" နင်က အရမ်းကို လူဝင်ဆံ့တယ်၊ ဒါ့အပြင် ခန့်ညားချောမောပြီး ကြွားလုံးထုတ်ရတာကို ကြိုက်တယ်လေ။ ငါက နင်နဲ့ပတ်သက်သမျှ အရာအားလုံးကို နက်နက်ရှိုင်းရှိုင်းကြီးကို ချစ်မိသွားခဲ့တာ။ မုအန်းကလည်း လူကောင်းဆိုပေမဲ့ သူက ကျောက်တုံးကြီးတစ်တုံးနဲ့တူတယ်လေ။ ငါကြိုက်တဲ့ ပုံစံမျိုးမဟုတ်ခဲ့ဘူး။ ဒါကြောင့်မို့ ဒီအချိန်တစ်လျှောက် ငါချစ်မြတ်နိုးရတဲ့သူက နင်တစ်ယောက်တည်းပဲ ဖြစ်ခဲ့တယ်။ "
"ဒါပေမဲ့ ငါနင်ကို ရွေးချယ်လို့မရနိုင်ခဲ့ဘူး။ ကျုံးလီဝူရဲ့အဖေက အမျက်ဒေါသကျောင်းတော်သားမဟုတ်တဲ့ နင်ကို ရွေးချယ်ခွင့် ဘယ်တော့မှ ပြုမှာမဟုတ်ဘူးလေ။ ဒါကြောင့်သာ ငါက နင့်အစား မုအန်းကို ရွေးချယ်ဖို့ ဖိအားပေးခံလိုက်ရတာပဲ။
ယဲ့ရှီးရွှေ ပြောသမျှကို ကြားပြီးတဲ့နောက်မှာတော့ လုံရှောင်ယောင်ရဲ့စိတ်က လုံးဝကို ဗလာဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့ဘဝမှာ အဆိုးရွားဆုံးဖြစ်ရပ်ကြီးက ဒီနေရာကနေ အခြေခံလာခဲ့မယ်လို့ မမျှော်လင့်ထားမိခဲ့ပါဘူး။ ယဲ့ရှီးရွှေကတော့ မျက်ရည်တွေ စီးကျရင်းနဲ့ ပြုံးနေခဲ့ပါတယ်။
"အဲဒီနောက်မှာ ငါတို့တွေ နောက်တစ်ကြိမ် တွေ့ဆုံခဲ့ရတယ်။ ကျုံးလီဝူအဖေရဲ့ ပေးအပ်ထားတဲ့ တာဝန်ကြောင့် ငါက နင်နဲ့ခွဲခွာဖို့အတွက် မဖြစ်မနေ လုပ်ရတော့မှာ။ ဒါ့အပြင် အကယ်၍ ငါတို့မျိုးဆက်ရဲ့ အထူးချွန်ဆုံး ဝိညာဉ်ပညာရှင်နှစ်ယောက်ကသာ ပူးပေါင်းပြီး မြင့်မြတ်သရဲဘုရားကျောင်းကို တိုက်ခိုက်မယ်ဆိုရင် အန္တရာယ်အရမ်းများမယ်ဆိုတာကို သူပြောခဲ့တယ်။ ဒါကြောင့်သာ ငါက နင်တို့နှစ်ယောက်ကို ရန်တိုက်ပေးဖို့အတွက် အသုံးချခံလိုက်ရတာပဲ။ ဒီလိုနည်းနဲ့မှ နင်တို့နှစ်ယောက်လည်း မြင့်မြတ်သရဲဘုရားကျောင်းရဲ့ တိုးတက်မှုတွေကို မဟန့်တားနိုင်ခဲ့မှာ။ "
" ဒါကြောင့် ငါက အစီအစဉ်တစ်ခုကို အကြံပြုခဲ့တယ်။ ငါ့ရဲ့ခန္ဓာကိုယ်ကို အသုံးချပြီး နင့်ကို မျှားခေါ်ဖို့ပဲ။ ငါ့ရဲ့အပျိုစင်ဘဝ နင့်ကိုပေးအပ်ပြီးတဲ့နောက်မှာ ငါတို့သုံးယောက်ရဲ့ကြား ချိုးဖျက်လို့မရနိုင်တဲ့ နာကျင်စရာ ပဋိပက္ခသံသရာစက်ဝန်းကြီးတစ်ခုကို ရအောင် ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ နင်တို့နှစ်ယောက်ကပဲ အများကြီး နာကျင်နေခဲ့တာ။ ငါကတော့ ငါဘာလုပ်နေလဲဆိုတာ အမြဲတမ်း သိခဲ့တယ်လေ။ ငါက မြင့်မြတ်သရဲဘုရားကျောင်းရဲ့ မြင့်မြတ်သခင်မ ဖြစ်နေခဲ့ဆဲပဲကိုး။
လုံရှောင်ယောင်ကတော့ ယဲ့ရှီးရွှေကို လက်ညှိုးထိုးရင်း ပါးစပ်အပြည့် သွေးတွေ အန်ထွက်လာခဲ့ပါတယ်။
ယဲ့ရှီးရွှေကတော့ သူ့ကိုကြည့်ရင် ပြောလာခဲ့တယ်။
" ရှောင်ယောင် အဲဒီလောက် ဒေါသမထွက်ပါနဲ့။ ငါပြောစရာရှိတာတွေကို မြန်မြန်ပြီးအောင် ပြောခွင့်ပြုပေးပါ။ ငါပြောမယ့်ကိစ္စကို ကြားပြီးရင် နင်လည်း ဒေါသလျော့ကောင်း လျော့သွားလိမ့်မယ်။ "
"ဒါတွေအားလုံး ဖြစ်ပြီးတဲ့နောက်မှာ ငါလည်း ထွက်သွားခဲ့တယ်လေ။ ဒါပေမဲ့ ငါလုပ်ခဲ့သမျှ ကိစ္စတွေကို ငါနောင်တမရခဲ့ဘူး။ ငါက ငါ့ရဲ့ခန္ဓာကိုယ်ကို ငါတကယ် ချစ်မြတ်နိုးရတဲ့သူဆီ ပေးခဲ့တာလေ။ နင်ရော မုအန်းရော နှစ်ယောက်စလုံးပါ အဲဒီနောက်မှာ အဖြစ်ဆိုးတဲ့ဘဝတွေကို ရောက်မယ်ဆိုတာ ငါသိပေမဲ့ ငါ့မှာလည်း ရွေးချယ်စရာမရှိခဲ့ဘူး။ အကယ်၍ ငါ့ရဲ့အစီအစဉ်သာ ကျရှုံးခဲ့မယ်ဆိုရင် ကျုံးလီဝူရဲ့အဖေက နင်တို့နှစ်ယောက်စလုံးကို ရအောင်သတ်မှာ နင်တို့သိရဲ့လား။ နင်တို့နှစ်ယောက်စလုံးကို သူ့လက်ထဲမှာ အသတ်ခံရတာ ကြည့်ရတာထက် နင်တို့နှစ်ယောက်ရဲ့ဘဝတွေ ပင်ပန်းခက်ခဲနေတာကို ကြည့်ဖို့ပဲ ငါတတ်နိုင်ခဲ့တယ်။နောက်ဆုံးတော့ နင်က ငါချစ်မြတ်နိုးရတဲ့သူလေ။ မုအန်းကတော့ ငါအမြဲတမ်း မျှော်ကြည့်နေခဲ့ရတဲ့ အစ်ကိုကြီးတစ်ယောက်ပဲ။ သူငါ့အပေါ် ဘယ်လောက်ကောင်းလဲဆိုတာ ငါဘယ်လိုလုပ် မသိဘဲနေမှာလဲ။ နင်တို့နှစ်ယောက်စလုံးက အမြဲတမ်း ငါ့ရဲ့နှလုံးသားထဲမှာ အရေးကြီးတဲ့သူတွေ ဖြစ်ခဲ့တာ။ ဒါကြောင့် နင်တို့နှစ်ယောက်စလုံးကို မြင့်မြတ်သရဲဘုရားကျောင်းရဲ့ လက်ထဲကနေ ကာကွယ်ဖို့ ငါဒီလိုလုပ်ခဲ့ရတယ်။ "
"အဲဒီနောက်မှာ ငါအောင်မြင်ခဲ့တယ်လေ။ နင်တို့နှစ်ယောက် ကန့်သတ်မဲ့သော့်လော့တွေ ဖြစ်လာခဲ့တယ်။ နှစ်ယောက်စလုံး ဘယ်လိုပဲ နာကျင်ခက်ခဲနေပါစေ အနည်းဆုံးတော့ အသက်ရှင်လျက် ရှိနေခဲ့သေးတယ်လေ။ ငါတို့အားလုံး အခုထိ ကောင်းကောင်းရှင်သန်နိုင်ခဲ့တာပဲ ဟုတ်တယ်မလား။ "
"နှစ်ပေါင်းနှစ်ဆယ်လောက် ကြာပြီးတဲ့နောက် ကျုံးလီဝူရဲ့အဖေက သူမသေခင်အချိန်မှာ ငါ့ကို သူ့အတွက် သားတစ်ယောက် ရအောင်မွေးဖို့ ဖိအားပေးခဲ့တယ်။ ဒါမှသာ သူစိတ်ပူစရာမရှိဘဲ မြင့်မြတ်သရဲဘုရားကျောင်းရဲ့ ခေါင်းဆောင်နေရာကို ငါ့ဆီ လက်လွှဲအပ်နိုင်မယ့် တစ်ခုတည်းသောနည်းလို့ သူပြောခဲ့တယ်။ အဲဒီနောက်မှာတော့ သူက ငါ့ကို ကန့်သတ်မဲ့သော့်လော့ ဖြစ်လာနိုင်အောင် ကူညီခဲ့တယ်လေ။ အဲဒီအချိန်ကနေစလို့ ငါက အမျက်ဒေါသကျောင်းတော်ရဲ့ တကယ်ရန်သူတစ်ယောက် ဖြစ်လာခဲ့တာပဲ။ မြင့်မြတ်သရဲဘုရားကျောင်းရဲ့ မြင့်မြတ်သခင်မဖြစ်တဲ့ ငါက နင်တို့နှစ်ယောက်ထဲက ဘယ်သူနဲ့မှ ထာဝရအတူတူရှိနိုင်မှာမဟုတ်ဘူး။ "
"ကျုံးလီဝူရဲ့အဖေ သေဆုံးသွားပြီးတဲ့နောက် ငါတို့တွေ ပြန်လည်တွေ့ဆုံကြတဲ့အချိန်မှာ ငါနင်နဲ့အတူ ဘယ်လောက်အထိ ရှိချင်ခဲ့လဲဆိုတာ နင်သိရဲ့လား။ ဒါပေမဲ့ ငါမလုပ်နိုင်ဘူး။ ငါက မြင့်မြတ်သရဲဘုရားကျောင်းရဲ့ ခေါင်းဆောင် ဖြစ်နေခဲ့ပြီ။ မိစ္ဆာဝိညာဉ်ပညာရှင်တွေအားလုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ငါက အကယ်၍ နင်နဲ့သာ အတူတူ ပေါင်းစည်းခဲ့မယ်ဆိုရင် နင်ရဲ့ဂုဏ်သတင်းကို ပျက်ပြားအောင် လုပ်မိသလို ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် နင်ငါ့နောက်ကို လိုက်အောင် ဖိအားပေးပြီး ငါ့ကိုကာကွယ်ပေးအောင် လုပ်ခဲ့ရတယ်။ ဒါမှသာ နင်က မြင့်မြတ်သရဲဘုရားကျောင်းရဲ့ လူတစ်ယောက်မဟုတ်ဘဲ နဂါးဧကရာဇ်သော့်လော့အဖြစ် လူတွေဆီမှာ မှတ်တမ်းတင်ခံရတာ မပျက်ယွင်းခဲ့ဘူးလေ။"
"နှစ်ပေါင်း တစ်ရာကျော် ကြာပြီးတဲ့နောက်မှာတော့ နင်က ငါ့နောက်ကိုလိုက်ခဲ့ပြီး ကာကွယ်ပေးနေတာကိုသိခဲ့လို့ ငါတကယ်ကို ဝမ်းသာမိတယ်။ ငါကဘယ်လိုပဲ မကောင်းတဲ့ မိစ္ဆာဝိညာဉ်ပညာရှင် ဖြစ်နေပါစေ လူသားတစ်ယောက် ဖြစ်နေဆဲပဲလေ။ နင်ငါ့အပေါ်ထားတဲ့ ခံစားချက်တွေကို ငါမမြင်ဘူးလို့များ ထင်နေတာလား။ ဒါပေမဲ့ ငါကြောင့် နင်ရဲ့နာမည်ဂုဏ်သတင်း ပျက်စီးသွားမှာစိုးလို့ ဒီကိစ္စကို ငါလုံးဝမကြည့်ရက်နိုင်တာမို့ နင်နဲ့အတူတူ မရှိဝံ့ခဲ့ရတာပဲ။ ဒါကြောင့်သာ ငါနင်အပေါ် ဘယ်လောက်ချစ်လဲဆိုတာကို ထုတ်မပြနိုင်ခဲ့တာ။ "
"အခုတော့ ငါနင့်ကို ဘယ်လောက်ချစ်လဲဆိုတာ ပြောပြလို့ရပြီ။ ရှောင်ယောင် ငါက ငါ့တစ်ဘဝတာလုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးခဲ့တာ။ နင်ငါ့ကြောင့် နှစ်ပေါင်းတစ်ရာကျော် ဒုက္ခခံခဲ့ရမှန်း သိပေမဲ့ သေချာပေါက် ငါက နင့်အချစ်ခံရအောင် နင့်ကိုအများကြီး ချစ်မြတ်နိုးတဲ့သူပဲလေ။ ဒါ့အပြင် အကြောင်းအရင်းတစ်ခုလည်း ရှိသေးတယ်။ ငါက နင့်အတွက် သားတစ်ယောက် မွေးပေးခဲ့တယ်။ နင်ဒါကို သိလား။ "
"မင်းဘာပြောလိုက်လဲ။ "
ယဲ့ရှီးရွှေပြောတာကို ကြားပြီးအချိန်မှာ လုံရှောင်ယောင် ပါးစပ်အဟောင်းသားဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာခဲ့ပါတယ်။ သားတစ်ယောက်တဲ့လား။ ရှီးရွှေက ငါ့အတွက် သားတစ်ယောက် မွေးဖွားပေးခဲ့တာလား။ ဒါပေမဲ့ နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်နေခဲ့ပြီဖြစ်တာကြောင့် တစ်ဖက်လူက အင်အားကြီးတဲ့ ဝိညာဉ်ပညာရှင်ဖြစ်မယ်ဆိုရင်တောင် နှစ်ပေါင်းတစ်ရာကျော် ကြာပြီးအချိန်မှာ သေဆုံးသွားလောက်ပါပြီ။
"နင်သေချာပေါက် ဒါကိုလုံးဝ ထင်ထားမိမှာမဟုတ်ဘူး။ ငါပြောမယ့်စကားကို နင်ကြားရင်လည်း သေချာပေါက် အရမ်းကြီး လန့်သွားမှာ။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါလည်း နင့်လိုပဲ သူ့ကို ငါမတွေ့တာ နှစ်ပေါင်းတစ်ရာကျော် ကြာသွားပြီ။ သူအသက်ရှင်မရှင်တောင် မသိဘူးလေ။ ငါလည်း သူ့ကို သွားတွေ့လို့မရနိုင်ခဲ့ဘူး။ သူ့ရဲ့အမေက မြင့်မြတ်သရဲဘုရားကျောင်းရဲ့ ခေါင်းဆောင်၊ ဆိုးယုတ်တဲ့ မိစ္ဆာဝိညာဉ်ပညာရှင်တစ်ယောက်ဆိုတာ ငါသူ့ကို အသိမခံနိုင်ဘူးလေ။ ဒါကြောင့် သာမန်လူသားတစ်ယောက်လိုမျိုး ကျန်းမာပြီး ပျော်ရွှင်တဲ့ဘဝနဲ့ နေထိုင်ဖို့အတွက်ပဲ ငါဆန္ဒရှိခဲ့တယ်။ "
"အမှန်တကယ်တော့ ငါသူ့ကို ဝိညာဉ်ပညာရှင်တစ်ယောက်တော့ မဖြစ်စေချင်ခဲ့ဘူးလေ။ ဒါကြောင့် ငါက သူ့ရဲ့မျိုးရိုးနာမည်ကို ငါမြင့်မြတ်သရဲဘုရားကျောင်းထဲ မဝင်ခင်တုန်းက နာမည်အတိုင်း ရန် ဆိုတဲ့ မျိုးရိုးနာမည်ကို ပေးခဲ့တယ်။"
" ဒါပေမဲ့ ကံကြမ္မာတွေက အတော်ကို ထူးဆန်းပြီး အံ့ဩစရာကောင်းတဲ့ နည်းလမ်းနဲ့ အလုပ်လုပ်ကြတယ်လေ။ ငါတို့ရဲ့မြေးလေးက သူ့ရဲ့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနဲ့ အမျက်ဒေါသကျောင်းတော်ကို ဝင်နိုင်ခဲ့တယ်။ အဲဒါတင်မကသေးဘူး သူက မုအန်းရဲ့ တပည့်သားတစ်ယောက်လည်း ဖြစ်လာခဲ့တယ်လေ။ အကယ်၍ သူ့ရဲ့ သိုင်းပညာဝိညာဉ်က ငါ့ရဲ့ ဒုတိယမြောက် သိုင်းပညာဝိညာဉ်ဖြစ်တဲ့ တောက်ပရောင်စဉ် နတ်မီးငှက်နဲ့ ထပ်တူကျနေခဲ့တာကြောင့်သာမဟုတ်ရင် ငါတောင်မှ ဒီကိစ္စကို သိမှာမဟုတ်ဘူး။ "
"မုအန်းက ငါတို့ရဲ့မြေးလေးကို သူ့ရဲ့တပည့်အဖြစ်နဲ့ လက်ခံခဲ့တယ်။ ဒါအပြင် မုအန်းက အကောင်းဆုံး ကြိုးစားပြီး သူ့ကို မွေးမြူးစောင့်ရှောက်ခဲ့တယ်လေ။ ဒါကြောင့် နောက်ဆုံးမှာ သူက အမျက်ဒေါသကျောင်းတော်ရဲ့ သိုင်းပညာဝိညာဉ်ဌာနက ကျောင်းအုပ်အဖြစ် လက်ရှိအချိန်မှာ တာဝန်ထမ်းဆောင်နေတယ်။ "
" ဘာဖြစ်တယ်၊ "
ဟိုယွိဟောင်ရော ထန်ဝူထုံနှစ်ယောက်စလုံးပါ အခုအချိန်မှာတော့ မယုံကြည်နိုင်မှုအပြည့်နဲ့ ထအော်မိလိုက်ပါတယ်။ ဒီနေ့ ယဲ့ရှီးရွှေရဲ့ ထုတ်ဖော်ပြောဆိုတဲ့ စကားတွေကြောင့်သာမဟုတ်ရင် ကျောင်းအုပ် ရန်ရှောင်ကျဲ့က လုံရှောင်ယောင်နဲ့ ယဲ့ရှီးရွှေတို့ရဲ့ မြေးဆိုတာ ဘယ်သူကများ သိမှာလဲ။
" လိမ်နေတာမလား။ အမျက်ဒေါသကျောင်းတော်က လူတွေကြားထဲမှာ သွေးကွဲအောင် လုပ်ချင်နေတာမလား။ "
ထန်ဝူထုံက ဒေါသတကြီးနဲ့ ဝင်ပြောပါတယ်။
ယဲ့ရှီးရွှေကတော့ မျက်လုံးအပြူးသားလေး ဖြစ်နေတဲ့ လုံရှောင်ယောင်ကို ကြည့်ရင်းနဲ့သာ ပြုံးပြုံးလေး ဆက်ပြောနေခဲ့ပါတယ်။
"ကိစ္စတွေ ဒီအခြေအနေအထိ ရောက်နေပြီဆိုမှတော့ ငါက ဘာတွေများ မဟုတ်မမှန် ပြောဖို့ လိုနေဦးမှာလဲ။ ဒါ့အပြင် ကန့်သတ်မဲ့သော့်လော့တစ်ယောက်က ပေါက်ကရတွေ လျှောက်ပြောပြီး ဆက်ဆံရေးတွေကို ပျက်စီးအောင် လုပ်မယ့်သူလို့များ မင်းထင်နေတာလား။"
"ငါက ငါပဲ။ ငါပြောသမျှ အရာအားလုံးကလည်း အမှန်ပဲ။ ကောလာဟလတွေကို ငါက လိုက်ပြီးဖြန့်နေမှာမဟုတ်ဘူး။ ရှောင်ကျဲ့က ငါတို့ရဲ့မြေး သို့မဟုတ် မြစ်ပဲ ဖြစ်လိမ့်မယ်။ သူ့ရဲ့အသက်အရွယ်အရ ကြည့်မယ်ဆိုရင်ပေါ့။ ဒါပေမဲ့ သူ့ကို ဆက်သွယ်ဖို့ ငါတစ်ခါမှ မကြိုးစားခဲ့ဖူးဘူး။ သူ့ရဲ့ သွေးသားနဲ့ မျိုးရိုးကိုပဲ စစ်ဆေးပြီး သူက ငါတို့ရဲ့ မျိုးဆက်ဆိုတာ အတည်ပြုခဲ့တာ။ "
ဟိုယွိဟောင်ကတော့ ထန်ဝူထုံကို ဆွဲခေါ်ရင်း ခေါင်းခါပြနေခဲ့တယ်။ ထန်ဝူထုံကတော့ သူကြားသမျှ အရာအားလုံးကို မယုံနိုင်ခဲ့ပါဘူး။
လုံရှောင်ယောင်က ယဲ့ရှီးရွှေကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလာခဲ့ပါတယ်။
" ဒါတွေအားလုံးက အမှန်ပဲလား။ ကိုယ်တကယ်မယုံနိုင်ဘူး။ ဘာကြောင့်လဲ၊ ဘာကြောင့်များ အစောတည်းက မပြောခဲ့တာလဲ။ "
ငါက မြင့်မြတ်သရဲဘုရားကျောင်းရဲ့ မြင့်မြတ်သခင်မဖြစ်ရုံတင်မက ခေါင်းဆောင်လည်း ဖြစ်နေခဲ့သေးတယ်လေ။ မြင့်မြတ်သရဲဘုရားကျောင်းကြီး တစ်ခုလုံးရဲ့ အထွတ်အမြတ် ခေါင်းဆောင်ပဲ။ ဘာတွေများပြောလို့ရမှာလဲ။ လူ့လောကမှာ လူမဆန်တဲ့ ကိစ္စတွေ အများကြီးကို လုပ်ခဲ့တဲ့အပြင် လက်ထဲမှာ သိန်းနဲ့ချီတဲ့ လူတွေရဲ့အသက်တွေ၊ သွေးတွေ စွန်းထင်နေပြီးသား။ ဒါတွေအားလုံး ပြောပြခဲ့တော့ရော ဘာများ အပြောင်းအလဲရှိမှာလဲ။ နင်ငါ့ကို ဒီထက်ပိုပြီး ချစ်လာမှာရော ဖြစ်နိုင်လို့လား။ နင် မိစ္ဆာဝိညာဉ်ပညာရှင် ဖြစ်လာဖို့လည်း ငါမမျှော်လင့်ထားမိဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး ဒါတွေအားလုံး ငါနင့်ကို မပြောလိုက်သင့်ဘူး။ အမှန်တကယ်တော့ ဒါတွေကို ဘယ်သူနဲ့မှ မပြောခဲ့သင့်တာလေ။ အားလုံးကို ငါ့ရဲ့စိတ်နှလုံးသားထဲမှာပဲ သိမ်းဆည်းထားဖို့ လုပ်နိုင်ခဲ့တာ။ ငါ့ရဲ့အိပ်မက်ထဲမှာ ချိုမြိန်တဲ့ အခိုက်အတန့်တွေ အများကြီးကို စိတ်ကူးယဉ်ဖူးတယ်။ ဒီမှတ်ဉာဏ်တွေအားလုံးက ငါ့ကို ဒီလောကကြီးရဲ့ တကယ်ဖျက်ဆီးသူ အစစ်အမှန်တစ်ယောက် ဖြစ်မလာစေဖို့အတွက် တားဆီးထားတဲ့ တစ်ခုတည်းသော အရာတွေပဲ။ "
"ဒါကိုကြည့်လိုက် "
ယဲ့ရှီးရွှေက သူမလက်ကို မြှောက်လိုက်ချိန်မှာ တောက်ပတဲ့ ရွှေရောင် မီးလျှံတွေက တောက်ပလာခဲ့ပါတယ်။
"ဒါက ငါ့ရဲ့တကယ် ဝှက်ဖဲအစစ်ပဲ။ သွေးဆာဝိညာဉ်နတ်ဆိုးရုပ်သေးကို ပိုင်ဆိုင်တဲ့ မိစ္ဆာဝိညာဉ်ပညာရှင်တစ်ယောက်မှာ ဒုတိယသိုင်းပညာဝိညာဉ် ရှိနေမယ်လို့ ဘယ်သူမှ မထင်ထားခဲ့မိဘူး။ ကျုံးလီဝူရဲ့အဖေတောင် ငါ့မှာ ဒီသိုင်းပညာဝိညာဉ် ရှိတယ်မထင်ဘူး။ ငါလည်း လူတိုင်းမသိအောင်လို့ ကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့တယ်လေ။ အကယ်၍ ငါ့မှာ ဒီသိုင်းပညာဝိညာဉ်ရှိတာသာ သိခဲ့မယ်ဆိုရင် မြင့်မြတ်သရဲဘုရားကျောင်းက ငါ့ကို သေချာပေါက် သတ်ပစ်မှာပဲ။ ငါဒီသိုင်းပညာဝိညာဉ်ကို နှစ်ပေါင်းနှစ်ရာတိတိ ကောင်းကောင်းဖုံးကွယ်ထားခဲ့ဖူးတယ်။ "
"ဒီနေ့တော့ အသုံးဝင်လာမယ်ဆိုတာ မထင်ခဲ့မိဘူး။ ငါက နတ်မီးငှက်ရဲ့ ပြာပုံထဲကနေ ပြန်လည်ရှင်သန်နိုင်တဲ့ အစွမ်းအစကို အသုံးပြုပြီး ငါတို့နှစ်ယောက်စလုံးရဲ့အသက်ကို နောက်ဆုံးမှာ ကယ်တင်နိုင်ခဲ့တယ်လေ။ "
"ကိုယ်ဝင်မလာခဲ့သင့်ဘူး။ အကယ်၍ မင်းတစ်ယောက်တည်းသာ ဖြစ်မယ်ဆိုရင် သေချာပေါက် အသက်ရှင်သန်နိုင်မှာ။ မင်းရဲ့အသက်စွမ်းအင်တွေကိုလည်း လောင်ကျွမ်းစရာ လိုမှာမဟုတ်ဘူး။ "
"မဟုတ်ဘူး၊ အကယ်၍ နင်သာဝင်မလာခဲ့ဘူးဆိုရင် ငါတကယ် သေသွားလောက်ပြီ။ ငါ့ရဲ့နှလုံးသားကလည်း သေဆုံးသွားလောက်ပြီလေ။ ငါတကယ်ပဲ နင့်ကို ဝင်လာစေချင်ခဲ့တာ။ တစ်ခုတည်းသော ရွေးချယ်မှုနဲ့ ဒီထောင်ချောက်ထဲကို ငါလိုလိုလားလား ဝင်ခဲ့တာပဲ။ ငါဒီလောကကြီးကို အရမ်းစိတ်ကုန်နေပြီ။ ဒါကြောင့် ငါနဲ့တကယ်သက်ဆိုင်တဲ့ နေရာတစ်ခုကို ရှာချင်ခဲ့တယ်။ ဒါကြောင့်သာ အစောကတည်းက သေသေချာချာ အစီအစဉ်ချခဲ့တာပဲ။ ရွှီချန်းယန်က ငါ့ကို လှည့်စားနိုင်မယ်များ ထင်နေတာလား။ အကယ်၍ ငါသာ လိုလိုလားလား ထောင်ချောက်ထဲမဝင်ဘူးဆိုရင် သူ့ရဲ့ဒီထောင်ချောက်ကို သုံးစားလို့ရမယ်တောင် ထင်နေတာလား။"
"ငါက ဒီနောက်ဆုံးအခွင့်အရေးကို အသုံးပြုပြီးလွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းကလို နင်ငါ့ကို ချစ်သေးလားဆိုတာ သိချင်ခဲ့တာ။ ငါခန့်မှန်းတာ မှန်ခဲ့တဲ့အတွက် ဝမ်းသာမိတယ်။ ရှောင်ယောင် နင်ငါ့ကို တကယ်စိတ်မပျက်စေခဲ့ဘူးပဲ။ ငါတကယ်ပဲ ပျော်မိတယ်။ "
လုံရှောင်ယောင်ကတော့ ယဲ့ရှီးရွှေကို စိုက်ကြည့်ရင်းလည်း သူ့ရဲ့ အသက်ရှူသံတွေက ပိုပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ နာကျင်မှုကို အောင့်ခံရင်း သူက တိတ်ဆိတ်နေခဲ့တယ်။
ယဲ့ရှီးရွှေက လက်ကိုမြှောက်ကာ သူ့မျက်နှာကို ခပ်ဖွဖွလေး ထိတွေ့နေခဲ့ပါတယ်။
"ဘာဖြစ်လို့ ဒီလောက်အထိတိတ်ဆိတ်သွားတာလဲ။ "
" မင်းရဲ့အလိမ်အညာတွေနဲ့ ကိုယ့်ဘဝကို ဒီလောက်အထိ အဖြစ်ဆိုးအောင် လုပ်ခဲ့ပြီးပြီပဲလေ။ "
လုံရှောင်ယောင်က ကောင်းကင်ကို ကြည့်ရင်း စူးစူးနစ်နစ်နဲ့ ပြောနေခဲ့ပါတယ်။ သူ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေက စီးကျလို့လာခဲ့တယ်။ သူ့တစ်ဘဝသာလုံး ရုန်းကန်ခဲ့ရသမျှ အရာအားလုံးက အဓိပ္ပာယ်မဲ့နေခဲ့ပြီး သူများရဲ့အကွက်ဆင်မှု တစ်ခုသာ ဖြစ်နေခဲ့တာ။ သူဘယ်တုန်းကမှ မကျူးလွန်ခဲ့တဲ့ အမှားတစ်ခုအတွက် သူက တာဝန်ယူနေခဲ့ရတာပဲ။ အခုအချိန်မှာ သူက စိတ်သာယာမှုရသွားတာ၊ ပျော်ရွှင်သွားရတာ ဘာမှမရှိဘဲ နှလုံးသားတစ်ခုလုံး ဗလာဖြစ်သွားခဲ့ပါတယ်။ ဒီခံစားချက်က သူအရင်က ခံစားခဲ့ရတဲ့ အရာအားလုံးထက် ပိုပြီးတော့ ပြင်းပြင်းထန်ထန် နာကျင်စေခဲ့တယ်။
အပိုင်း ၆၀၃.၂ ပြီး၏။
***