ကိုယ်ဝန်ရှိနေခြင်းကို အကြောင်းပြု၍ ယဲ့ယွင်သည် အလုပ်များပြီး ပင်ပန်းလှသော နှစ်သစ်ကူးကာလကို အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့သည်။ အရှင်မင်းကြီးသည် သူမ၏ ဤကိုယ်ဝန်ကို အလွန်အလေးထားသဖြင့် မည်သူမျှ သူမအား မပင်ပန်းစေဝံ့ကြပေ။ တစ်ခုခုဖြစ်သွားပါက မည်သူမျှ တာဝန်မယူနိုင်သောကြောင့်ဖြစ်သည်။
ဤသို့ဖြင့် ၁လပိုင်း ၈ ရက်သို့ ရောက်ရှိလာခဲ့ရာ နန်းတွင်း၌ စည်ကားသမျှ ငြိမ်သက်သွားပြီး နေရာတိုင်းတွင် တိတ်ဆိတ်အေးချမ်းသွားတော့သည်။ ယခုအခါ ယဲ့ယွင်၏ ကိုယ်ဝန်မှာ ငါးလထဲသို့ ရောက်ရှိနေပြီဖြစ်ကာ ပြီးခဲ့သည့် နှစ်ရက်ခန့်မှစ၍ ဗိုက်ထဲမှ ကလေးလှုပ်သည်ကို စတင်ခံစားနေရပြီ ဖြစ်သည်။
ကလေးလှုပ်သည်မှာ အကြိမ်ပေါင်းများစွာ ရှိနေပြီဖြစ်သော်လည်း ယဲ့ယွင်မှာ အမြဲတမ်း ဆန်းသစ်နေဆဲပင်။ ဘဝနှစ်ခုစာ ရှင်သန်ခဲ့သော်လည်း ရင်သွေးရတနာလေး ဖန်တီးရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမသည် ဤကလေးအပေါ် တကယ်ပင် အလွန်အမင်း မျှော်လင့်မိနေတော့သည်။
....
သူမကဲ့သို့ပင် မျှော်လင့်နေသူမှာ နင်ချန်ပင် ဖြစ်၏။ သူသည် လက်ရှိအလုပ်များကို အမြန်လက်စသတ်ပြီးသည်နှင့် မေးမြန်းတော့သည်။
"မင်ရှိုးယွမ် ဒီရက်ပိုင်း ဘာတွေလုပ်နေလဲ၊ အစားအသောက် အဝတ်အစားရော အဆင်ပြေရဲ့လား၊ တစ်ခုခု လိုအပ်တယ်လို့ရော ပြောသေးလား။”
ယွမ်ကျိုသည် အရှင်မင်းကြီး မေးလာမည်ကို ကြိုသိသဖြင့် နေ့တိုင်း သေချာစောင့်ကြည့်ထားရာ ယခုတွင် အသင့်ပင် ဖြေလိုက်နိုင်သည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ရှိုးယွမ်က ဒီရက်ပိုင်း အပြင်ထွက်တာမျိုး မရှိပါဘူး၊ အဝတ်အစားနဲ့ အစားအသောက်လည်း အကုန်အဆင်ပြေပါတယ်၊ ဒါပေမဲ့ ဒီနှစ်ရက်မှာတော့ မုန်လာဥခြောက်ကို အတော်လေး ကြိုက်နေပါတယ်၊ ထမင်းစားတိုင်း ပန်းကန်လုံးအသေးလေး တစ်လုံးနဲ့ စားနေပါတယ်။”
"မုန်လာဥခြောက်?" နင်ချန် ကြောင်သွားသည်။
ယွမ်ကျိုက ရှင်းပြလေသည်။ "မုန်လာဥကို အတုံးလေးတွေတုံးပြီး အခြောက်လှမ်းထားပြီး နှမ်းဆီလေးဆမ်းထားတာပေါ့၊ ရှိုးယွမ်က ထမင်းစားတိုင်း အဲဒါလေးကို နှစ်တုံးလောက် ဝါးစားနေကြလို့ပြောပါတယ်။”
နင်ချန်က မျက်မှောင်ကြုတ်လိုက်ကာ
"ဒီကောင်မလေးတော့ဘအာဟာရမရှိတာတွေကိုပဲ ခံတွင်းတွေ့နေတယ်၊စားဖိုဆောင်က ဟင်းတွေက သူ့အရသာနဲ့ မကိုက်လို့လား။”
"အရှင်မင်းကြီး စိတ်ချပါ၊ ကျွန်တော်မျိုး စားဖိုဆောင်ကိုရော သမားတော်ကိုရော သွားမေးကြည့်ပြီးပါပြီ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက အရသာပြောင်းလဲတတ်တာ သဘာဝပဲလို့ ပြောပါတယ်၊ နောက်ပြီး ရှိုးယွမ်က အဲ့တစ်ခုတည်းကိုစားနေတာ မဟုတ်ပါဘူး၊ တခြားဟင်းတွေကိုလည်း မြိန်မြိန်ယှက်ယှက် စားနေပါတယ်"
ထိုစကားကို ကြားမှ နင်ချန် ခေါင်းငြိမ့်လိုက်ပြီး မျက်နှာ အနည်းငယ် ကြည်လင်သွားသည်။ သူသည် သက်ပြင်းတစ်ချက်ချကာ မတ်တတ်ရပ်လိုက်၏။
"ယွီရှို့အဆောင်ကို သွားကြည့်ရအောင်၊ ကျန်း မသွားတာလည်း အတော်ကြာပြီ"
ယွမ်ကျိုက ချက်ချင်းပင် ခေါင်းငြိမ့်ကာ ဝေါယာဉ်ပြင်ခိုင်းလိုက်သည်။
"ရှိုးယွမ်က အခုဆို နေ့လည်ခင်း အိပ်ရာက နိုးလောက်ပြီဆိုတော့ အရှင်မင်းကြီး သွားရင် စကားပြောဖို့ အချိန်ကိုက်ပါပဲ။”
နင်ချန်သည် လက်ကို နောက်ပစ်ကာ အပြင်သို့ ထွက်လာရင်းမှ မျက်ဝန်းများကို မှေးလိုက်ကာ ပြောလိုက်သည်။
"မင်းက မင်ရှိုးယွမ်အပေါ် တကယ်ကို အာရုံစိုက်လှချေလား။”
"ရှိုးယွမ်က ကိုယ်ဝန်နဲ့မို့လို့ ကျွန်တော်မျိုး မပေါ့ဆရဲတာပါ" ယွမ်ကျိုက ရိုသေစွာ လျှောက်တင်လိုက်သည်။
သို့သော် နင်ချန်က ရုတ်တရက် လှည့်ကြည့်လာပြီး အေးစက်သောအသံဖြင့် မေးလိုက်သည်။
"ဒါဆို ဖန်းကျယ်ယွီရဲ့ ကိုယ်ဝန်ကရော ဘယ်လိုလဲ၊ ဒီရက်ပိုင်း သူ ဘာတွေစားလဲ၊ ဘာတွေလုပ်လဲ?"
ယွမ်ကျို မျက်နှာ ဖြူလျော်သွားကာ ချက်ချင်းပင် ဒူးထောက်လိုက်ရတော့သည်။
"ကျွန်တော်မျိုး သေထိုက်ပါတယ်!"
"တကယ်ကို သေထိုက်တာပဲ"
နင်ချန် မျက်နှာ တည်သွားသည်။
“ကျန်း မမေးပေမဲ့လည်း ဖန်းကျယ်ယွီ ဗိုက်ထဲမှာ ရှိနေတာက ကျန်း ရဲ့ သွေးသားပဲ၊ အဲဒါကို ဒီလောက်အထိ လျစ်လျူမရှုသင့်ဘူး၊ အကယ်၍ နောက်တစ်ကြိမ် ထပ်ဖြစ်မယ်ဆိုရင်တော့ မင်းလည်း အကြီးအကဲကုန်းကုန်း ရာထူးကို ဆက်
လုပ်ဖို့ မလိုတော့ဘူး။”
"ကျွန်တော်မျိုး အမှားကို သိပါပြီ၊ အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ၊ နောက်နောင် သေသေချာချာ သတိထားပါ့မယ်၊ ဘယ်တော့မှ မပေါ့ဆတော့ပါဘူး!"
ယခုအခါ ယွမ်ကျို၏ ကျောပြင်တစ်ခုလုံးတွင် ချွေးစေးများ ထွက်နေပြီး မျက်နှာမှာလည်း စက္ကူကဲ့သို့ ဖြူနေတော့သည်။ ဤရက်ပိုင်း သူ တကယ်ပင် ပေါ့ဆခဲ့မိသည်။
မင်ရှိုးယွမ်က အချစ်တော်ဖြစ်ပြီး အရှင်မင်းကြီးက ခဏခဏ မေးမြန်းသဖြင့် သူမကိုသာ အာရုံစိုက်နေမိပြီး ဖန်းကျယ်ယွီဘက်ကို မေ့လျော့နေမိခြင်း ဖြစ်သည်။
ဖန်းကျယ်ယွီ ဗိုက်ထဲက ကလေးမှာလည်း ဧကရာဇ်၏ ရင်သွေးဖြစ်ရာ အရှင်မင်းကြီးက အေးစက်စွာ ဆက်ဆံနိုင်သော်လည်း အစေခံများကမူ ပေါ့ဆ၍ မရပေ။
ယွမ်ကျိုသည် ယခုတွင် နန်းတွင်း၏ ကြီးလေးသော တားမြစ်ချက် (အမှား) ကို ကျူးလွန်မိခြင်း ဖြစ်သည်။
"ကဲ... ထတော့၊ ခဏနေရင် ဖန်းကျယ်ယွီဆီကို ပစ္စည်းတချို့ သွားပို့လိုက်၊ မင်းပဲ စီစဉ်လိုက်တော့" နင်ချန်က လက်ကာပြလိုက်သည်။
ယွမ်ကျိုကို သတိပေးလိုက်ပြီးနောက် သူကိုယ်တိုင်လည်း ပြန်လည်စဉ်းစားမိသွားသည်။ ယောင်ရှန်းအပေါ် သူ အတော်လေး အေးစက်ခဲ့မိသည်။ ဤအတိုင်းသာ ဆက်သွားလျှင် ကလေးမွေးလာသောအခါ အစေခံများက အထက်ဖားအောက်ဖိလုပ်ကြသဖြင့် နောက်ဆုံးတွင်ကလေးကိုသာ ထိခိုက်လာမည်ကိုစိုးရိမ်ရပေသည်။
သူသည် မင်းသားဘဝတုန်းက ဖခင်ဖြစ်သူ စစ်တိုက်ထွက်နေချိန်တွင် နန်းတွင်းရှိ ကိုယ်လုပ်တော်ငယ်များမှာ ကျောထောက်နောက်ခံမရှိသဖြင့် ကိုယ်ဝန်ဆောင်စဉ် ကလေးများ မည်မျှအထိ ဆုံးရှုံးခဲ့ရသည်ကို မြင်တွေ့ခဲ့ဖူးသည်။ မိခင်ဖြစ်သူက မျက်နှာသာပေးမခံရသဖြင့် မွေးဖွားလာသော မင်းသမီးလေးများကို အစေခံများက သေချာမစောင့်ရှောက်သဖြင့် ဖျားနာကာ သေဆုံးသွားရသည်များကိုပင် သူ မြင်ဖူးခဲ့သည်။
နင်ချန်သည် ဤကဲ့သို့အဖြစ်မျိုး သူ့နောက်ကွယ်တွင် မဖြစ်စေချင်ပေ။ ဤသည်မှာ သူနှင့် ဧကရာဇ်ဟောင်း၏ ခြားနားချက်ပင် ဖြစ်သည်၊ နင်ချန်သည်တိုင်းပြည်အေးချမ်းဖို့လိုလားသလို မိသားစုအေးချမ်းဖို့ကို ပို၍လိုလားပေသည်။
.....
ယွီရှို့အဆောင်သို့ ရောက်ရှိလာချိန်။
ယွမ်ကျို ပြောသည့်အတိုင်းပင် ယဲ့ယွင်မှာ နေ့လည်ခင်း အိပ်ရာက နိုးစဖြစ်သည်။ သို့သော် ယနေ့တွင် သူမ အိပ်ရာထဲမှ မထဘဲ ဇိမ်ခံနေသဖြင့် စောင်ပုံထဲတွင် ခေါင်းလေးတစ်ခုသာ ထွက်နေပြီး မျက်လုံးများပင် အကုန်မပွင့်သေးပေ။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" ဟု ဟွေယွဲ့နှင့် နန်ကျစ်တို့က အမြန်အရိုအသေပြုကြသည်။
ခုတင်ပေါ်မှ လူသားလေးသည် ထိုအသံကို ကြားမှ သူမ၏ ဖြူနုသော လက်ကလေးဖြင့် မျက်လုံးကို ပွတ်လိုက်ကာ သန်းဝေလျက် ကြည့်လိုက်တော့သည်။
နင်ချန်ကသူမကိုကြည့်၍ နူးညံ့စွာပြောလိုက်သည်။
"ဘာလို့ အခုထိ မထသေးတာလဲ၊ အကြာကြီး အိပ်ရင် ခေါင်းမူးနေလိမ့်မယ်"
သူသည် အနားသို့ လျှောက်လာပြီး ဝတ်ရုံစကို မကာ ခုတင်ဘေးတွင် ထိုင်လိုက်သည်။ ယဲ့ယွင်မှာ ပျင်းရိစွာဖြင့် မလှုပ်ချင်ပေ။ သူကလည်း စည်းကမ်းတွေကို သိပ်မတင်းကြပ်ထားသဖြင့် သူမသည် နှုတ်မှ ဂါရဝပြုခြင်းကိုပင် ချန်လှပ်ထားလိုက်တော့သည်။
ထို့နောက်နူးညံ့သောအသံလေးဖြင့်ချွဲ့နွဲ့တော့သည်။
"ဗိုက်ထဲက ဒီလူသားလေးက မနိုးသေးလို့ပါ၊ ချန်းချဲ့သာ အိပ်ရာက ထလိုက်ရင် သူ အိပ်နေတာကို နှောင့်ယှက်သလို ဖြစ်နေမှာပေါ့"
ဤစကားမှာ အကြောင်းပြချက်သက်သက်မှန်း သိသာသော်လည်း သူမ၏ အသံလေးမှာ ချိုသာလွန်းသဖြင့် ချစ်စရာကောင်းနေတော့သည်။ နင်ချန် မနေနိုင်ဘဲ သူမ၏ နီမြန်းနေသော ပါးပြင်လေးကို လက်ဖြင့် အသာအယာ ဆိတ်လိုက်မိသည်။
"အမေ ဖြစ်တော့မှာကို ကလေးလိုပဲ လုပ်နေတုန်းပဲ။”
"အား!" ယဲ့ယွင်က ရုတ်တရက် ထအော်လိုက်သည်။
နင်ချန် လန့်သွားကာ လက်ကို အမြန်ပြန်ရုပ်လိုက်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။
"ဘာဖြစ်လို့လဲ၊ ကျန်းလုပ်တာ အရမ်းနာသွားလို့လား?"
ယဲ့ယွင်က စကားမပြောဘဲ စောင်ထဲမှ လက်ကို အမြန်ဆွဲထုတ်ကာ နင်ချန်၏ လက်ကို ကိုင်၍ စောင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏ ဗိုက်ပေါ်သို့ တင်ပေးလိုက်သည်။
ဤလုပ်ရပ်မှာ နင်ချန် လုံးဝ မျှော်လင့်မထားသော အရာပင်။ အိပ်ဆောင်အင်္ကျီပါးလေး၏ အောက်မှ နွေးထွေးသော ခံစားချက်မှာ လက်ဖဝါးမှတစ်ဆင့် သူ၏ခန္တာကိုယ်ထဲသို့စီးဝင်လာသည်။ သူသည် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ ဗိုက်ကို တစ်ခါမျှ မကိုင်ဖူးပေ။ ၎င်းသည်စိတ်ကူးထားသကဲ့သို့ နူးညံ့မနေဘဲ အနည်းငယ် တင်းမာနေသကဲ့သို့ ခံစားရသည်။
သူ ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် လက်ဖဝါးအောက်မှ တစ်ခုခုက သူ့ကို အသာအယာ ကန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ နင်ချန် လန့်သွားကာ လက်ကို ပြန်ရုပ်ရန် ကြိုးစားသော်လည်း ယဲ့ယွင်က သူ့လက်ကောက်ဝတ်ကို မြဲမြဲဆုပ်ကိုင်ထားသည်။
"အရှင်မင်းကြီး ခံစားမိလား၊ ချန်းချဲ့တို့ကလေးက လှုပ်နေတာလေ။”
"သူ... သူက အခုကတည်းက လှုပ်တတ်နေပြီလား?" နင်ချန် အံ့သြသွားသည်။ မမွေးသေးဘဲနှင့် မည်သို့လှုပ်နိုင်ပါ့မည်နည်း။
သူ အံ့သြနေသည်မှာလည်း မဆန်းပေ၊ ဤခေတ်တွင် အမျိုးသားများကို ကလေးမွေးဖွားခြင်းဆိုင်ရာ ဗဟုသုတများ မည်သူမျှ မသင်ပေးခဲ့ပေ။ ယဲ့ယွင်က ပြုံးလျက် ရှင်းပြလိုက်သည်။
"ချန်းချဲ့ရဲ့ ကိုယ်ဝန်က ငါးလရှိပြီလေ၊ ဒီအချိန်မှာ ကလေးက တဖြည်းဖြည်း လှုပ်တတ်လာပြီပေါ့"
စကားပြောနေစဉ်မှာပင် ဗိုက်၏ နောက်တစ်နေရာမှ ထပ်၍ လှုပ်သွားပြန်သည်။ ယဲ့ယွင်က နင်ချန်ကို နောက်တစ်ကြိမ် ခံစားခိုင်းလိုက်ပြန်ရာ နင်ချန်မှာ ပြောမပြတတ်အောင် ဆန်းသစ်နေတော့သည်။ သို့သော် ခဏအကြာတွင် ကလေးက ငြိမ်သွားခဲ့သည်။
နင်ချန်မှာမူ တကယ်ကို စိတ်ဝင်တစား ရှိနေဆဲပင်။ ယဲ့ယွင် အဝတ်အစားလဲချိန်တွင်လည်း သူမ၏ ဖောင်းနေသော ဗိုက်ကလေးကို ခဏတာ စိုက်ကြည့်နေမိသေးသည်။ အရင်က ကလေးမမွေးသေးသဖြင့် တကယ်မဟုတ်သကဲ့သို့ ခံစားရသော်လည်း ယခုအခါတွင်မူ မကြာမီ ရောက်ရှိလာတော့မည့် ဤသက်ရှိလေးကို သူ လက်တွေ့ခံစားလိုက်ရပြီ ဖြစ်သည်။
ယခုအခါတွင် သူ၏ စိတ်ထဲ၌ မျှော်လင့်ချက်များအပြင် ရင်းနှီးမှုကလည်း ပို၍ တိုးလာခဲ့သည်။ အမှန်စင်စစ် အခြားကလေးများမှာ မမွေးခင်ကတည်းက ဖခင်ဖြစ်သူနှင့် ဤကဲ့သို့ ထိတွေ့မှုမျိုး မရှိခဲ့ဖူးပေ။ ဤသည်မှာလည်း ယဲ့ယွင် အလိုရှိနေသော ရလဒ်ပင် ဖြစ်သည်။
အဝတ်အစားလဲပြီးနောက် နင်ချန်နှင့် စကားပြောရန် ထိုင်လိုက်ကြသည်။ ယခု သူမတွင် ကိုယ်ဝန်ရှိသဖြင့် ဗိုက်ဆာလွယ်သောကြောင့် နန်ကျစ်က မုန့်အချို့ကို ယူလာပေးသည်။ အားလုံးမှာ ခုတင်ပေါ်မှ ချလိုက်စဖြစ်၍ အငွေ့တထောင်းထောင်း ထနေဆဲပင်။
ယဲ့ယွင်သည် ပဲနီလေးကိတ် တစ်ခုကို စားလိုက်ပြီး လက်ကို သုတ်ကာ ပြောလိုက်သည်။
"တခြားသူတွေက ကိုယ်ဝန်ရှိရင် ချဉ်တာ၊ စပ်တာတွေ စားချင်ကြတယ်ဆိုပေမဲ့ ချန်းချဲ့ကတော့ အချိုဘက်ကို ပိုပြီး ကြိုက်လာသလိုပဲ"
နင်ချန်က သူမ စကားကြောင့် ပဲနီလေးကိတ် တစ်ခုကို မြည်းစမ်းကြည့်လိုက်သည်။
"ကျန်း စားကြည့်တော့လည်း အဲလောက် မချိုပါဘူး"
"ဒါပေါ့... ၊ ဘာလို့လဲဆိုတော့ ချန်းချဲ့က သကြားကို လျှော့ထည့်ခိုင်းထားလို့လေ" ယဲ့ယွင်က ရယ်မောရင်း ဆိုသည်။ "ဒီမုန့်က နို့နဲ့ လုပ်ထားတာဆိုတော့ သကြားတွေလည်း အများကြီး ထည့်မယ်၊ ချန်းချဲ့ကလည်း အများကြီး စားမယ်ဆိုရင် တစ်နေ့ကျရင် အရမ်းဝလာတော့မှာပေါ့"
***