ဖူယွင်ဆောင်အတွင်း၌...
ပစ္စည်းများ လာရောက်ပို့ဆောင်ပေးသူမှာ လုကျစ် ဖြစ်သည်။
"အစ်မ... ဘာလို့ကိုယ်တိုင် လာရတာလဲ၊အခုထိအအေးဓာတ်က ကျန်နေသေးတာကို... တစ်လမ်းလုံး လာရတော့ မျက်နှာတောင် နီနေပြီပဲ၊ အထဲကို မြန်မြန်ကြွပြီး လက်ဖက်ရည်ပူပူလေး သောက်ရင်း အနားယူပါဦး"
ကျန့်ချိုက်ရန်၏ အနားမှ ဖေးချွေ့က အပြေးအလွှား ထွက်ကြိုလေသည်။
လုကျစ်က ပြုံးလျက် "ရှိုးယွမ်က ချိုက်ရန်ကို သတိရနေတာလေ၊ နွေဦးရောက်ပြီဆိုတော့ အင်္ကျီအသစ်တွေ ချုပ်ဖို့ ပိတ်စအချို့ ပေးလိုက်တာပါ"
"မင်ရှိုးယွမ်က တကယ်ကို သတိတရ ရှိလို့ဝမ်းသာမိပါတယ်၊ ချိုက်ရန်က အထဲမှာ ရှိပါတယ်၊ အစ်မ... ကျွန်မနောက်က လိုက်ခဲ့ပါဦး" ဖေးချွေ့က ဘေးသို့ တိမ်းဖယ်ပေးလိုက်သည်။
သူတို့နှစ်ဦး အတူတူ အခန်းထဲသို့ ဝင်သွားကြသည်။ ထိုစဉ် ဆန့်ကျင်ဘက် အနောက်ဘက်ဆောင်တွင် နေထိုင်သော ဝမ်ချိုက်နွီသည် ပြတင်းပေါက်ကို ဖွင့်ကာ အပြင်သို့ ချောင်းကြည့်လိုက်သည်။ လုကျစ်၏ အနောက်တွင် အစေခံမလေး နှစ်ဦးက တစ်ဦးလျှင် ဗန်းတစ်ခုစီကို ကိုင်ကာ လိုက်ပါသွားသည်ကို မြင်လိုက်ရသဖြင့် သူမ မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာတော့သည်။
"ကျွန်တော်မျိုးမ ချိုက်ရန်ကို ဂါရဝပြုပါတယ်" လုကျစ်သည် အခန်းထဲသို့ ရောက်သည်နှင့် စနစ်တကျ ရိုသေစွာ အလေးပြုလိုက်သည်။
ကျန့်ရှီက ထရပ်လိုက်ကာ သူမအား ကိုယ်တိုင် တွဲထူပေးလိုက်၏။
"ထပါ... မလိုပါဘူး၊ ခုနတင် ဖေးချွေ့နဲ့ စကားပြောနေတာ ကြားလိုက်သားပဲ၊ ကြည့်စမ်း... မျက်နှာလေးတောင် အေးပြီး နီနေပြီ၊ အရင်ဆုံး လက်ဖက်ရည်လေး သောက်လိုက်ဦး"
လုကျစ်က အခွင့်အရေးကို အသုံးမချဘဲ ယဉ်ကျေးစွာ ငြင်းဆန်လိုက်သည်။
"ကျွန်တော်မျိုးမက ရှိုးယွမ်ရဲ့ ကိုယ်စား ပစ္စည်းလာပို့တာပါ၊ ဒီပိတ်စတွေက အားလုံး အဆင့်မြင့် ပစ္စည်းတွေပါပဲ၊ ချိုက်ရန် ကြိုက်တတ်တဲ့ အရောင်နဲ့ ပုံစံတွေကိုလည်း သေသေချာချာ ရွေးပေးထားပါတယ်၊ ဆံထိုးအချို့လည်း ပါပါသေးတယ်၊ ရှိုးယွမ်က မှာလိုက်ပါသေးတယ်... 'တစ်နှစ်တာရဲ့ အစဟာ နွေဦးမှာ ရှိတယ်' ဆိုတဲ့အတိုင်း ခြေဆုံးခေါင်းဆုံး အသစ်တွေ လဲလှယ်ပြီး ကံကောင်းခြင်းတွေ ဆောင်ကြဉ်းရမယ်တဲ့"
နန်းတွင်းဝင်လာခဲ့သည့် ဤနှစ်များအတွင်း ကျန့်ရှီသည် သူမ၏ မျိုးရိုးနောက်ခံ မမြင့်မားသော်လည်း ကောင်းမွန်သော ပစ္စည်းများကိုမူ များစွာ မြင်တွေ့ခဲ့ဖူးသည်။ ဗန်းပေါ်ရှိ ပစ္စည်းများကို ကြည့်လိုက်ရုံနှင့်ပင် သာမန်မဟုတ်မှန်း သူမ ကောင်းကောင်း နားလည်လိုက်သည်။
"ရှိုးယွမ်ရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်၊ အခု ရှိုးယွမ်က ကိုယ်ဝန်နဲ့ဆိုတော့ ချန်းချဲ့ သွားပြီး မနှောင့်ယှက်ချင်တော့ဘူး၊နန်းဆောင်သစ်ကို ပြောင်းတဲ့အခါကျမှ ချန်းချဲ့ ကိုယ်တိုင် လာရောက် ဂါရဝပြု ကျေးဇူးတင်ပါ့မယ်"
လုကျစ်က ပြုံးလိုက်ကာ "ချိုက်ရန်ကလည်း အားနာစရာတွေ ပြောနေပြန်ပြီ၊ ကျွန်တော်မျိုးမတို့ ရှိုးယွမ်က မိတ်ဆွေတွေအပေါ် အမြဲတမ်း အလိုလိုက် အကြင်နာဆုံးပါပဲ၊ ကျွန်တော်မျိုးမလည်း ပြန်ပြီး သတင်းပို့ရဦးမှာဆိုတော့ ချိုက်ရန်ကို မနှောင့်ယှက်တော့ပါဘူး"
ကျန့်ရှီက ခေါင်းငြိမ့်ပြလိုက်ပြီး ခဏစဉ်းစားကာ သူမ၏ ဆံပင်ပေါ်မှ ငွေသားဆံထိုးလေး တစ်ချောင်းကို ဖြုတ်၍ လုကျစ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"မင်းလည်း တစ်လမ်းလုံး လာရတာ ပင်ပန်းသွားပြီ၊ လက်ဖက်ရည်တောင် တစ်ငုံ မသောက်ရသေးဘူးဆိုတော့ ဒါလေးကိုတော့ မငြင်းဘဲ ယူထားလိုက်ပါ၊ ဖေးချွေ့... လုကျစ်ကို လိုက်ပို့ပေးလိုက်ဦး"
ဖေးချွေ့က ထူးသံပေးကာ လမ်းပြလိုက်သည်။ ဤတစ်ကြိမ်တွင်မူ လုကျစ် မငြင်းတော့ပေ။ သေချာ ဂါရဝပြု ကျေးဇူးတင်ပြီးမှ ထွက်ခွာသွားတော့သည်။ အကယ်၍ အတင်းအကျပ် ငြင်းဆန်နေပါက ကျန့်ချိုက်ရန်အနေဖြင့် လုကျစ်က သူမ၏ ပစ္စည်းကို အထင်သေးသည်ဟု သံသယဝင်သွားမှာ စိုးသောကြောင့်ပင်။
....
လုကျစ် ထွက်သွားပြီး သိပ်မကြာမီမှာပင် ဆန့်ကျင်ဘက်အခန်းမှ ဝမ်ချိုက်နွီသည် သူမ၏ အစေခံမလေးကို ခေါ်ကာ ရောက်ရှိလာတော့သည်။
"အစ်မကို ဂါရဝပြုပါတယ်၊ ချန်းချဲ့ လာတာက အစ်မ ဧည့်သည်ဧည့်ခံနေတာကို နှောင့်ယှက်သလို ဖြစ်သွားလား မသိဘူးနော်"
ဝမ်ချိုက်နွီ၏ မျက်နှာတွင် အပြုံးများ ရှိနေသော်လည်း အသံမှာမူ အတော်လေး သတိထားနေပြီး ဖားယားလိုသော အရောင်များ ပါဝင်နေသည်။
ကျန့်ချိုက်ရန်က လက်ကာပြကာ "ထပါ... ဧည့်သည်ဆိုတာထက် ပစ္စည်းလာပို့တာပါ၊ မင်းက ဘာကိစ္စရှိလို့လဲ"
သူမ စကားပြောနေသော်လည်း ဝမ်ရှီက ပြန်မဖြေပေ။ သူမ မော့ကြည့်လိုက်မှ ဝမ်ချိုက်နွီ၏ မျက်ဝန်းများသည် မသိမ်းရသေးသော ဆံထိုးနှင့် ပိတ်စများပေါ်တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်ဝန်းများမှာ တောက်ပနေပြီး အားကျမှုများဖြင့် ပြည့်နှက်နေတော့သည်။
နန်းတွင်းသို့ အသစ်ဝင်လာသူဖြစ်၍ မိမိ၏ စိတ်ခံစားချက်ကို ဖုံးကွယ်ရန် မတတ်မြောက်သေးပေ။ ကျန့်ချိုက်ရန်က အသာအယာ ချောင်းဟန့်လိုက်မှ သူမ သတိဝင်လာတော့သည်။ သူမသည် အားနာစွာ ပြုံးလိုက်ပြီး သူမ၏ အနောက်မှ အိတ်ကလေးတစ်လုံးကို ထုတ်ကာ ကမ်းပေးလိုက်သည်။
"ဒီရက်ပိုင်း အားနေတာနဲ့ အစ်မအတွက် အိတ်ကလေးတစ်လုံး လုပ်ပေးထားတာပါ၊ ဒီနေ့မှ ပြီးသွားတာနဲ့ အစ်မ ကြိုက်မလားဆိုတာ လာပြတာပါ"
ကျန့်ချိုက်ရန်က လှမ်းယူကြည့်လိုက်ရာ လက်ရာမှာ တကယ်ပင် ပြောင်မြောက်လှသည်။ နန်းတွင်းရှိ အပ်ချုပ်သည်များနှင့်ပင် ယှဉ်နိုင်ပေသည်။
"မင်းလည်းပင်ပန်းသွားပြီ၊ ထိုင်ပါဦး... ငါ့ဆီမှာ လက်ဖက်ရည်ပူပူလေး ရှိတယ်၊ မုန့်တွေလည်း ရှိတယ်၊ အားမနာနဲ့"
ဤဖိတ်ခေါ်ချက်ကို ရရှိသည်နှင့် ဝမ်ချိုက်နွီသည် ဝမ်းသာအားရ ထိုင်လိုက်တော့သည်။ သူမ၏ မျက်လုံးများက ဝေ့ဝဲကြည့်နေပြီး ဤပစ္စည်းများကို မည်သူက ပေးသနည်းဟု စတင်စပ်စုတော့သည်။
၎င်းမှာ မင်ရှိုးယွမ် စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ သူမမှာ ပို၍ပင် အားကျသွားတော့သည်။ ယခုအခါ နန်းတွင်းတစ်ခုလုံးတွင် မင်ရှိုးယွမ် မည်မျှ မျက်နှာသာပေးခံရသည်ကို မည်သူက မသိဘဲ နေပါမည်နည်း။ သို့သော် ဝေးလံသီခေါင်သော ဖူယွင်ဆောင်တွင် နေထိုင်သော ကျန့်ချိုက်ရန်က မင်ရှိုးယွမ်နှင့် ဤမျှ ရင်းနှီးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ချက်ချင်းပင် ဝမ်ချိုက်နွီသည် ပို၍ ဖားယားလာတော့သည်။ သူမ၏ စကားများမှာ ကျန့်ချိုက်ရန်မှတစ်ဆင့် မင်ရှိုးယွမ်နှင့် မိတ်ဆက်ပေးရန် သွယ်ဝိုက်၍ တောင်းဆိုနေခြင်း ဖြစ်သည်။ ဝမ်ရှီ၏ အမြင်တွင်မူ ယခုအခါ မင်ရှိုးယွမ်မှာ ကိုယ်ဝန်နှင့်ဖြစ်၍ ဧကရာဇ်အား ပြုစုနိုင်မည်မဟုတ်သဖြင့် ကျန့်ရှီအား ပစ္စည်းများ ပေးပို့ခြင်းမှာ မိမိဘက်တော်သားအဖြစ် ဆွဲဆောင်ကာ ဧကရာဇ်၏ မေတ္တာကို ထိန်းသိမ်းရန် ကြိုးစားနေခြင်းဟု ထင်နေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူမကိုယ်တိုင်လည်း ပါဝင်နိုင်သည်မဟုတ်လား။
သို့သော် ကျန့်ချိုက်ရန်မှာ စိတ်ရှည်သူတစ်ဦး မဟုတ်ပေ။ နှစ်ပေါင်းများစွာ လျစ်လျူရှုခံထားရသူဖြစ်သဖြင့် သူမ၏ စိတ်နှလုံးမှာ ကျိုးဝမ်ရုန်ထက်ပင် ပို၍ မာကျောနေပြီ ဖြစ်သည်။ သိပ်မကြာခင်မှာပင် ဝမ်ချိုက်နွီ၏ စကားများကြောင့် စိတ်ညစ်လာသဖြင့် သူမအား အပြင်သို့ ယဉ်ကျေးစွာ နှင်ထုတ်လိုက်တော့သည်။
သို့သော် သူမသည် ဝမ်ရှီအား သတိပေးလိုက်သေးသည်။ မင်ရှိုးယွမ်နောက်သို့ လိုက်လိုပါက အချစ်တော်ဖြစ်ရန် မျှော်လင့်ချက်ကို စွန့်လွှတ်ရမည်ဖြစ်ပြီး ဧကရာဇ်နှင့် အိပ်ဆောင်ဝင်ရန် မစဉ်းစားရဟုပင်။ သို့သော် ဝမ်ချိုက်နွီ၏ နားထဲတွင်မူ ၎င်းမှာ ကျန့်ချိုက်ရန်က သူမအား မိတ်မဆက်ပေးချင်သဖြင့် တမင်ခြောက်လှန့်နေခြင်းဟုသာ ထင်မြင်သွားခဲ့သည်။
ထို့ကြောင့်သူမမှာ ချက်ချင်းပင် စိတ်တိုသွားတော့သည်။ ကျန့်ချိုက်ရန်က မိတ်မဆက်ပေးလျှင် သူမကိုယ်တိုင် သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ ကျန့်ရှီက သူမထက် အသက်ကြီးပြီး ရုပ်ရည်မှာလည်း သူမလောက် မလှပေ။ အကယ်၍ မင်ရှိုးယွမ်က သူမအား မျက်နှာသာပေးရန် လူတစ်ယောက် ရွေးချယ်မည်ဆိုပါက သူမကိုသာ ရွေးချယ်မည်မှာ သေချာသည်ဟု တွေးတောနေတော့သည်။ ထိုသို့တွေးရင်း ဝမ်ရှီသည် အခန်းထဲသို့ ပြန်ရောက်သည်နှင့် မည်သည့်အကြောင်းပြချက်ဖြင့် သွားရောက် ဂါရဝပြုရမလဲဆိုသည်ကို စတင် ကြံစည်တော့သည်။
.....
ညဘက်တွင်...
ဖေးချွေ့သည် မီးငြှိမ်းရန်နှင့် ကျန့်ချိုက်ရန်အား အိပ်စက်ရန် ပြင်ဆင်ပေးရင်း ဆန့်ကျင်ဘက် အခန်းတွင် အလင်းရောင်ရှိနေသေးပြီး အပ်ချုပ်နေဆဲဖြစ်ကြောင်း တိုးတိုးလေး ပြောပြလေသည်။ ဤမျှအထိ ကြိုးစားနေခြင်းနှင့် နေ့လည်က ဖြစ်ပျက်ခဲ့သည်များကို ပေါင်းစပ်ကြည့်လျှင် ဝမ်ရှီ ဘာလုပ်ချင်နေမှန်း မေးနေစရာပင် မလိုတော့ပေ။
"အိပ်တော့... သူ့ကို ဂရုစိုက်မနေနဲ့၊ မင်ရှိုးယွမ်ကသာ သူ့ကို တကယ် လက်ခံလိုက်မယ်ဆိုရင်တော့ ထူးဆန်းနေလိမ့်မယ်"
ကျန့်ရှီက အေးဆေးစွာ ဆိုလိုက်သည်။
ဖေးချွေ့သည်လည်း ထို့အတူပင် တွေးထားသဖြင့် ဘာမှ ဆက်မပြောတော့ပေ။
......
သို့သော် သခင်နှင့် အစေခံနှစ်ဦးလုံး မမျှော်လင့်ထားသည်မှာ ဝမ်ရှီသည် ဤမျှအထိ တက်ကြွနေပြီး အခွင့်အရေးကို မြဲမြဲဆုပ်ကိုင်ထားခြင်းပင်။ သူမသည် ရက်အနည်းငယ်မျှ အပြင်မထွက်ဘဲ ကလေးဝတ်စုံ နှစ်စုံကို ချုပ်လုပ်ပြီးနောက် ယွီရှို့အဆောင် သို့ ထွက်ခွာခဲ့တော့သည်။
ယဲ့ယွင်သည် ပျင်းရိစွာဖြင့် ခုတင်ငယ်ပေါ်တွင် လဲလျောင်းနေသည်။ လျန်မားမား ပြောပြနေသော ကိုယ်ဝန်ဆောင်စဉ် သတိထားရမည့် အချက်များကို နားထောင်ရင်း ညာန်ကောင်းကို ပွတ်သပ်ကစားနေမိသည်။
ဝမ်ချိုက်နွီ လာရောက် ဂါရဝပြုကြောင်း ကြားသိရသောအခါ မည်သည့် ဝမ်ချိုက်နွီလဲဆိုသည်ကို သူမ ချက်ချင်း မစဉ်းစားမိပေ။
ပိုင်ရှုက အမြန်ပင် ရှင်းပြလေသည်။
"မနှစ်ကမှ နန်းတွင်းဝင်လာတဲ့ လူသစ်ပါ၊ ကျန့်ချိုက်ရန်နဲ့အတူ ဖူယွင်ဆောင်မှာ နေတဲ့သူပါ၊ ယုံကျိုးကသူဌေးသမီးလို့ ကြားပါတယ်"
"ယုံကျိုး?" ယဲ့ယွင် မျက်မှောင်ကြုတ်
လိုက်သည်။
"ဒါဆို အန်းရှီနဲ့ တစ်မြေတည်းသားပေါ့၊ ယုံကျိုးက တကယ်ကို အလှလေးတွေ ထွက်တာပဲနော်၊ အရင်က ဝမ်သယ့်ဖေး ရှိခဲ့သလို အခုလည်း ဝမ်ချိုက်နွီ တစ်ယောက် ရောက်လာပြန်ပြီ"
"ဒါဆို ရှိုးယွမ် တွေ့မှာလား၊ မတွေ့ဘူးလား?" ပိုင်ရှုက ဂရုတစိုက် မေးသည်။
ယဲ့ယွင်က လက်ကာပြကာ "တွေ့လိုက်ပါမယ်၊ လူက ရောက်တောင် ရောက်နေပြီပဲ၊ ဘယ်လို နတ်မိမယ်မျိုးလဲဆိုတာ ကြည့်ရသေးတာပေါ့"
သိပ်မကြာမီမှာပင် ပိုင်ရှုသည် အမျိုးသမီးနှစ်ဦးကို ခေါ်ဆောင်လာသည်။ ရှေ့ဆုံးမှ လူမှာ ဝမ်ချိုက်နွီ ဖြစ်သည်။ စံပြဖြစ်သော မျက်နှာသွယ်သွယ်၊ တောက်ပသော မျက်ဝန်းများနှင့် မျက်ခုံးနှစ်ခုမှာ ပုံမှန်ထက် အနည်းငယ် ထူအောင် ဆွဲထားသဖြင့် ပို၍ တက်ကြွလန်းဆန်းသော ပုံစံရှိသည်။ ချယ်ရီသီးနှုတ်ခမ်းလေးနှင့် ပြုံးလိုက်လျှင် ပါးချိုင့်လေးနှစ်ဖက် ပေါ်လာတတ်သည်။
ကြည့်ရသည်မှာ ချိုမြိန်သော အလှလေးတစ်ဦးပင်။ ၎င်းမှာ အန်းရှီနှင့် အနည်းငယ်မျှ မတူပေ။ အန်းရှီ၏ ရုပ်ရည်မှာ နူးညံ့လန်းဆန်းသော အမျိုးအစားဖြစ်ပြီး တည်ငြိမ်အေးဆေးကာ အနည်းငယ် အေးစက်သော အငွေ့အသက် ရှိသည်။
"ကျွန်တော်မျိုးမ မင်ရှိုးယွမ်ကို ဂါရဝပြုပါတယ်၊ ရှိုးယွမ် ဘေးကင်းပါစေ"
ဝမ်ရှီသည် ရောက်သည်နှင့် ချက်ချင်းပင် အရိုအသေပြုကာ ဂါရဝပြုလေသည်။
ယဲ့ယွင်က သူမကို တစ်ချက် အကဲခတ်လိုက်ပြီးမှ ကိုယ်ကို ဖြည်းဖြည်းချင်း မတ်လိုက်ကာ ပြောလိုက်သည်။
"ထပါ... နေရာပေးလိုက်ပါဦး။”
ဟွေယွဲ့က ထူးသံပေးကာ ထိုင်ခုံလေးတစ်လုံး ယူလာပေးသည်။ ဝမ်ချိုက်နွီသည် ကျေးဇူးတင်စကားဆိုပြီးနောက် အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် ထိုင်လိုက်တော့သည်။
"ကျွန်တော်မျိုးမ အိမ်မှာတုန်းကအပ်ချုပ်တာကို အရမ်းဝါသနာပါခဲ့တာပါ၊ ဒီရက်ပိုင်း အားနေတာနဲ့ ရှိုးယွမ် ဗိုက်ထဲက ရင်သွေးလေးအတွက် င်္အကျီလေးနည်းနည်းချုပ်ထားပါတယ်၊ ရှိုးယွမ်ကြိုက်မလားမသိပေမဲ့ လာပို့တာပါ"
ယဲ့ယွင်ရယ်လိုက်ကာဖော်ရွေသောအပြုံးဖြင့် အေးဆေးစွာ ပြောလိုက်သည်။
"ဪ... တကယ်ကိုစဉ်းစားပေးတတ်တာပဲ အမှန်တော့တို့ကိုယ်ဝန်က ခြောက်လတောင် မပြည့်သေးဘူးရယ် မင်းက င်္အကျီတွေကိုတောင်ချုပ်ထားပြီပြီပေါ့"
ဝမ်ချိုက်နွီက အနည်းငယ် ဖားယားသော အပြုံးဖြင့် လျှောက်တင်လိုက်သည်။
"ရှိုးယွမ်လောက် ကံကောင်းတဲ့သူအနောက်ဆောင်မှာရှိပါ့အုံးမလား၊ ချန်းချဲ့ ချုပ်ထားတဲ့အင်္ကျီတွေကို ရှိုးယွမ်ရဲ့ အနားမှာ အကြာကြီးထားမယ်ဆိုရင်မင်းသားလေး မွေးလာတဲ့အခါ မိခင်ရဲ့ ကံကောင်းခြင်းတွေ ပါဝင်တဲ့ အင်္ကျီတွေကို ဝတ်ဆင်ရတော့ ကျန်းမာလန်းဆန်းမှာ သေချာပါတယ်။”
***