နင်ချန်၏အသေးစိတ်တွေးပေးမှုကြောင့်ယဲ့ယွင်စိတ်ထဲကြည်နူးကာပြုံးရွှင်လျက်ဆိုလိုက်သည်။
"အရှင်မင်းကြီးရဲ့ စိတ်ကူးက တကယ်ကို ဆန်းကြယ်တာပဲ ဒါပေမဲ့ချန်းချဲ့မှာ ပြန်ဆပ်စရာ ဘာမှမရှိလို့ ပန်းတွေပွင့်တဲ့အချိန်ကျရင် အရှင်မင်းကြီးကို အတူတူ ပန်းကြည့်ဖို့ပဲ ဖိတ်ခေါ်နိုင်ပါတော့တယ်"
သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ပြုပြင်မွမ်းမံမှုများမှာ အတော်လေး ပြီးစီးနေပြီ ဖြစ်သည်။ တံခါး၊ ပြတင်းပေါက်နှင့် သစ်သားစင်္ကြံများကို ဆေးအသစ် သုတ်ထားပြီး ပြတင်းပေါက်စက္ကူများကိုလည်း အသစ်လဲထားသည်။ အမိုးကို ကြည့်ရသည်မှာလည်း အသစ်စက်စက်ဖြစ်နေသဖြင့် အုတ်ကြွပ်များကို အသစ်လဲထားပုံရသည်။
ရှေ့ဝင်းမှ အသံများကို ကြားရသဖြင့် အနောက်ဘက်တွင် လုပ်ငန်းခွင်ကို ကြီးကြပ်နေသော အကြီးအကဲကုန်းကုန်းမှာ အပြေးအလွှား လာရောက် ဂါရဝပြုလေသည်။
"ကျွန်တော်မျိုး လီယုံဟွိုင်၊ အရှင်မင်းကြီးနဲ့ မင်ရှိုးယွမ်ကို ဂါရဝပြုပါတယ်"
"ထတော့" နင်ချန်က လက်ကာပြကာ "ကျန်း နဲ့ မင်ရှိုးယွမ်က ဒီဝင်းပြုပြင်တာ ဘယ်လိုရှိလဲဆိုတာ လာကြည့်တာ၊ မင်းက တာဝန်ခံဆိုတော့ ကျန်းတို့ကို လိုက်ပြပေးဦး။”
လီယုံဟွိုင်က ထူးသံပေးကာ ဦးတိုက်ပြီးမှ ထရပ်လိုက်သည်။ထို့နောက်သူက ပြုံးရွှင်သော မျက်နှာဖြင့် စတင်ရှင်းပြတော့သည်။
"ဒီကျောက်ချွန်းနန်းဆောင်က နှစ်ထပ်ဝင်း အမျိုးအစားပါ၊ ဒါပေမဲ့ တည်ဆောက်ပုံက နည်းနည်းကွဲပြားပါတယ်၊ ရှေ့ဝင်းက ပိုကျယ်ပြီး အနောက်ဝင်းက နည်းနည်းကျဉ်းပါတယ်၊ တံခါးမကြီးကနေ ဝင်လိုက်တာနဲ့ ရှေ့ဝင်းကို ရောက်မှာပါ၊ အဲဒီမှာ အဆောင်မကြီးနဲ့ ဝဲယာအဆောင်နှစ်ခု ရှိပါတယ်၊ အနောက်ဘက်ကိုတော့ နံရံတစ်ခုနဲ့ ခြားထားပြီး ပန်းဆွဲတံခါးတစ်ခု ရှိပါတယ်၊ အနောက်ဘက်မှာတော့ အဆောင်မကြီးထက် နည်းနည်းကျဉ်းတဲ့ အဆောင်နဲ့ နားနေခန်း နှစ်ခန်း ရှိပါတယ်"
ယဲ့ယွင်သည် ဤကဲ့သို့သော အသေးစိတ်များကို သိပ်မလေ့လာဖူးပေ။ သူမ နေထိုင်ရာ ယွီရှို့အဆောင်မှာ ပုံမှန်ဝင်းတစ်ခုသာဖြစ်ပြီး အဆောင်မကြီး တစ်ခုနှင့် အဆောင်ငယ် နှစ်ခုသာ ရှိသည်။ သူမ နန်းတွင်းဝင်ကတည်းက အဆောင်မကြီးမှာသာ နေထိုင်ခဲ့ပြီး ဘေးအဆောင်ငယ်များကို အစေခံများအား ပေးနေစေခဲ့သည်။ ယခု သေချာကြည့်လိုက်မှ ဘေးအဆောင်များမှာ တကယ်ပင် မကျယ်လှပေ။
ထိုကြောင့်ယိရွှင်ရုန်၏ နှင်ထုတ်ခြင်းကို ခံရကာ ဝေ့ရွယ်အဆောင်၏ အရှေ့ဘက်အဆောင်ငယ်တွင် ကပ်နေရသော ယောင်ရှန်းကို သတိရသွားပြီး ယဲ့ယွင် ရင်ထဲတွင် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။
"ကြည့်ရတာ အတော်လေး သဘောကျနေပုံပဲ၊ သိပ်တောင် မကြည့်ရသေးဘူး ချင်းချင်းက ပြုံးနေပြီပဲ။”
ထိုသို့ပြော၍ နင်ချန်က သူမလက်ကို ဆိတ်လိုက်သည်။
ယဲ့ယွင် အတွေးစကို ဖြတ်လိုက်ပြီး ဘေးမှ လူသားကို ကြည့်ကာ နှုတ်ခမ်းလေးတွန့်
လိုက်သည်။
"အရှင်မင်းကြီး ဆုချထားတာဆိုတော့ ချန်းချဲ့က ဘာမဆို သဘောကျပါတယ်။”
၎င်းတို့နှစ်ဦး၏ ချစ်ကြည်မှုကို မြင်လိုက်ရသော လီယုံဟွိုင်မှာ ပို၍ပင် သတိထားကာ စေ့စပ်စွာ ရှင်းပြတော့သည်။ အရှင်မင်းကြီးက မင်ရှိုးယွမ်ကို ဤမျှ ချစ်မြတ်နိုးနေမှတော့ သူမကို မည်သည့်နည်းနဲ့မျှ အပြစ်မလုပ်ဝံ့ပေ။
သူသည် အခြားနေရာများကိုပါ လိုက်လံ မိတ်ဆက်ပေးသည်။ အခြေခံအားဖြင့် ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း အရှေ့ဘက်အဆောင်ကို သားဖွားခန်းအဖြစ် အသွင်ပြောင်းထားသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။ အလွန်ပါးနပ်စွာ ပြင်ဆင်ထားသဖြင့် ကလေးမွေးပြီးလျှင်လည်း မူလအတိုင်း ပြန်လည် ပြုပြင်ရန် လွယ်ကူလှသည်။ ၎င်းကို လူနေခန်းအဖြစ် ပြန်သုံးနိုင်သလို ဂိုဒေါင်ငယ်အဖြစ်လည်း သုံးနိုင်ပေသည်။
အနောက်ဘက်ဆောင်မှာမူ ကလေးအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ နန်းတွင်းတွင် ကလေးများကို မိခင်နှင့်အတူ သိပ်လေ့မရှိဘဲ သီးသန့်အဆောင်တွင်သာ ထားလေ့ရှိသည်။
အနောက်ဘက်သို့ ရောက်ရှိချိန်တွင် အစေခံအချို့ ဆေးသုတ်ခြင်းနှင့် အုတ်ကြွပ်လဲခြင်းများ လုပ်ဆောင်နေဆဲဖြစ်သဖြင့် အထဲသို့ ဝင်မကြည့်တော့ပေ။ ရှေ့ဝင်းသို့ ပြန်လှည့်လာကာ အဆောင်မကြီးထဲသို့ ဝင်ကြည့်လိုက်ကြသည်။ အခန်းအပြင်အဆင်မှာ ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိသော်လည်း အတော်လေး ကျယ်ဝန်းလှသည်။
"ကျန်း ကြည့်ရတာ မင်းဆီမှာ ဟွမ်လီမူသစ်နဲ့ လုပ်ထားတဲ့ စားပွဲ၊ ကုလားထိုင်တွေ များနေသလိုပဲ၊ ဒါကြောင့် အားလုံးကို အဲဒီသစ်နဲ့ပဲ လဲခိုင်းလိုက်တယ်၊ အခုလောလောဆယ် သုံးကြည့်လိုက်ဦး၊ မကြိုက်ရင် ထပ်လဲပေးမယ်"
နင်ချန်က ပြောရင်း ဘေးမှ စားပွဲတစ်ခုကို ကိုင်ကြည့်လိုက်သည်။ အထိအတွေ့မှာ အတော်လေး ကောင်းမွန်လှသည်။
ယဲ့ယွင်လည်း သဘာဝအတိုင်း ကျေနပ်သွားကာ ပြုံးရွှင်လျက် အိပ်ခန်းထဲသို့ ဝင်ကြည့်သည်။ ကုတင်ပေါ်တွင် အခင်းများ မခင်းရသေးသော်လည်း ဝတ်ရုံဗီဒိုနှင့် ခုတင်မှာမူ အသင့်ရှိနေပြီ ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ အံ့သြသွားတော့သည်။
"ဒီခုတင်က နန်မူသစ်နဲ့ လုပ်ထားတာလား?"
နင်ချန်က ချောင်းဟန့်ကာပြောလိုက်သည်။
"အင်း... ကျန်း က သီးသန့် လုပ်ခိုင်းထားတာ၊ နန်မူသစ်က ခိုင်ခံ့ပြီး တာရှည်ခံတယ်၊ ခုတင်လုပ်ဖို့ အကောင်းဆုံးပဲ"
ယဲ့ယွင်က လက်ဖြင့် စမ်းကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒါပေမဲ့ ဒါက အရမ်း တန်ဖိုးကြီးလွန်းနေပြီလား မသိဘူး"
နင်ချန်က မျက်ခုံးလေးပင့်ကာ
"ဒါက သာမန် နန်မူသစ်ပါ၊ ရွှေမျှင်နန်မူမှ မဟုတ်တာ၊ မင်းက ကျန်း ကို ခုတင်ကောင်းကောင်း တစ်လုံးတောင် မလုပ်ပေးနိုင်ဘူးလို့ ထင်နေတာလား။”
"အရှင်မင်းကြီးက ချန်းချဲ့အပေါ် တကယ် ကောင်းလွန်းပါတယ်၊ ချန်းချဲ့တောင် နည်းနည်း ကြောက်လာပြီ"
ယဲ့ယွင်က နင်ချန်ရှေ့တွင်တိုးတိုးလေး ညည်းတွားလိုက်သည်။
သူမက လှည့်လိုက်ပြီး သူ့ကို စိုက်ကြည့်
လိုက်၏။ ယဲ့ယွင်၏မျက်ဝန်းထဲရှိ ဝမ်းနည်းရိပ်များကို မြင်လိုက်ရသဖြင့် နင်ချန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး သူက လက်ကိုလှမ်း၍ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"ဘာဖြစ်လို့လဲ... ကျန်း က မင်းကို ကာကွယ်ပေးထားတာပဲ၊ ဘာကို ကြောက်နေတာလဲ။”
"ချန်းချဲ့ ကြောက်တာက တစ်နေ့ကျရင် အရှင်မင်းကြီး ချန်းချဲ့ကို မချစ်တော့မှာကိုပါ၊ အခု အရှင်မင်းကြီး ချန်းချဲ့အပေါ် ကောင်းပေးသမျှတွေက နောက်တစ်ချိန်ကြတခြားလူတွေအတွက်ဖြစ်သွားမှာကြောက်သလို အဲ့လူတွေကချန်းချဲ့ကို ဒုက္ခပေးမှာလည်းကြောက်တယ်။”
ယဲ့ယွင်၏ အသံမှာ အနည်းငယ် လေးလံနေသည်။ သူမ၏ ခေါင်းကို နင်ချန်၏ ပုခုံးပေါ်သို့ ဂရုတစိုက် မှီထားလိုက်၏။ ထိုအခိုက်အတန့်တွင် သူမသည် ဒဏ်ရာရထားသော ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ နုနယ်နေတော့သည်။
ဤကဲ့သို့ အခြေအနေမျိုးမှာ အလွန်ရှားလှသဖြင့် နင်ချန်၏ စိတ်နှလုံးမှာ နာကျင်သွားရသည်။ ရင်ခွင်ထဲက လူသားလေးမှာ ပုံမှန်ဆိုလျှင် မောက်မာရိုင်းစိုင်းသော်လည်း တကယ်တမ်းတွင်မူ ရိုးသားဖြူစင်သော အမျိုးသမီးငယ်လေးသာ ဖြစ်သည်။ ယဲ့မိသားစုကဲ့သို့ ပွင့်လင်းရိုးသားသူတစ်ဦးသည် လှည့်ဖြားတတ်ပြီး ဟန်ဆောင်ကောင်းသူများကြားတွင် မည်သို့ ယှဉ်ပြိုင်နိုင်ပါ့မည်နည်း။
"စိတ်ချပါ... ကျန်း က မင်းကိုရော မင်းတို့သားအမိနှစ်ယောက်လုံး ဘေးကင်းအောင် ကာကွယ်ပေးပါ့မယ်။”
နင်ချန်က ယဲ့ယွင်၏ ကျောကို အသာအယာ ပွတ်သပ်ပေးနေမိသည်မှာ အလွန်ပင် နူးညံ့လှသည်။ ယဲ့ယွင်သည်ခေါင်းကို အနည်းငယ် ငုံ့ထားကာ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရောင်အဝါများ လက်သွားပြီးမှ ပြန်လည်ပြုံးရွှင်သော ပုံစံသို့ ချက်ချင်း ပြောင်းလဲလိုက်သည်။ သို့သော် သူမ၏ မျက်ဝန်းအနက်ပိုင်းတွင်မူ တည်ငြိမ်အေးစက်မှုများ ကိန်းအောင်းနေဆဲပင်။
....
ကျောက်ချွန်းနန်းဆောင်မှ ထွက်လာချိန်တွင် ယဲ့ယွင် လမ်းသိပ်မလျှောက်နိုင်တော့ပေ။ မိမိ၏ ကိုယ်လက်လှုပ်ရှားနိုင်စွမ်းကို အထင်ကြီးမိသွားခြင်း ဖြစ်သည်။ ငါးလအရွယ် ကိုယ်ဝန်ဆောင်တစ်ဦးမှာ ဆောင်းရာသီ အဝတ်အစား ထူထူများနှင့်ဖြစ်သောကြောင့်အတော်လေး ပင်ပန်းလှသည်။ ကံကောင်းသည်မှာ ဝေါယာဉ်က အနောက်မှ လိုက်လာသဖြင့် စီး၍ ပြန်ခဲ့ကြသည်။
ဤသို့ အပြင်ထွက်ခြင်းကို မည်သူ့ကိုမျှ ဖုံးကွယ်မထားသဖြင့် နန်းတွင်းတစ်ခုလုံးသိသွားကြတော့သည်။ အရှင်မင်းကြီးသည် မင်ရှိုးယွမ်နှင့်အတူ နေရာသစ်သို့ သွားရောက်ကြည့်ရှုခဲ့သည်ဟူသော သတင်းကြောင့် ကိုယ်လုပ်တော်များမှာ နောက်တစ်ကြိမ် မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာကြပြန်သည်။
အခြားတစ်ဖက်တွင်မူ မိဖုရားခေါင်ကြီးသည် ဝေ့ရွယ်အဆောင်သို့ ရောက်ရှိလာခဲ့သည်။ မိဖုရားခေါင်ကြီး ကြွလာကြောင်း ကြားသိရသဖြင့် ယောင်ရှန်းမှာ အံ့သြသွားသော်လည်း ကြိုဆိုရန် ထွက်လာခဲ့သည်။
"မင်းမှာ ကိုယ်ဝန်နဲ့မို့လို့ ဒီလို စည်းမျဉ်းအတိုင်းလုပ်နေဖို့မလိုပါဘူး မြန်မြန် ထ။”
မိဖုရားခေါင်ကြီးက ပြုံးလျက် သူမကို တွဲထူလိုက်သည်။ ယောင်ရှန်းသည် အလိုက်သင့်ထရပ်လိုက်ကာ မိဖုရားကြီးအားဦးညွှတ်ထားဆဲဖြစ်သည်။
"မိဖုရားခေါင်ကြီးက ဘာလို့ ချန်းချဲ့ဆီကို ရုတ်တရက် ကြွလာတာလဲ မသိဘူး၊ အပြင်မှာ အေးတယ်၊ အခန်းထဲဝင်ပြီး လက်ဖက်ရည်ပူပူလေး သောက်ပါဦး"
"ကောင်းပြီ" မိဖုရားခေါင်ကြီးက ခေါင်းငြိမ့်ကာ အဆောင်မကြီးဘက်သို့ ဦးတည်လိုက်သည်။
မိဖုရားခေါင်ကြီးကအဆောင်မကြီးဘက်သို့ဦးတည်နေသဖြင့် ယောင်ရှန်း မတတ်နိုင်တော့ပဲ ပြောရတော့သည်။
"မိဖုရားခေါင်ကြီး... ဒီဘက်ကို ကြွပါဦး"
မိဖုရားခေါင်ကြီး မျက်နှာတွင် နားမလည်
ဟန် ပြလိုက်ကာပြန်ပြောလိုက်သည်။
"မင်းက ဘာလို့ ဘေးအဆောင်ငယ်မှာ သွားနေနေတာလဲ၊ ကိုယ်ဝန်နဲ့ဆိုတော့ အဆောင်ငယ်က ကျဉ်းပြီး နေရတာ အရမ်း ကျပ်ညပ်မနေဘူးလား။”
"မိဖုရားခေါင်ကြီးကို လျှောက်တင်ပါတယ်၊ ချန်းချဲ့က ကျိုဖင်ဘွဲ့ မရှိသေးတော့ စည်းကမ်းတွေကို မလွန်ဆန်ရဲလို့အဆောင်မကြီးမှာ နေရင် စည်းကမ်းဖောက်ဖျက်သလို ဖြစ်မှာစိုးလို့ပါ၊ အရင်ရက်က ယိရွှင်ရုန်ကလည်း သတိပေးတာနဲ့ ချန်းချဲ့ ချက်ချင်းပြောင်းလာခဲ့တာပါ"
ဤကိစ္စကို မိဖုရားခေါင်ကြီး မသိဘဲ မနေမှန်း သူမ သိသော်လည်း ယခုတွင်မူ အတူတူ ဟန်ဆောင်ကပြနေကြရသည်။
အစောပိုင်းက အရှင်မင်းကြီး သူမအပေါ် ဂရုမစိုက်သဖြင့် အဆောင်မကြီးမှ ပြောင်းရသည်ကို မသိသည်မှာ ဖြစ်နိုင်သော်လည်း မိဖုရားခေါင်ကြီးသည် နန်းတွင်းတစ်ခုလုံးကို စောင့်ကြည့်နေသူဖြစ်ရာ သတင်းမရဘဲ မဖြစ်နိုင်ပေ။ ပြောရလျှင် မိဖုရားခေါင်ကြီးသည် ယခုတွင် သူမအား ကျေးဇူးတင်စရာတစ်ခု ဖန်တီးပေးရန် တကူးတက လာရောက်ခြင်း ဖြစ်သဖြင့် ဤကိစ္စကို တမင် ထုတ်ပြောခြင်းသာ ဖြစ်သည်။
မှန်းထားသည့်အတိုင်းပင် မိဖုရားခေါင်ကြီးက သက်ပြင်းချကာ သူမလက်ကို ဆုပ်ကိုင်၍ ပုတ်ပေးလိုက်သည်။
"အို... ပန်းကုန်း မင်းကို တကယ် အားနာမိပါတယ်၊ ကိုယ်ဝန်နဲ့ကို ဘေးအဆောင်ငယ်မှာ ကပ်နေရတယ်လို့၊ ကဲ... ပန်ကုန်း ကပဲ ဆုံးဖြတ်ပေးလိုက်မယ်၊ မင်း အဆောင်မကြီးဆီကို အခုပဲ ပြန်ပြောင်းနေလိုက်တော့၊ ကလေးမွေးပြီးရင်လည်း ရာထူးတက်မှာပဲဆိုတော့ နည်းနည်းစောတာ ဘာမှမဖြစ်ပါဘူး။”
"ချန်းချဲ့မိဖုရားခေါင်ကြီးကို ကျေးဇူးတင်ပါတယ်"
ယောင်ရှန်းက ခါးလေးကို ကိုင်ကာ အရ်ိုအသေပြုလိုက်သည်။
ဤကျေးဇူးကိုမူ သူမ လက်ခံရမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ကိုယ်တိုင် နေရထိုင်ရသက်သောင့်သက်သာ ဖြစ်ရေးက အရေးကြီးသောကြောင့်ပင်။
ယောင်ရှန်းသည် ယခင်ဘဝကတည်းကပင် တစ်ဘဝလုံး တန်ဖိုးကြီးစွာ နေထိုင်ခဲ့သူဖြစ်ပြီး ယခုဘဝတွင်လည်း ထို့အတူပင်ဖြစ်ရာ ဤကဲ့သို့ ကျပ်ကျပ်တည်းတည်း နေရခြင်းကို မည်သို့ သည်းခံနိုင်ပါမည်နည်း။
ထို့နောက်နှစ်ဦးသား ဘေးအဆောင်ငယ်ထဲတွင် ဝင်ထိုင်လိုက်ကြသည်။ အစေခံများက မုန့်နှင့် လက်ဖက်ရည်များ ချပေးပြီးနောက် အပြင်သို့ ထွက်သွားကြသည်။ မိဖုရားခေါင်ကြီးက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရာ လက်ဖက်ရည်မှာ အတော်လေး ကောင်းမွန်နေသည်ကို တွေ့ရသည်။ အခန်းတွင်းရှိ ပစ္စည်းပရိဘောဂများကို သေချာကြည့်လိုက်လျှင်လည်း အားလုံးမှာ အဆင့်မြင့် ပစ္စည်းများပင် ဖြစ်သည်။
သူမသည် မျိုးရိုးကြီးမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ထိုက်ကွေ့ဖေး၏ စောင့်ရှောက်မှုကိုလည်း ရရှိထားရာ ရာထူးအဆင့်ဆင့် ကျဆင်းသွားသည့်တိုင်အောင် နေထိုင်မှုမှာ ခက်ခဲပုံမရပေ။ သို့သော် နေရထိုင်ရ မခက်ခဲခြင်းကအရေးမကြီးပင်၊ အနောက်ဆောင်တွင်ထင်ပေါ်ကျော်ကြားချင်ခြင်းကပင် အရေးကြီးပေသည်။
အမြင့်ကနေ ပြုတ်ကျသွားသောမြင့်မြတ်သောအမျိုးသမီးများသာလျှင် ထိုနေရာသို့ ပြန်လည် တက်လှမ်းလိုစိတ် ပို၍ ပြင်းပြတတ်ကြသည်။
မိဖုရားခေါင်ကြီးသည် မျက်ဝန်းများကို မှေးလိုက်ကာ ဂရုတစိုက် မေးလိုက်သည်။
"ဒီရက်ပိုင်း အစားအသောက်၊ အဝတ်အစားတွေရော အဆင်ပြေရဲ့လား? ကိုယ်ဝန်ကရော တည်ငြိမ်ရဲ့လား၊ ပန်ကုန်း က သမားတော်ဆီက သတင်းကြားရရုံနဲ့ စိတ်မအေးနိုင်လို့ ကိုယ်တိုင်လာကြည့်တာပါ၊ စူးကျယ်ယွီ ရဲ့ သင်ခန်းစာလည်း ရှိထားတာဆိုတော့လေ"
***