"စားချင်ရင်လည်း အများကြီးစားလို့ရတာပဲ၊ ဘာလို့ ဒါတွေကိုလိုက်စိုးရိမ်နေရတာလဲကွာ။”
နင်ချန်က သိပ်နားမလည်နိုင်ဘဲ မုန့်ပန်းကန်ကို သူမရှေ့သို့ တိုးပေးလိုက်သည်။ ယဲ့ယွင်လည်း အနှီးယောကျာ်းအားရှင်းပြရန်ပျင်းလွန်းသဖြင့် ထပ်မပြောတော့ဘဲ သူ့ဆန္ဒအတိုင်း နောက်ထပ်တစ်တုံး ထပ်စားလိုက်သည်။
ဤခေတ်ကာလတွင် ကိုယ်ဝန်ဆောင်ဆီးချိုအကြောင်းကို ပြောပြလျှင်လည်း နားလည်မည်မဟုတ်ပေ။ ထိုအရာကို မကြောက်သည့်တိုင်အောင် ယဲ့ယွင်သည် မိမိကိုယ်လုံးကိုယ်ပေါက် ပျက်စီးသွားပြီး ကလေးမွေးပြီးလျှင် ပြန်လည်ပြုပြင်ရန် ခက်ခဲမည်ကို ပိုစိုးရိမ်မိသည်။
ခဏကြာ စကားပြောနေစဉ်အတွင်း ယဲ့ယွင်၏ ပါးစပ်မှာ မနားတမ်း လှုပ်ရှားနေခဲ့သည်။ သတိထားမိလိုက်ချိန်တွင် မုန့်လေးပန်းကန်မှာ ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထို့နောက်သူမ၏ဖောင်းနေသော ဗိုက်ကလေးကို ပြန်စမ်းကြည့်ရင်း ယဲ့ယွင် အနည်းငယ် ရင်ပြည့်သလို ခံစားလိုက်ရသည်။
"အရှင်မင်းကြီး... ချန်းချဲ့နဲ့အတူ အပြင်မှာ လမ်းခဏလျှောက်ရအောင်၊ အစားတွေ နည်းနည်းများသွားလို့ အစာခြေချင်လို့ပါ။”
နင်ချန်က ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ရာ ယနေ့သည် နေသာသောနေ့ ဖြစ်နေသဖြင့် ခေါင်းငြိမ့်လိုက်သည်။
"ကောင်းသားပဲ၊ ကျန်းလည်း အပြင်မထွက်ဖြစ်တာ ကြာပြီ။”
"ဒါပေမဲ့ ချန်းချဲ့ရဲ့ ဥယျာဉ်တော် (ယူဟွာယွမ်) ကိုတော့ မသွားချင်တော့ဘူး၊ ခဏခဏသွားနေကျဆိုတော့ ဘယ်လောက်လှတဲ့ မြင်ကွင်းဖြစ်ဖြစ် ငြီးငွေ့စရာကြီး" ဟု ယဲ့ယွင်က ပျင်းရိစွာ ဆိုသည်။
သူမကဲ့သို့ပင် နင်ချန်လည်း အလားတူပင် ဖြစ်၏။ ဥယျာဉ်တော်တွင် အပင်အမျိုးအစားစုံလင်သော်လည်း မည်မျှပင်ကျယ်
ပြန့်ပါစေ အမြဲတမ်းမြင်နေရပါကစိတ်ဝင်စားမှု လျော့နည်းသွားတတ်သည်။ ထို့ကြောင့် ကိုယ်ဝန်သည်လေးကျေနပ်စေရန် သူက သေချာစဉ်းစားပြီးမှ ပြောလိုက်သည်။
"ဒါဆို ကျောက်ချွန်းနန်းဆောင်ကို သွားကြည့်ကြမလား၊ နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်ကျော်ရင် မင်း အဲဒီကို ပြောင်းရတော့မယ်လေ၊ အခု အဲဒီမှာ ပြင်ဆင်နေကြပြီဆိုတော့ သွားကြည့်ပြီး မင်းစိတ်တိုင်းမကျတာရှိရင် ချက်ချင်း ပြင်ခိုင်းလို့ရတာပေါ့"
"ကောင်းသားပဲ ချန်းချဲ့လည်း တစ်ခါမှမရောက်ဖူးသေးတော့ အရမ်းကို စပ်စုချင်နေတာ။”
ယဲ့ယွင် ပြုံးလိုက်ပြီး ဟွေယွဲ့အား ဝတ်ရုံသွားယူခိုင်းလိုက်သည်။ ဤတစ်ကြိမ် အပြင်ထွက်ရာတွင် ပိုင်ရှုနှင့် လျန်မားမားတို့ကိုသာ ခေါ်ဆောင်သွားပြီး အခြားသူများကို မခေါ်ခဲ့ပေ။ အိမ်သစ်ကို လျန်မားမားအား ကြိုတင်ကြည့်ရှုခိုင်းသည့် သဘောလည်း ပါဝင်သည်။ နန်းတွင်းဆိုသည်မှာ လူစုံပြီး လက်မသန့်သူများရှိရာ တစ်ခုခု မသန့်မရှင်း ဖြစ်နေသည်ကို အချိန်မီ မသိလိုက်ပါက လူနှစ်ယောက်လုံးကို ထိခိုက်စေနိုင်သောကြောင့်ပင်။
လမ်းလျှောက်ထွက်ခြင်းဖြစ်၍ နှစ်ဦးသား လမ်းလျှောက်၍ပင် သွားကြသည်။ အသွားအပြန် တစ်နာရီခန့်လောက်ကြာပေလိမ့်မည်။ သို့သော် ယဲ့ယွင် ပင်ပန်းမည်စိုး၍ အနောက်မှ ဝေါယာဉ်ကို အသင့်လိုက်ခိုင်းထားသည်။ ယခုအခါ နင်ချန်၏စိတ်ထဲတွင် သူမသည် ရွှေတုံးကလေးသဖွယ် အဖိုးတန်နေသဖြင့် တစ်ခုခု ထိခိုက်မိမှာကို စိုးရိမ်ရသည်။ ယွီရှို့အဆောင် မှ ထွက်ကတည်းက နင်ချန်က သူမလက်ကို မြဲမြဲဆုပ်ကိုင်ထားခဲ့သည်။ စည်းကမ်းမရှိသော အစေခံများက အဖိုးတန်သခင်နှစ်ဦးကို ဝင်တိုက်မိမှာစိုးသဖြင့် လူတစ်စုက ရှေ့မှ ကြိုတင်၍ လမ်းရှင်းထားကြရသည်။
ဤလမ်းတွင် ချင်ပေါင်လင်၏ ရှို့ရှီဆောင် နှင့် ချီဝမ်ရုန် နေထိုင်ရာ ယိခုန်းနန်းဆောင် တို့ကို ဖြတ်သန်းသွားရမည်ဖြစ်သည်။
ယဲ့ယွင်က ၎င်းကို သတိမထားမိသော်လည်း အနားသို့ ရောက်ရှိလာချိန်တွင် ရှို့ရှီဆောင် အပြင်ဘက်၌ ပန်းခရမ်းရောင် အင်္ကျီလေးနှင့် ဂါဝန်လေးကို ဝတ်ဆင်ထားသော ချင်ရှီ (ချင်ပေါင်လင်) ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ မင်ရှိုးယွမ်ကို ဂါရဝပြုပါတယ်။”
ချင်ရှီသည် လူများနားသို့ ရောက်လာချိန်တွင် ခေါင်းမဖော်ဘဲ စနစ်တကျ ဂါရဝပြုလိုက်ရာ အလွန်ပင် ရိုသေကိုင်းညွတ်လှသည်။ ကိုယ်လုပ်တော်ငယ်လေးများ ဧကရာဇ်ကို တွေ့ချင်သည်မှာ သဘာဝပင်ဖြစ်ကြောင်း ယဲ့ယွင် နားလည်ပါသည်။ သူမတို့ ပြဿနာမရှာသရွေ့ ယဲ့ယွင်ကလည်း လျစ်လျူရှုပေးထားနိုင်သည်။ ထို့ပြင် အရှင်မင်းကြီး မိမိအိမ်ရှေ့မှ ဖြတ်သွားသည်ကို ထွက်၍ ဂါရဝပြုခြင်းမှာလည်း ထူးဆန်းသော ကိစ္စမဟုတ်ပေ။ ထို့ကြောင့် ယဲ့ယွင်က ပြုံးရုံသာပြုံးပြီး ဘာမှမပြောပေ။
နင်ချန်က လက်ကာပြကာ "ထတော့၊ ရာသီဥတုအေးတယ်၊ အခန်းထဲ ပြန်ဝင်တော့၊ ကျန်း မင်ရှိုးယွမ်နဲ့ လမ်းလျှောက်နေတာမို့ တကူးတက ထွက်ပြီး ဂါရဝပြုနေဖို့ မလိုပါဘူး။”
သို့သော် ချန်ပေါင်လင်ကနူးညံ့သောလေသံဖြင့်လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီးနဲ့ ရှိုးယွမ်ကို နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမဲ့ ဒီနေ့က နေသာပေမဲ့ နှင်းတွေအရည်ပျော်နေတော့ ပိုအေးနိုင်ပါတယ်၊ မင်ရှိုးယွမ်က ကိုယ်ဝန်နဲ့ဆိုတော့ အအေးမိလို့မဖြစ်ဘူးလေ၊ ဒါကြောင့် ချန်းချဲ့က ဒီမှာစောင့်ပြီး ရှိုးယွမ်အတွက် လက်နွေးအိုးလေး လာပေးတာပါ။”
သူမသည် အစေခံမလေးဆီမှ လက်နွေးအိုးလေးကို ယူလိုက်သည်။ အပြင်ဘက်
အိတ်လေးတွင် သလဲသီးပုံစံ ပန်းထိုးထားသဖြင့် အလွန်ပင် မင်္ဂလာရှိလှသည်။
"ဒီလောက်အကြာကြီး လမ်းလျှောက်ရင် ရှိုးယွမ်ရဲ့ လက်နွေးအိုး အေးသွားမှာစိုးလို့ အသစ်လေးနဲ့ လဲလှယ်ပေးဖို့ စောင့်နေတာပါ။”
ပြောပြီးသည်နှင့် သူမသည် ထိုလက်နွေးအိုးလေးကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ ကမ်းပေးလိုက်သည်။ ယဲ့ယွင်က မျက်ဝန်းများကို မှေးလိုက်ကာလျန်မားမားအား လှမ်းယူခိုင်းလိုက်သည်။
"ချင်ပေါင်လင်က တကယ်ကို နှလုံးသားပြည့်ဝတဲ့မိန်းကလေးပါပဲ”
ယဲ့ယွင်သည် မည်သည့်အရာကိုမျှ သံသယမဝင်ဘဲ လဲလှယ်ကိုင်ဆောင်လိုက်သည်။ ယွီရှို့အဆောင်မှ ယူလာသော လက်နွေးအိုးမှာလည်း အမှန်ပင် အေးစပြုနေပြီ ဖြစ်သည်။ ပစ္စည်းကို ကိုင်ကြည့်လိုက်မှ ချင်ရှီသည် တကယ့်ကို အနစ်နာခံထားကြောင်း ယဲ့ယွင် သတိပြုမိလိုက်သည်။ ဤလက်နွေးအိုး၏ အစွပ်မှာ အလွန်ကောင်းမွန်သော ပိတ်စကို အသုံးပြုထားသည့်အပြင် ချင်ရှီ၏ လက်ရှိရာထူးအဆင့်အတန်းအရ ဤကဲ့သို့ အရည်အသွေးရှိသော ပိတ်စကို တစ်နှစ်မှ နှစ်လိပ်သာ ရရှိနိုင်ပြီး အင်္ကျီတစ်စုံစာအတွက်သာ လုံလောက်သည်။ သို့သော် သူမသည် ၎င်းကို လက်နွေးအိုးအစွပ်အဖြစ် အသုံးပြုကာ လက်နွေးအိုးနှင့်အတူ လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ တကယ်ပင် စွန့်လွှတ်အနစ်နာခံနိုင်လှသည်။
သိသာသည်မှာ ဤပစ္စည်းကို ယဲ့ယွင်အား မပေးလျှင်ပင် အခြားတစ်ဦးဦးကို ဖားယားရန်အတွက် အသုံးပြုမည်မှာ သေချာသည်။ နင်ချန်သည် ထိုလက်နွေးအိုးကို တစ်ချက်ကြည့်လိုက်ပြီး ချင်ရှီကို ပြန်ကြည့်ကာ ဆိုလိုက်သည်။
"မင်းရဲ့ စေ့စပ်သေချာမှုကို ချီးကျူးရတော့မှာပဲ၊ ကျန်း ကြည့်ရတာ မင်းရဲ့ ခေါင်းပေါ်မှာ ဆံထိုးတွေက သိပ်မရှိဘူးပဲ၊ ပုံစံတွေကလည်း ဟောင်းနေပြီဆိုတော့ ဍနောက်မှ လူလွှတ်ပြီး အသစ်တွေ ပို့ပေးခိုင်းလိုက်မယ်။”
ချင်ရှီ၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားကာ "အရှင်မင်းကြီးရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီး မင်ရှိုးယွမ်နဲ့ လမ်းဆက်လျှောက်ဦးမှာဆိုတော့ ချန်းချဲ့ကို ခွင့်ပြုပါဦး။”
"အင်း... သွားတော့" နင်ချန်က ခေါင်းငြိမ့်ပြသည်။
ချင်ရှီသည်လည်း တွယ်တာခြင်းမရှိဘဲ ခေါင်းငုံ့လျက် သူမ၏ ဝင်းထဲသို့ ပြန်ဝင်သွားတော့သည်။ ကြည့်ရသည်မှာ သူမသည် အလွန်ရိုသေပြီး အပြောအဆို အနေအထိုင်မှာလည်း အတော်လေး အကွက်စေ့လှသည်။ ယဲ့ယွင်အား ဖားယားခြင်းဖြင့် နင်ချန်၏ စိတ်ဝင်စားမှုကို ရယူလိုက်သလို၊ တစ်ဖက်တွင်လည်း အပိုတွေ အများကြီးမလုပ်သဖြင့် ယဲ့ယွင်၏ အမုန်းကိုလည်း မခံရပေ။ ချင်ရှီသည် တကယ်ပင် ထက်မြက်သူတစ်ဦး ဖြစ်သည်။
ယဲ့ယွင်သည် လက်နွေးအိုးကို ကိုင်လျက် ရှို့ရှီဆောင်၏ တံခါးဝကို လေးနက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။ နင်ချန်မှာမူ ဤကိစ္စလေးကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဘဲ ယဲ့ယွင်၏လက်ကို ပြန်ဆွဲကာ အတူတူ ရှေ့သို့ ဆက်လျှောက်ကြပြန်သည်။
....
ဤတစ်ကြိမ် ယိခုန်းနန်းဆောင်ကို ဖြတ်သန်းချိန်တွင်မူ ချီဝမ်ရုန် ထွက်လာသည်ကို မတွေ့ရပေ။ ၎င်းမှာလည်း ခန့်မှန်းထားပြီးသားပင်။ ချီရှီသည် အမြဲတမ်း မောက်မာအေးစက်ပြီး အပြိုင်အဆိုင်ကို မနှစ်သက်ရာ ဤကဲ့သို့ အခြေအနေမျိုးတွင် မျက်နှာထွက်ပြလိမ့်မည် မဟုတ်ပေ။ ယဲ့ယွင်၏ ခန့်မှန်းချက်မှာ မှန်ကန်လှသည်။
သူတို့အုပ်စု ဖြတ်သွားပြီးမှ ချီဝမ်ရုန်၏ အနားမှ ယွီရှင်းက ခေါင်းလေးပြူကာ လှမ်းကြည့်ကာအထဲသို့ ပြန်ဝင်လာချိန်တွင် စိတ်ပျက်လက်ပျက်ဖြင့် -
"ဝမ်ရုန်... အရှင်မင်းကြီး ဖြတ်သွားပြီ၊ မင်ရှိုးယွမ်ရဲ့လက်ကို ဆွဲထားတာနော်"
ချီရှီသည် စာရေးကျင့်နေရင်း ထိုစကားကို ကြားလိုက်ရချိန်တွင် လက်တုန်သွားပြီးမင်ရည်ကွက်ကြီးက စာရွက်ပေါ်တွင် ပျံ့နှံ့သွားတော့သည်။ ထိုမည်းနက်နေသော အကွက်ကို ကြည့်ရင်း ချီရှီ စိတ်မကြည်မလင်ဖြစ်ကာ စုတ်တံကို ချလိုက်တော့သည်။
"အရှင်မင်းကြီးက မင်ရှိုးယွမ်ကို ချစ်မြတ်နိုးတာပဲ၊ သူက ကိုယ်ဝန်နဲ့ဆိုတော့ အခုလိုရင်းနှီးတာ မဆန်းပါဘူး။”
ဤသို့ပြောနေချိန်တွင် ချီရှီ၏ အသံမှာ တိုးညင်းလှသည်။ အစေခံမလေးကို ပြောနေခြင်းထက် မိမိကိုယ်မိမိ နှိမ့်သိမ့်ပြောနေခြင်းနှင့် ပိုတူလှသည်။ သူမ လှည့်ကြည့်လိုက်ရာ နံရံပေါ်တွင် ချိတ်ဆွဲထားသော ဆောင်းဦးပုံရိပ် ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရသည်။ ထိုပန်းချီကားပေါ်တွင် ဂန္ဓာမာပန်းများကို ဆွဲထားပြီး စာလုံးလေးများလည်း ရေးထိုးထားသည်။ ၎င်းမှာ နင်ချန်က သူမအား ဆုလာဘ်အဖြစ် ပေးထားခြင်းဖြစ်ပြီး နင်ချန် ငယ်စဉ်က ကိုယ်တိုင်ဆွဲခဲ့သော ပန်းချီဖြစ်သည်။
ထိုစဉ်က နင်ချန်မှာ ယခုကဲ့သို့ တည်ငြိမ်မှုမရှိသေးဘဲ ဂန္ဓာမာပန်းကို ဆွဲထားသည့်တိုင်အောင် ထက်မြက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုထက်မြက်မှုများကိုပင် ချီရှီက အလွန်အမင်း နှစ်သက်ခဲ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က သူမသည် နန်းတွင်းမဝင်ရသေးမီ ဧကရာဇ် နန်းတွင်းမှထွက်၍ တောင်ပိုင်းသို့ လှည့်လည်စဉ် မြို့တံခါးအနီးရှိ လက်ဖက်ရည်ဆိုင်ပေါ်မှ သူ့ကို အဝေးကနေ တစ်ချက် မြင်တွေ့ခဲ့ဖူးသည်။ ထိုအကြည့်တစ်ချက်ဖြင့်ပင် သူမ စိတ်နှလုံးကို ပေးအပ်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် ယခု နန်းတွင်းသို့ ရောက်လာချိန်တွင်မူ... ဤကဲ့သို့ တွေ့ရခြင်းထက် အမှတ်တရအဖြစ်သာ အမြဲသိမ်းဆည်းထားခဲ့လျှင် ပိုကောင်းမည်ဟု ခံစားလိုက်ရသည်။ သူသည် အခြားအမျိုးသမီးတစ်ဦးနှင့် ရင်းနှီးနေသည်ကို သူမ တကယ်ပင် မကြည့်လိုပေ။
သို့သော် ချီရှီ၏နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများမှာ အချည်းနှီးပင် ဖြစ်သည်။ နင်ချန်၏ စိတ်နှလုံးမှာ သူမအပေါ်တွင် မရှိရာ သူမ၏ ခံစားချက်ကို သူ မည်သို့ သိနိုင်ပါမည်နည်း။
...
ယခုအချိန်တွင် နင်ချန် အာရုံစိုက်နေသည်မှာ ယဲ့ယွင်သည် မကြာမီ ပြောင်းရွှေ့စံမြန်းရမည့် နေရာသစ်အပေါ် စိတ်တိုင်းကျခြင်း ရှိမရှိ ဆိုသည်ကိုပင်။ သူသည် ယဲ့ယွင်အား ဂရုတစိုက် ဆွဲခေါ်လျက် ကျောက်ချွန်းနန်းဆောင်၏ တံခါးခုံကို ကျော်ဖြတ်ကာ ဝင်းအတွင်းသို့ ဝင်လာခဲ့သည်။
ထို့နောက်နင်ချန်က ဧကရာဇ်အားကပ်ဖားရပ်ဖားလုပ်တတ်သော ကုန်းကုန်းတို့လေသံဖြင့်ပြောလေတော့သည်။
"မင်းက ပန်းပင်တွေ စိုက်ရတာ ဝါသနာပါတာဆိုတော့ ကျန်း က နံရံထောင့်မှာ ကျောက်ကန်လေးတွေ လုပ်ခိုင်းထားတယ်၊ အဲဒီမှာ ပန်းလေးတွေ စိုက်လိုက်ရင် ဝင်းတစ်ခုလုံးကို ပန်းတွေနဲ့ ဝန်းရံထားသလိုမျိုး အရမ်းလှသွားမှာပဲ"
***