သည်။
စာပေတော်ခြင်းကိုမူ ရှေးယခင်ကတည်းက ပညာရှိအမျိုးသမီးများအဖြစ် အမွှမ်းတင်လေ့ရှိသော်လည်း မည်သည့်အမျိုးသားက လက်ရုံးရည်ကိုသာ အားကိုးသော အမျိုးသမီးကို နှစ်သက်ပါ့မလဲ။ ထို့ကြောင့် ဤအပြုအမူမှာ ချီးမွမ်းခြင်းမဟုတ်ဘဲ မိမိအားသွယ်ဝိုက်၍ နှိမ့်ချခြင်းသာ ဖြစ်သည်။
ရှင်းပြပေးသော လီချိုက်ရန်မှာမူ... ဤလူသစ်စုထဲတွင် မိသားစုနောက်ခံကောင်းသော်လည်း မျက်နှာသာပေးမခံရဆုံးသူ ဖြစ်ရာ ယိရွှင်ရုန်၏ အုပ်စုထဲသို့ ဝင်ရောက်သွားပြီ ဖြစ်ပုံရသည်။
"မင်ရှိုးယွမ်က တကယ် နောက်ပြောင်
တတ်တာပဲနော်"
ယိရွှင်ရုန် မျက်နှာ ပျက်သွားသော်လည်းအလျင်အမြန်ထိန်း၍ သူမက အရင်ဦးဆုံး ချီးကျူးခဲ့သူဖြစ်သောကြောင့်ပြန်လည်ချေပရန် စကားလုံး ရှာမရဖြစ်သွားခဲ့သည်။
ဘေးတွင် ထိုင်နေသော ဝမ်ဝမ်ရုန်က ပြုံးလျက် ဝင်ပြောလိုက်သည်။
"ချန်းချဲ့ မှတ်မိသလောက်တော့ ယိရွှင်ရုန်ကလက်ရေးလှရုံတင်မကဘူး၊ ပန်းချီလည်း ဆွဲတတ်သေးတယ်လေ၊ အဲ့ဒါကိုမှ အရေအတွက်ဖြည့်ရုံလို့ပြောရင် တခြားသူတွေ ဘယ်လိုမျက်နှာရှိတော့မှာလဲ၊ ဒါပေမဲ့ ပြောရင်းဆိုရင်းနဲ့ မင်ရှိုးယွမ်တစ်ယောက်တည်းကပဲ တကယ်ကို ထူးခြားတယ်ပြောရမယ်နော် ချန်းချဲ့တို့ မသင်ဖူးတဲ့ အတတ်ပညာတွေကို တတ်မြောက်ထားသောအံ့ဩစရာပဲ။”
သို့သော် ဤတစ်ကြိမ်တွင် ယဲ့ယွင် ပြန်မပြောရသေးခင်မှာပင် စစ်သူကြီးမိသားစုမှ ဆင်းသက်လာသော ဟိုချိုက်ရန်က အရင်ဝင်ပြောတော့သည်။
"မသင်ဖူးဘူးဆိုရင်လည်း ခဏခဏ ထုတ်မပြောမနေနဲ့အုံး ဝမ်ဝမ်ရုန်သာ တစ်နေ့နေ့မှာ သင်ယူလို့ မင်ရှိုးယွမ်ရဲ့ ခြေဖျားတောင် မှီလာဦးမလား မသိဘူးနော်။”
ဟိုရှီသည်လည်း စစ်သူကြီးမိသားစုမှ သမီးပျိုပင် ဖြစ်သည်။ ယဲ့ယွင်နှင့်မတူညီစွာသူမမှာ ကိုယ်ခံပညာကို စနစ်တကျတတ်မြောက်ထားသူ ဖြစ်သည်။ ဟိုမိသားစုမှာ သူမ၏ အစ်ကိုဖြစ်သူ စစ်မြေပြင်တွင် အမှုထမ်းရာမှ ရာထူးတက်လာခြင်းဖြစ်ပြီးမူလက သာမန်မိသားစုသာဖြစ်သည်။ သူမသည် သူဌေးသမီးလေးမဟုတ်ဘဲ ဖခင်နှင့် အစ်ကိုဖြစ်သူတို့ထံမှ များစွာသင်ယူခဲ့ရသူဖြစ်သည်။
ထို့ကြောင့် သူမသည် စစ်သူကြီးသမီးများကို ရိုင်းစိုင်းသည်ဟု သွယ်ဝိုက်၍ ကဲ့ရဲ့ခြင်းကို ယဲ့ယွင်ထက်ပင် ပို၍ မခံမရပ်နိုင် ဖြစ်နေခြင်းပင်။
ဝမ်ရှီမှာ အချေခံလိုက်ရသဖြင့် မျက်နှာ ညိုသွားကာ "ဟိုချိုက်ရန်က ဒေါသကြီးလှချေလား၊ ညီအစ်မတွေကြား စနောက်နေတာကို ဒီလောက်အထိ အတည်ပေါက် လုပ်နေရလား။”
"နန်းတွင်းက လူတွေကိုအလကားတင်ကျွေးတဲ့နေရာမဟုတ်ဘူးနော်၊ ဝမ်ဝမ်ရုန်လည်း နောက်နောင် အတင်းအဖျင်းတွေ လျှော့ပြောပါဦး"။”
ယဲ့ယွင်က သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
သူမ၏ မျက်ဝန်းထဲတွင် သတိပေးသည့် အရိပ်အရောင်များ ပါဝင်နေသဖြင့် ဝမ်ရှီမှာ အငိုက်မိသွားကာ ငြိမ်ကျသွားတော့သည်။
ဤပဋိပက္ခကြားတွင် အမည်အမြဲပါနေသော ချီဝမ်ရုန်မှာမူ အစမှအဆုံး တစ်ခွန်းမျှ မပြောပေ။ သူမသည် တစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်နေသည်။ တကယ့်ကို အထက်တန်းဆန်ပြီး မောက်မာသောပုံစံဖြင့် မည်သည့်အငြင်းအခုံတွင်မျှ ပါဝင်ခြင်းမရှိပေ။ ၎င်းကပင် ယဲ့ယွင်ကို သူမအား နှစ်ချက်မျှ စိုက်ကြည့်မိစေသည်။
ထိုစဉ် စကားဝိုင်းထဲ ဝင်မပြောရသေးသော ရှူးဖေးက မဆီမဆိုင် ဝင်ပါလာပြန်သည်။
"အရင်ကတော့ မင်ရှိုးယွမ် တစ်ယောက်တည်းပဲ စကားတတ်တယ် ထင်နေတာ၊ အခုတော့ ဟိုချိုက်ရန်ပါ တိုးလာပြီပဲ၊ ဒါက 'ဆရာထက် တပည့်လက်စောင်းထက်' ဆိုတဲ့အတိုင်းပဲလား၊ မောက်မာရိုင်းစိုင်းပြမှပဲ မျက်နှာသာပေးခံရမယ်လို့ ထင်နေကြတာလား?"
သူမသည် လူသစ်ရွေးချယ်စဉ်ကတည်းက ဟိုရှီကို ကြည့်မရဖြစ်နေခဲ့ရာ အခွင့်အရေးရသည်နှင့် နှိပ်ကွပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် ရှူးဖေးမှာ အခြေအနေကို လုံးဝ နားမလည်သေးပေ။ သူများတွေက စကားဝိုင်းပြီးသွားပြီဖြစ်သော်လည်း သူမပြီးမှ တကူးတက လာ၍ ပြဿနာရှာနေသကဲ့သို့ ဖြစ်နေသည်။
နင်ချန် မျက်နှာ ညိုမည်းသွားကာ အသံကို နှိမ့်၍ ပြောလိုက်သည်။
"ရှူးဖေး... မင်း ဗိုက်ဝပြီဆိုရင်လည်း အရင်ပြန်နားလိုက်တော့၊ ဒီနေ့ ဝိုင်တွေ အများကြီး သောက်ထားပုံရတယ်၊ စားပွဲပေါ်မှာ လျှောက်မပြောနဲ့ဦး။”
ရှူးဖေး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ ခေါင်းကို ချက်ချင်း ငုံ့လိုက်ရတော့သည်။
"ဒီချန်းချဲ့ ဘာမှမဖြစ်ပါဘူး"
သူမ ငြိမ်သွားသည်ကို မြင်မှ နင်ချန်က အကြည့်လွှဲကာ ယဲ့ယွင်ကို တစ်ချက် ကြည့်လိုက်သည်။ ယဲ့ယွင်မှာမူ ဘာမှမဖြစ်သကဲ့သို့ ပြုံးလျက် သူမရှေ့ရှိ နို့ပူပူလေးထည့်ထားသော ခွက်ကလေးကို မြှောက်လိုက်သည်။ ဝိုင်သောက်သကဲ့သို့ ဟန်ပန်ဖြင့် တစ်ကျိုက်တည်း မော့ပစ်လိုက်၏။
ခုနက မိန်းမများ၏ အငြင်းပွားမှုကြောင့် စိတ်ရှုပ်နေသော နင်ချန်မှာ သူမ၏ ထိုအပြုအမူကြောင့် ချက်ချင်းပင် ရယ်မောမိသွားတော့သည်။ သူသည်လည်း ဝိုင်ခွက်ကို မြှောက်ကာ အတူတူ သောက်လိုက်လေသည်။ ဤသို့ဖြင့် ထိုပဋိပက္ခမှာ အပြီးတိုင် ငြိမ်းအေးသွားတော့သည်။
....
စားသောက်ပွဲ တစ်ဝက်ကျော်ချိန်တွင် ယဲ့ယွင် အိပ်ချင်လာသည်။ သူမမှာ အတင်းအကျပ် အောင့်မထားဘဲ အခြေအနေကို ရှင်းပြကာ အရင်ဦးဆုံး ပြန်လာခဲ့သည်။ မိဖုရားခေါင်ကြီးကလည်း ယောင်ရှန်းကိုပါ တစ်ပါတည်း ပြန်
ခိုင်းလိုက်၍ ကိုယ်ဝန်ဆောင်နှစ်ဦးကို ဘက်လိုက်သည်ဟု နောက်ကွယ်တွင်လျှောက်မပြောစေရန်ဖြစ်သည်။
ဒုတိယနေ့သည် ထိုက်မြောက် (နတ်ကွန်း) တွင် ဒူးထောက်ဂါရဝပြုရမည့် နေ့ဖြစ်သည်။ ထိုအချိန်တွင် ကိုယ်ဝန်ရှိခြင်း၏ အကျိုးကျေးဇူးများ ထင်ရှားလာသည်။ တော်ဝင်သွေးသားလွယ်ထားရသော ယဲ့ယွင်မှာ သွားရန်မလိုပေ။ မနေ့ညက စောပြန်လာသည့်တိုင် အိပ်ချိန်နောက်ကျခဲ့သဖြင့် ယနေ့တွင် အိပ်ရေးဝဝအိပ်ကာအားပြန်ဖြည့်လိုက်သည်။
ထိုနေ့တွင်ပင် ကျိုချန်းနန်းဆောင်မှ သေတ္တာလေးတစ်လုံး ရောက်လာသည်။ ဖွင့်ကြည့်လိုက်ရာ အထဲတွင် အကြီးတစ်လုံး၊ အသေးတစ်လုံးဖြစ်သော ဖူအိတ် (ကံကောင်းခြင်းအိတ်) နှစ်လုံးကို တွေ့ရသည်။
ဟွိုက်အန်းက ပြုံးလျက် ရှင်းပြလေသည်။
"ဒီဖူအိတ်တွေက အရှင်မင်းကြီးကိုယ်တိုင် မင်သွေးပြီး ကိုယ်တိုင် စုတ်တံကိုင်ပြီး ရေးပေးထားတဲ့ 'ဖျင်အန်း' (ဘေးကင်းလုံခြုံခြင်း) အဆောင်လက်ဖွဲ့တွေပါ အထဲမှာ ထည့်ထားပေးပါတယ်၊ ပြီးတော့ တရားပြဆရာကြီးဆီမှာလည်း ပရိတ်ရွတ်ပြီး သိဒ္ဓိတင်ထားပြီးသားပါ၊ ရှိုးယွမ်အနေနဲ့ ဒါကို ကုတင်ခေါင်းရင်းမှာ ချိတ်ထားပေးဖ်ို့မမေ့ပါနဲ့၊ ၁ လပိုင်းကုန်လောက်မှပြန်
ဖြုတ်ပေးပါ၊ အဆောင်လေးကရှိုးယွမ်နဲ့ ဗိုက်ထဲက သခင်လေးကို ဘေးကင်းပျော်
ရွှင်စေမှာပါ။”
ယဲ့ယွင်က လှမ်းယူလိုက်ပြီး အိတ်ကြီးကို ဖွင့်ကြည့်လိုက်ရာ နင်ချန်၏ လက်ရေးစစ်စစ် ဖြစ်နေသည်ကို တွေ့လိုက်ရပြီးသူမ မျက်နှာတွင် အပြုံးများ လွှမ်းသွားတော့သည်။ သူမသည် ပစ္စည်းကို ဟွေယွဲ့အား သိမ်းခိုင်းလိုက်ပြီးမှ မေးလိုက်သည်။
"အမ် ကျွန်မတစ်ယောက်တည်းရတာလား၊ တခြားသူတွေလည်း ရကြလား?"
"အို... ရှိုးယွမ်မယ်မယ်လို တခြားသူတွေမှာ ဘယ်မှာ ဒီလိုကံကောင်းခြင်းမျိုး ရှိမှာလဲ၊ ဒါက အရှင်မင်းကြီးက မယ်မယ့်အတွက် သီးသန့် ပြင်ဆင်ပေးထားတာပါ" ဟု ဟွိုက်အန်းက လက်ထဲရှိ ယပ်တောင်ကို ခါယမ်းရင်း ဝမ်းသာအားရ ပြောပြသည်။
"မယ်မယ့်ရဲ့ မွေးနေ့တုန်းကတည်းက ရေးပြီးသားပါ၊ ဘုန်းတော်ကြီးဆီမှာ သိဒ္ဓိတင်
ခိုင်းထားလို့ နည်းနည်းနောက်ကျသွားတာပါ၊ ကျောင်းထဲမှာ အချိန်အကြာကြီး ထားပြီးမှ အခု ပို့ပေးလိုက်တာပါ"
ဤတစ်ကြိမ်တွင်မူ သူမအတွက်သာ ဖြစ်သော 'တစ်ဦးတည်းသော အထူးအခွင့်အရေး' အစစ်အမှန်ပင် ဖြစ်သည်။
ယဲ့ယွင် စိတ်အခြေအနေမှာ ချက်ချင်းပင် ထိပ်ဆုံးသို့ ရောက်သွားပြီး ခေါင်းပေါ်ရှိ ဆံထိုးတစ်ချောင်းကို ဆွဲထုတ်ကာ ဟွိုက်အန်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ကုန်းကုန်း လာရတာ ပင်ပန်းသွားပြီ၊ ဒါကကျွန်မပေးတဲ့ နှစ်သစ်ကူးလက်ဆောင်လို့ သဘောထားလိုက်ပါ။”
သူမ ဆံပင်ပေါ်ရှိ ပစ္စည်းများမှာ သာမန်လက်ဝတ်လက်စားများမဟုတ်ပေ။ ဟွိုက်အန်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ဆုတောင်းစကားများစွာ ပြောဆိုကာ ပြန်သွားတော့သည်။
သူထွက်သွားပြီးနောက် ဟွေယွဲ့နှင့် နန်ကျစ်တို့လည်း ဝမ်းသာနေကြသည်။ သူတို့သည် ထိုဖူအိတ်ကို အမြန်ပင် ချိတ်လိုက်ကြတော့သည်။
"အရမ်းတန်ဖိုးကြီးတဲ့ အရာမျိုးမဟုတ်ပေမဲ့ အရှင်မင်းကြီးရဲ့ စေတနာကတော့ အပြည့်ပဲနော်၊ အခုဆို အရှင်မင်းကြီးက ရှိုးယွမ်အပေါ် တကယ်ကောင်းတာပဲ၊ ဖန်းကျယ်ယွီမှာလည်း ကိုယ်ဝန်ရှိတာပဲ၊ ဒါပေမဲ့ ဖူအိတ်ကိုတော့ ရှိုးယွမ်တစ်ယောက်တည်းပဲ ရတာလေ" ဟု ဟွေယွဲ့က ဝမ်းသာအားရ ဆိုသည်။
ယဲ့ယွင်သည် ကုတင်ထောင့်တွင် ချိတ်ဆွဲထားသော အကြီးအသေး ဖူအိတ်နှစ်လုံးကို ကြည့်ရင်း မျက်ဝန်းထဲတွင် အပြုံးရိပ်များသန်းနေသည်။ ကလေးရလာခြင်းက တကယ့်ကို ထူးခြားသော အဆင့်တစ်ခုပင် ဖြစ်သည်။
အရင်တုန်းက သူမဆီမှာ ရှိတာတွေက တခြားသူတွေဆီမှာလည်း ရှိနေတတ်သော်လည်း ယခုမူ တကယ့်ကို ထူးခြားလာခဲ့ပြီ ဖြစ်သည်။ သို့သော် ဤမျှနှင့် မလုံလောက်သေးပေ။ နင်ချန်က သူမအပေါ် ရံဖန်ရံခါ အထူးဂရုစိုက်ခြင်းကို အကျင့်တစ်ခုဖြစ်သွားအောင် သူမ ဖြည်းဖြည်းချင်း လုပ်ဆောင်သွားရမည် ဖြစ်သည်။
ထိုသို့ဖြစ်မှသာ မည်သည့်အခါမျှ ရှုံးနိမ့်ခြင်းမရှိသော နေရာတွင် ရပ်တည်နိုင်မည် မဟုတ်လား။
***