ယဲ့ရှီးရွှေက လေထဲမှာ လွင့်မျောနေခဲ့ရင်း စိတ်ပျက်တဲ့ အမူအရာနဲ့ ရှိနေခဲ့ပါတယ်။ သူမရဲ့ ဘေးပတ်လည်မှာတော့ သွေးဆာဝိညာဉ်ဆယ်ခုကျော် ရှိနေဆဲပါ။
"အဆင့်ကိုး ဝိညာဉ်လက်နက် အတတ်ပညာရှင် နှစ်ယောက်ရဲ့ ရန်ငြိုးအမုန်းတရား စိတ်ဝိညာဉ်တွေက ကောင်းမွန်တဲ့ ပစ္စည်းတွေပဲ။ ဒါပေမဲ့ ဝိညာဉ်လက်နက် အတတ်ပညာရှင်တွေက ဝိညာဉ်လက်နက် အတတ်ပညာရှင်တွေ သက်သက်ပဲလေ။ သူတို့ရဲ့ ဝိညာဉ်အင်အားက တကယ့် ကန့်သတ်မဲ့သော့်လော့ အစစ်တွေထက် အများကြီး အားနည်းလွန်းတယ်။ "
ပြောရင်းနဲ့ သူမက ခေါင်းခါကာ သက်ပြင်းချလိုက်ပါတယ်။
အောက်ဖက်မှာကြည့်နေတဲ့ ဝိညာဉ်လက်နက် အတတ်ပညာရှင်တွေကတော့ အတော်ကြီးကို ဒေါသထွက်သွားခဲ့ကြပါတယ်။
ယဲ့ရှီးရွှေက ရွှီချန်းယန်ကို အေးစက်တဲ့ အကြည့်နဲ့ စိုက်ကြည့်ရင်း ပြောလာခဲ့ပါတယ်။
"နင် ငါ့ကို သတ်ချင်တယ်ဆိုရင် ဆက်ပြီး တိုက်ခိုက်နေလိုက်လေ။ ဘယ်လောက်များများ စတေးချင်လဲဆိုတာ ကြည့်ကြသေးတာပေါ့။ မအောင်မြင်နိုင်တာကတော့ နှမြောစရာပဲ"
ပြောရင်းနဲ့ သူမက မြေပြင်ပေါ်ကို ဆင်းသက်လာခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ လက်ဖဝါးကို အသုံးပြုပြီး မြေပြင်ပေါ်ကို ဖိချလိုက်တယ်။
သန်မာအားကောင်းလှတဲ့ သွေးနီရောင် အလင်းတန်းတွေက မြေပြင်တစ်လျှောက်လုံးကို ပျံ့သွားခဲ့ပါတယ်။
နားကန်းမတတ် ပေါက်ကွဲသံတွေကလည်း နန်းတော်တစ်ခွင်လုံးကို ပဲ့တင်ထပ်လို့ သွားခဲ့ပါတယ်။
ရွှီချန်းယန်နဲ့ ခုန်ဒဲ့မင်ရဲ့ အမူအရာတွေက ပြောင်းလဲလို့ သွားခဲ့ပါတယ်။ သူတို့လည်း ယဲ့ရှီးရွှေ ဘာကို လိုချင်နေလဲဆိုတာကို သိသွားခဲ့ပါတယ်။
သူမက လေထု အကာအကွယ်ကို ဖောက်မထွက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် သူမအတွက် လွတ်မြောက်ဖို့ မဖြစ်နိုင်တာ သိတဲ့အတွက် စွမ်းအင်ဖိနှိပ်မှု အခင်းအကျင်းတွေ မရှိတဲ့ မြေပြင်ကို သူမက တိုက်ခိုက်နေခဲ့တာပါ။ မြေပြင်ရဲ့ ခုခံမှုက နန်းတော်ထဲမှာ အတော်လေး ကောင်းပေမဲ့လည်း ကန့်သတ်မဲ့သော့်လော့တစ်ယောက်ရဲ့ အင်အားကို ယှဉ်နိုင်လောက်တဲ့အထိတော့ မကောင်းလှပါဘူး။
မြေပြင်တစ်ခုလုံးက တုန်ခါလာခဲ့သလို ဟို့ယွိဟောင်နဲ့ ထန်ဝူထုံတို့ရဲ့ ခြေထောက်အောက်မှာ ရှိနေတဲ့ မြေကြီးကလည်း သွက်သွက်ခါအောင် လှုပ်ယမ်းလို့ လာပါတော့တယ်။
သူတို့တွေက အခုအချိန်မှာ အသားကင်ဆိုင်ထဲ ရှိမနေတော့ပါဘူး။ လမ်းပေါ်မှာ ရောက်နေခဲ့ပါတယ်။ သူတို့တွေလည်း ပြည်သူပြည်သားတွေလိုပဲ ကောင်းကင်မှာ တောက်ပနေတဲ့ သက်တံကြီးတွေကို မြင်နေခဲ့ရပါတယ်။
ပြည်သူပြည်သားတွေကတော့ ဘာတွေဖြစ်နေမလဲ မသိပါဘူး။ သူတို့အတွက်တော့ ဒီလိုကိစ္စတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာမျိုးတွေပါ။ ဝိညာဉ်လက်နက် နည်းပညာတွေက ဒီနေရာမှာ အရမ်းကို ကျယ်ပြန့်နေခဲ့ပါပြီ။
ဟို့ယွိဟောင်က မျက်မှောင်ကြုတ်နေခဲ့တယ်။ သူ့ရဲ့ ကောင်းကင်ငှက်မျက်လုံးအမြင်ကနေ ကြည့်မယ်ဆိုရင် ကိစ္စတွေ အများကြီးကို မြင်တွေ့နေခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက စွမ်းအင်ဖိနှိပ်မှု အခင်းအကျင်းတွေအထဲကို ဖောက်မထွက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အထဲမှာ ဘာဖြစ်နေခဲ့လဲဆိုတာ နည်းနည်းပါးပါးသာ မြင်နေခဲ့ရပါတယ်။
မြေပြင်တုန်ခါလာတဲ့အချိန်မှာတော့ ယဲ့ရှီးရွှေ ဘာလုပ်နေလဲ သူခန့်မှန်းလို့ ရလာခဲ့ပါတယ်။ မြေပြင်ကို သူမက ဖောက်ထွက်ပြီး လွတ်လမ်းရှာဖို့ လုပ်နေတာ ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ ရွှီချန်းယန်ကရော ဒါကို မပြင်ဆင်ထားပဲ နေပါ့မလား။
မြေပြင်အောက်ဘက်မှာ အကာအကွယ်အတားအဆီးတစ်ခု တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့လည်း မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် အချိန်အများကြီး ကုန်ရုံတင်မက ထိန်းချုပ်ဖို့လည်း အရမ်းကို ခက်ပါဦးမယ်။ ဒါ့အပြင် အဖက်ဖက်က တွေးမယ်ဆိုရင် ကန့်သတ်မဲ့သော့်လော့တစ်ယောက်ကို ခုခံနိုင်ဖို့ဆိုတာ သေချာရဲ့လား။
ထန်ဝူထုံကတော့ ဟို့ယွိဟောင်ဘက်ကို လှည့်ကြည့်လိုက်ပါတယ်။
"ဒီပြိုင်ပွဲမှာ ဘယ်သူနိုင်ဖို့ မျှော်လင့်ထားလဲ"
"ရွှီချန်းယန်လေ"
ဟို့ယွိဟောင်က တစ်ချက်လေးတောင် မတွေးဝေဘဲ ပြောလာခဲ့ပါတယ်။
"လုံရှောင်ယောင်ရဲ့ အစောပိုင်းတုန်းက ဇာတ်လမ်းအကြောင်းကို ကြားပြီးတဲ့နောက်မှာ အကြီးအကဲယဲ့အပေါ် မသနားဘူးလား"
"သနားမိပါတယ်။ "
" ဒါပေမဲ့ ယဲ့ရှီးရွှေ ဒီနေရာမှာ အသတ်ခံရဖို့ကိုတော့ ကိုယ်မျှော်လင့်နေမိတယ်။ ဒါက လုံးဝကို ညှိနှိုင်းလို့ မရနိုင်တဲ့ ကိစ္စပဲလေ။ တွေးကြည့်ဖူးလား အကယ်၍ ဒေါသထွက်နေတဲ့ မိစ္ဆာကန့်သတ်မဲ့သော့်လော့တစ်ယောက်သာ ဒီနေရာက ထွက်ပြေးလွတ်မြောက်သွားမယ်ဆိုရင် ဘာတွေများ ဖြစ်လာမလဲ။ ကိုယ်လည်း နေလနိုင်ငံတော်ကို အတော်လေး သဘောမကျပေမဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေ အသတ်ခံရမှာကိုတော့ မမြင်ချင်ဘူး။ ဒါကြောင့်သာ ယဲ့ရှီးရွှေ မဖြစ်မနေ သေဖို့ လိုတာပဲ။ အကယ်၍ သူမသာ လွတ်မြောက်သွားမယ်ဆိုရင် ကိုယ်တို့တွေ တတ်နိုင်သမျှ အရာအားလုံးကို စွန့်စားပြီး သူမကို သတ်ဖို့အတွက် ကြိုးစားရမယ်။ အကြီးအကဲလုံကို ဒေါသထွက်စေမယ်ဆိုရင်တောင် ငါတို့ လုပ်ရမှာပဲ"
ဟို့ယွိဟောင်က တကယ်ကို ခေါင်းမာလွန်းလှတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် သူပြောတဲ့ စကားတွေအားလုံးကို တစ်ချက်လေးတောင် တွေဝေမှု မရှိခဲ့ပါဘူး။
ထန်ဝူထုံလည်း တိတ်တဆိတ် ခေါင်းငြိမ့်နေခဲ့ရင်း ပြောလာခဲ့ပါတယ်။
"တိုက်ပွဲကတော့ အချိန်ကြာဦးမှာ။ မြင့်မြတ်သရဲဘုရားကျောင်းက တစ်ယောက်ယောက် ယဲ့ရှီးရွှေကို ကူညီဖို့ ရောက်မလာနိုင်ဘူးလား။ သူတို့တွေ တကယ် သေဖို့ ကြောက်နေကြတာလား"
ဟို့ယွိဟောင်က ခေါင်းခါရင်း ပြောလာခဲ့ပါတယ်။
"မဖြစ်နိုင်ဘူး။ ဒါက ယဲ့ရှီးရွှေ စီစဉ်ထားပြီးသား ကိစ္စပဲ ဖြစ်ရမယ်။ လူတစ်ယောက်တည်း လွတ်မြောက်ဖို့ဆိုတာက လွယ်တယ်လေ။ မြင့်မြတ်သရဲဘုရားကျောင်း တစ်ခုလုံးသာ ဒီနေရာမှာ ရှိနေမယ်ဆိုရင် သူတို့က ဝိညာဉ်လက်နက် အတတ်ပညာရှင် တပ်ရင်း လေးခုကို ခုခံနိုင်မယ်များ ထင်လား။ ကိုယ့်သေတွင်းကိုယ် တူးသလိုပဲ ဖြစ်မှာပဲလေ။ မြင့်မြတ်သရဲဘုရားကျောင်းက အစောပိုင်းမှာ အတော်လေး အထိနာထားတယ်။ ယဲ့ရှီးရွှေက နန်းတော်ထဲကို သူမမဝင်ခင် အရင်ဆုံး သူတို့ကို ထွက်သွားဖို့ ပြောပြီးလောက်ပြီ။ နှမြောစရာပဲ အခုအချိန်အထိ သူတို့ရဲ့ ဌာနချုပ်ကြီးက ဘယ်နေရာမှာမှန်း မသိသေးဘူး။ မဟုတ်ရင် အခုအချိန်မှာ အခွင့်အရေးကောင်းတွေ သွားရှာလို့ ရနေပြီ"
ဒီအချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ အရှေ့ကို အနက်ရောင် အလင်းတန်းတစ်တန်းက ရုတ်တရက် ကျဆင်းလို့ လာခဲ့ပါတယ်။ သူ အဲဒီ အလင်းတန်းကို ဆွဲလိုက်ချိန်မှာတော့ အနက်ရောင် စာရွက်လေးတစ်ရွက် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အဖြူရောင်မှင်နဲ့ ရေးထားခဲ့တဲ့ ဒီစာကို မြင်ပြီးချိန်မှာတော့ ဟို့ယွိဟောင်လည်း ထိတ်လန့်လို့ သွားခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ထန်ဝူထုံရဲ့ လက်ကို သူဆွဲကာ အမြန်ဆုံး လှည့်ပြီး ထွက်သွားပါတော့တယ်။
မြေပြင် အခြေအနေ တုန်ခါမှုက တစ်မိနစ်ကျော်ကျော် ကြာပြီးချိန်မှာ ရပ်တန့်လို့ သွားခဲ့ပါတယ်။ မီတာတစ်ရာကျော်ထက် ပိုပြီး ကျယ်ဝန်းတဲ့ ချိုင့်ခွက်ကြီးတစ်ခုကတော့ နန်းတော်ထဲမှာ ဖြစ်ပေါ်နေခဲ့ပါပြီ။
နန်းတော်ရဲ့ အောက်ခြေမှာတော့ အခေါင်းပေါက်ကြီးတစ်ပေါက် ရှိနေခဲ့ပါတယ်။ ယဲ့ရှီးရွှေ လက်ဝါးတစ်ချက် ရိုက်ချလိုက်တာနဲ့ ဒီလိုမျိုး ကြီးမားတဲ့ ချိုင့်ဝန်းကြီးတစ်ခုက ဖြစ်ပေါ်လာခဲ့တာပါပဲ။
ယဲ့ရှီးရွှေက တစ်ချက်လေးတောင် မတွေဝေဘဲ အောက်ကို ခုန်ဆင်းလို့ သွားခဲ့ပါတယ်။ ဒါကြောင့်သာ သူမလည်း နောက်ထပ် သွေးဆာဝိညာဉ် နှစ်ခုကို ဆုံးရှုံးလိုက်ရတယ်။
မြေအောက်မှာလည်း ထောင်ချောက်တွေ ရှိနိုင်ပေမဲ့ မြေမျက်နှာသွင်ပြင် အနေအထားက ပိုပြီး ရှုပ်ထွေးလွန်းလှပါတယ်။ သူမအနေနဲ့ ဒီတစ်ခါ အကာအရန်ကို ဖောက်ထွက်နိုင်မှသာ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ အခွင့်အရေး ရှိမှာပါ။ ဒါကြောင့်သာ ရွှီချန်းယန် မြေအောက်မှာ စီစဉ်ထားတဲ့ အခင်းအကျင်းတွေကို သူမ ရင်ဆိုင်ဖို့ အရင် လိုအပ်တာပါပဲ။
ရွှီချန်းယန်ကတော့ ယဲ့ရှီးရွှေ မြေအောက်ထဲ ခုန်ချသွားတာကို ကြည့်ပြီး သက်ပြင်းချကာ ခေါင်းခါနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ မျက်နှာပေါ်မှာ ကောက်ကျစ်တဲ့ အပြုံးတစ်ခုက ဖြစ်ပေါ်လာပါတော့တယ်။ သူ လက်ကို ဝှေ့ယမ်းလိုက်ချိန်မှာတော့ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ သက်တံ့ရောင် အလင်းတန်းက ရုတ်တရက် ပြန့်ကျဲလို့ သွားခဲ့ပါပြီ။ အဲဒီနောက်မှာတော့ သူက ချက်ချင်းဆိုသလို ကောင်းကင်ပေါ်ကို ကျွီးကျင့်နဲ့အတူ ပျံသန်းလို့ သွားပါတော့တယ်။ သူတင်မကသေးပါဘူး၊ ခုန်ဒဲ့မင်နဲ့ အခြားသော ဝိညာဉ်လက်နက် အတတ်ပညာရှင်တွေ၊ ဝိညာဉ်လက်နက် အတတ်ပညာရှင် တပ်ရင်း လေးခုက သူတို့အားလုံးလည်း ကောင်းကင်ပေါ်ကို ထိုးတက်လို့ သွားခဲ့ပါတယ်။
ကောင်းကင်ပေါ်မှာကတော့ အနက်ရောင် လူရိပ်တစ်ခု ပေါ်လာခဲ့တယ်။ ဒါ့အပြင် အဲဒီလူက တစ်ချက်လေးတောင် မတွေဝေဘဲ နန်းတော်ထဲကို ခုန်ဆင်းလို့ သွားခဲ့ပါတယ်။ နဂါးဟိန်းသံတစ်ချက်ကလည်း အဲဒီနောက်မှာ ထွက်ပေါ်လို့ လာခဲ့ပါသေးတယ်။
ရွှီချန်းယန်လည်း အဲဒီ အနက်ရောင် လူရိပ်ကို သတိထားမိပေမဲ့ ဘယ်သူမှ သူ့ကို မတားဆီးကြပါဘူး။ အဲဒီအစား သူ့ရဲ့ မျက်နှာက ပိုပြီးတော့တောင် တောက်ပပပ ပြုံးနေခဲ့ပါသေးတယ်။
သက်တံ့ရောင် အလင်းတန်းတွေက နောက်တစ်ကြိမ် တောက်ပလို့ လာခဲ့ပြီးတဲ့နောက် အရင်ကထက် ပိုမို အားကောင်းတဲ့ စွမ်းအင်စုအမြောက်တွေရဲ့ အလင်းတန်းက ထွက်ပေါ်လို့ လာပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ နန်းတော်ရဲ့ အောက်ဖက် မြေပြင်ကတောင် သက်တံ့ရောင် အလင်းတန်းတွေနဲ့ တောက်ပလို့ နေခဲ့ပါပြီ။
မြေအောက်မှာ ဝုန်းခနဲ ပေါက်ကွဲသံကြီး တစ်သံနဲ့အတူ အလင်းတန်းတစ်ခုက ထွန်းလင်းတောက်ပလို့ လာခဲ့ပါတယ်။ ယဲ့ရှီးရွှေကတော့ ဒီအလင်းတန်းကြီး ရိုက်ထုတ်ခံလိုက်ရတာကြောင့် မြေပြင်ပေါ်ကို ပြန်လည် ထိုးတက်လို့ လာခဲ့ရတယ်။ သူ ဒီတစ်ကြိမ်မှာ မလွတ်မြောက်နိုင်ခဲ့ပါဘူး။
ရွှီချန်းယန်ကတော့ ရယ်မောလို့ နေခဲ့ပါတယ်။
"ယဲ့ရှီးရွှေ ဒါကို ထင်မထားဘူးမလား။ ငါ မင်းနဲ့ ရင်ဆိုင်ဖို့ ငါ့ရဲ့ နန်းတော်ကိုတောင် စတေးပစ်ထားတာ။ မင်းကို သတ်ဖို့အတွက် တန်ကြေးတစ်ခု ပေးဆပ်ရမယ်ဆိုတာ ငါ ရှင်းရှင်းလင်းလင်း သိပြီးသားပဲ။ ဒါကြောင့် စွန့်စားမှုတွေကို မင်းလုပ်ဖို့အတွက်နဲ့ မင်းအင်အားတွေ ကုန်စေဖို့ ငါ အများကြီး တွေးထားခဲ့တယ်။ မင်းမှာ တခြား ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေတော့ရော ဘာဖြစ်လဲ။ ဒီနေရာက မင်းရဲ့ ခေါင်းချရမယ့် နေရာပဲ။ ငါ့ရဲ့ ဒီစွမ်းအင်အမြောက်လေးခုရဲ့ တကယ့် ရည်ရွယ်ချက် အစစ်အမှန်ကို မင်းသိမှာ မဟုတ်လောက်ဘူး။ ဒါတွေအားလုံးက မင်းအတွက် အခေါင်းလိုမျိုး ဖြစ်နေမှာ။ ဒါတွေက တောက်ပရောင်စဉ်မြို့တော်ကို ကာကွယ်ဖို့နဲ့ နန်းတော်ထဲမှာ ဖြစ်တဲ့ အပျက်အစီးတွေ အားလုံးက မြို့ကို သက်ရောက်မှု မရှိအောင် ကာကွယ်ပေးထားတာ။ ဒါပေမဲ့ လုံရှောင်ယောင်က မင်းကို ဒီလောက်အထိ သံယောဇဉ်တွယ်နေမယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး။ နောက်ဆုံးတော့လည်း ဒါက အကောင်းဆုံး အဆုံးသတ်ပဲ ဖြစ်မှာပါ။ သေခြင်းနတ်ဘုရားသော့်လော့ရေ၊ နှုတ်ဆက်လိုက်ပါတယ်။ သေခြင်းနတ်ဘုရားနဲ့ နဂါးနတ်ဘုရားသော့်လော့ကို အတူတူ သွားရှာလိုက်ကြတော့။ ဒါက အရမ်းကောင်းတဲ့ အဆုံးသတ်ပဲ"
ပြောရင်းနဲ့ ရွှီချန်းယန်က သူ့ရဲ့ တုတ်ချောင်းမှာရှိတဲ့ ခလုတ်တစ်ခုကို ဖိနှိပ်လိုက်ပါတယ်။
နန်းတော်ကြီး တစ်ခွင်လုံးက အနည်းငယ် တုန်ခါလို့ သွားခဲ့ပြီးတဲ့နောက် လိမ္မော်နီရောင် အလင်းတန်းတစ်ခုက မြေအောက်ထဲမှာ ထွက်ပေါ်လို့ လာခဲ့ပါတယ်။ ဒီအလင်းတန်းက အစပိုင်းမှာ အတော်လေးကို အားနည်းပေမဲ့ ဒီအက်ကွဲကြောင်းလေးက ဖြည်းဖြည်းချင်း ကြီးသထက် ကြီးလာခဲ့ပြီး နောက်ဆုံးမှာတော့ သက်တံ့ရောင် အလင်းတန်းတွေနဲ့ အချင်းချင်း ပေါင်းစပ်ပိုင်းဖြတ်လို့ သွားတော့တယ်။
အထဲမှာတော့ တုန်ခါနေတဲ့ အသံတွေကို ကြားနေခဲ့ရပါတယ်။ ဒီလှိုင်းတွေက နန်းတော်တင်မကဘဲ မြို့တစ်ခုလုံးကို ကာကွယ်ဖို့အတွက်ပါ ဖန်တီးလို့ ထားခဲ့တာပါ။ အဲဒီလို အကာအကွယ်မျိုး ရှိတာတောင် တုန်ခါမှုတွေက အပြင်ကို ပျံ့လာနိုင်တယ်ဆိုရင် အထဲမှာ ဖြစ်ပေါ်နေတဲ့ အင်အားလှုပ်ရှားမှုက ဘယ်လောက်အထိ ကြီးမားလဲဆိုတာ သိနိုင်ပါတယ်။
ဟို့ယွိဟောင်နဲ့ ထန်ဝူထုံ နှစ်ယောက်က တောက်ပရောင်စဉ်မြို့တော်ရဲ့ အပြင်ကို မရောက်သေးပါဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်မိပါတယ်။ ကြီးမားတဲ့ လိမ္မော်နီရောင် အလင်းလုံးကြီးက တော်ဝင်နန်းဆောင်ဆီကနေ ထိုးတက်လို့ လာနေတာကို မြင်နေခဲ့ရပါတယ်။
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ဖြူဖျော့လို့ သွားခဲ့ပါတယ်။
"ရက်စက်လိုက်တာ။ ရွှီချန်းယန်က တကယ်ကို အညှာအတာ ကင်းမဲ့လွန်းတာပဲ။ သူ့ရဲ့ နန်းတော် တစ်ခုလုံးကိုတောင် သုံးပြီး သေခြင်းနတ်ဘုရားသော့်လော့ကို ရင်ဆိုင်လိုက်တယ်။ အကြီးအကဲလုံရော အခြေအနေ ဘယ်လိုရှိနေမလဲ သိချင်လိုက်တာ။ ပြန်သွားကြစို့"
ဟို့ယွိဟောင်က ထန်ဝူထုံကို ဆွဲရင်း ချက်ချင်းပြန်လှည့်သွားပါတော့တယ်။ လုံရှောင်ယောင်ရဲ့အခြေအနေကို မသိရပေမဲ့ ယဲ့ရှီးရွှေကတော့ သေချာပေါက် အဆုံးသတ်ပြီလို့ သူ ထင်နေခဲ့မိတယ်။ ဒါက ရွှီချန်းယန်ရဲ့ အသေသတ်တိုက်ကွက်ပါပဲ။ သူကလည်း ဒါကို အရမ်း ယုံကြည်ချက် ရှိနေမှာပါ။
အခုအချိန်မှာတော့ ဟို့ယွိဟောင်ရဲ့ အတွေးက အရမ်းကို ကြည်လင်ရှင်းလင်းလွန်းနေခဲ့ပါပြီ။ ရွှီချန်းယန် ဘယ်လိုများ ယဲ့ရှီးရွှေကို လှည့်စားလိုက်လဲဆိုတာ သူနားလည်လို့ သွားခဲ့တယ်။
တော်ဝင်နန်းဆောင်က အစအဆုံး ထောင်ချောက်ကြီး ဖြစ်နေခဲ့တာပါ။ အဆင့်ကိုး ရွေ့လျားအမြောက်ခွံတွေက နန်းတော်ထဲမှာ အပြည့်တပ်ဆင်ထားပြီးသား ဖြစ်ပါလိမ့်မယ်။ ဘယ်လောက်များများ ရှိနေမလဲဆိုတာကိုတော့ သူ မသိပါဘူး။
ဒါပေမဲ့ အကယ်၍ ကန့်သတ်မဲ့သော့်လော့တစ်ယောက်ကို သတ်ဖြတ်ချင်တယ်ဆို တစ်ခုထက်မကတော့ ပိုပြီး လိုပါလိမ့်မယ်။
အစကနေ အဆုံးအထိ အပေါ်ယံမှာ ရှိနေခဲ့တဲ့ သက်တံ့ရောင် ဝိညာဉ်လက်နက်တွေက ဟန်ပြသက်သက်ပါပဲ။ ယဲ့ရှီးရွှေကို အာရုံလွှဲဖို့သာ ဖြစ်နေခဲ့တာ။
သူတို့တွေက ဘယ်လိုပဲ သန်မာပေမဲ့ ခုခံဖို့အတွက်ပဲ သုံးလို့ရမှာပါ။ သူတို့တွေက တိုက်ခိုက်ဖို့အတွက် အသုံးမဝင်လှပါဘူး။ ဒါပေမဲ့ ရွှီချန်းယန်က သူတို့တွေကို သုံးကာ ပေါက်ကွဲမှုကို ပိုပြီး အားကောင်းအောင် လုပ်လိုက်ပါတယ်။ သေခြင်းနတ်ဘုရားသော့်လော့ကို သူက ဒီနေရာမှာ အသေသတ်ချင်တာပါပဲ။
ဒါကြောင့်သာ တော်ဝင်နန်းဆောင်နဲ့ အနီးကို ကပ်သွားချိန်မှာ ဟို့ယွိဟောင်ရဲ့ စိတ်ထဲ အန္တရာယ်အငွေ့အသက်တွေ အများကြီး ရနေတာ အံ့ဩစရာ မရှိတော့ပါဘူး။ အကယ်၍ သူနဲ့ ထန်ဝူထုံသာ နန်းတော်ထဲမှာ ရှိနေမယ်ဆိုရင် သူတို့လည်း သေကုန်ကြမှာပါ။ အကယ်၍ အချိန်မီ လွတ်မြောက်နိုင်မယ်ဆိုရင်တောင် နေလနိုင်ငံတော်က သူတို့ကို ဝန်းရံထားပါဦးမယ်။ သူ့ရဲ့ အာရုံခံနိုင်စွမ်းတွေက အမြဲတမ်း တိကျလေ့ရှိတယ်။ ဒါကြောင့် နန်းတော်ထဲကို မဝင်ခဲ့တာက သူရော ထန်ဝူထုံ နှစ်ယောက်စလုံးကိုပါ ကယ်တင်ရာ ရောက်ပါတယ်။
လိမ္မော်နီရောင် အလင်းတန်းက ပိုပိုသန်မာ အားကောင်းလို့ လာခဲ့ပါတယ်။ အပေါ်ကနေ ကြည့်မယ်ဆိုရင် တောက်ပရောင်စဉ် မြို့တော်မှာ နောက်ထပ် နေမင်းအသစ်တစ်စင်း ပေါ်ထွန်းနေသလိုပါပဲ။ ဒီနေမင်းကြီးက အနီရောင် တောက်ပလို့ နေခဲ့ပြီး သေခြင်းတရား အငွေ့အသက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။
ရွှီချန်းယန်ကတော့ ဟိုးအဝေးအမြင့်အထိကို ပျံသန်းပြီလေထဲမှာရှိနေခဲ့ပါတယ်။ သူ့ရဲ့အစီအစဉ်က လုံးဝပြီးပြည့်စုံကာ ပြစ်ချက်ကင်းနေခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ သူကိုယ်သူမထိခိုက်အောင် လေပေါ်မှာအမြင့်ကြီးပျံထားခဲ့ပါတယ်။ သတိကြီးကြီးထားတာက အန္တရာယ်မများပါဘူး။ သူအမြဲတမ်းလုပ်နေကြအရာပါပဲ။
အပိုင်း ၆၀၁.၃ ပြီး၏။
***