"အရှင်မင်းကြီးက တကယ် ပိုပိုပြီးတော့ကို အနေအထိုင် မတတ်ဖြစ်လာပြီ၊ ဘယ်သူက ဘယ်သူ့ကို အကျင့်ဖျက်လိုက်တာလဲတောင် မသိတော့ဘူး။”
ယဲ့ယွင်က သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ခုတင်ခေါင်းရင်းတွင် ခေါင်းအုံးအပျော့လေးတစ်ခု ခုကာ မှီထိုင်လိုက်သည်။
"ဘယ်သူက ကျန်း ကို အကျင့်ဖျက်ရဲမှာလဲ၊ မင်းကလွဲလို့ တခြားဘယ်သူမှ မရှိပါဘူး။”
နင်ချန်က ပြုံးလျက် သူမကို စိုက်ကြည့်နေသည်။
သူ့အကြည့်တွေကြောင့် အနေရခက်လာသဖြင့် ယဲ့ယွင်က စကားလမ်းကြောင်းကို အမြန်လွှဲလိုက်၏။
"ဒီနေ့လာတဲ့ လူသစ်ကလည်း ဝမ်မျိုးနွယ်ပဲ၊ ဝမ်ရွှင်ရီကလည်း ဝမ်မျိုးနွယ်ဆိုတော့ နောက်ကျရင် ဝမ်မျိုးနွယ်လို့ပြောရင် ဘယ်သူ့ကိုပြောမှန်း ခွဲရခက်တော့မှာပဲနော်"
နင်ချန် စဉ်းစားကြည့်လိုက်ရာ ၎င်းမှာ အမှန်ပင် အဓိပ္ပာယ်ရှိလှသည်။ ဝမ်ရှီ ဟု ခေါ်လျှင်ပင် မည်သူ့ကို ခေါ်မှန်း မသိနိုင်ပေ။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက ဆိုသည်။
"ဝမ်ရွှင်ရီက နှစ်ပေါင်းများစွာ မျိုးရိုးအမည်ကိုပဲ ဘွဲ့အဖြစ် သုံးလာခဲ့တာပဲ၊ အခု ဒုတိယမင်းသမီးလည်း ကြီးလာပြီ၊ သူမကလည်း အေးအေးဆေးဆေး နေတတ်သူဆိုတော့ 'ဟွေ့' ဆိုတဲ့ ဘွဲ့အမည်ကိုပဲ ပေးလိုက်ပါ့မယ်"
ပြောပြီးသည်နှင့် သူက ယဲ့ယွင်၏လက်ကို ဆွဲယူကာ သူမ၏ လက်ဖဝါးပေါ်တွင် ထိုစာလုံးကို လက်ညှိုးဖြင့် ရေးပြလိုက်သည်။
"ဟွေ့လန်ရှင်းကျစ်... အမျိုးသမီးတစ်ဦးရဲ့ စိတ်နေစိတ်ထားက သန့်စင်မြင့်မြတ်တယ်လို့ ချီးမွမ်းတာပဲ၊ တကယ်ကို ကောင်းတဲ့စာလုံးပါပဲ" ယဲ့ယွင်က ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။
သူမကလည်း သဘောတူသဖြင့် နင်ချန်က နှုတ်မိန့်ပေးရန် ပြင်လိုက်သော်လည်း ယဲ့ယွင်က တားလိုက်သည်။
"အရှင်မင်းကြီးက ချန်းချဲ့ဆီမှာရှိနေတုန်း ဟွေ့ရွှင်ရီကို ဘွဲ့အမည်ပေးလိုက်ရင် တခြားသူတွေက ချန်းချဲ့နဲ့ တစ်ခုခု ပတ်သက်နေတယ်လို့ ထင်သွားကြလိမ့်မယ်၊ အဲဒီတော့ နောက်ရက်ကျမှ အရှင်မင်းကြီး ယီမေဆောင်ကို ကြွပြီး ဒုတိယမင်းသမီးလေးကို သွားကြည့်ရင်းနဲ့မှ ဒီကိစ္စကို အတည်ပြုပေးလိုက်ပါ၊ အဲ့ဒါမှပိုပြီးတော့လည်း အလေးအနက်ထားရာ ရောက်မှာပေါ့"
" ကျန်းက သိပ်မစဉ်းစားမိဘူးပဲ၊ တော်သေးတာပေါ့ မင်း သတိပေးလို့" နင်ချန် ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် သူသည် စကားပါးရန် ပြင်နေသော အစေခံကို ပြန်ခေါ်လိုက်တော့သည်။ ပုံမှန်ဆိုလျှင် ယဲ့ယွင်က စိတ်ကစားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သဖြင့် အသေးအဖွဲကိစ္စလေးတွေကို သတိမထားမိတတ်ဘူးဟု ထင်ရသော်လည်း သူမက တကယ်တမ်းတွင်မူ အလွန်ပင် စေ့စပ်သေချာလှသည်။ အခြားသူသာဆိုလျှင် ဤကဲ့သို့ သေးငယ်သော အချက်ကို စဉ်းစားမိလိမ့်မည် မဟုတ်ပေ။
၎င်းမှာလည်း ဝမ်ရှီနှင့် သူမ ဆက်ဆံရေးကောင်းမွန်သောကြောင့်ဖြစ်ပြီး အကယ်၍ အခြားကိုယ်လုပ်တော်သာဆိုလျှင် သူမအနေဖြင့် ဤသို့ သတိပေးလိမ့်မည် မဟုတ်ပေ။
ယဲ့ယွင်မှာ ကိုယ်ဝန်ရင့်လာသဖြင့် ပို၍ လမ်းမလျှောက်ချင်တော့ပေ။ သို့သော် နေ့တိုင်း ညနေခင်းတွင် လျန်မားမားက သူမအား တွဲ၍ ဝင်းအတွင်း၌ နှစ်ပတ်ခန့် လမ်းလျှောက်ခိုင်းလေ့ရှိသည်။ အနည်းဆုံးတော့လှုပ်ရှားမှုနည်းနည်းရှိသင့်ပေသည်။
ယနေ့ နင်ချန် ရောက်နေသဖြင့် သူကိုယ်တိုင်ပင် ထိုတာဝန်ကို ပျော်ရွှင်စွာယူကာ ယဲ့ယွင်အား တွဲလျက် အပြင်တွင် တစ်နာရီခွဲခန့် လမ်းလျှောက်ပေးခဲ့သည်။
နင်ချန်ကိုယ်တိုင်လည်း ဤအလုပ်ကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်းမဟုတ်သဖြင်ါလမ်းလျှောက်ထွက်ခြင်းဟု သဘောထားလိုက်သည်။ ၂လပိုင်း၏ သစ်ပင်အချို့တွင် အဖူးအပွင့်လေးများ စတင်ထွက်ပေါ်နေပြီဖြစ်ရာ စိမ်းစိုပြီး ကြည့်ကောင်းလှသည်။
၎င်းက ယဲ့ယွင်အား အစားအသောက် အသစ်အဆန်းတစ်ခုကို တောင့်တမိစေသည်။ သူမသည် ရုတ်တရက် လက်ဖက်စိမ်းကိတ် ကို စားချင်လာတော့သည်။ သို့သော် ဤခေတ်တွင် ထိုကဲ့သို့ အရာမျိုး မရှိရာ သူမသည် အစေခံများကို ထိုမုန့်၏ ပုံစံကို ရှင်းပြကာ စားဖိုဆောင်သို့ သွားမေးခိုင်းလိုက်သည်။
စားဖိုဆောင်မှ စားတော်ကဲကြီးမှာလည်း ထူးဆန်းနေမိသည်။ လက်ဖက်ရည်ဆိုသည်မှာ ဖျော်သောက်ရခြင်း မဟုတ်လား၊ ဘယ်လိုလုပ် အမှုန့်ကြိတ်ပြီး မုန့်ပေါ်တွင် ဖြူးစားလို့ရမှာလဲ။ သို့သော် မင်ရှိုးယွမ်က အလိုရှိနေသဖြင့် သူတို့လည်း စမ်းသပ်လုပ်ဆောင်ကြည့်ကြသည်။
အရင်ဆုံး နူးညံ့ချိုမြိန်သော နို့ကိတ်တစ်ခုကို ပေါင်းလိုက်ပြီးနောက် အကောင်းဆုံးဖြစ်သော ယွီချန်လုံကျင်း လက်ဖက်ရွက်များကို မှုန့်နေအောင် ကြိတ်ကာ သုံးကြိမ်တိုင်တိုင် ဇကာဖြင့် စစ်ချလိုက်သည်။ နောက်ဆုံး ရရှိလာသော လက်ဖက်မှုန့်များကို မုန့်ပေါ်တွင် တစ်ထပ် ဖြူးပေးလိုက်တော့သည်။
၎င်းကို ယွီရှို့အဆောင်သို့ ယူလာချိန်တွင် ယဲ့ယွင် မြည်းစမ်းကြည့်ရာ တကယ့်ကို ထိုအရသာအတိုင်းပင်။ သို့သော် ဤလက်ဖက်မှုန့်က နောက်ပိုင်းခေတ်က ပြုပြင်ထားသော အရာများထက်စာလျှင် အနည်းငယ် ပို၍ ခါးသော်လည်း အတော်လေးကို ကောင်းမွန်လှသည်။ သဘာဝစစ်စစ် မဟုတ်လား။
ယဲ့ယွင်သည် ပျော်ရွှင်စွာဖြင့် ပန်းကန်ထဲက တစ်ဝက်ကျော်ကို တစ်ယောက်တည်း စားပစ်လိုက်သည်။ နင်ချန်က သူမ မြိန်မြိန်ယှက်ယှက် စားနေသည်ကို ကြည့်ပြီး တစ်တုံး မြည်းကြည့်သော်လည်း ထိုတစ်တုံးနှင့်ပင် ရပ်လိုက်တော့သည်။ သူက ဤအရသာကို သိပ်မကြိုက်လှပေ။ သို့သော် ယဲ့ယွင် ကြိုက်သည်ကို မြင်သဖြင့် စားဖိုဆောင်ကို ဆုလာဘ်များ ချီးမြှင့်ကာ နောင်တွင်လည်း ဆက်လုပ်ပေးရန် မှာကြားလိုက်သည်။ ၎င်းက ထိုမုန့်လုပ်သည့် စားဖိုမှူးကို အလွန်ဝမ်းသာသွားစေပြီး ချက်ချင်းပင် ဦးတိုက် ကျေးဇူးတင်ချင်စိတ် ပေါက်သွားစေတော့သည်။
....
နန်းတွင်းရှိ သတင်းမှန်သမျှမှာ လူတိုင်း၏မျက်စိအောက်မှ မလွတ်ပေ။ မိဖုရားခေါင်ကြီးသည် စုချင် အား ပုခုံးနှိပ်ခိုင်းနေရင်း ဤသတင်းကို ကြားလိုက်ရချိန်တွင် မျက်နှာ ပျက်သွားတော့သည်။
"အရှင်မင်းကြီးက ယဲ့ရှီအပေါ် တကယ်ကို အလိုလိုက်လွန်းနေပြီ၊ သူမ လိုချင်တာမှန်သမျှ အကုန်ပေးရုံတင်မကဘူး၊ မရှိတဲ့အရာကိုတောင် စားဖိုဆောင်မှာ စမ်းသပ်
လုပ်ခိုင်းနေတယ်၊ နောက်တစ်ချိန်သူမက ပန်ကုန်း ရဲ့ ဒီဖုန်းကုလားထိုင်ကို လိုချင်တယ်လို့ ပြောလာရင် အရှင်မင်းကြီးက သူမကို ပေးလိုက်မှာလား!"
အရင်တုန်းက အန်းရှီကို ချစ်မြတ်နိုးခဲ့စဉ်ကပင် ဤမျှအထိ မဟုတ်ခဲ့ပေ။ မိဖုရားခေါင်ကြီး မသိသည်မှာ အန်းရှီသည် မြင်ဖူးသမျှ အရာနည်းပါးသဖြင့် အသစ်အဆန်းများကို အမြဲမတောင်းဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် ယဲ့ယွင်မှာမူ သူမအတွက် သာမန်ဖြစ်သော အရာများမှာ ဤခေတ်တွင် အလွန်ထူးဆန်းနေသဖြင့် သူမက တောင်းဆိုပြီး နင်ချန်က လုပ်ပေးလိုက်ခြင်းမှာ အခြားသူများ၏ အမြင်တွင် အလွန်အမင်း ဘက်လိုက်နေသည်ဟု ထင်မြင်စေခြင်း ဖြစ်သည်။ တကယ်တမ်းတွင်လည်း နင်ချန်က ယဲ့ယွင်ကို ပို၍အလိုလိုက်နေခြင်းဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ မိဖုရားခေါင်ကြီးကို "ဘေးကနေပဲစောင့်ကြည့်နေပါ" ဟု အမြဲတိုက်တွန်းလေ့ရှိသော တင်းမားမားပင် ငြိမ်မနေနိုင်တော့ပေ။
"မိဖုရားခေါင်ကြီး... ယဲ့မိသားစုက အာဏာကြီးလာသလို ယဲ့ရှီကလည်း အချစ်တော် ဖြစ်နေတယ်၊ အကယ်၍ သူမက မင်းသားတစ်ပါးသာ ဖွားမြင်ခဲ့ရင် နောင်တစ်ချိန်မှာ တကယ်ကို ကြီးမားတဲ့ အန္တရာယ် ဖြစ်လာလိမ့်မယ်"
"မားမား ထပ်မပြောပါနဲ့တော့၊ ပန်ကုန်း လည်း ကောင်းကောင်း သိပါတယ်"
မိဖုရားခေါင်ကြီးသည် စိတ်ရှုပ်ထွေးစွာဖြင့် နဖူးကို ပွတ်လိုက်ကာ သူမ၏ မျက်ဝန်းထဲတွင် ရက်စက်သောအလင်းတန်းများ လက်သွားတော့သည်။
"ယဲ့ရှီရဲ့ ဒီကိုယ်ဝန်ကိုတော့ ပန်ကုန်း လုံးဝ ခွင့်မလွှတ်နိုင်တော့ဘူး၊ သူ မွေးလာလို့ မဖြစ်ဘူး"
ပြောပြီးသည်နှင့် သူမက တင်းမားမားအား အနားသို့ လာရန် အချက်ပြလိုက်ပြီး နားနားတွင် တိုးတိုးလေး စကားအချို့ ပြောလိုက်သည်။ သခင်နှင့် အစေခံ ဘာတွေတိုင်ပင်လိုက်သည်ကို မသိရသော်လည်း ထိုညတွင်ပင် တင်းမားမားသည် ဖုန်းရှီးနန်းဆောင်မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
.....
၎င်းတို့အားလုံးကို ယဲ့ယွင် မသိရှိပေ။ ယခုတွင် ယွီရှို့အဆောင်၌ သခင်နှစ်ဦး ညစာစားရန် ပြင်ဆင်ပေးနေကြသည်။
ယဲ့ယွင်သည် မကြာသေးမီက ဝက်ချိုချဉ်ကြော်ကို အလွန်ကြိုက်နေပြီး အရင်က ကြိုက်ခဲ့သော မုန်လာဥခြောက်ကိုမူ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ သူမ၏ ဤကိုယ်ဝန်မှာ တကယ်ပင် တည်ငြိမ်လှပြီး အော့အန်ခြင်း လက္ခဏာ အနည်းငယ်မျှပင် မရှိပေ။ ယခုတွင် စားနိုင်သလောက် စားပြီး သောက်နိုင်သလောက် သောက်နေတော့သည်။
ဝေ့ရွယ်အဆောင်မှ ယောင်ရှန်းမှာမူ ငါးလပြည့်သည့်တိုင်အောင် အော့အန်နေဆဲ ဖြစ်သည်။ ၎င်းက နင်ချန်အား ယဲ့ယွင် ဗိုက်ထဲက ကလေးမှာ ပို၍လိမ္မာပြီး ကံကောင်းသူလေးဟု ထင်မြင်လာစေတော့သည်။
ညစာ စားပြီးနောက် ကိုယ်လက်သန့်စင်ကာ နှစ်ဦးသား လဲလျောင်းလိုက်ကြသည်။ ယဲ့ယွင်သည် ဘေးစောင်းအိပ်ရသည်ကို ကြိုက်သည်။ သူမ၏ ဗိုက်မှာ ပို၍ ကြီးလာပြီဖြစ်ရာ နင်ချန်ကို ကျောခိုင်းပြီးသာ အိပ်
နိုင်သည်။ ၎င်းမှာ နန်းတွင်းစည်းကမ်းနှင့် မညီသော်လည်း ယဲ့ယွင်မှာ ကိုယ်ဝန်မရှိခင်ကတည်းက ဤသို့ နေထိုင်လေ့ရှိရာ ယခုတွင်မူ ပို၍ပင် စည်းကမ်းတွေကို ဂရုမစိုက်တော့ပေ။ နင်ချန်ကိုယ်တိုင်ကလည်း ဂရုမစိုက်ပေ။
သူက ကျွမ်းကျင်စွာပင် သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး လက်ကို သူမ၏ ဗိုက်ပေါ်သို့ တင်လိုက်သည်။
"ဒီနေ့ မလှုပ်ဘူးလား?"
နင်ချန်မှာဗိုက်ထဲက ကလေးကို မေးခြင်း ဖြစ်သည်။ ယဲ့ယွင်သည် ထိုကလေးဆန်လွန်းသော သူအားတိုးတိုးလေး ညည်းတွားလိုက်ကာ ပြောလိုက်သည်။
"မနက်တုန်းက ခဏလှုပ်တယ်၊ ပြီးတော့ညနေ လမ်းလျှောက်တုန်းကလည်း လှုပ်သေးတယ်၊ ညဘက်ကျတော့မှ ငြိမ်သွားတာ"
စကားပြောနေစဉ်မှာပင် သူမ၏ ခါးပေါ်က လက်က အပေါ်သို့ အနည်းငယ် တိုးတက်လာသည်ကို ခံစားလိုက်ရသည်။ ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပင် နားနားသို့ နွေးထွေးသော အသက်ရှူသံများ ရောက်ရှိလာသည်။
"ချင်းချင်း... ကျန်း နေ့ခင်းက ပြောခဲ့တာကို မှတ်မိသေးလား။”
ဤကဲ့သို့ မြှူဆွယ်မှုကြောင့် ယဲ့ယွင် စိုးရိမ်သွားကာ ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။ ထို့ကြောင့် မျက်လုံးကို မြဲမြဲပိတ်ကာ လူမိုက်လုပ်လိုက်တော့သည်။
"ချန်းချဲ့ မေ့သွားပြီ၊ ချန်းချဲ့ အိပ်ပျော်နေပြီ"
"ဪ... အဲဒီလိုလား" နင်ချန်က အသံကို တမင် ဆွဲပြောလိုက်ကာ သူမနားသို့ ပိုတိုး၍ ပြုံးလျက် တိုးတိုးလေး ကပ်ပြောပြန်သည်။
"ဘာမှမဖြစ်ပါဘူး၊ ချင်းချင်း မေ့သွားရင် ကျန်း နောက်တစ်ခါ ထပ်ပြောပြရုံပေါ့"
"သမားတော်က ပြောတယ်လေ၊ ငါးလပြည့်ရင် အတူတူ နေလို့ရပြီတဲ့၊ ကျန်း က အခု ခြောက်လနီးပါးအထိ စောင့်နေခဲ့တာနော်"
ပြောပြီးသည်နှင့် ယဲ့ယွင် ပြန်မချေပနိုင်
ခင်မှာပင် သူမအပေါ်သို့ အုပ်မိုးလိုက်တော့သည်။
သို့သော် နောက်ဆုံးတွင် နှစ်ဦးစလုံး ကျေနပ်သွားကြသည်။ ထို့နောက် နှစ်ဦးသား ထွေးပွေ့လျက် အိပ်စက်ခဲ့ကြသည်။
နင်ချန် ရင်ထဲတွင်မူ အမှန်တကယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။ ဤသို့ ကိုယ်ဝန်ဆောင်နှင့် အတူနေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် အလွန်ပင် ဆန်းသစ်နေတော့သည်။ ယဲ့ယွင်နှင့် ပတ်သက်လျှင် မည်သည့်ကိစ္စမဆို သူ့အား အမြဲတမ်း မတူညီသော ခံစားချက်များကို ပေးစွမ်းနိုင်လှသည်။
၎င်းကပင် ဤအမျိုးသမီးကို ပို၍ ပို၍ ချစ်မြတ်နိုးလာရသော အကြောင်းရင်း ဖြစ်ပေလိမ့်မည်။ ထိုသို့တွေးရင်း သူမကို ပွေ့ဖက်ထားသော လက်မောင်းကို ပို၍ တင်းကြပ်လိုက်မိသည်။ ယဲ့ယွင်မှာ ပင်ပန်းသဖြင့် အိပ်ပျော်နေပြီဖြစ်ရာ သူ့ရင်ခွင်ထဲတွင် အနည်းငယ် လူးလွန့်နေတော့သည်။
ထိုသို့ လူးလွန့်လိုက်ခြင်းက နင်ချန်ကို နောက်တစ်ကြိမ် ပြဿနာတက်စေပြန်သဖြင့် သူသည် အခြားကိစ္စများကို အသည်းအသန် အာရုံပြောင်းလိုက်ရကာ အတော်ကြာမှ အိပ်ပျော်သွားတော့သည်။
***