ရက်အနည်းငယ် ကြာပြီးနောက် ယဲ့ယွင်၏ နန်းဆောင်သစ်သို့ ပြောင်းရွှေ့စံမြန်းမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ဝမ်းမြောက်စရာ ကိစ္စဖြစ်သဖြင့် ကျောက်ချွန်းနန်းဆောင်တွင် စားပွဲနှစ်ဝိုင်း ပြင်ဆင်ကာ ကျင်းပခဲ့သည်။
မိဖုရားခေါင်ကြီးမှစ၍ အဆင့်နိမ့် ကိုယ်လုပ်တော်များအထိ အားလုံး ရောက်လာကြသည်။ ပွဲသို့ မလာနိုင်သော မယ်တော်ကြီးနှင့် ထိုက်ဖေးများကပင် ဆုလာဘ်များ ပေးပို့ခဲ့ကြသည်။ ၎င်းမှာ ယဲ့ယွင်သည် ကိုယ်ဝန်ရှိနေရုံတင်မကဘဲ အချစ်တော်လည်း ဖြစ်နေသောကြောင့် ဖြစ်၏။ မဟုတ်လျှင် အဆင့် ၅ ရှိသော ရှိုးယွမ်တစ်ဦး နန်းဆောင်ပြောင်းရွှေ့ခြင်းမှာ ဤမျှအထိ စည်ကားလိမ့်မည် မဟုတ်ပေ။
"မင်းရဲ့ ကိုယ်ဝန်က တည်တည်ငြိမ်ငြိမ် ရှိနေတာကို မြင်ရတော့ ပန်ကုန်း စိတ်အေးရပါတယ်၊ အခုဆိုရင် မင်းနဲ့ ဖန်းကျယ်ယွီက နန်းတွင်းမှာ အရေးကြီးဆုံး လူနှစ်ယောက်ပဲလေ"
မိဖုရားခေါင်ကြီးသည် ယဲ့ယွင်၏လက်ကို ရင်းနှီးစွာ ဆုပ်ကိုင်လျက် အသာအယာ ပုတ်ပေးရင်း အလွန်ပင် သဘောထားကြီးဟန်ဖြင့် ပြောလိုက်သည်။
"မိဖုရားခေါင်ကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ချန်းချဲ့တို့ ဘယ်လောက်ပဲ အရေးကြီးတယ်ပြောပြော မိဖုရားခေါင်ကြီးလောက်တော့ မအရေးပါပါဘူး၊ မိဖုရားခေါင်ကြီး ဘေးကင်းကျန်းမာနေမှသာ နန်ချီတစ်ခုလုံးအတွက် ကံကောင်းခြင်းဖြစ်မှာပါ၊ နောင်တစ်ချိန်မှာ တိုက်ရိုက်အမွေခံ သားတော်ကို ဖွားမြင်ပေးနိုင်ရင်တော့ တစ်ပြည်လုံးအတွက် မင်္ဂလာတစ်ပါးပေါ့" ဟု ယဲ့ယွင်က ပြုံးလျက် ဆိုသည်။
သူမသည် စကားပြောရင်းနှင့် ဂါရဝပြုဟန်ပြုကာ မိဖုရားခေါင်ကြီး ဆုပ်ကိုင်ထားသော သူမ၏လက်ကို မသိမသာ ပြန်ရုပ်လိုက်သည်။
မိဖုရားခေါင်ကြီး နှုတ်ခမ်းကို အသာစေ့လိုက်ကာ "ဒါဆိုရင်တော့ မင်းရဲ့ ဆုတောင်းအတိုင်း ဖြစ်ပါစေလို့ပဲ ပန်ကုန်း မျှော်လင့်ရမှာပေါ့" ဟု ဆိုသည်။
ဘေးနားရှိ ကျင်းသယ့်ဖေးကလည်း ပြုံးလျက် ဝင်ပြောလေသည်။
"အခု နန်းတွင်းမှာ မင်းသား သုံးပါး ရှိနေပြီပဲ၊ မင်ရှိုးယွမ်နဲ့ ဖန်းကျယ်ယွီ ဗိုက်ထဲက ကလေးနှစ်ယောက်လည်း မကြာခင် မွေးတော့မယ်၊ အဲဒီအချိန်ကျရင် မိဖုရားခေါင်ကြီးက တိုက်ရိုက်အမွေခံ သားတော်ကို ဖွားမြင်မယ်ဆိုရင် ဒီလောက်များပြားတဲ့ ညီအစ်ကိုတွေရဲ့ ဝိုင်းဝန်းကူညီမှုနဲ့အတူ ကျွန်မတို့ နန်ချီက ပိုပြီးတော့တောင် စည်ပင်ဝပြောလာဦးမှာပဲ"
ဤစကားမှာ အပေါ်ယံကြည့်လျှင် မြှောက်ပင့်ပြောဆိုခြင်း ဖြစ်သော်လည်း နောက်ကွယ်တွင်မူ အဓိပ္ပာယ်တစ်မျိုး ပါဝင်နေသည်။ ဟုတ်သည်လေ... မိဖုရားခေါင်ကြီး မမွေးသေးခင်မှာပင် ရှေ့တွင် မင်းသား သုံးပါး ရှိနေနှင့်ပြီ။ နောက်ထပ် ဗိုက်ထဲက ကလေးနှစ်ယောက်သာ မင်းသားများ ဖြစ်လာခဲ့လျှင် စုစုပေါင်း မင်းသား ငါးပါး ဖြစ်လာမည်။ မိဖုရားခေါင်ကြီး ကိုယ်တိုင် မွေးလာသည့်အခါ ထိုမင်းသားများက တကယ်ပဲ ရိုသေစွာဖြင့် ခေါင်းငုံ့ခံပြီး ဝိုင်းဝန်းကူညီကြပါမည်လား။
နန်းတွင်းထဲတွင် နှစ်ပေါင်းများစွာ နေထိုင်လာကြသူများပီပီ ထိုမေးခွန်း၏ အဖြေကို လူတိုင်း ရင်ထဲ၌ သိပြီးသား ဖြစ်သည်။
"သားမွေးမလား၊ သမီးမွေးမလားဆိုတာ မသိနိုင်သေးပါဘူး၊ အရာရာက ကံတရားအပေါ်မှာပဲ မူတည်တာလေ၊ အခု မင်းသားလေးတွေကလည်း ငယ်ပါသေးတယ်၊ သယ့်ဖေးရဲ့ အတွေးတွေက အဝေးကြီးကို ရောက်နေပြီပဲ" ဟု ဘေးတွင် ထိုင်နေသော ယောင်ရှန်းက ချက်ချင်း ဝင်ပြောလိုက်သည်။
ယဲ့ယွင်ကလည်း အသာအယာ ပြုံးလိုက်ကာ "ချန်းချဲ့ကတော့ သမီးလေးပဲ မွေးချင်ပါတယ်၊ မင်းသမီးကြီးနဲ့ ဒုတိယမင်းသမီးလေးတို့က အရမ်းချစ်ဖို့ကောင်းပြီး လှလည်းလှကြတော့... ရှူးဖေးနဲ့ ဟွေ့ရွှင်ရီတို့ကို တကယ်ပဲ အားကျမိတယ်"
ဤစကားက အမှန်ဖြစ်စေ၊ အမှားဖြစ်စေ မိဖုရားခေါင်ကြီး၏ မျက်နှာကိုတော့ အတန်ငယ် ပြေလျော့သွားစေခဲ့သည်။
ထိုစဉ်မှာပင် အပြင်ဘက်မှ "အရှင်မင်းကြီး ကြွလာပါပြီ၊ ယိရွှင်ရုန် ကြွလာပါပြီ" ဟု သံတော်ဦးတင်သံ ကြားလိုက်ရသည်။ လူတိုင်း အပြင်ထွက်၍ ကြိုဆိုကြရတော့သည်။ သို့သော် အားလုံး အံ့သြသွားကြသည်မှာ ယိရွှင်ရုန်သည် အရှင်မင်းကြီးနှင့်အတူ ရောက်လာရုံတင်မကဘဲ တတိယမင်းသားလေးကိုပါ ခေါ်ဆောင်လာခြင်းကြောင့် ဖြစ်၏။
ဂါရဝပြုပြီးနောက် ယိရွှင်ရုန်က ရှင်းပြလေသည်။
"မိဖုရားခေါင်ကြီးနဲ့ ညီအစ်မတွေကို အားနာမိပါတယ်၊ တတိယမင်းသားလေးက မနက်ကတည်းက ချန်းချဲ့ကို အတင်းကပ်နေလို့ မတတ်သာဘဲ ခေါ်လာခဲ့ရတာပါ၊ သူက မင်ရှိုးယွမ်နဲ့ ဖန်းကျယ်ယွီတို့ ဗိုက်ထဲမှာ မောင်လေး၊ ညီမလေးတွေ ရှိနေမှန်း သိလို့ထင်ပါရဲ့... တကူးတက လာတွေ့ချင်နေတာနဲ့လေ"
နင်ချန်နှင့် လမ်းမှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ခြင်းဖြစ်ကြောင်း သွယ်ဝိုက်၍ ပြောလိုက်ခြင်းပင်။ မိဖုရားခေါင်ကြီးသည် ထုံးစံအတိုင်း သဘောထားကြီးဟန်ဖြင့် တတိယမင်းသားလေးကို ချီကာ ပွေ့ဖက်လိုက်သည်။
"မင်းက ကလေးကို သေချာပြုစုပျိုးထောင်ထားလို့ ကလေးက မင်းကို ကပ်နေတာပေါ့၊ ပန်ကုန်း လည်း တတိယမင်းသားလေးကို မတွေ့ရတာ ကြာပြီ၊ ပါးဖောင်းဖောင်းလေးနဲ့ တကယ်ကို ချစ်ဖို့ကောင်းတာပဲ"
"မား-မား-"
ထိုစဉ် မိဖုရားခေါင်ကြီး၏ ရင်ခွင်ထဲရှိ တတိယမင်းသားလေးက စကားမပီကလာဖြင့် ခေါ်လိုက်သည်။
"အို... အရှင်မင်းကြီး ကြည့်ပါဦး၊ တတိယမင်းသားလေးက တကယ်ကို ဉာဏ်ကောင်းတာပဲ၊ လူကိုတောင် ခေါ်တတ်နေပြီ" မိဖုရားခေါင်ကြီးက အံ့သြတကြီးဖြင့် ပြုံးလျက် နင်ချန်ဘက်သို့ လှည့်ပြောလိုက်သည်။
နင်ချန်လည်း စိတ်ကြည်လင်နေသဖြင့် လက်လှမ်း၍ ကလေးကို လွှဲချီလိုက်သည်။ ယိရွှင်ရုန်၏ မျက်နှာတွင် ဂုဏ်ယူရိပ်များဖြင့် ပန်းတစ်ပွင့်လို ပြုံးဖြာနေတော့သည်။
"ဒီကလေးက စကားပြော နည်းနည်းစောပုံရပါတယ်၊ ဒီရက်ပိုင်း မားမားတို့၊ အထိန်းတော်တို့၊ ဦးရီးတို့ ခေါ်တတ်နေပြီ၊ ရိုးရိုးရှင်းရှင်း စကားလုံးလေးတွေတော့ ရနေပါပြီ"
ယဲ့ယွင်သည် အရှင်မင်းကြီး၏ လက်ယာဘက်တွင် ထိုင်နေသဖြင့် တတိယမင်းသားလေးနှင့် အလွန်နီးကပ်နေသည်။ ဖြူနုဖောင်းအိနေသော ဤကလေးငယ်လေးကို မြင်ရသည်မှာ တကယ်ပင် ပါးလေးကို ဆိတ်ကြည့်ချင်စရာပင်။ အရှင်မင်းကြီးရော ယိရွှင်ရုန်ပါ ရုပ်ရည်မဆိုးကြသဖြင့် တတိယမင်းသားလေးမှာလည်း ကျောက်စိမ်းရုပ်လေးလို လှပလှသည်။
ယဲ့ယွင်၏ အကြည့်ကို သတိထားမိပုံရသော တတိယမင်းသားလေးက လှည့်ကြည့်လာသည်။ ယဲ့ယွင် မနေနိုင်ဘဲ လက်ကိုလှမ်း၍ ကလေး၏ မေးစေ့လေးကို ကလိထိုးလိုက်မိသည်။
"ကြည့်ရတာ တတိယမင်းသားလေးက မင်ရှိုးယွမ်နဲ့ တကယ်ပဲ ရေစက်ပါပုံရတယ်၊ သွေးသားရင်းချာမို့လို့လားတော့ မသိဘူးနော်၊ မင်ရှိုးယွမ် ဗိုက်ထဲက ကလေးကလည်း မကြာခင် မွေးတော့မှာဆိုတော့လေ" ဟု ယိရွှင်ရုန်က ပြုံးလျက် ဆိုသည်။
ဘေးနားရှိ လီချိုက်ရန်ကလည်း ရယ်မောလျက် ဝင်ပြောပြန်သည်။
"ချန်းချဲ့တို့ အပြင်မှာ ကြားဖူးတာကတော့... ကလေးငယ်တွေက အမျိုးသမီးရဲ့ ဗိုက်ထဲမှာရှိတဲ့ ကလေးဟာ ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကို မြင်နိုင်တယ်တဲ့၊ တတိယမင်းသားလေးက မင်ရှိုးယွမ် ဗိုက်ထဲမှာရှိတာ မောင်လေးလား၊ ညီမလေးလားဆိုတာ မြင်လားမသိဘူးနော်"
"အို... လီချိုက်ရန်ကလည်း နောက်နေပြန်ပြီ၊ ကလေးက ဒါတွေ ဘယ်သိပါ့မလား၊ ဒါတွေက ကောလာဟလတွေပါ၊ အတည်ယူလို့ မရပါဘူး" ယိရွှင်ရုန်က လက်ကာပြလိုက်သည်။
သို့သော် ရှူးဖေးကမူ ဤအကြောင်းအရာကို အတော်လေး စိတ်ဝင်စားသွားပုံရသည်။
"ဒါက အဟုတ်လား၊ မဟုတ်လားဆိုတာ တတိယမင်းသားလေးကို မေးကြည့်ရုံပေါ့၊ နောက်ကျရင် မင်ရှိုးယွမ် ကလေးမွေးလာတဲ့အခါ အဖြေက ပေါ်လာမှာပဲ မဟုတ်လား"
လူအများ၏ ဝိုင်းဝန်းပြောဆိုမှုကြောင့် နင်ချန်ပင် စိတ်ဝင်စားသွားကာ သူ့ရင်ခွင်ထဲက သားတော်လေးကို မေးလိုက်တော့သည်။
"မင်မားမား ဗိုက်ထဲမှာ ရှိတာက မောင်လေးလား၊ ညီမလေး လား?"
တတိယမင်းသားလေးက နားမလည်ဟန်ဖြင့် မျက်လုံးအဝိုင်းသားနှင့် ကြည့်နေသည်။ ထိုအခါမှ ယိရွှင်ရုန်က ထပ်မံ၍ အသံပြုလိုက်သည်။
"ဟန်အာ... ခမည်းတော် မေးနေတယ်လေ၊ မင်မားမား ဗိုက်ထဲမှာ ရှိတာက မောင်လေးလား၊ ညီမလေးလား?"
ဤတစ်ကြိမ်တွင်မူ တတိယမင်းသားလေးက ပါးစပ်လေးဟကာ နူးညံ့သောအသံလေးဖြင့် ပြောလိုက်တော့သည်။
"ညီမလေး"
ထိုစကားထွက်လာသည်နှင့် ယိရွှင်ရုန်က ပြုံးလျက် အခြေအနေကို ထိန်းလိုက်သည်။
"ကြည့်ပါဦး... ချန်းချဲ့ ပြောသားပဲ၊ ကလေးစကားကို ဘယ်ယုံလို့ရမလဲ၊ သူက ဘာမှမသိဘဲ လူကြီးတွေ ပြောတာကိုပဲ လိုက်ပြောနေတာပါ"
ရှူးဖေးကမူ မနာလိုဝန်တိုဟန်ဖြင့် "ဒါကတော့ မပြောနိုင်ဘူးလေ၊ သေချာပေါက် တတိယမင်းသားလေးက မြင်လို့လည်း ဖြစ်နိုင်တာပဲ"
နန်းတွင်းရှိ ကိုယ်လုပ်တော်တိုင်း သားတော်မွေးချင်ကြသည်မှာ အမှန်ပင်။ မင်းသမီးလေးတွေက အဖိုးတန်သည်ဆိုသော်လည်း ဤခေတ်ကာလတွင် မင်းသားများနှင့် ယှဉ်လျှင် ကွာခြားချက်က ကြီးမားလှသည်။
အားလုံးက ယဲ့ယွင် မည်သို့ မျက်နှာပျက်သွားမလဲဟု စောင့်ကြည့်နေစဉ်မှာပင် နင်ချန်က အရင်ဦးဆုံး စကားဆိုလိုက်သည်။
"ဘာမွေးမွေး ကျန်း ကတော့ အကုန်ချစ်တာပဲ၊ အကယ်၍ သမီးလေးမွေးရင် ကျားရင် လို့ အမည်ပေးမယ်၊ သူမကိုလည်း မင်ရှိုးယွမ်လိုပဲ ဉာဏ်ရည်ထက်မြက်သူလေး ဖြစ်စေချင်တယ်"
ပြောပြီးသည်နှင့် တတိယမင်းသားလေးကို နို့ထိန်းထံ ပြန်ပေးလိုက်သည်။ ထို့နောက် အောက်ရှိ လူအားလုံးကို ကြည့်ကာ ဆိုလိုက်၏။
"မင်းသားဖြစ်ဖြစ်၊ မင်းသမီးဖြစ်ဖြစ် အားလုံးက ကောင်းမွန်တဲ့အရာတွေပါပဲ၊ ငါ့ရဲ့ သားသမီးမှန်သမျှကို ငါကတော့ တန်းတူ ချစ်မြတ်နိုးပါတယ်"
ဤစကားမှာ အားလုံးကို ပြောခြင်းဖြစ်သော်လည်း သူ့မျက်ဝန်းများမှာ ယဲ့ယွင်အပေါ်တွင်သာ ရောက်ရှိနေသဖြင့် လူတိုင်း မနာလိုဖြစ်သွားကြတော့သည်။
နောက်ဆုံးတွင် မိဖုရားခေါင်ကြီးက စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"အရှင်မင်းကြီးက တကယ့်ကို မင်းသမီးလေးတွေကို ချစ်တာပဲ၊ မင်ရှိုးယွမ် မမွေးသေးဘူး၊ နာမည်တောင် ကြိုပေးထားပြီဆိုတော့... ကျွန်မတို့လည်း နောက်မှပဲ စောင့်ကြည့်ရတော့မှာပေါ့"
ဤသို့ဖြင့် ထိုအကြောင်းအရာမှာ ပြီးဆုံးသွားခဲ့သည်။ လူတိုင်းလည်း တခြားအကြောင်းအရာများကိုသာ စကားစမြည် ပြောကြတော့သည်။ အရှင်မင်းကြီးကိုယ်တိုင်က သမီးမွေးလည်း ချစ်သည်ဟု အတိအလင်း ပြောထားမှတော့ မည်သူကမှ အပိုတွေပြောပြီး ပြဿနာရှာဝံ့တော့မည် မဟုတ်ပေ။
သို့သော် နင်ချန်က ယဲ့ယွင်အပေါ် ပို၍ ကောင်းပြလေလေ ယဲ့ယွင်မှာ ပို၍ မနာလိုဝန်တိုမှုများကို ခံရလေလေပင် ဖြစ်သည်။ ယခုအခါ ကျောက်ချွန်းနန်းဆောင်အတွင်းရှိ လူများထဲတွင် ယဲ့ယွင် ဘေးကင်းစွာ ကလေးမွေးဖွားနိုင်ပါစေဟု ဆုတောင်းပေးမည့်သူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပေလိမ့်မည်။
အရင်က သမီးလေးမွေးပါစေဟု ဆုတောင်းခဲ့ကြသူများပင် ယခုအခါတွင်မူ ယဲ့ယွင်အား ကလေးမမွေးနိုင်ပါစေနှင့်ဟုပါ ဆုတောင်းနေကြပြီ ဖြစ်သည်။
***