ကျဲ့ဝူက ချော်ရည်များအတွင်း ကူးခတ်နေသော ချော်ရည်မီးလျှံငါးများကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ပထမအဆင့် နတ်ဆိုးသားရဲ အုပ်စုလေးတွေပဲဟာ"
ကျဲ့စဲ က ကျဲ့ဝူကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ "ကျဲ့ဝူ... ငါ မင်းကို ပြောပြီးသားပဲ၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဆိုတာ၊ ကျဲ့ဟွေ့ရဲ့ အမိန့်ကိုပဲ နားထောင်စမ်းပါ။ ဒီချော်ရည်မီးလျှံငါးတွေက ပထမအဆင့်သားရဲတွေပဲ ဆိုပေမဲ့ ချော်ရည်တွေထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့တာ။ သူတို့ခန္ဓာကိုယ်တွေက ပြင်းထန်တဲ့ အပူချိန်အောက်မှာ အကြိမ်ကြိမ် အရည်ကျိုခံထားရသလို ဖြစ်နေလို့ အရမ်းမာကျောပြီး သတ်ရခက်တယ်။ နောက်ပြီး သူတို့က အုပ်စုလိုက် လှုပ်ရှားတတ်ကြတာ။ အငြိုးလည်း ကြီးတယ်၊ လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူး"
ထိုစကားကို ကြားသောအခါ ကျဲ့ဝူမှာ ဇဝေဇဝါ ဖြစ်သွားပြီး ကျဲ့စဲ ပြောသည်မှာ အမှန်ပဲလားဟူသော အဓိပ္ပာယ်ဖြင့် ကျဲ့ဟွေကို အကူအညီတောင်းသလို ကြည့်လိုက်သည်။ ကျဲ့ဟွေမှာ ကျဲ့ဝူ၏ ဆင်ခြင်တုံတရားမဲ့မှုကို စိတ်ပျက်မိသဖြင့် ခေါင်းကိုသာ ခါလိုက်မိသည်။ ထို့နောက် လေ့မိသားစုမှ ကျင့်ကြံသူကို လက်အုပ်ချီ နှုတ်ဆက်ကာ "ဒကာရဲ့ အမည်ကို သိခွင့်ရမလား" ဟု မေးလိုက်သည်။
"လေ့ယွီဟွာပါ"
"ဒကာလေး... ခုနက သုံးလိုက်တာ မိုးကြိုးလှုပ်ရှားနည်းစနစ် မဟုတ်လား"
လေ့ယွီဟွာက ခေါင်းညိတ်ကာ "ဟုတ်တယ်" ဟု ပြန်ဖြေသည်။
ကျဲ့ဟွေက ခေါင်းညိမ့်ရင်း "မိုးကြိုးလှုပ်ရှားနည်းစနစ်က အရမ်းမြန်သလို နေရာကျဉ်းလေးထဲမှာ လှုပ်ရှားရတာ သင့်တော်တယ်။ အခုလို အခြေအနေမျိုးအတွက် အသင့်တော်ဆုံးပဲ။ ငါတို့ ပူးပေါင်းကြရင် ဘယ်လိုလဲ၊ ငါတို့က ချော်ရည်မီးလျှံငါးတွေကို ဆွဲဆောင်ထားပေးမယ်၊ မင်းက အခွင့်ကောင်းယူပြီး လင်မီးလျှံသစ်ပင် နှစ်ပင်ကို သွားခူးပေါ့။ ပြီးရင် ငါတို့ အညီအမျှ ခွဲယူကြမယ်၊ ဘယ်လိုလဲ"ဟု ကမ်းလှမ်းလိုက်သည်။
လေ့ယွီဟွာမှာ ချက်ချင်း ပြန်မဖြေဘဲ စဉ်းစားနေသည်။ ဘေးနားရှိ ဖုန်ချီမှာမူ စိုးရိမ်လာခဲ့သည်။ အကယ်၍ လေ့ယွီဟွာသာ ကျဲ့ဟွေတို့နှင့် ပူးပေါင်းသွားပါက သူ့အတွက် ဘာအခွင့်အရေးမျှ ရှိတော့မည် မဟုတ်ပေ။ သူသည်လည်း မီးဓာတ်ပညာရပ်များကို အထူးပြု ကျင့်ကြံထားသူဖြစ်ရာ လင်မီးလျှံသစ်ပင်မှာ သူ့အတွက် ဝိညာဉ်လက်နက်များ သန့်စင်ရန် အလွန်ပင် အဖိုးတန်သော ပစ္စည်းဖြစ်သည်။ "လေ့ညီလေး... ဟိုကတုံးတွေ စကားကို အလွယ်တကူ မယုံနဲ့။ သူတို့က စကားအလှတွေနဲ့ လှည့်စားတတ်တယ်။ မင်း လင်မီးလျှံသစ်သားကို ရတာနဲ့ သူတို့က မင်းကို ချက်ချင်း တိုက်ခိုက်မှာ"
လေ့ယွီဟွာ၏ မျက်နှာတွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။ "ဖုန်အစ်ကိုကြီးက ကျွန်တော့်ကို အရမ်း စိုးရိမ်ပေးနေတာပဲ"
ဖုန်ချီစကားကြောင့် ကျဲ့ဝူက ဒေါသတကြီးဖြင့် တိုက်ခိုက်မည် ပြုပြီးမှ သူ၏ စိတ်လိုက်မာန်ပါ လုပ်ရပ်များကြောင့် အစောပိုင်းက အကျိုးမဲ့ ဖြစ်ခဲ့ရသည်ကို ရုတ်တရက် သတိရသွားသဖြင့် ဒေါသကို ထိန်းကာ ရပ်နေလိုက်ရသည်။ ကျဲ့ဟွေမှာလည်း ကျဲ့ဝူကို ကြည့်ကာ ခေါင်းခါမိပြန်သည်။ သူ့အနေဖြင့် အလွန်ပင် ပင်ပန်းလာသလို ခံစားရသည်။ ကျဲ့ဝူမှာ စဥ်းစားဥာဏ်နည်းပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သူပင်။
ကျဲ့ဟွေသည် ရှေ့သို့ တိုးလာရာ သူ့အရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာပြီး ပြင်းထန်သော ဖိအားတစ်ခုက အနီးဝန်းကျင်ကို ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။ "သားရဲသခင်ဂိုဏ်းက ဒကာတို့... ဒီလင်မီးလျှံသစ်ပင်က ငါတို့ မဟာယနလမ်းစဥ်နဲ့ ရေစက်ရှိတယ်။ မင်းတို့ ဒီကနေ အေးအေးဆေးဆေး ထွက်သွားကြတာ အကောင်းဆုံးပဲ၊ ငါ မိတ်မပျက်ချင်ဘူး"
ဖုန်ချီ၏ မျက်နှာ မည်းမှောင်နေသည်။ သူ့အနေဖြင့် လင်မီးလျှံသစ်ပင်ကို အလွယ်တကူ လက်မလွှတ်နိုင်ပေ။ "ဒီစကားလောက်နဲ့ ငါ့ကို ခြောက်လှန့်လို့ရမယ် ထင်နေတာလား၊ ငါ ဖုန်ချီကို မင်းတို့ လျှော့တွက်နေတာပဲ"
စကားဆုံးသည်နှင့် ဖုန်ချီက လက်နှစ်ဖက်ကို မြှောက်ကာ ဘေးတစ်ဖက်စီရှိ ဟင်းလင်းပြင်သို့ ဝေ့ယမ်းလိုက်ရာ ချက်ချင်းပင် ပေ ၃၀ ခန့် ရှည်လျားသော မီးနဂါး နှစ်ကောင်မှာ ထွက်ပေါ်လာသည်။ အခြားနေရာသာဆိုလျှင် ဖုန်ချီသည် ကျဲ့ဟွေ့တို့ကို ယှဉ်နိုင်မည်မဟုတ်ဘဲ ထွက်ပြေးရမည်သာ ဖြစ်သည်။ သို့သော် ဤချော်ရည်ဂူ၏ သဘာဝသည် သူ၏ မီးဓာတ်ပညာရပ်နှင့် အလွန်သင့်လျော်သော ပတ်ဝန်းကျင်ဖြစ်သဖြင့် လက်ရည်တူ တိုက်ခိုက်နိုင်စွမ်း ရှိမည်ဟု ယုံကြည်နေသည်။
မီးနဂါးများ ပေါ်လာသည်နှင့် အောက်ရှိ ချော်ရည်များသည် အားတစ်ခုခုကြောင့် ဆွဲငင်ခံရသလို အလိုလို ကြွတက်လာပြီး နဂါးများ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့သည်။ မူလက ရဲရဲနီနေသော နဂါးများသည် အရောင်ရင့်လာပြီး အနက်ရောင်သို့ ပြောင်းလဲသွားကာ ပြင်းထန်သော အပူရှိန် ထွက်ပေါ်လာသည်။ အပူဒဏ်မှာ ပြင်းလွန်းသဖြင့် ဟင်းလင်းပြင်ပင်လျှင် စတင် ကွေ့ကောက် ပုံပျက်လာသလို ခံစားရသည်။
ဖုန်ချီက စတင် တိုက်ခိုက်သည်ကို မြင်သောအခါ ကျဲ့ဝူ သည်းမခံနိုင်တော့ပေ။ "ဒီလို အဆင့်မရှိတဲ့ မီးဓာတ်ပညာက ငါ့ကို ဘာလုပ်နိုင်မှာလဲ"
ရဟန္တာရွှေခန္ဓာကို အသက်သွင်းလိုက်သည်နှင့် ကျဲ့ဝူသည် ၁၀ ပေကျော် မြင့်မားသော ရွှေရောင်လူသန်ကြီးအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ ထို့နောက် ဖုန်ချီထံသို့ ပြေးဝင် တိုက်ခိုက်တော့သည်။ လမ်းတစ်လျှောက်တွင် ကျဲ့ဝူနှင့် အမြဲတမ်း အဆင်မပြေဖြစ်နေသော ကျဲ့စဲပင်လျှင် ကျဲ့ဝူကို အစွမ်းကုန် ကူညီပေးခဲ့သည်။ သူ့ကိုယ်တော်ဝတ်ရုံကို ဆင့်ခေါ်ကာ ကျဲ့ဝူကို ကာကွယ်ပေးရန် ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။
"ဝေါင်း..." နဂါးနှစ်ကောင်၏ ပါးစပ်မှ ကျယ်လောင်သော ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး၊ မီးလျှံလှိုင်းကြီးကဲ့သို့ ကျဲ့ဝူထံသို့ တိုးဝင်သွားခဲ့သည်။
“ဝုန်း.. ဂျိမ်း..” နှစ်ဖက် တိုက်ခိုက်မှုမှာ ပြင်းထန်သော အသံကြီးနှင့်အတူ ထိမှန်သွားကြသည်။ ဂူကြီးတစ်ခုလုံး တုန်ခါသွားသည်။ မီးလျှံများ ကောင်းကင်သို့ ထိုးတက်သွားသည်။ မရေမတွက်နိုင်သော မီးပွားများ နေရာအနှံ့ စင်ထွက်သွားသည်။ ပြင်းထန်သော တွန်းငန်အားလှိုင်းနှင့် အပူရှိန်မှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ကျဲ့ဝူ၏ ပထမခံစစ်ဖြစ်သော ကိုယ်တော်ဝတ်ရုံမှာ ပြင်းထန်သော ရိုက်ခတ်မှုကို အရင်ဆုံး ခံစားလိုက်ရကာ ရွှေရောင်အလင်းတန်းများ ချက်ချင်း မှိန်ဖျော့သွားသည်။ ထို့နောက်တွင် တန်ပြန်အားလှိုင်းက ကျဲ့ဝူဆီသို့ ရောက်လာခဲ့သည်။ ကျဲ့ဝူလည်း ဥက္ကာပျံနှင့် တိုက်မိသလို ခံစားလိုက်ရပြီး၊ ရဟန္တာရွှေခန္ဓာမှာ ချက်ချင်းပင် ပျက်စီးသွားသည်။ သူ့ခန္ဓာကိုယ်မှာ မူလအရွယ်အစားသို့ ပြန်ရောက်သွားပြီး တစ်ကိုယ်လုံးလည်း မည်းတူးသွားကာ တိုက်ပွဲအရှိန်ကြောင့် ချော်ရည်များဆီ လွင့်စင်သွားသည်။
ကျဲ့စဲက ဝိညာဉ်စွမ်းအားကို အသုံးချကာ ချော်ရည်များထဲ မကျခင် အလျင်အမြန် ပြန်ဆွဲယူလိုက်၍သာ ကျဲ့ဝူ သေကံမရောက် သက်မပျောက်ခြင်း ဖြစ်သည်။ ကျဲ့ဝူမှာ တစ်ကိုယ်လုံး မည်းတူးနေသော်လည်း ဒဏ်ရာမှာမူ ပြင်းထန်ခြင်း မရှိပေ။ ဖုန်ချီ၏ မီးဓာတ်နည်းစနစ်မှာ ပတ်ဝန်းကျင် ပံ့ပိုးမှုကြောင့် အလွန်ပင် အားကောင်းသော်လည်း ကိုယ်တော်ဝတ်ရုံနှင့် ရဟန္တာရွှေခန္ဓာကို ဖောက်ထွက်ပြီးချိန်တွင် ကျန်ရှိသော အားအရှိန်မှာ နည်းပါးသွားသဖြင့် ကျဲ့ဝူကို သေစေလောက်သော ဒဏ်ရာ မပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဖုန်ချီအနေဖြင့် အဆင့်တူနှစ်ဦးကို အသာစီးရအောင် တိုက်ခိုက်နိုင်ခြင်းမှာ အံ့ဩစရာပင် ဖြစ်သည်။
ကျဲ့ဟွေ၏ မျက်နှာတွင် စိုးရိမ်သော အမူအရာ ပေါ်လာသည်။ ချော်ရည်ဂူ၏ ပတ်ဝန်းကျင်မှာ ဖုန်ချီ၏ မီးဓာတ်ပညာရပ်ကို မယုံနိုင်လောက်အောင် အားကောင်းစေသည်။ သူကျွမ်းကျင်သော မဟာယနနတ်ဆိုးလမ်းစဉ်မှာမူ ဤပူပြင်းသော နေရာတွင် ကန့်သတ်ချက်များစွာ ရှိနေသည်။ သူတို့ သုံးဦးပေါင်းပြီး ဖုန်းချီကို တိုက်ထုတ်မည်ဆိုလျှင်ပင် အချိန်နှင့် ဝိညာဉ်စွမ်းအား အမြောက်အမြား အကုန်အခံရပေလိမ့်မည်။
လေ့ယွီဟွာသည်လည်း အခြေအနေကို အကဲခတ်နေသည်။
ကျဲ့ဟွေ့သည် လင်မီးလျှံသစ်သားကို ဖုန်ချီလောက် အလိုမရှိပေ။ ထို့ကြောင့် အချိန်နှင့် ဝိညာဉ်စွမ်းအားများကို အလဟဿ အကုန်မခံလိုတော့ပေ။ ဖုန်ချီက နောက်ထပ် မီးနဂါးများကို ဆင့်ခေါ်တော့မည်ကို မြင်သောအခါ ကျဲ့ဟွေက အလျင်အမြန် တားဆီးလိုက်သည်။ "ဒကာလေး... ငါတို့ကြားမှာ ရန်ငြိုးမရှိပါဘူး၊ ဘာလို့ အသေအလဲ တိုက်ခိုက်နေရမှာလဲ။ အဲဒီအစား ငါတို့ ပူးပေါင်းပြီး ဒီအပင် နှစ်ပင်ကို ယူကြရအောင်"
ဖုန်းချီမှာ ထိုစကားကို ကြားသောအခါ လှောင်ပြုံးပြုံးလိုက်ပြီး ကျဲ့ဟွေ့၏ ကမ်းလှမ်းချက်ကို ချက်ချင်း သဘောမတူသေးပေ။ ကျင့်ကြံသူများ အတ္တကြီးကြသည်မှာ ထုံးစံဖြစ်သော်လည်း ကျဲ့ဟွေကဲ့သို့ အရေထူသော ဟန်ဆောင်သမားမျိုးမှာ ရှားပါးလှသည်။ ဖုန်ချီသည် တစ်ဖက်လူ၏ စကားကို အလွယ်တကူ မယုံရဲပေ။ ကိုယ်တော်သုံးပါး ချော်ရည်ဂူထဲ စဝင်လာချိန်တွင် အလွန်ပင် မောက်မာခဲ့ကြပြီး လင်မီးလျှံသစ်ပင်ကို အပိုင်စီးရန် ကြိုးစားခဲ့ကြသည်။ လေ့ယွီဟွာ၏ လှုပ်ရှားမှုနည်းစနစ်ကို မြင်သောအခါ ၎င်းနှင့် ပူးပေါင်းရန် ချက်ချင်း ပြောခဲ့ကြသည်။ ယခု သူ၏ မီးနဂါးအစွမ်းကို မြင်ရပြန်သောအခါ သူနှင့် ပူးပေါင်းရန် ပြောနေကြပြန်သည်။ ထိုသူတို့မှာ အခြေအနေကြည့်ပြီး အရောင်ပြောင်းတတ်သော လူများသာ ဖြစ်သည်။
လေ့ယွီဟွာမှာ မူလက ဘေးမှကြည့်နေပြီး ဖုန်ချီနှင့် ကျဲ့ဟွေ့တို့ အချင်းချင်း ဒဏ်ရာရအောင် တိုက်ခိုက်ကြရန် မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ ကျဲ့ဟွေမှာ ဖုန်ချီနှင့် ပြန်လည် ပူးပေါင်းရန် ကြိုးစားနေသဖြင့် မအောင့်နိုင်တော့ဘဲ လှောင်ပြောင်လိုက်သည်။ "ကျင့်ကြံရေးလောကမှာ မဟာယန ကျင့်ကြံသူတွေက လှည့်စားတတ်တဲ့ ဟန်ဆောင်အကောင်းဆုံးသူတွေလို့ နာမည်ကြီးတာ။ ဒီနေ့တော့ ငါ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာပဲ"
လေ့ယွီဟွာ၏ လှောင်ပြောင်မှုကို ခံရသော်လည်း ကျဲ့ဟွေ့မှာ တည်ငြိမ်နေဆဲ ဖြစ်ပြီး မဟာကရုဏာရှင်အသွင် ဆက်လက် ဖမ်းထားဆဲ ဖြစ်သည်။ "ဒကာတို့... ဒီ ချန်းလန်လျှို့ဝှက်နယ်မြေထဲမှာ ရတနာတွေ အများကြီး ရှိပါတယ်။ ငါတို့ သုံးယောက်လုံး ဒီအပင်လေး တစ်ခုအတွက်နဲ့ တိုက်ခိုက်နေတာ မိုက်မဲရာ ရောက်ပါတယ်"
ဖုန်ချီက နှာခေါင်းရှုံ့ပြီး "ကိုယ်တော်က ဒါကို အဖိုးမတန်ဘူးလို့ ထင်ရင် ဒီကနေ ထွက်သွားနိုင်ပါတယ်။ ကျွန်တော်နဲ့ တာအိုရောင်းရင်းလေ့က တားမှာ မဟုတ်ဘူး"ဟု ပြောသည်။
လေ့ယွီဟွာကလည်း ထောက်ခံလိုက်သည်။ "တာအိုရောင်းရင်းဖုန် ပြောတာ မှန်တယ်"
ကျဲ့ဟွေ့က ခေါင်းခါရင်း လေသံပြောင်းလာပြန်သည်။ "ဒကာတို့... ငါတို့ သုံးယောက်က ဒီနေရာမှာ အင်အားအကြီးဆုံးပဲ။ ရတနာက ငါတို့ ရှေ့မှာတင် ရှိနေတာကို ဒီအတိုင်း လက်လွှတ်လိုက်ဖို့ ပြောတာကတော့ မသင့်တော်ဘူး ထင်တယ်နော်။ ဒီလိုလုပ်ပါလား၊ လေ့ဒကာက အဲဒီအပင်တွေကို သွားယူလိုက်၊ ငါတို့ သုံးယောက်က တစ်ပင် ယူမယ်၊ ကျန်တဲ့ တစ်ပင်ကို မင်းတို့ နှစ်ယောက် ခွဲယူကြပေါ့။ ဘယ်လိုလဲ"
လေ့ယွီဟွာက ရယ်မောလိုက်သည်။ "ခေါင်းပြောင်ကြီး... မင်းက တော်တော် လည်တာပဲ။ ငါက အန္တရာယ်ကို ရင်ဆိုင်ပြီး သွားယူရမယ်၊ မင်းတို့ကတော့ ဘာမှ မလုပ်ဘဲ ထိုင်စားမယ်ပေါ့။ ငါ့ကို အရူးများ မှတ်နေလား"
ဖုန်ချီ၏ အမူအရာမှာ တည်ကြည်သွားပြီး "မင်းတို့ ဘယ်လိုပဲ ခွဲခွဲ ငါ ဂရုမစိုက်ဘူး။ ငါ အနည်းဆုံး တစ်ပင်တော့ ရရမယ်၊ မဟုတ်ရင် မင်းတို့ထဲက တစ်ယောက်မှ အဲဒါကို ရဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး"ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။
ကျဲ့ဟွေ၏ အမူအရာမှာ အေးစက်သွားပြီး လူသတ်လိုသော အရှိန်အဝါများ ပါဝင်လာခဲ့သည်။ "ငါ တရားသဖြင့် ပြောနေတာကို မင်းတို့ နှစ်ယောက်က ငါ့ကို အနိုင်ကျင့်လို့ရတဲ့သူလို့ ထင်နေပုံရတယ်။ အဲဒီလိုဆိုရင်လည်း ငါတို့ကပဲ အကုန် ယူရတာပေါ့"
ထိုစကားကြောင့် ဖုန်ချီ၏ မျက်နှာ တည်ကြည်သွားပြီး သူ့ဘေးတစ်ဖက်စီတွင် မီးနဂါး နှစ်ကောင်မှာ ပေါ်လာသည်။ လေ့ယွီဟွာလည်း မိုးကြိုးလှုပ်ရှားနည်းစနစ်ကို အသုံးချကာ အတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်ခဲ့သည်။ ဤနေရာတွင် ဝိညာဉ်အာရုံမှာ ကန့်သတ်ခံထားရသဖြင့် တိုက်ခိုက်နိုင်သော အကွာအဝေးမှာ ပေ ၃၀၀ ခန့်သာ ရှိသည်။ ထိုထက် ကျော်လွန်သွားပါက တိုက်ခိုက်မှုမှာ တိကျမှု မရှိတော့ပေ။ လေ့ယွီဟွာသည် သူ၏ မြန်ဆန်သော အရှိန်နှင့် ထူးခြားသော ပတ်ဝန်းကျင်ကို အသုံးချကာ အခြားသူများနှင့် ထိပ်တိုက် မတွေ့ရန် ရှောင်တိမ်းပြီး၊ အကွာအဝေးတစ်ခုမှ နှစ်ဖက်စလုံး အသေအလဲ တိုက်ခိုက်ချိန်ကို စောင့်ရန် ဆုံးဖြတ်လိုက်သည်။
လေ့ယွီဟွာ လေထဲ ရှိနေစဉ် ရုတ်တရက် သူ့အနောက်မှ ပြင်းထန်သော ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုများကို ခံစားလိုက်ရသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ မီးနဂါး နှစ်ကောင်မှာ သူ့ထံသို့ ပြေးဝင်လာနေသည်ကို တွေ့လိုက်ရသည်။ အခြားတစ်ဖက်တွင်လည်း ကျဲ့ဝူမှာ ရွှေရောင်လူသန်ကြီးအဖြစ် ထပ်မံ ပြောင်းလဲကာ ရွှေကြာပလ္လင်ပေါ်တွင် ရပ်လျက် တိုက်ခိုက်လာနေသည်။
ဟွန်းယွမ်ကျောင်းတော်မှ ကိုယ်တော် သုံးပါးနှင့် ဖုန်ချီတို့ မည်သည့်အချိန်တွင် သဘောတူညီမှု ရသွားကြသည် မသိဘဲ ပူးပေါင်း တိုက်ခိုက်မှုကို လေ့ယွီဟွာ ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။ ဖုန်ချီနှင့် လေ့ယွီဟွာမှာ ပေ ၅၀၀ ခန့် ကွာဝေးသဖြင့် ဝိညာဉ်အာရုံ လွှမ်းခြုံနယ်ပယ်ထက် များစွာ ကျော်လွန်နေသည်။ ထို့ကြောင့် လေ့ယွီဟွာသည် မီးနဂါးများ၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။ မီးနဂါး နှစ်ကောင်မှာ ချော်ရည်များအတွင်းသို့ ထိုးဆင်းသွားခဲ့သည်။ ချော်ရည်များ နေရာအနှံ့ စင်ထွက်သွားကာ မီးလျှံများမှာ ပရမ်းပတာ ဖြစ်သွားသည်။
အစောပိုင်းက ငြိမ်သက်နေသော ချော်ရည်မီးလျှံငါးများ ပို၍ ဒေါသထွက်လာသည်။ ထောင်နှင့်ချီသော ငါးများ ချော်ရည်များအတွင်းမှ ထိုးထွက်လာပြီး၊ အနီးဆုံးတွင် ရှိနေသော လေ့ယွီဟွာထံသို့ တိုးဝင်သွားကြသည်။ မိုးကြိုးလှုပ်ရှားမှုနည်းစနစ် မည်မျှပင် ကောင်းမွန်စေကာမူ ငါးထောင်ပေါင်းများစွာ၏ ဝိုင်းရံမှုကို ခံရသောအခါ လေ့ယွီဟွာ အနေဖြင့် အားလုံးကို ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။
***