"အို မင်းတကယ်အပြောကောင်းတာပဲ၊ ထားပါတော့ ချုပ်ရိုးချုပ်သားကိုကြည့်ပြီးမင်းအပင်ပန်းခံထားမှန်းသိသာပါတယ်။”
ယဲ့ယွင်က နှုတ်ခမ်းလေး အသာအယာ တွန့်လိုက်သည်။ သူမက နန်ကျစ်ကို မျက်ရိပ်ပြလိုက်ရာ နန်ကျစ်က ပစ္စည်းများကို လှမ်းယူလိုက်သည်။
ထို့နောက် ယဲ့ယွင်က တိုက်ရိုက်ပင် မေးလိုက်၏။
"ဒါပေမဲ့ဝမ်ချိုက်နွီက တို့ဆီလာတာ ပစ္စည်းလာပို့တာလောက်တင် မကဘူးထင်တယ်၊ ဘာလိုချင်တာလဲဆိုတာကိုပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်... အချစ်တော်ဖြစ်ဖို့ကိုတော့ မမျှော်လင့်ပါနဲ့၊ တို့ကတခြားမိန်းမကို နဂါးခုတင် (အရှင်မင်းကြီးအိပ်ရာ) ပေါ် ပို့ပေးတတ်တဲ့သူမျိုး မဟုတ်ဘူး"
ဤစကားကို ကြားလိုက်ရချိန်တွင် ဝမ်ရှီ၏ မျက်နှာမှာ ချက်ချင်းပင် တောင့်ခဲသွားတော့သည်။
ကျန့်ချိုက်ရန် အရင်က ပြောခဲ့သော စကားများကို သတိရသွားပြီးမှ ကျန့်ရှီသည် သူမကို လိမ်ညာခဲ့ခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။ သို့သော် သူမ တောင်းဆိုလိုသည်မှာ အရှင်မင်းကြီး၏ မျက်နှာသာပေးမှုပင် ဖြစ်၏။ သို့သော် ယခု ယဲ့ယွင်၏ စကားများကြောင့် သူမမှာ ကြောက်လန့်သွားပြီး စကားတစ်လုံးမျှပင် ထပ်မပြောဝံ့တော့ပေ။
သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အတော်ကြာမှ အားယူကာ အားနာစရာကောင်းသော အပြုံးတစ်ခုကို ဖန်တီးလိုက်ရသည်။
"ရှိုးယွမ်ကလည်း ဘာတွေပြောနေတာလဲ၊ ချန်းချဲ့က ရှိုးယွမ်ရဲ့ ရှေ့မှာ အချစ်တော်ဖြစ်ဖို့ ဘယ်လိုလုပ် ယှဉ်ဝံ့ပါ့မလဲ၊ ချန်းချဲ့က ရှိုးယွမ်ရဲ့ အကာအကွယ်အောက်မှာ နန်းတွင်းဘဝကို သိပ်မခက်ခဲဘဲ ဖြတ်သန်းချင်ရုံသက်သက်ပါပဲ။”
ထိုသို့ ပြောလိုက်သော်လည်း ဝမ်ရှီ၏ အရည်အချင်းမှာ အလွန်နုနယ်သေးရာ သူမ၏ လုပ်ရပ်များက စိတ်ထဲရှိ ရည်မှန်းချက်ကို အထင်အသား ဖော်ပြနေတော့သည်။ ယဲ့ယွင်က ယုံကြည်လိုက်မည်ဆိုလျှင် ထူးဆန်းနေပေလိမ့်မည်။
သို့သော် ဝမ်ချိုက်နွီသည် သူမကို ကြောက်ရွံ့နေမှန်း သိသာလှသည်။ ထိုသို့ဆိုလျှင် ဝမ်ရှီ၏ အတွေးများကို ရိုက်ချိုးလိုက်ရုံသာဖြစ်ပြီး အမြစ်ပြတ်အောင် သုတ်သင်နေရန် မလိုအပ်ပေ။
ထို့ကြောင့် ယဲ့ယွင်က ပြုံးလျက် လက်ကာပြလိုက်သည်။
"ဒါက ဘာမှခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး၊ မင်းသာ အခြေအနေကို နားလည်ပြီး တို့နဲ့ ဆန့်ကျင်ဘက် မလုပ်ဘူးဆိုရင် မင်းရဲ့ဘဝကို သက်သောင့်သက်သာဖြစ်အောင် တို့လုပ်ပေးနိုင်ပါတယ်"
မည်သို့ပင်ဖြစ်စေ စကားတစ်ခွန်း ပြောရုံသာဖြစ်သည် မဟုတ်လား။
ဝမ်ချိုက်နွီသည် ထိုစကားကို ကြားရသည်နှင့် ချက်ချင်း ထရပ်ကာ ကျေးဇူးတင်စကားဆိုတော့သည်။ အလွန်ပင် စိတ်လှုပ်ရှား ဝမ်းသာနေဟန် ပြသော်လည်း သူမ၏ ဟန်ဆောင်မှုမှာ လုံးဝ မပြောင်မြောက်လှရာ ယဲ့ယွင်အနေဖြင့် ဆက်လက် စကားပြောလိုစိတ် မရှိတော့ပေ။
လူကို ပြန်လွှတ်ရန် ပြင်နေစဉ်မှာပင် အပြင်ဘက်မှ "အရှင်မင်းကြီး ကြွလာပါပြီ" ဟူသော အော်ဟစ်သံကို ကြားလိုက်ရသည်။
ယခုမူ လူကို အရင်ပြန်လွှတ်၍ မရတော့ပေ။ အရှင်မင်းကြီးကို အရင်ဦးဆုံး ထွက်ကြိုရတော့မည်။
ဝမ်ချိုက်နွီသည် ယဲ့ယွင်၏ အနောက်မှ ကပ်လိုက်လာရာ သူမ၏ မျက်ဝန်းများမှာ တောက်ပနေတော့သည်။ ဤနေရာတွင် အရှင်မင်းကြီးနှင့် ဆုံရလိမ့်မည်ဟု ဘယ်သူထင်ထားပါ့မလဲ။ သူမ နန်းတွင်းဝင်လာပြီး ပထမဆုံးအကြိမ် အိပ်ဆောင်ဝင်ခဲ့ပြီးနောက် အရှင်မင်းကြီးကို တစ်ခါမျှ ထပ်မတွေ့ရတော့ပေ၊ ဤသည်မှာ တကယ်ကို ရှားပါးသော အခွင့်အရေးပင်။
" ကျန်း မင်းကို ဘယ်နှစ်ခါ ပြောရမလဲ၊ ကိုယ်ဝန်က ရင့်နေပြီလေ... ထွက်ကြိုမနေပါနဲ့ဆိုတာကို၊ ကျန်း ဘာသာ အထဲဝင်လာမှာပေါ့။”
နင်ချန်က ဂရုတစိုက်ဖြင့် လျှောက်လာကာ ယဲ့ယွင်၏ လက်ကို ရင်းနှီးစွာ ဆုပ်ကိုင်လိုက်သည်။
"ချန်းချဲ့က အရှင်မင်းကြီးကို လွမ်းနေတာလေ၊ အဲဒါကြောင့် စောစောတွေ့ချင်လို့ ထွက်လာတာပါ"
ယဲ့ယွင်က နင်ချန်ကိုချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့်ကြည့်ကာ နှုတ်ခမ်းလေး တွန့်ရုံ ပြုံးလိုက်သည်။
သူမ ပြုံးသည်ကို မြင်ရသည်နှင့် နင်ချန်လည်း မနေနိုင်ဘဲ ပြုံးမိသွားပြီး သူမကို တွဲကာ အထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲရောက်မှ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော ကိုယ်လုပ်တော်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
သူက မျက်မှောင်ကြုတ်လိုက်ကာ "မင်းက ဘယ်သူလဲ?"
အရှင်မင်းကြီးက သူမအား မေးမြန်းသည်ကို ကြားရသဖြင့် ဝမ်ရှီသည် အလွန်ပင် စိတ်လှုပ်ရှားသွားကာ အမြန်ပင် ပြန်လျှောက်တော့သည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ကျွန်တော်မျိုးမက ချိုက်နွီ ဝမ်ရှီပါ"
သူမ၏ အသံမှာ အလွန်ပင် ချိုသာနွဲ့နှောင်းနေလှရာ ယဲ့ယွင်၏ မျက်ဝန်းများမှာ ချက်ချင်း အေးစက်သွားတော့သည်။ သူမ၏ နန်းဆောင်ထဲမှာတင် အရှင်မင်းကြီးကို မြှူဆွယ်နေခြင်းမှာ သူမ၏ ပန်းကန်ထဲက အသားကို လုစားနေခြင်းနှင့် အတူတူပင်။
အကယ်၍ ဝမ်ရှီသာ တစ်ခုခု လုပ်ဆောင်အောင်မြင်သွားပါက သူမ၏ မျက်နှာကို ခြေဖြင့် နင်းချေခံလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။ ယဲ့ယွင် မျက်လုံးကို မှေးလိုက်ပြီးမှ တစ်ခုခုကို သတိရသွားကာ ပါးစပ်ဖျားရောက်နေသော စကားကို ပြန်မျိုချလိုက်သည်။
ဤတစ်ကြိမ်တွင် နင်ချန်ကိုယ်တိုင် ဘာလုပ်မလဲဆိုသည်ကို သူမ စောင့်ကြည့်ချင်သည်။
"မင်ရှိုးယွမ်က ကိုယ်ဝန်ကို စောင့်ရှောက်နေတာလေ၊ အပိုလူတွေ လာပြီး မနှောင့်ယှက်စေနဲ့လို့ ကျန်း က နှုတ်မိန့်ပေးထားပြီးသားပဲ၊ မင်းက ကျန်း ရဲ့ စကားကို နားမထောင်တာလား။”
နောက်စက္ကန့်တွင် နင်ချန် ပြောလိုက်သော စကားကြောင့် ယဲ့ယွင်ပင် အံ့သြသွားရသည်။ သူက စကားအနည်းငယ်ပြောပြီးမှ ပြန်လွှတ်မည်ဟု ထင်ထားသော်လည်း ယခုမူ ရောက်သည်နှင့် အပြစ်စတင်တင်တော့သည်။
ဤကဲ့သို့သော ဧကရာဇ်မျိုးက... အွန်းတကယ်ကို စိတ်ကျေနပ်စရာ ကောင်းလှသည်!
ယဲ့ယွင် မနေနိုင်ဘဲ နှုတ်ခမ်းထောင့်လေးများ အပေါ်သို့ ကော့တက်သွားသည်။ သို့သော် သူမ၏ ထိုအမူအရာလေးကို နင်ချန်က မြင်ဖြစ်အောင် မြင်လိုက်သေးသည်။
ဒီအရူးမလေးကတော့…..
ဝမ်ရှီက ဆင်ခြေပေးရန် ပြင်လေသည်။ "ကျွန်တော်မျိုးမက မင်ရှိုးယွမ်ဆီကို ပစ္စည်းလာ..."
"တော်ပြီ... ပြန်တော့၊ နောက်နောင် ရှိုးယွမ် ကိုယ်ဝန်စောင်နေတာကို လာမနှောင့်ယှက်
နဲ့"
နင်ချန်သည်အားမနာပဲတိုက်ရိုက်ပင် ပြောလိုက်သည်။
ပြောချင်သော စကားများမှာ လည်ချောင်းထဲတွင်ပင် တစ်ဆို့သွားသဖြင့် ဝမ်ရှီမှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ဤအခြေအနေမှာ သူမ စိတ်ကူးထားသည့်အတိုင်း လုံးဝမဟုတ်ပေ။ သို့သော်လည်း အရှင်မင်းကြီးကို ကြောက်ရွံ့သဖြင့် တုန်လှုပ်နေသော စိတ်နှလုံးဖြင့် အမြန်ပင် ထွက်ခွာသွားတော့သည်။
ဝမ်ရှီ ထွက်သွားသည်နှင့် ယဲ့ယွင်က နင်ချန်ကို စနောက်သော မျက်ဝန်းဖြင့် ကြည့်လိုက်သည်။ သူမ လက်ဖြင့် သူ့ရင်ဘတ်ကို အသာအယာ တွန်းလိုက်ပြီး -
"အရှင်မင်းကြီးက အရမ်းကို ဆိုးတာပဲ၊ ကိုယ်လုပ်တော်ငယ်လေးက အရှင်မင်းကြီးကို တွေ့ရခဲတာကို... အရှင်မင်းကြီးက ဒီလောက်အထိ ခြောက်လှန့်လိုက်ရလား။”
နင်ချန် စိတ်ထဲတွင် ရယ်ချင်သွားသည်။
ဤအမျိုးသမီးလေးမှာ 'အမြတ်ရပြီးမှ ဟန်ဆောင်ကောင်းနေခြင်း' ပင် ဖြစ်၏။ သို့သော်လည်း သူသည် ယဲ့ယွင်၏ ဤကဲ့သို့ ချွဲနွဲ့ပြီး ချစ်စရာကောင်းသော ပုံစံလေးကို အလွန်နှစ်သက်သည်။
သူက သူမကို ထပ်ပြီး စနောက်ချင်သဖြင့် မျက်နှာကို တည်လိုက်ကာ ပြောလိုက်သည်။
"ဒါဆို ကျန်းရဲ့ချင်းချင်းက အဲဒီလိုပြောမှတော့... ကျန်း သွားပြီး သူမကို ချော့လိုက်ဦးမယ်၊ လန့်သွားမှာ စိုးလို့လေ။”
"ဟွန့်... သွားချင်လည်း သွားပေါ့၊ ချန်းချဲ့ကို တစ်ယောက်တည်း ဒီအခန်းထဲမှာ ထားခဲ့လိုက်ပေါ့!"
ယဲ့ယွင်က နှာခေါင်းရှုံ့ကာ နှုတ်ခမ်းလေးစူပြီး ကျောခိုင်းလိုက်သည်။ စိတ်ကောက်နေသည့် ပုံစံပင်။
သို့သော် နောက်စက္ကန့်တွင် သူမ၏ ကိုယ်လုံးလေးမှာ လေထဲသို့ မြောက်တက်သွားသဖြင့် လန့်သွားကာ ဘေးနားက ပစ္စည်းကို မြဲမြဲဆုပ်ကိုင်လိုက်မိသည်။ သူမ သေသေချာချာ ကြည့်လိုက်မှ နင်ချန်၏ လည်ပင်းကို ဖက်ထားမိပြီး သူက သူမကို ပွေ့ချီထားခြင်း ဖြစ်နေသည်။
"မင်းကတော့ အရမ်းကို အလိုလိုက်ခံချင်နေတာပဲ၊ ကျန်း က အနောက်ဆောင်မှာမင်းတစ်ယောက်တည်းကိုပဲ ပိုချစ်နေတာ မဟုတ်ဘူးလား?"
နင်ချန်က သူ၏ မျက်ဝန်းများကို အသာမှေးလိုက်ပြီး အသံကို နှိမ့်ကာ သူမ၏ နားနားတွင် ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် သူမကို ပွေ့ချီကာ အခန်းထဲသို့ အရှိန်အဟုန်ဖြင့် ဝင်သွားတော့သည်။
ခုနက ယဲ့ယွင်၏ မျက်ဝန်းထဲတွင် မကျေနပ်ရိပ်များကို သူ မြင်ကတည်းက ဤငရုတ်သီးစိမ်းလေး တစ်ယောက် ပြဿနာရှာတော့မည်ဟု ထင်ထားသော်လည်း သူမက ဘာမှမပြောခဲ့ပေ။ ထို့ကြောင့် နင်ချန်က အလိုက်တသိဖြင့် ဝမ်ရှီကို နှင်ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။
ထင်သည့်အတိုင်းပင် ဤငရုတ်သီးစိမ်းလေးမှာ ချက်ချင်းပြုံးသွားတော့သည်။ ၎င်းက နင်ချန်ကို ရယ်လည်းရယ်ချင်၊ သူမကိုလည်း တကယ်ချစ်စရာကောင်းသည်ဟု ခံစားမိစေသည်။ အကယ်၍ သူသာ ထိုသို့မလုပ်ခဲ့လျှင် ဤအမျိုးသမီးမှာ စိတ်တိုပြီး သူ့ကိုပါ နန်းဆောင်ထဲက နှင်ထုတ်
လိမ့်မည်မှာ သေချာပေသည်။
သို့သော် သူက ဤငရုတ်သီးစိမ်းလေးကို စိတ်မဆိုးစေချင်ပေ။ ယခု နင်ချန်သည် သူမကို တကယ်ကိုပင် မခွဲနိုင် မခွာရက် ဖြစ်နေရသည်။ သူပြောသကဲ့သို့ပင် အလွန်အမင်း ဂရုတစိုက် ချစ်မြတ်နိုးမိနေသည်။
သူမကို ခုတင်ပေါ် တင်လိုက်ချိန်တွင် ယဲ့ယွင်က သူ့ကို အနမ်းတစ်ပွင့် ပေးလိုက်သည်။ နင်ချန်ကလည်း ပြုံးလျက် သူမ၏ နဖူးကို ပြန်လည် နမ်းလိုက်သည်။ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်ရာ ယဲ့ယွင်ပင် ကြောင်သွားရသည်။ ပုံမှန်ဆိုလျှင် သူမကသာ အစပြုလေ့ရှိသော်လည်း ယခုမူ အစေခံများ၏ ရှေ့မှာပင် သူက ပြန်လည်တုံ့ပြန်လာခြင်း ဖြစ်သည်။
ဘေးနားကို ခိုးကြည့်လိုက်ရာ အစေခံများမှာ ခေါင်းငုံ့ခြင်း သို့မဟုတ် ကျောခိုင်းခြင်းများ ပြုလုပ်နေကြသည်။ ခဏတာအတွင်း ယဲ့ယွင်မှာ ရှက်သွေးဖြာသွားကာ ပါးပြင်လေးများ နီမြန်းလာတော့သည်။
နင်ချန်သည် သူမ၏ ပုံစံကို ကြည့်ကာ စိတ်ကျေနပ်သွားပြီး " ကျန်း ဒီနေ့ အလုပ်မရှိဘူး၊ မင်းနဲ့အတူ ရှိနေပေးမယ်၊ ညစာ ဘာစားချင်လဲ... စားဖိုဆောင်ကို ပြင်ခိုင်းလိုက်လေ"
"အရှင်မင်းကြီးက ချန်းချဲ့ကို လာပြီး မစပါနဲ့ဦး" ယဲ့ယွင်က တိုးတိုးလေး ညည်းတွားလိုက်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်က လက်ဖြင့် တစ်ကြိမ် ကူညီပေးခဲ့ပြီးနောက် ဤအမျိုးသားကြီးမှာ ကမ္ဘာသစ်ကို တွေ့ရှိသွားသကဲ့သို့ နှစ်ကြိမ်ဆက်တိုက် ထပ်မံလုပ်ဆောင်ခဲ့သည်။ သူကတော့ သက်သောင့်သက်သာ ဖြစ်သွားသော်လည်း ယဲ့ယွင်ကတော့ ပင်ပန်းရုံသာရှိပြီး ဘာမှ မခံစားရပေ။ နန်းတွင်းမှာ တခြားအမျိုးသမီးတွေလည်း ရှိပါလျက်နှင့် ဘာလို့ သူမ တစ်ယောက်တည်းကိုပဲ စွဲလမ်းနေရသနည်းဟု သူမ ထူးဆန်းနေမိသည်။
ယဲ့ယွင် ခန့်မှန်းသည်မှာ မှန်ကန်လှသည်။ နင်ချန်သည် သူမအပေါ် တကယ်ပင် စွဲလမ်းနေခြင်း ဖြစ်၏။ သူသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ယဲ့ယွင်၏ နားနားသို့ ကပ်ကာ နှစ်ဦးတည်းကြားရရုံမျှသော အသံဖြင့် စကားအချို့ တိုးတိုးလေး ပြောလိုက်သည်။
ခဏချင်းမှာပင် ယဲ့ယွင်၏ မျက်နှာမှာ သိသိသာသာ နီရဲတက်လာပြီး ရှက်လွန်းသဖြင့် ဘေးနားက ခေါင်းအုံးထဲသို့ မျက်နှာဝှက်လိုက်တော့သည်။ တည်ငြိမ်နေဟန်ပြသော နင်ချန်သည်လည်း နားရွက်ဖျားများမှာ မီးလောင်ထားသကဲ့သို့ ပူထူနေတော့သည်။
***