ကျွီးကျင့်က ရွှီချန်းယန်ရဲ့ အနောက်ဘက်မှာ ရှိနေခဲ့ပါတယ်။ ဒီအစီအစဉ်က သူတို့နှစ်ယောက်စလုံး ပူးပေါင်းပြီး ကြံစည်ထားခဲ့တာပါ။ ရွှီချန်းယန်က ဒီလိုအကြံအစည်ကို စိတ်ထဲမှာ ရှိနေတာ ကြာလှပါပြီ။ သူမက အစီအစဉ်ကို ပြီးပြည့်စုံအောင် ကူညီပေးရုံသက်သက်ပါပဲ။
ဒါ့အပြင် ဒီအစီအစဉ်ကို ရွှီချန်းယန်က အပြည့်အဝ အာရုံစိုက်ထားခဲ့ပါတယ်။
အစီအစဉ်က ပြီးပြည့်စုံအောင် စီစဉ်ထားတာဖြစ်တဲ့အတွက် အမှောင်ထုမြင့်မြတ်နဂါးတောင်မှ အထဲမှာ ပိတ်မိလို့သွားခဲ့တယ်။ မြင့်မြတ်သရဲဘုရားကျောင်းရဲ့ ကန့်သတ်မဲ့သော့်လော့နှစ်ယောက်စလုံးက သူတို့ရဲ့ ထောင်ချောက်ထဲကို ကျရောက်လို့ သွားခဲ့ပါတယ်။ မြင့်မြတ်သရဲဘုရားကျောင်းကတော့ အဆုံးသတ်ပါပြီ။ သူတို့ရဲ့ ကျန်ရှိနေတဲ့သူတွေက ထွက်ပြေးလွတ်မြောက်နိုင်တယ်ဆိုရင်တောင် သေချာပေါက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပါဘူး။ ကန့်သတ်မဲ့သော့်လော့နှစ်ယောက်တောင် မရှိတော့ဘူးဆိုရင် မြင့်မြတ်သရဲဘုရားကျောင်းက သေချာပေါက် နေလနိုင်ငံတော်ကို ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျန်ရှိနေတဲ့ မိစ္ဆာဝိညာဉ်ပညာရှင်တွေကို ဖယ်ရှားရှင်းလင်းဖို့ဆိုတာကလည်း မခက်ခဲတဲ့ ကိစ္စပါ။
လက်ရှိအချိန်မှာ တော်ဝင်နဂါးဝိညာဉ်လက်နက်အတတ်ပညာရှင်တပ်ရင်းက ရွှီချန်းယန်ရဲ့ ဘေးမှာရှိနေပြီး သူ့ကို ကာကွယ်ပေးနေပါတယ်။ ကျန်ရှိတဲ့ သားရဲကောင်ဘုရင်အဆင့် ဝိညာဉ်လက်နက်အတတ်ပညာရှင်တပ်ရင်း သုံးခုကလည်း ကောင်းကင်ပေါ်မှာ ပြန့်ကျဲရင်း နန်းတော်ရဲ့ အထက်မှာ အသင့်နေရာယူထားကြပါတယ်။ ထောက်လှမ်းရေးဝိညာဉ်လက်နက်တွေအားလုံးက ဒီနေရာကို အပြည့်အဝ ချိန်ရွယ်ထားခဲ့ကြတယ်။ အကယ်၍ အမှောင်ထုမြင့်မြတ်နဂါးနဲ့ သေခြင်းနတ်ဘုရားသော့်လော့တို့ ရှင်သန်နိုင်ခဲ့မယ်ဆိုရင်တောင် ဒီဝိညာဉ်လက်နက်အတတ်ပညာရှင်တပ်ရင်းတွေရဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ထပ်ပြီး ခံရဦးမှာပါ။ ဒါက ရွှီချန်းယန်အစီအစဉ်ရဲ့ နောက်ဆုံးအဆင့်ပါပဲ။
များပြားလွန်းလှတဲ့ တပ်ဖွဲ့ရဲ့ အင်အားကြီးက နန်းတော်ရဲ့ အဖက်ဖက်မှာ စုဝေးနေခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ ပြည်သူပြည်သားတွေကိုတော့ တပ်ဖွဲ့တွေအားလုံးက ကန့်သတ်လို့ထားခဲ့ပြီး နန်းတော်ထဲကို ဖြတ်သန်းသွားလာခွင့် မပြုထားပါဘူး။
ဟို့ယွိဟောင်နဲ့ ထန်ဝူထုံကတော့ ချွင်းချက်ဖြစ်ခဲ့ပါတယ်။ ပုံစံတူတုပမှုရဲ့ အကာအကွယ်အောက်မှာ သူတို့တွေက ဒီနေရာကို အလွယ်တကူ ဝင်ရောက်နိုင်ခဲ့တယ်။
တောက်ပတဲ့ လိမ္မော်ရောင် အလင်းတန်းက ဒီအချိန်ထိ တောက်ပနေဆဲပါ။ ဘယ်လောက်အထိ ပေါက်ကွဲမှုအင်အားကြီးလဲဆိုတာ ကြည့်ရုံနဲ့ သိသာနေခဲ့ပါတယ်။ ဟို့ယွိဟောင်တောင်မှ ဒီပေါက်ကွဲမှုရဲ့အင်အားကို ခုခံနိုင်ဖို့ မလွယ်ကူပါဘူး။ ဒီနေရာရဲ့ အပူရှိန်ကြီးက အနည်းဆုံး နှစ်ထောင်ဒီဂရီဆဲလ်စီးယပ်လောက်အထိကို မြင့်တက်နေခဲ့ပါတယ်။ ဒါက လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ တောင့်ခံနိုင်တဲ့ အခြေအနေ မရှိပါဘူး။ အဆုံးစွန်ရောက် အားကောင်းတဲ့ရေခဲကို ပိုင်ဆိုင်ထားသူ ထူးကဲသာလွန်သော့်လော့တစ်ယောက်တောင်မှ သေချာပေါက် ဒီအပူကို မခုခံနိုင်တာ သေချာနေခဲ့တယ်။
တကယ့်ကို ရက်စက်လွန်းလှတဲ့ အစီအစဉ်ပဲလို့ တွေးနေခဲ့မိပါတယ်။
ကျွီးကျင့် ဒါက မင်းရဲ့အစီအစဉ်လား ဒါမှမဟုတ် ရွှီချန်းယန်ရဲ့ အစီအစဉ်လား။
ကျွီးကျင့်ကလည်း ဒီပေါက်ကွဲမှုကို လေထဲကနေ ကြည့်နေခဲ့ပါတယ်။ ရွှီချန်းယန်လိုပဲ သူမက ပြုံးနေခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ အပြုံးကတော့ နွေးထွေးလို့နေခဲ့ပြီး ရွှီချန်းယန်ကတော့ အေးစက်စက် ရယ်မောနေခဲ့တာပါ။
နန်းတော်ထဲမှာတော့ ကျွီးကျင့်ရဲ့ သားအပါအဝင် အရေးကြီးတဲ့သူတွေအားလုံးကို အပြင်ပို့လွှတ်ထားခဲ့ပြီးပါပြီ။ သေခြင်းနတ်ဘုရားသော့်လော့ကို လှည့်စားဖို့အတွက် အစောင့်အကြပ်အနည်းငယ်နဲ့ အစေခံအနည်းငယ်သာ ကျန်ရှိခဲ့တာပါ။ နောက်ဆုံးမှာလည်း ဒီလူတွေက သေခြင်းနတ်ဘုရားသော့်လော့နဲ့အတူ သေဆုံးသွားခဲ့ရပါတယ်။
သူတို့နှစ်ယောက်က မဖြစ်မနေ သေမှရမှာပါ။ အကယ်၍ သူတို့သာ ဆက်ပြီးရှင်သန်နေဦးမယ်ဆိုရင် ဟို့ယွိဟောင်က သူတို့ကို အနာဂတ်မှာ ရင်ဆိုင်နေရဦးမယ်လို့ ကျွီးကျင့်က တွေးနေခဲ့မိတယ်။ ဒါ့အပြင် သေခြင်းနတ်ဘုရားသော့်လော့က ဟို့ယွိဟောင်ကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်မှန်း ကျွီးကျင့် သိပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ကလည်း သူမကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ပါဘူး။ ဒီပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ တစ်ယောက်မဟုတ်တစ်ယောက် သေဆုံးတာပါပဲ။
"ယွိဟောင် အခုငါ နင့်ရဲ့ နင့်အတွက် အန္တရာယ်အများဆုံး ရန်သူနှစ်ယောက်ကို ဖယ်ရှားပေးပြီးပြီ။ နင်လည်း အများကြီး လုံခြုံသွားမှာပါ"
သူ့ချစ်ခင်ရတဲ့ အမျိုးသား အန္တရာယ်အတော်လေး လျော့သွားပြီဆိုတာကို သိနားလည်နေရတဲ့ ခံစားချက်က သူ့ကို အများကြီး ပျော်ရွှင်စေပါတယ်။ ဒါပေမဲ့လည်း ဒီပျော်ရွှင်မှုထဲမှာ ခါးသီးမှုအချို့ကတော့ ပါနေခဲ့ပါတယ်။ ဟို့ယွိဟောင်က သူနဲ့ ဘယ်တော့မှ အတူတူရှိမှာမဟုတ်မှန်း သိနေခဲ့သလို သူပိုင်ဆိုင်ရမှာမဟုတ်မှန်းလည်း နားလည်နေခဲ့လို့ပါ။ ဘယ်လိုပဲဖြစ်ပါစေ သူ့အတွက် ကောင်းတဲ့အရာတစ်ခုခု လုပ်ပေးနိုင်တာနဲ့တင် ပျော်ရွှင်နေခဲ့ပါပြီ။ သူမရဲ့အကူအညီကို တစ်ဖက်လူက မလိုအပ်ဘူး မလိုချင်ဘူးဆိုတာ သိနေတာတောင် သေချာပေါက် သူ့အနေနဲ့ ကူညီပေးရတာ ပျော်ရွှင်နေခဲ့တဲ့ ကိစ္စပါပဲ။
ကျွီးကျင့်က ပြဿနာတွေကို အရိုးရှင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းရတာ အမြဲတမ်း ပျော်ရွှင်လေ့ရှိပါတယ်။ မြင့်မြတ်သရဲဘုရားကျောင်းရဲ့ ပြဿနာက မကြာခင်မှာ အဆုံးသတ်တော့မှာပါ။ ရွှီချန်းယန်ဘက်ကနေ ဘာမှ အဆုံးအရှုံးမများတာကတော့ နှမြောစရာကောင်းလွန်းနေခဲ့တယ်။ သူ့ဘေးပတ်လည်မှာလည်း အင်အားကြီး ဝိညာဉ်ပညာရှင်တွေနဲ့ ဝိညာဉ်လက်နက်အတတ်ပညာရှင်တွေက အများကြီးပါပဲ။
မကြာခင်မှာပဲ ကျွီးကျင့်ရဲ့ ဒုတိယအစီအစဉ်ကလည်း စတင်တော့မှာပါ။ ကန့်သတ်မဲ့သော့်လော့နှစ်ယောက်ကို နန်းတော်တစ်ခုရင်းပြီး အသေသတ်ရတာက အတော့်ကို ကောင်းတဲ့ အစီအစဉ်ပါပဲ။ နန်းတော်တစ်ခုသာ မရှိဘူးဆိုရင် သေချာပေါက် စွမ်းအင်မြင့်အမြောက်တွေကလည်း ရှိလာနိုင်မှာ မဟုတ်တာ အမှန်ပါ။ တစ်ချိန်ထဲမှာပဲ မြို့ရဲ့ ဘေးပတ်လည်မှာ ရှိနေတဲ့ အကာအကွယ်တွေကလည်း နန်းတော်နဲ့ မြို့တော်ကို ကာကွယ်ဖို့အတွက် တစ်ခါ အသုံးပြုပြီးပါပြီ။ ဒါတွေအားလုံးက ကျွီးကျင့်ရဲ့ အစီအစဉ်အတွက်တော့ ကောင်းမွန်လွန်းလှတဲ့ ခြေလှမ်းတွေပါပဲ။
ကျွီးကျင့်က သူ့ရဲ့ အကြံအစည်ကို အကောင်အထည်ဖော်ဖို့အတွက် ဒီတစ်ခေါက်လှုပ်ရှားမှုထဲမှာ ပြင်ဆင်စရာရှိတာတွေကို အကုန်ပြင်ဆင်ပြီးလိုက်ပါပြီ။ သူမက ရန်သူကို ထောင်ချောက်ထဲ ဆွဲခေါ်နိုင်တာတင်မက ကံကြမ္မာရဲ့ စွမ်းအားကိုပါ သူက အသုံးပြုနေခဲ့တယ်။
သူ့ရဲ့အစီအစဉ် ဘယ်လောက်ထိ အောင်မြင်သွားလဲ မြင်ပြီးတဲ့နောက်မှာတော့ ကျွီးကျင့်ရဲ့ အပြုံးက ပိုပိုပြီး တောက်ပလို့လာခဲ့ပါတယ်။
အဲဒီအမျိုးသားက သူ့အပိုင် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပေမဲ့ သူ့အတွက် တစ်ဘဝတာလုံး အားကိုးလို့ရမယ့် သူတစ်ယောက်က နောက်ထပ် ရှိနေပါသေးတယ်။ ဒါကတော့ သူ့သားပါပဲ။
ယွင်ဟန်လို့ခေါ်တဲ့ သူ့သားက ဟို့ယွိဟောင်ရဲ့ နာမည်ကို သွယ်ဝိုက်ပြီး ဖန်တီးထားခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ နာမည်က ယွိဆိုတာ မိုးစက်တွေကို ကိုယ်စားပြုပြီး သူ့သားရဲ့နာမည် ယွင်ဟန်က ယွင်ကတော့ တိမ်တိုက်တွေကို ကိုယ်စားပြုပါတယ်။ ဟောင်နဲ့ ဟန်ဆိုတဲ့ နာမည်နှစ်ခုကတော့ ကျယ်ပြန့်မှုကို ပေါင်းစည်းထားတာပါ။
ရွှီချန်းယန်ကတော့ သူ့ဇနီး ဘာတွေတွေးနေလဲဆိုတာကို သေချာပေါက် မသိနိုင်ပါဘူး။ အခုအချိန်မှာ သူကတော့ အရမ်းကို ပျော်ရွှင်တက်ကြွနေခဲ့တဲ့အတွက် သွေးတွေပူနေခဲ့ပါတယ်။ နေလနိုင်ငံတော်အတွက် ဒါက ပထမဆုံး ကောင်းမွန်တဲ့ အစတစ်ခုပါပဲ။ သုပုစီးတောင်မှ သူ့ကို မသတ်နိုင်ခဲ့ဘဲ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားခဲ့တယ်။ ဒါ့အပြင် သူက အဲဒီအချိန်မှာ ကန့်သတ်မဲ့သော့်လော့တစ်ယောက် ဟုတ်မနေခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ အောင်မြင်မှုက သေချာပေါက် သမိုင်းတစ်လျှောက်မှာ မှတ်တမ်းတင်ခံရတော့မှာပါ။ အနာဂတ်မျိုးဆက်သစ်တွေအတွက်လည်း သူက သမိုင်းကြောင်းထဲမှာ အံ့ဩစရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတော့မယ်လို့ ရွှီချန်းယန် တွေးထင်နေခဲ့မိတယ်။
သူ့အတွေးနဲ့သူ ပျော်ပျော်ကြီး ထရယ်နေခဲ့တဲ့ ရွှီချန်းယန်ရဲ့ ရယ်သံက ဘေးမှာရှိနေတဲ့ ကျွီးကျင့်ကို အတော်လေး လန့်သွားစေခဲ့ပါတယ်။
"အခု မြင့်မြတ်သရဲဘုရားကျောင်းက ဖျက်ဆီးခံလိုက်ရပြီ။ ကြယ်တာရာလော့နိုင်ငံတော်နဲ့ သုန့်လင်းနိုင်ငံတော်ကိုပဲ အာရုံစိုက်ဖို့ အချိန်တန်ပြီ ကျွီးကျင့် ငါကိုယ်တော်တို့ရဲ့ တပ်ဖွဲ့တွေကို ပြန်လည်စုစည်းပြီး လက်နက်၊ လူအင်အား၊ ရိက္ခာ အထောက်အပံ့တွေအားလုံး ပြန်စုစည်းဖို့ အချိန်တစ်နှစ်ပေးမယ်။ တစ်နှစ်ကြာပြီးတဲ့နောက် စစ်ဦးစီးချုပ်အဖြစ် စတင်ထွက်ခွာပြီး ဒီတိုက်ကြီးတစ်ခွင်လုံးကို ငါကိုယ်တော်အတွက် သိမ်းယူပေးပါ။ သော့်လော့တိုက်ကြီးတစ်ခုလုံး ငါကိုယ်တော်တို့ရဲ့ ခြေဖဝါးအောက်မှာ ပြားပြားဝပ်နေစေချင်တယ်။ ဝိညာဉ်လက်နက်တွေရဲ့ ရောင်စဥ်တွေအောက်မှာ အားလုံး တုန်လှုပ်နေတာမျိုး မြင်ချင်တယ်။ နောက်ဆုံး ကျန်ရှိတဲ့ နိုင်ငံတော်ကို သိမ်းပိုက်ပြီးရင် သော့်လော့တိုက်ကြီးတစ်ခုလုံးကို နေလတိုက်လို့ နာမည်ပြောင်းပစ်မယ်"
"ဒါပေမဲ့ အမျက်ဒေါသကျောင်းတော်ကိုတော့ မဖျက်ဆီးဘူး။ သူတို့တွေက ငါကိုယ်တော်တို့ကို ဆန့်ကျင်မှာဆိုပေမဲ့ ဝိညာဉ်ပညာရှင်တွေအားလုံးအတွက် အစားထိုးလို့မရနိုင်တဲ့ အထွတ်အထိပ် အထွဋ်အမြတ်နေရာတစ်ခုအဖြစ် ရှိနေတုန်းပဲ။ ဘယ်လိုပဲဖြစ်ပါစေ အဆုံးသတ်မှာ ငါကိုယ်တော်ကလည်း ဝိညာဉ်ပညာရှင်တစ်ယောက်ပဲလေ။ တိုက်ကြီးတစ်ခွင်လုံးကို သိမ်းပိုက်ပြီးရင် အမျက်ဒေါသကျောင်းတော် ငါကိုယ်တော်တို့ဆီ ဦးညွှတ်လာအောင် လုပ်ပစ်မယ်။ ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် ကျောင်းတော်ရဲ့ တူညီဝတ်စုံကို ဝတ်ပြီးတော့ အဲဒီကျောင်းတော်မှာ သင်ခန်းစာတွေကို ငါကိုယ်တော် သင်ယူချင်တယ်။ ဒါက ကလေးဘဝရဲ့ ဆန္ဒပဲ။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ဆိုတဲ့ နာမည်ကို ဖျက်ပြီး နေလနိုင်ငံတော် တော်ဝင်ကျောင်းတော်အဖြစ် နာမည်ပြောင်းပစ်မယ်။ ငါကိုယ်တော်တို့ရဲ့ နိုင်ငံတံဆိပ်တစ်ပိုင်းအဖြစ် ဒီကျောင်းတော် ထာဝရတည်ရှိနေရအောင် လုပ်မှာ။ ဒါက ကျန်ရှိတဲ့ သမိုင်းတစ်လျှောက် ငါကိုယ်တော်တို့ရဲ့ နိုင်ငံတော် ဘယ်လောက်ထိ အင်အားကြီးလဲဆိုတာ ကျန်ရှိစေတဲ့ အမှတ်အသား ဖြစ်လာရမယ် ကျွီးကျင့်"
"အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ"
တော်ဝင်ဝိညာဉ်လက်နက်အတတ်ပညာရှင်တပ်ရင်းတွေက တညီတညွတ်တည်း အရိုအသေပြုကြပါတယ်။
ရွှီချန်းယန်ရဲ့ မျက်ဝန်းထဲမှာ ဘယ်လောက်ထိ မျှော်လင့်ချက်တွေ၊ စိတ်လှုပ်ရှားမှုတွေ ပြည့်နေလဲဆိုတာ အားလုံး မြင်နေခဲ့ရတယ်။ တိုက်ကြီးတစ်ခွင်လုံးက သူ့ရဲ့ ရှေ့မှာ ဦးညွှတ်တာကို မြင်နေရတဲ့အတိုင်းပါပဲ။
ခုန်ဒဲ့မင်က ရွှီချန်းယန်ရဲ့ အနောက်မှာ တိတ်တိတ်လေး ရပ်နေပေမဲ့ သူ့မျက်ဝန်းတွေကလည်း ရွှီချန်းယန်နဲ့ ထပ်တူညီစွာ စိတ်လှုပ်ရှားမှုတွေအပြည့်နဲ့ တောက်ပနေခဲ့ပါတယ်။ အဆုံးသတ်မှာလည်း နေလနိုင်ငံတော်ရဲ့ ဘယ်ပြည်သူမဆို သူပြောလိုက်တဲ့ အရာတွေကို ကြားရမယ်ဆိုရင် သေချာပေါက် စိတ်လှုပ်ရှားကြမှာပါ။
တောက်ပတဲ့ လိမ္မော်နီရောင် အလင်းတန်းကြီးက ဆယ့်ငါးမိနစ်ကျော်ကြာပြီးချိန်မှာတော့ ပျောက်ကွယ်လို့ သွားပါတော့တယ်။ ဘယ်လိုပဲ ပျောက်ကွယ်လို့ သွားပါစေ၊ သက်တံ့ရောင်စုံ တောက်ပနေတဲ့ အကာအကွယ်အတားအဆီးကတော့ ဖြည်းဖြည်းချင်းစီသာ မှိန်ဖျော့လို့ နေခဲ့ပါတယ်။
အစောပိုင်းတုန်းက ဒီအကာအကွယ်အတားအဆီးထဲမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုက အရမ်းကို ကြောက်စရာ ကောင်းလွန်းလှပါတယ်။ ဒါကြောင့် အပေါ်ယံ အကာအကွယ်အတားအဆီးကတောင် ပေါက်ထွက်လုမတတ် ဖြစ်သွားခဲ့ပါတယ်။
"ကျွီးကျင့် မြို့ရဲ့ အပြင်ဘက်မှာရှိတဲ့ စွမ်းအင်အခင်အကျင်း ဝိညာဉ်လက်နက်တွေကို အားဖြည့်ဖို့ ညွှန်ကြားလိုက်။ မြို့အပြင်ဘက်မှာ ရှိနေတဲ့ ဒီဝိညာဉ်လက်နက်တွေက အားဖြည့်ဖို့ အချိန်အတော်လေး ကြာပေမဲ့ ငါကိုယ်တော်တို့ရဲ့ ရည်မှန်းချက်ကို အောင်မြင်ဖို့ ကူညီပေးတယ်။ အကယ်၍ ပေါက်ကွဲမှုကို ဒီတစ်ခေါက် မထိန်းထားနိုင်ခဲ့ဘူးဆိုရင် တောက်ပရောင်စဥ်မြို့တော်ရဲ့ သုံးပုံနှစ်ပုံနီးပါးလောက်ကို ဆုံးရှုံးလိုက်ရမှာ။ ကြည့်ရတာ နောက်တစ်ကြိမ် မင်းစွမ်းဆောင်မှု အကြီးကြီးတစ်ခု လုပ်လိုက်ပြန်ပြီ။ ငါကိုယ်တော်ကို ပြော ဘယ်လိုမျိုး ဆုချသင့်လဲ။ "
ကျွီးကျင့်ကတော့ ပြုံးပြကာ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလာခဲ့ပါတယ်။
"အရှင်မင်းမြတ် ဒီတိုက်ကြီးတစ်ခွင်လုံးကို အောင်အောင်မြင်မြင်စွာ သိမ်းပိုက်နိုင်တဲ့အချိန်အထိ အရှင်မင်းမြတ်ရဲ့ ဘေးမှာ ကျွန်တော်မျိုးမကို ထားပြီး မျက်မြင်ကြုံတွေ့စေမယ်ဆိုရင် ကျွန်မအတွက် လုံလောက်နေပါပြီ"
"ဟားဟားဟား မင်း တကယ့်ကို အပြောကောင်းတာပဲ"
ရွှီချန်းယန်လည်း ရယ်မောလို့နေခဲ့တယ်။ သူ ဒီလိုမျိုး မပျော်ရွှင်ရတာ အတော်ကို ကြာပါပြီ။ ထီးနန်းဆက်ခံချိန်တုန်းကတောင် ဒီလောက် စိတ်မလှုပ်ရှားခဲ့ပါဘူး။
အခုလက်ရှိအချိန်မှာ သူက အရင်ကနဲ့ မတူတော့တဲ့ လူတစ်ယောက်လို့ သူ့ကိုယ်သူ တွေးထင်နေခဲ့မိပါတယ်။ အရင်တုန်းက ရွှီချန်းယန်ဆိုတာ သူ့ရှေ့မှာ ရှိနေတဲ့ နိုင်ငံကိုတောင် ထိန်းချုပ်နိုင်ဖို့ မလွယ်ခဲ့ပါဘူး။ အခုတော့ သူက တိုက်ကြီးတစ်ခွင်လုံးမှာ အစွမ်းထက်ဆုံး ဧကရာဇ် ဖြစ်နေခဲ့ပါပြီ။ ပြည်တွင်းရေးကိစ္စတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်ရုံတင်မက ထျန်းဟွမ်နိုင်ငံတော်ကိုလည်း သိမ်းပိုက်အုပ်ချုပ်လို့နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ကို စိတ်သောကပေးနေတဲ့ ကန့်သတ်မဲ့သော့်လော့နှစ်ယောက်ကိုလည်း ဖြေရှင်းလိုက်ပါပြီ။ ဘယ်လိုလို့ သူ မပျော်ဘဲ နေမှာလဲ။ အခုအချိန်မှာ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားစရာ မလိုတော့သလို သူ့ကို မေးခွန်းထုတ်မယ့်သူလည်း မရှိတော့တာ သူသိနေခဲ့တယ်။ သူက ဒီတိုက်ကြီးတစ်ခွင်လုံးမှာ ပထမဆုံးနဲ့ အစွမ်းထက်ဆုံး ဧကရာဇ် ဖြစ်လာတော့မှာပါ။
ကျွီးကျင့်ရဲ့ စကားတွေကြောင့် ရွှီချန်းယန်က ပိုပြီးတော့ ပီတိဖြစ်သွားခဲ့ရတယ်။ သူ့ရဲ့ ခြေထောက်တွေကြောင့်သာ မဟုတ်ဘူးဆိုရင် သေချာပေါက် သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို သူကိုယ်တိုင် လှည့်ပတ်ကြည့်ရှုနိုင်မှာပါ။
တောက်ပတဲ့ လိမ္မော်နီရောင် အလင်းတန်းက ပျောက်ကွယ်လို့ သွားပြီးချိန်မှာတော့ အထဲမှာ ရှိနေတဲ့ အခြေအနေကို ဖြည်းဖြည်းချင်း မြင်တွေ့လာခဲ့ရပါတယ်။
အကာအကွယ်အတားအဆီးကနေ ကာရံပေးထားတဲ့ နေရာတစ်ခွင်လုံးကတော့ အရမ်းကို သန့်သန့်ရှင်းရှင်းနဲ့ ကျန်ရှိနေခဲ့တယ်။ ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ပုံတောင် မပေါ်ပါဘူး။ ဒါပေမဲ့လည်း ဒီအောက်ဘက် မြေပြင်မှာတော့ ကြီးမားတဲ့ အက်ကွဲကြောင်းကြီးတစ်ခုကသာ ရှိနေခဲ့ပြီး အနီရောင် ချော်ရည်တွေက အထဲမှာ စီးဆင်းလို့နေခဲ့ပါတယ်။ ဒီလို မီးလို ပူပြင်းတဲ့ အရည်တွေက အကာအကွယ်အတားအဆီးကိုဆက်တိုက်ဆိုသလို တိုက်စားလို့ နေခဲ့တယ်။
နန်းတော်ရဲ့ မူလ အကာအကွယ် ထောင့်လေးထောင့်ကတော့ လက်ရှိအချိန်မှာ ချော်ရည်ပူတွေကြောင့် စတင်ကာ တိုက်စားခံနေခဲ့ရပါပြီ။ အနက်ရောင် မီးခိုးတွေက ဒီနေရာတွေမှာ ဆက်တိုက်ဖြစ်ပေါ်လို့ နေခဲ့ပါတယ်။ ရွှီချန်းယန်ကတော့ သူနန်းတော်တစ်ခုလုံး ရင်းလိုက်ရတာ ဆိုးတဲ့ကိစ္စလို့ မထင်ခဲ့မိပါဘူး။ ဒါက တကယ် ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုပါပဲ။ အဆင့်ကိုးရရွေ့လျားအမြောက်ဆံဆယ်ခုတိတိကို သူက သုံးခဲ့တာပါ။ ကန့်သတ်မဲ့သော့်လော့နှစ်ယောက်အနေနဲ့ သူတို့ရဲ့ သေဆုံးမှုကို ဒီလောက်ထိ ရင်းပေးထားတာ ပျော်တောင်ပျော်သင့်တယ်လို့ သူ တွေးနေခဲ့မိတယ်။
အမျိုးအစားတူညီတဲ့ ဝိညာဉ်အမြောက်ဆံဆယ်ခုတိတိကို သူက သုံးလိုက်တာဖြစ်သလို ဒါတွေအားလုံးက ပြင်းထန်တဲ့ အပူရှိန် ထုတ်လွှတ်တဲ့ အရာတွေချည်းပါပဲ။ ပုံမှန်အခြေအနေမှာ ဒါမျိုးတစ်ခုသုံးရင် မြို့တော်တစ်ခုလုံးကို ပြာချပစ်ဖို့ လုံလောက်နေပါပြီ။ ဆယ်ခုကတော့ နတ်ဘုရားတစ်ပါးတောင် ရှင်သန်နိုင်ဖို့ မလွယ်ပါဘူး။
ရွှီချန်းယန်ကတော့ အရာအားလုံး ဖြစ်လာတာတွေကို ကြည့်ရင်း စိတ်ချမ်းသာနေခဲ့မိတယ်။ အခုတော့ ဒါတွေအားလုံးကို ဖြေရှင်းဖို့ အချိန်တန်ပါပြီ။
ဒီအချိန်မှာပဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတစ်သံက ထပ်ဖြစ်ပေါ်လာခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာတော့ တစ်ဖက်မှာ ရှိနေတဲ့ ခုခံရေး အခင်းအကျင်းတစ်ခုက တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲလို့ သွားခဲ့တော့တယ်။ ဒါကြောင့် လေထဲမှာ ရှိနေတဲ့ အရောင်စုံ အလင်းတန်းက တော်တော်ကြီးကို မှိန်ဖျော့လို့ သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နောက်ထပ် ပေါက်ကွဲမှုတွေက ဆက်တိုက်ဆက်တိုက် ဖြစ်ပေါ်လာခဲ့ရင်း အနက်ရောင် မီးခိုးတွေက ပိုပိုပြီး ကောင်းကင်ပေါ်ကို တက်လာခဲ့တယ်။
ဘယ်လိုပဲဖြစ်ပါစေ ဒီပေါက်ကွဲမှုတွေ အများကြီးက ကန့်သတ်မဲ့သော့်လော့နှစ်ယောက်ကို သေဆုံးသွားစေခဲ့တာကြောင့် ဒီလိုတန်ကြေးကို ရင်းလိုက်ရတာက လုံလောက်ပါတယ်။
အခုလက်ရှိအချိန်မှာ သက်တံ့ရောင်စုံ အကာအကွယ် မရှိတော့တဲ့အတွက် ပေါက်ကွဲမှုတွေက အရပ်ဖက်ဖက်ကို ဆက်တိုက်ဆိုသလို ပြန့်ကျဲထွက်နေခဲ့တယ်။ နန်းတော်နဲ့ အနီးနေရာမှာ ရှိနေတဲ့ နေရာတော်တော်များများက ပေါက်ကွဲမှုတွေရဲ့ဒဏ်ကို ခံနေခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ ရွှီချန်းယန်က ဒါကို ပြင်ဆင်ထားပြီးပါပြီ။ ရေဖျန်းဖို့နဲ့ မီးငြိမ်းဖို့အတွက် သူက အဖွဲ့တစ်ဖွဲ့ကို အစောကတည်းက ပြင်ဆင်ထားခဲ့တယ်။ ဒီအချိန်မှာပဲ ရေငွေ့တွေ အများကြီးက ဆက်တိုက် ထွက်ပေါ်လို့ နေခဲ့ပါတယ်။
လေထဲမှာ လွင့်မျောနေဆဲဖြစ်တဲ့ ရွှီချန်းယန်က ကျွီကျင့်ကို ကြည့်ရင်း ပြောလာခဲ့ပါတယ်။
"နန်းတော်ကို ငါကိုယ်တော်တို့ ပြန်လည်တည်ဆောက်တဲ့ အချိန်၊ မြေပြင်ကို ထပ်တူးဖို့ မလိုအပ်တော့ဘူး။ မြေပြင်က အခုအချိန်မှာ အရင်ကထက် အများကြီး ပိုပြီး နက်ရှိုင်းသွားပြီ။ ဒီမြေအောက်ကလည်း အပူရှိန်တွေကြောင့် အတော်လေးကို မာကျောနေပြီ"
ဒီအချိန်မှာပဲ ရုတ်တရက် ဆိုသလို တတီးတီးမြည်သံတွေက ထွက်ပေါ်လို့ လာခဲ့ပါတယ်။ ဒါက ရှိရှိသမျှ ဝိညာဉ်လက်နက်အတတ်ပညာရှင်တွေအားလုံးကို အထိတ်တလန့် ဖြစ်စေပြီး ရွှီချန်းယန်ကို သူတို့ အပြည့်အဝ ကာကွယ်လိုက်ကြပါတယ်။
"ဘာတွေဖြစ်နေတာလဲ"
"အရှင်မင်းမြတ် ဒီအက်ကွဲကြောင်းထဲကနေ စိတ်ဝိညာဉ်စွမ်းအား၊ ဝိညာဉ်စွမ်းအားလှိုင်းတွေ ထွက်လာတာကို ထောက်လှမ်းမိပါတယ်။ ဒီအရှိန်အဟုန်က ကြီးလွန်းတာကြောင့် နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းလို့ နေခဲ့ပါပြီ"
ထောက်လှမ်းရေး ဝိညာဉ်လက်နက်အတတ်ပညာရှင်တစ်ယောက်က ချက်ချင်းဆိုသလို သတင်းကို တင်ပြလိုက်တယ်။
"တိုက်ခိုက်ကြ မင်းတို့အားလုံး နန်းတော်ကို အစွမ်းကုန် တိုက်ခိုက်ကြ"
ကန့်သတ်မဲ့သော့်လော့နှစ်ယောက် အသက်ရှင်နေမယ်ဆို ဘာတွေဖြစ်လာနိုင်လဲဆိုတာ သူ မတွေးဝံ့ပါဘူး။
ရုတ်တရက် ဆိုသလို လေထဲမှာ ပျံ့လွင့်နေတဲ့ ရေငွေ့တွေက နှင်းမှုန်တွေအဖြစ်ကို ပြောင်းလဲလို့ သွားပါတော့တယ်။ ကြီးမားတဲ့ နှင်းမှုန်တွေက နန်းတော် အပြင်ဘက်ဆီ ထိုးတက်လို့ လာခဲ့ပြီး အက်ကွဲကြောင်းထဲက အပူရှိန်ကို ပြေပျောက်လို့ သွားစေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ထောက်လှမ်းရေး ဝိညာဉ်လက်နက်တွေ ဒီနေရာကြီးထဲကို မထောက်လှမ်းနိုင်အောင် လုပ်လိုက်တော့တယ်။
ကျယ်လောင်တဲ့ ပေါက်ကွဲသံက အဲဒီနောက် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လို့ လာခဲ့ပြန်ပါတယ်။ ဝိညာဉ်လက်နက်အတတ်ပညာရှင်တွေရဲ့ တိုက်ခိုက်မှုတွေအားလုံးကလည်း တားဆီး ခံလိုက်ရပြီး များပြားလှတဲ့ ပေါက်ကွဲမှုတွေကို နှင်းမှုန်တွေက ချေဖျက်ပစ်လိုက်တော့တယ်။
ကျွီးကျင့်လည်း မျက်စိရှေ့က မြင်ကွင်းကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပါတယ်။ "ဒီနှင်းမှုန်တွေက ဘာတွေလဲဆိုတာ သူသိပြီးသားပါ။ ငတုံးရေ နင်ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ။ သေခြင်းနတ်ဘုရားသော့်လော့ကို လာကယ်ဖို့ လုပ်နေတာလား ဘာလို့လဲ"
ဟို့ယွိဟောင်ကတော့ သူ့ကို အဖြေပေးမှာ မဟုတ်ပါဘူး။ ဟို့ယွိဟောင်ရော ထန်ဝူထုံ နှစ်ယောက်စလုံးကပါ လက်ရှိအချိန် ကန့်သတ်မဲ့သော့်လော့နှစ်ယောက်နဲ့အတူ ပျောက်ကွယ်သွားလို့ပါ။ အစောပိုင်းတုန်းက အပေါ်မှာ ရှိနေတဲ့သူတွေ ထောက်လှမ်းမိတဲ့ လှိုင်းတွေက ဟို့ယွိဟောင် ဖန်တီးလိုက်တဲ့ အရာတွေပါပဲ။
လုံရှောင်ယောင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း အဝတ်အစားတွေက မရှိတော့ပါဘူး။ သူ့ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင် နဂါးအကြေးခွံတွေသာ ရှိနေခဲ့ပါတယ်။
တခြားတစ်ဖက်မှာတော့ ယဲ့ရှီးရွှေရဲ့ ခန္ဓာကိုယ်က အရမ်းကို တောက်ပနေခဲ့ပါတယ်။ သူမက မြင့်မြတ်တဲ့ နတ်မိမယ်လေးတစ်ပါးလိုပါပဲ။ သူမရဲ့ ခန္ဓာကိုယ်က အခုလက်ရှိအချိန်မှာ ထွင်းဖောက်မြင်ရအောင် ကြည်လင်တောက်ပလို့ နေခဲ့ပြီ ဖြစ်သလို သွေးဆာဝိညာဉ်နတ်ဆိုးရုပ်သေး အငွေ့အသက်တွေကလည်း ပျောက်ကွယ်လို့ သွားခဲ့ပါပြီ။
အပိုင်း ၆၀၂ ပြီး၏။
***