နေ့ခင်း မွန်းတည့်ချိန် ရောက်နေပြီ ဖြစ်တဲ့အတွက် နေမင်းက အနောက်ဘက်ဆီကို တဖြည်းဖြည်း ရွေ့လျားနေခဲ့ပါပြီ။ ဒါပေမဲ့ အရမ်းကို တောက်တောက်ပပ ထွန်းလင်းနေဆဲပါ။ ယဲ့ရှီးရွှေက နန်းတော်ကနေ ဒီတစ်ကြိမ်မှာ ဝင်ပေါက်ကို သေချာ ဖြတ်သန်းပြီး သူ့ရဲ့ စိတ်ရင်းမှန်ကန်မှုကို ပြသခဲ့ပါတယ်။ သူမလိုမျိုး မိစ္ဆာဝိညာဉ်ပညာရှင်တစ်ယောက်အတွက် နေ့ခင်းမွန်းတည့်ချိန်က သူ့ကို သက်ရောက်မှု အနည်းငယ် ရှိပါတယ်။
"တီ တီ "
နားကန်မတတ်အချက်ပေးသံတွေက နန်းတော်တစ်ခွင်လုံးကို တစ်ခဏချင်းအတွင်း ပျံ့နှံ့သွားပါတော့တယ်။ ယဲ့ရှီးရွှေလည်း သူရဲ့ သွားလာနေတဲ့ လမ်းကို ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ သူမရဲ့ မျက်လုံးတွေက လုံးဝ အေးစက်နေခဲ့ပါပြီ။ နောက်ပိုင်း ဘာကို ရင်ဆိုင်ရမလဲဆိုတာ သူမ သိနေခဲ့တယ်။
ရွှီချန်းယန်က သူမကို အလွတ်ပေးမှာ မဟုတ်ပါဘူး။ သူမက သူ့ကို ဒီလိုမျိုး လက်လွှတ်မခံနိုင်လောက်တဲ့ အခွင့်အရေးကောင်းကြီးတစ်ခုကို ပေးထားခဲ့တယ်။ ဒါပေမဲ့ သူက အဲဒီလို ရွေးချယ်မှုကို လုပ်ဆဲပါ။
" ရွှီချန်းယန်... ရွှီချန်းယန်... ကောင်းတယ်... ကောင်းတယ်။ နင် ငါ့ကို ဒီနေရာမှာ အပြတ်ရှင်းနိုင်ဖို့ ဘယ်လိုများ လုပ်နိုင်မလဲဆိုတာ မြင်ချင်လိုက်တာ။ "
သူမ တွေးရင်းနဲ့ ပြုံးလိုက်ပါတယ်။ အဲဒီနောက် ယဲ့ရှီးရွှေက ညာဘက်လက်ကို ကောင်းကင်ပေါ်မှာ လက်ညှိုးညွှန်လိုက်ပြီး နေရာမှာတင် မလှုပ်မယှက် ရပ်နေခဲ့ပါတယ်။ သူမရဲ့ အနောက်ဘက်မှာတော့ သွေးနီရောင် အလင်းတန်း ပုံရိပ်ကြီးတစ်ခုက တိတ်တဆိတ် ပေါ်ထွက်လာခဲ့တယ်။ ဒါက သူမရဲ့ သွေးဝိညာဉ် နတ်ဆိုးရုပ်သေးပါ။
ယဲ့ရှီးရွှေရဲ့ ခန္ဓာကိုယ်ဆီကနေ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းတွေက တစ်လွှာပြီတစ်လွှာ ထွက်ပေါ်လာခဲ့ပါတယ်။ သူမရဲ့ ဘေးပတ်ပတ်လည် မီတာတစ်ရာအတွင်းမှာ ရှိရှိသမျှ အဆောက်အအုံတွေအားလုံးက ချက်ချင်းဆိုသလို ပြိုကွဲပျက်စီးလို့သွားခဲ့ရတယ်။
အဲဒီနောက် အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ပဲ ဗလာကျင်းနေတဲ့ မြေပြင်ကြီးက ဖြစ်ပေါ်လာခဲ့ပါတယ်။
ယဲ့ရှီးရွှေ အနေနဲ့ တစ်ဖက်လူတွေကို ဘာမှ ညှာတာပေးစရာ မလိုတော့ပါဘူး။
ဒီအချိန်မှာပဲ တောက်ပလွန်းလှတဲ့ အလင်းတိုင်ကြီး လေးတိုင်က ကောင်းကင်ပေါ်ကို ထိုးတက်လို့သွားပါတော့တယ်။ ဒီအလင်းတိုင်ကြီး လေးတိုင်က သက်တံ့ရောင်တောက်ပလို့နေခဲ့ပြီး ကောင်းကင်ပေါ်ကို တက်သွားတာနဲ့ တစ်ပြိုင်နက် မြန်မြန်ဆန်ဆန် အလယ်ဗဟိုမှာ စုဝေးလာကာ ကြီးမားတဲ့ အမိုးခုံးကြီး အသွင်သဏ္ဌာန်ကို ပြောင်းလဲပြီး တော်ဝင်နန်းဆောင်ကြီးကို ဖုံးလွှမ်းလို့သွားခဲ့တယ်။
ရုတ်တရက် တောက်ပလွန်းလှတဲ့ သက်တံ့ရောင်အလင်းတန်းရောင်စဉ်ကြီးက တော်ဝင်နန်းဆောင်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းလို့သွားခဲ့တယ်။ ဒီအချိန်မှာ နတ်ဘုရားဆန်းတဲ့ အလင်းတန်းကြီးက လောကတစ်ခွင်ကို ဆင်းသက်လာသလိုပါပဲ။
မှော်ဆန်လွန်းလှတဲ့ ခံစားချက် ဖြစ်ပေါ်ပေမဲ့ ယဲ့ရှီးရွှေရဲ့ အမူအရာက ရုတ်တရက် ပြောင်းလဲလို့သွားခဲ့ပါတယ်။
အဆင့်ကိုး ဝိညာဉ်လက်နက် အတတ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ သူမရဲ့ ဝိညာဉ်လက်နက်တွေအပေါ် နားလည်သဘောပေါက်နိုင်စွမ်းက အရမ်းကို နက်ရှိုင်းနေခဲ့တယ်။ သူမက ဝိညာဉ်လက်နက်တွေကို ထုတ်လုပ်တဲ့နေရာမှာ အများကြီး နာမည်မကျော်ကြားခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီအလင်းတန်းကြီးက သူမအတွက် အရမ်းကို ရင်းနှီးတဲ့အရာ ဖြစ်နေခဲ့တယ်။
စွမ်းအင်စုစည်းဖိသိပ်ထားတဲ့ အမြောက်ဝိညာဉ်လက်နက်တွေကို သူမ ဘယ်လိုလုပ်မမှတ်မိပဲနေမှာလဲ။ ဒါတွေကို သူမ သိတဲ့အတွက်ကြောင့်သာ ဒါတွေက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာနဲ့ နိုင်ငံရဲ့မြို့တော်ကြီးဖြစ်တဲ့ တောက်ပရောင်စဉ် မြို့တော်ကိုတောင် ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာ နားလည်ထားပြီးသားပါ။
လူတစ်ယောက် ဘယ်လောက်ပဲ သန်မာပါစေ လူသားက လူသားပါပဲ။ ယဲ့ရှီးရွှေရဲ့ အဆင့်အတန်းက နတ်ဘုရားတစ်ပိုင်းနီးပါးရောက်နေပြီဖြစ်ပေမဲ့ လူသားတွေရဲ့ ကန့်သတ်ချက်ထဲမှာ ရှိနေဆဲပါ။
ဒါပေမဲ့လည်း ဒီလက်နက်တွေကတော့ စွမ်းအင် အကန့်အသတ်မရှိဘဲ ဆက်တိုက်ဆိုသလိုတိုက်ခိုက်နိုင်ပါတယ်။ အကယ်၍ သူတို့ရဲ့အင်အားတွေက ဒီထက်ပိုပြီး ကျော်လွန်သွားခဲ့မယ်ဆိုရင် မြေပြင်ကြီးတစ်ခုလုံးကတော့ ဆက်တောင့်ခံနိုင်တာမျိုး မရှိတော့ဘဲ ပျက်စီးပျောက်ကွယ်သွားနိုင်ပါတယ်။
ဒီလက်နက်တွေရဲ့ အစွမ်းပကားက အကန့်အသတ် မရှိနိုင်ပါဘူး။ ဒါက ကန့်သတ်မဲ့သော့်လော့ တစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် လုံလောက်တာထက်တောင်လည်း ပိုပါတယ်။
တော်ဝင်နန်းဆောင်ထဲမှာတော့ လူတွေက တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာခဲ့တယ်။ ဒီလူတွေနဲ့အတူ ပေါ်ထွက်လာခဲ့တဲ့ အနက်ရောင် လူသားအသွင် ဝိညာဉ်လက်နက်ကြီးတွေက ကြောက်စရာကောင်းတဲ့ ဖိအားတွေကို ထုတ်လွှတ်နေခဲ့ပါတယ်။
နေလနိုင်ငံတော် တော်ဝင်ဝိညာဉ်လက်နက် အတတ်ပညာရှင်တပ်ရင်းက ရောက်ရှိလာခဲ့ပါပြီ။
သူတို့တွေအပြင် များပြားလှတဲ့ ဝိညာဉ်လက်နက် အတတ်ပညာရှင်တွေကလည်း နန်းတော်ရဲ့ အဝန်းအဝိုင်းထဲမှာ ရှိနေကာ ကောင်းကင်ပေါ်မှာ ပျံဝဲနေခဲ့ပါတယ်။ တော်ဝင်နဂါးမိစ္ဆာတပ်ဖွဲ့နဲ့ နတ်မီးငှက်မိစ္ဆာဝိညာဉ်လက်နက် အတတ်ပညာရှင် တပ်ရင်း အားလုံး ရှိနေခဲ့တယ်။ ဒါအပြင် နှစ်ထောင်ကျော်တဲ့ အဆင့်မြင့် ဝိညာဉ်လက်နက် အတတ်ပညာရှင်တွေ အားလုံးက တော်ဝင်နန်းဆောင်ထဲမှာ စုဝေးနေခဲ့ကြပါတယ်။ ဒါအပြင် အားလုံးရဲ့ အလယ်ဗဟိုနေရာမှာ ပျံဝဲနေတဲ့ လူကြီးတစ်ဦးကတော့ ယဲ့ရှီးရွှေကို ကြည့်နေခဲ့တယ်။
" ခုန်ဒဲ့မင်"
ယဲ့ရှီးရွှေက သူ့နာမည်ကို တစ်လုံးချင်း အော်ဟစ်နေခဲ့တယ်။
" အကြီးအကဲယဲ့ ငါတို့တွေ တစ်နေ့ တိုက်ခိုက်ရဦးမယ်ဆိုတာ ငါသိတယ်။ ဒီလောက် မြန်မြန် ဖြစ်လာမယ်လို့ ငါမထင်ခဲ့ရုံပဲ။ "
ယဲ့ရှီးရွှေက ရယ်မောနေခဲ့ပါတယ်။ သူမရဲ့ ရယ်သံက စူးရှလွန်းလှပြီး ကြားရတဲ့သူတွေရဲ့ နားစည်တွေကို ဖောက်ထွက်သွားသလိုပါပဲ။
" ဟုတ်တယ်... ဒီလိုနေ့မျိုး ရောက်လာမယ်လို့ ငါလည်း ထင်ပြီးသားပဲ။ ဒါပေမဲ့ ရွှီချန်းယန်က ငါတို့ရဲ့ အတိတ်တုန်းက သံယောဇဉ်တွေကို မထောက်ထားဘူးလို့ ငါ မမျှော်လင့်ခဲ့မိရုံပဲ။ ဟီးဟီး... "
" ငါကိုယ်တော်က အတိတ်အချိန်ရဲ့ သံယောဇဉ်ကြိုးတွေကို မထောက်ထားတာ မဟုတ်ဘူး။ ငါတို့မှာ ဘာမှ ရောစရာ ချည်နှောင်မှု မရှိခဲ့လို့ပဲ။ ဒီနှစ်တွေမှာ မြင့်မြတ်သရဲဘုရားကျောင်းက ပြည်သူပြည်သား ဘယ်လောက်များများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့လဲ။ ဒီတစ်ကြိမ်မှာ ငါ့ရဲ့ တပ်ဖွဲ့ကြီးကိုတောင် တိုက်ခိုက်ပြီး ငါ့စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ထိခိုက်အောင် လုပ်ခဲ့တယ်။ တိုက်ကြီးတစ်ခွင်လုံးကို လွှမ်းမိုးချုပ်ကိုင်တဲ့အချိန်မှာ တစ်ချက်တည်းနဲ့ အပြတ်သိမ်းလိုက်နိုင်ပေမဲ့ နောက်ဆုံးမှာတော့ မင်းတို့တွေရဲ့ တိုက်ခိုက်မှုကြောင့်ပဲ ဒီတိုက်ပွဲကနေ ရပ်တန့်ပြီး မင်း နေပြည်တော်ဆီကို ရွေးချယ်စရာမရှိဘဲ ပြန်လာခဲ့ရရှာတယ်။ "
"အကြီးအကဲယဲ့ မြင့်မြတ်သရဲဘုရားကျောင်းက နိုင်ငံတော်ကို ဘယ်လောက်အထိ ထိခိုက်စေခဲ့ပြီလဲဆိုတာ သိရဲ့လား။ ငါတို့တွေရဲ့ အတိတ်တုန်းက နှောင်ကြိုးတွေကို ငါက ဂရုမစိုက်တော့ဘူးလို့ မင်းပြောတယ်မဟုတ်လား။ ဒါဆိုရင် ငါမင်းကို မေးပါရစေဦး။ သုပုစီး မြို့တော်ထဲမှာ ငါ့ကိုသတ်ဖို့ ကြိုးစားခဲ့တဲ့ အချိန်တုန်းက မင်းနဲ့ မင်းရဲ့ ဘုရားကျောင်းကလူတွေ ဘယ်ကို ရောက်နေခဲ့လဲ။ အဲဒီကတည်းက ငါသေဖို့အတွက် မင်းမျှော်လင့်နေခဲ့တာ မဟုတ်လား။ ပဋိပက္ခဖြစ်နေပြီး ဗရမ်းဗတာ ဆူပူအုံကြွနေတဲ့ နိုင်ငံတော်က မိစ္ဆာဝိညာဉ်ပညာရှင်တွေအတွက် ပိုပြီး အကျိုးရှိမှာပေါ့။ ဟုတ်တယ်ဟုတ်။ "
ရွှီချန်းယန်က ရွှေရောင် လူသားအသွင် ဝိညာဉ်လက်နက်ထဲမှာ ရှိနေခဲ့ပါတယ်။ သူ့ရဲ့ ဘေးပတ်လည်မှာတော့ အနည်းဆုံး အဆင့်ကိုး ဝိညာဉ်လက်နက် အတတ်ပညာရှင် ဆယ်ဦးကျော် ရှိနေခဲ့တယ်။ ကျွီးကျင့်ကတော့ သူ့ရဲ့ နောက်ခြေလှမ်း တစ်ဝက်အကွာမှာ ရပ်နေခဲ့ပါတယ်။
" နင် ငါတို့ကို ပြစ်ပယ်ချင်တယ်ဆိုရင် ဘယ်လို အကြောင်းပြချက်မဆို ရှာလို့ရတာပဲ။ ဒါအပြင် အဲဒီ မကောင်းမှုတွေအားလုံးက ငါတို့ရဲ့ နာမည်ဂုဏ်သတင်းကို ပျက်ပြားအောင် လုပ်နေတာပဲ ဆိုတာ ဘယ်လိုမှ ရှင်းပြလို့ ပြီးစီးနိုင်မှာ မဟုတ်ဘူး။ စစ်နတ်ဘုရား ဧကရီ တကယ်ပဲ အကွက်ဆင်တာ ထူးချွန်လွန်းတယ်။ ငါမသိလိုက်တာ တစ်ခုပဲ ရှိတယ်။ ဘယ်တုန်းကများ မြင့်မြတ်သရဲဘုရားကျောင်းက မင်းကို အပြစ်ပြုမိခဲ့လို့လဲ။ "
သူက ရွှီချန်းယန်ကို တစ်ချက်တောင်မကြည့်ဘဲ ကျွီးကျင့်ဆီကိုသာ ကြည့်နေခဲ့ပါတယ်။
" မြင့်မြတ်သရဲဘုရားကျောင်းက ငါ့ကို ရန်မပြုခဲ့ဘူး။ ဒါပေမဲ့ ငါ့ရဲ့တပ်ဖွဲ့၊ ငါ့ရဲ့ပြည်သူတွေနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းမှုကို ပျက်ပြားအောင် လုပ်ခဲ့တယ်။ မိစ္ဆာတွေဆိုတာက တိုက်ကြီးတစ်ခွင်ကို ဖျက်ဆီးမှာဖြစ်လို့ နိုင်ငံတော်တစ်ခုအတွက် မတည်ရှိသင့်ဘူး။ ဘယ်လိုအကြောင်းရင်းကို ပေးပါစေ မြင့်မြတ်သရဲဘုရားကျောင်းက နိုင်ငံတော်ကို တိုက်ခိုက်ခဲ့လား မတိုက်ခိုက်ခဲ့လား ဆိုတာတွေကလည်း အရေးမကြီးတော့ဘူး။ အရေးအကြီးဆုံးကတော့ မြင့်မြတ်သရဲဘုရားကျောင်း ဒီလောကကြီးကနေ ထာဝရ ပျောက်ကွယ်သွားဖို့ လိုအပ်တယ်၊ နောက်ထပ် ထပ်ပြီး တည်ရှိနေလို့ မရဘူး။ "
ယဲ့ရှီးရွှေလည်း နားလည်လို့ သွားခဲ့ပါတယ်။
" ဒါဆိုရင် အရှင်မင်းမြတ်က သေချာပေါက် ဒီနိုင်ငံတော်ကြီးထဲမှာ ငါတို့ဘုရားကျောင်းကို မရှိတော့ဘဲ လုံးဝ ပျက်သုဉ်းသွားစေချင်တာပဲ။ ငါနားလည်ပြီ... တကယ်ကို အားကောင်းလွန်းတဲ့ တိုက်ခိုက်မှုပဲ။ ဝိညာဉ်လက်နက်တွေရဲ့ ဖခင်ကြီး ခုန်ဒဲ့မင်တောင် ဒီကိုရောက်နေပြီဆိုမှတော့ အားလုံးလည်း ဒီရင်းနှီးတဲ့ မျက်နှာတွေနဲ့ပဲ ငါ့ကို နောက်ကျောကနေ ဓားနဲ့ထိုးတော့တာပဲ။ ကြည့်ရတာ အရှင်မင်းမြတ်က ငါ့ကို အများကြီး အထင်ကြီးထားပုံပေါ်တယ်။ ကျေးဇူးလည်း တင်မိပါရဲ့။
"မေးခွန်းကတော့ မေးစရာတစ်ခုပဲ ရှိတော့မယ်။ အားလုံးပဲ ငါ့ကို ဒီနေရာမှာ အပြတ်ရှင်းနိုင်မယ်လို့ ယုံကြည်ချက် ရှိကြရဲ့လား။ အကယ်၍ ငါသာ ဒီနေ့ ဒီနေရာက လွတ်မြောက်သွားခဲ့မယ်ဆိုရင် လစဉ်လတိုင်း တစ်မြို့ချင်းစီကို ငါဖျက်ဆီးပစ်မယ်။ ဒါအပြင် ရန်ငြိုးအမုန်းတရား ဝိညာဉ်တွေကို ပိုပိုစုဆောင်းရင်း ငါ့ကိုယ်ငါ အားပြည့်အောင် လုပ်မယ်။ ဒီနိုင်ငံတော်ကြီး တစ်ခုလုံး အပြည့်အဝ ရှင်းထုတ်ခံရပြီး နေလနိုင်ငံတော်ရဲ့ သွေးသားတစ်စက်မှ မကျန်တော့တဲ့အထိ အရာအားလုံးကို ငါဖျက်ဆီးပစ်မယ်။ "
သူမက အရာအားလုံးကို ပြုံးပြုံးလေး ပြောနေခဲ့တာ ဖြစ်ပေမဲ့ ဘယ်သူကမှ သူမကို ထောင်လွှားမောက်မာပြီး ခြိမ်းခြောက်ပြောဆိုနေတယ်လို့ မထင်ကြပါဘူး။ ဒါက ကြောက်စရာအကောင်းဆုံး အရာပါပဲ။ ကြောက်စရာကောင်းတဲ့အပိုင်းက သူမ ရူးနေတာ မဟုတ်ပါဘူး။ သူမ ဘယ်လိုပဲ ရူးနေပါစေ၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ရှိနေတာက အသိသာကြီး ဖြစ်နေခဲ့လို့ပါ။
ရွှီချန်းယန်ရဲ့ အမူအရာက သိသိသာသာကြီးကို ပြောင်းလဲလို့ သွားခဲ့ပါတယ်။ အကယ်၍ ယဲ့ရှီးရွှေသာ ဒီနေ့ လွတ်သွားခဲ့မယ်ဆိုရင် နိုင်ငံတော်တစ်ခုလုံး ကပ်ဆိုက်တော့မှာပါ။ သူ့ရဲ့ နှလုံးသားထဲမှာတော့ ဒီဆုံးဖြတ်ချက်ကို စပြီး နောင်တရလာခဲ့ပါတယ်။ နောက်ဆုံးတော့လည်း တစ်ဖက်လူက ကန့်သတ်မဲ့သော့်လော့ ဖြစ်နေဆဲပါ။ သူ့ကို အသုံးပြုလို့မရဘူးဆိုရင်တောင် ရန်သူတော့ ဖြစ်ဖို့မသင့်သေးပါဘူး။ ရလဒ်ရဲ့ နောက်ဆက်တွဲက အရမ်းကို ခက်ခဲလွန်းလှပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စတွေက ဒီအခြေအနေအထိ ရောက်နေပြီဖြစ်တာကြောင့် နောင်တရဖို့ အချိန်မရှိတော့ပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ အစီအစဉ်က အောင်မြင်အောင် လုပ်ရမှာပါ။ ဒါအပြင် သူမ အသက်ရှင်မယ်လို့လည်း ရွှီချန်းယန် မထင်ပါဘူး။ နေလနိုင်ငံတော်က ဒီတစ်ခေါက် ထောင်ချောက်ကိုဆင်ဖို့အတွက် ကြီးမားတဲ့ တန်ကြေးတစ်ခုကို ပေးဆပ်လို့ထားခဲ့ပါပြီ။
နေလနိုင်ငံတော်က ဒီလက်နက်တွေကို တပ်ဆင်ဖို့အတွက် အများကြီး တန်ကြေးတွေပေးဆပ်ခဲ့ပြီးပါပြီ။
အဆင့်မြင့် စွမ်းအင်စုစည်းမှု အမြောက်လေးခုရဲ့ ဖန်တီးထားတဲ့ အကာအကွယ် အတားအဆီးက ယဲ့ရှီးရွှေ မလွတ်နိုင်အောင် တားဆီးနိုင်မယ်လို့ သူတို့ ယုံကြည်ချက် အပြည့်အဝ ရှိနေခဲ့တယ်။ ဒါအပြင် လုံရှောင်ယောင် ရောက်လာပြီး ကယ်တင်မယ်ဆိုရင်တောင် သူ့အတွက်ပါ ထည့်တွက်ပြီးသားပါ။
ဒီအစီအစဉ်ကို ဆွဲတဲ့အချိန်မှာ လုံရှောင်ယောင်ရဲ့ စိတ်အခြေအနေကိုလည်း သူတို့က ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ တစ်ဖက်လူက မိစ္ဆာဝိညာဉ်ပညာရှင်တစ်ယောက် မဟုတ်ပေမဲ့ သူမကလည်း ကိုယ်ပိုင် အထိမခံနိုင်တဲ့ စည်းဘောင်တစ်ခု ရှိနေခဲ့ပါသေးတယ်။ သူမက ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ အဆင့်အတန်းအရ သာမန်ပြည်သူတွေကို လုံးဝ လက်ဖျားနဲ့တောင် ထိမှာမဟုတ်ပါဘူး။ ဒါအပြင် ယဲ့ရှီးရွှေ သေဆုံးသွားပြီးတဲ့နောက်မှာ သူဘယ်လို လက်စားချေမလဲ ဆိုတာကတော့ နောက်ထပ် ကိစ္စတစ်ခု ဖြစ်နေပါသေးတယ်။ ကျွီးကျင့်ကလည်း လုံရှောင်ယောင် တောင်ကြားထဲမှာ အတော်ကြီး ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့တယ်ဆိုတာကို သတင်းပို့ထားပြီးသားပါ။ ဒါက သူတို့တွေ လုံးဝ လက်လွှတ်ခံလို့ မရနိုင်တဲ့ ရှားပါးတဲ့ အခွင့်အရေးကြီးတစ်ခုပါ။
" ယဲ့ရှီးရွှေ... မင်းရဲ့စကားတွေအရ မင်းက သေသင့်နေပြီ။ ဒီနေ့ မိုးကောင်းကင်ကိုယ်စား တရားမျှတမှုကို ငါဆောင်ကြဉ်းပေးမယ်။ မင်းရဲ့ သွေးဆာဝိညာဉ် နတ်ဆိုးရုပ်သေးကို ငါဖျက်ဆီးပစ်မယ်။ "
ခုန်ဒဲ့မင်က ပြောရင်းနဲ့ ညာဘက်လက်ကို မြှောက်ကာ ယဲ့ရှီးရွှေကို ချိန်ရွယ်လိုက်ပါတယ်။ ရွှေရောင်အလင်းတန်းတစ်ခုက ပြေးထွက်လို့ သွားခဲ့တယ်။
ယဲ့ရှီးရွှေလည်း ခေါင်းကိုမော့ကာ လက်ကိုမြှောက်ပြီး ခုန်ဒဲ့မင်ကို လက်ညှိုးထိုးလိုက်ပါတယ်။ ဝိညာဉ်အလင်းတန်းတစ်ခုကလည်း သူ့ဆီကို ပြေးထွက်လို့ သွားခဲ့တယ်။
ကြောက်စရာကောင်းတဲ့ ဝိညာဉ်စွမ်းအင်လှိုင်းတွေက ပတ်ပတ်လည် အဝန်းအဝိုင်းအတွင်းမှာ ချက်ချင်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသေခြင်းနတ်ဘုရားသော့်လော့ကို တိုက်ခိုက်ဖို့အတွက် အဆင့်မြင့်ဝိညာဉ်လက်နက် အတတ်ပညာရှင်တွေ အားလုံးက အစွမ်းကိုစုစည်းပြီး အရာအားလုံးကို ထည့်သွင်းကာ တိုက်ခိုက်ကြတော့တယ်။
သွေးနီရောင်အလင်းတန်းက ခုန်ဒဲ့မင်နဲ့ ငါးမီတာအကွာ အချိန်မှာတော့ ရွှေရောင်အလင်းတန်းအလွှာတစ်လွှာက တားဆီးလိုက်ပါတယ်။ မရေမတွက်နိုင်တဲ့ ရန်ငြိုးအမုန်းတရား စိတ်ဝိညာဉ်တွေရဲ့ အော်ဟစ်သံတွေက ကောင်းကင်တစ်ခုလုံးကို ဟိန်းထွက်လို့ သွားစေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေရောင်အလင်းတန်းကတော့ ပျောက်ကွယ်မသွားခဲ့ပါဘူး။
ရွှေရောင်အလင်းတန်းက ခုန်ဒဲ့မင်ရဲ့ ဘေးပတ်လည်မှာ စက်ဝိုင်းတစ်ခုလို ရှိနေခဲ့ပြီး အဲဒီနောက် တဖြည်းဖြည်း ရှေ့ကို ဆက်တိုးသွားခဲ့ရင်းနဲ့ ယဲ့ရှီးရွှေအနားကိုရောက်ချိန်မှာရစ်ပတ်ဖို့ လုပ်ပါတော့တယ်။ ယဲ့ရှီးရွှေရဲ့ ခန္ဓာကိုယ်က ဝေဝါးလို့သွားခဲ့ပြီး ဒီအလင်းတန်း ရောင်စဉ်ရဲ့ ဖမ်းချုပ်မှုအောက်ကနေ မြန်မြန်ဆန်ဆန်ပဲ လွတ်မြောက်လို့ သွားခဲ့တယ်။ အလင်းတန်းကတော့ မြေပြင်ပေါ်ကို ပြုတ်ကျလို့သွားခဲ့ပြီး ချက်ချင်း ပျောက်ကွယ်လို့ သွားပါတော့တယ်။
ယဲ့ရှီးရွှေရဲ့ စူးရှတဲ့ ရယ်သံကြီးက နန်းတော်တစ်ခွင်လုံးကို ပဲ့တင်ထပ်လို့ နေခဲ့တယ်။ သူမရဲ့ နောက်ကျောဘက်မှာ ရှိနေခဲ့တဲ့ သွေးဆာဝိညာဉ် နတ်ဆိုးရုပ်သေးကြီးကလည်း အရမ်းကို သွေးနီရောင် တောက်ပလို့နေခဲ့ရင်း ကြောက်စရာရန်ငြိုးအမုန်းတရား စိတ်ဝိညာဉ်တွေက ယဲ့ရှီးရွှေဆီကို ပြေးထွက်လို့ နေခဲ့ပါတယ်။ ဒါအပြင် ဒီစိတ်ဝိညာဉ် တစ်ခုချင်းစီတိုင်းကလည်း လူဦးခေါင်းတစ်လုံး အရွယ်အစားလောက် ရှိပြီး စုစုပေါင်းဆယ်နှစ်နှစ်ခု တိတိ ရှိနေခဲ့ပါတယ်။ သူတို့တွေ ပေါ်လာတာနဲ့တစ်ပြိုင်နက် သွေးနီရောင်မိုးက နန်းတော်တစ်ခုလုံးကို ရွာကျပါတော့တယ်။ သွေးဆာဝိညာဉ် ဂါတာမန္တန်ကျိန်စာက ယဲ့ရှီးရွှေ ကျော်ကြားတဲ့ နည်းလမ်းတစ်ခုပါပဲ။
နှစ်ပေါင်းများစွာကြာအောင် ဖန်တီးထားခဲ့တဲ့ ဒီဂါတာမန္တန်က ရန်ငြိုးအမုန်းတရား စိတ်ဝိညာဉ်တစ်သောင်း အချင်းချင်းဝါးမြိုရင် ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံးသောကျန်ရစ်တဲ့ ရှင်သန်ကျန်ရစ်သူတွေကသာ သွေးဆာဝိညာဉ်တွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါအပြင် အဲဒီ သွေးဆာဝိညာဉ်တွေက ရန်ငြိုးအမုန်းတရား စိတ်ဝိညာဉ်တွေကို ဝါးမြိုရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အားကောင်းအောင် လုပ်နိုင်ကြပါတယ်။
သွေးဆာဝိညာဉ်တစ်ကောင် ဖြစ်ပေါ်လာချိန်မှာ သူ့အရွယ်အစားက လက်မအရွယ်သာ ရှိပါတယ်။ လူဦးခေါင်းအရွယ်အထိ ရောက်လာအောင် ဘယ်လောက်အထိ ဝါးမြိုစားသောက်ခဲ့ရမလဲဆိုတာ တွေးကြည့်လို့တောင် မရနိုင်ပါဘူး။ ဒါအပြင် အင်အားကြီးဖို့အတွက် တစ်ဦးဦးရဲ့ စိတ်ဝိညာဉ်ကို သူတို့က ဝါးမြိုဖို့ လိုအပ်ပါတယ်။ စိတ်ဝိညာဉ်က ပိုပြီး အားကောင်းလေလေ သွေးဆာဝိညာဉ်က ပိုပြီး လျင်မြန်ကြီးထွားလေပါပဲ။
အပိုင်း ၆၀၁.၁ ပြီး၏။
***