ယဲ့ရှီးရွှေက ဆက်ပြီးပြောနေခဲ့ပါတယ်။
" ရှောင်ယောင် ဒါက ငါတို့ရဲ့ နောက်ဆုံး အတူတူရှိရတဲ့ ဒီလောကကြီးရဲ့ အခိုက်အတန့်ပဲ။ ငါတို့ရဲ့ သက်တမ်းတွေက မကြာခင်မှာ ကုန်ဆုံးတော့မှာ။ ဒီအချိန်ကနေစပြီး ငါက နင့်ရဲ့ဇနီးသည် ဖြစ်ချင်တယ်။ နင်က ငါ့ရဲ့ခင်ပွန်းသည် ဖြစ်ပေးနိုင်မလား။ အခုအချိန်ကနေစပြီး ငါ့ရဲ့အမိန့်တွေကို နင်နာခံဖို့ မလိုတော့ဘူး။ နင်ခိုင်းသမျှ အရာအားလုံးကို ငါလုပ်မယ်။ ဇနီးကောင်းတစ်ယောက် ဖြစ်လာစေရမယ် ဟုတ်ပြီလား။ "
လုံရှောင်ယောင်က ယဲ့ရှီးရွှေကို စိုက်ကြည့်ရင်းနဲ့ ပြောလာခဲ့ပါတယ်။
" ဒီအချိန်တစ်လျှောက်လုံးမှာ ကိုယ်ကသာ အကြီးမားဆုံး အမှားကို ကျူးလွန်ခဲ့တဲ့ တောင်းပန်စရာ လူတစ်ယောက်လို့ တွေးခဲ့ဖူးတယ်။ အခုတော့ မုအန်းကသာ ကိုယ်တို့ တောင်းပန်ဖို့ လိုအပ်တဲ့သူပဲ။ အားလုံးထက်ပိုပြီး သူက ဒုက္ခခံခဲ့ရတာ။ သေဆုံးသွားပြီဖြစ်ပေမဲ့လည်း ဒီနှစ်ပိုင်းတွေမှာ ဘာတွေဖြစ်သွားခဲ့လဲဆိုတာ သူမသိလိုက်ရရှာဘူး။ မင်းလည်း သူ့အပေါ် တကယ်ရက်စက်လွန်းတယ်။ "
" တစ်ခါတလေမှာ မသိရတာက ကောင်းချီးမင်္ဂလာ တစ်ခုပဲလေ။ အချိန်တွေက ဒဏ်ရာတွေကို ကုစားပေးတယ်။ ဒါကြောင့်သာ ဒီနှစ်တွေမှာ နာကျင်စရာ အမှတ်တရတွေကို ပြန်ပြီး မလှုပ်နှိုးစေချင်တာကြောင့် သူဆီကို သွားပြီးမလည်ပတ်ခဲ့တာ။ အဆုံးသတ်မှာ သူက မိသားစုတစ်ခုရှိခဲ့ပြီး အမျက်ဒေါသကျောင်းတော်ရဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ခဲ့တယ်လေ။ ဒီနာကျင်စရာ မှတ်ဉာဏ်တွေအားလုံးက သူ့အတွက် အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့ပေမဲ့ သူ့ရဲ့ဘဝ သက်တမ်းတစ်လျှောက်မှာ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲပဲ။ ငါ့ရဲ့အမြင်အရ နင်ငါ့ဘေးမှာ နေရတာက ပိုပြီးတော့ ဒုက္ခများခဲ့မှာ။ "
ယဲ့ရှီးရွှေက သက်ပြင်းချရင်း ပြောနေခဲ့ပါတယ်။
လုံရှောင်ယောင်ကတော့ အမျက်ဒေါသကျောင်းတော်ရှိရာဘက်ကို ဦးတည်ရင်း ပြောလာခဲ့ပါတယ်။
" ညီနောင်မု အဲဒီတုန်းက အမှန်တရားကို ငါတို့တွေ ဆိုးဆိုးဝါးဝါးမှားချင်ခဲ့လဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ မြင့်မြတ်သရဲဘုရားကျောင်းက အမြဲတမ်း ငါတို့ရဲ့ ဘုံရန်သူ ဖြစ်ခဲ့တာပဲ။ ရှီးရွှေ မင်းပြောတာ မှန်ပါတယ်။ အနည်းဆုံးတော့ ကိုယ်က မသေဆုံးခင် ဘာဖြစ်ခဲ့လဲဆိုတာ သိဖို့ အခွင့်အရေး ရခဲ့သေးတယ်။ မသိနားမလည်တဲ့ အရူးတစ်ယောက်လို သေဆုံးသွားရမှာမဟုတ်ဘူး။ ညီနောင်မု ဒီဘဝမှာတော့ ငါမင်းအပေါ် တင်နေတဲ့ အကြွေးတွေကို တစ်သက်တာလုံး ပြန်ပေးဆပ်နိုင်တော့မှာမဟုတ်ဘူး။ ဒီတော့ မင်းရဲ့တပည့်သားတွေအပေါ်မှာပဲ ကျေးဇူးကြွေးကို ဆပ်ပေးလိုက်တော့မယ်။ "
သူပြောရင်းနဲ့ ယဲ့ရှီးရွှေဘက်ကို လှည့်ကာ ပြောလာခဲ့ပါတယ်။
" ရှီးရွှေ ကိုယ်ပြောသမျှ အရာအားလုံးကို လိုက်လုပ်ဖို့ ဆန္ဒရှိလား။ "
ယဲ့ရှီးရွှေက ခေါင်းညိတ်လိုက်ပါတယ်။
" ကောင်းပြီလေ။ ဒီဘဝတစ်သက်တာမှာ လုပ်ခဲ့သမျှ အရာအားလုံးကို ပြန်ပြီးပြုပြင်လို့မရနိုင်ပေမဲ့ ဒီတိုက်ကြီးအတွက် အကျိုးရှိတာ တစ်ခုခု ချန်ရစ်ထားဖို့ ကြိုးစားကြည့်ကြတာပေါ့။ ငါတို့ညီနောင်မုအတွက်လည်း တစ်ခုခု လုပ်ပေးကြရအောင်။ ဒီလိုဆို အဆင်ပြေမလား။ "
" နင်ငါ့ကို လုပ်ခိုင်းသမျှ ဘယ်အရာကိုမဆို ငါလိုလိုလားလား လုပ်ဖို့ ဆန္ဒရှိတယ်။ "
ယဲ့ရှီးရွှေက ပြုံးပြရင်း ပြောလာခဲ့ပါတယ်။
လုံရှောင်ယောင်က ဟိုယွိဟောင်နဲ့ ထန်ဝူထုံတို့ဘက်ကို လှည့်ကာ ပြောလာခဲ့ပါတယ်။
" အဆင့်ကိုးဆယ်ရှစ်ကို ရောက်ပြီးတဲ့အချိန်မှာ မင်းငါ့ကို လာရှာဖို့အတွက် ငါပြောခဲ့တဲ့ မူလအစီအစဉ်တုန်းကဆိုရင် မူလအစီအစဉ်က ဘာကြောင့်လဲဆိုတာ မင်းသိရဲ့လား။ ရွှမ်ကျင့်က ယင်ယန်ဝိညာဉ်အူတိုင်နှစ်ခု မင်းဘယ်လို ရခဲ့လဲဆိုတာကို ငါ့ဆီ စာရေးပြီး ပြောပြခဲ့တယ်။ ဒါနဲ့ အဲဒီကိစ္စက အမှန်ပဲလား။ "
"ယင်ယန်ပူးတွဲတည်ရှိမှု ကို သူတကယ်လုပ်နိုင်ခဲ့တာလား။ "
ယဲ့ရှီးရွှေက ဒါကိုကြားချိန်မှာ အံ့အားသင့်သွားခဲ့ပါတယ်။
" ငါတို့ရဲ့ မိစ္ဆာဝိညာဉ်ပညာရှင်တွေ အများကြီးကို သူအနိုင်ယူသွားနိုင်တာ ဘယ်အံ့ဩစရာရှိမလဲ။ ယင်ယန်ဝိညာဉ်အူတိုင်က တိထျန်းပဲ အောင်မြင်နိုင်ခဲ့တာ။ ကလေး မင်းပြော ဒီဖိအားတွေကို ခန္ဓာကိုယ်က ဘယ်လိုများ ခုခံနိုင်တာလဲ။ "
ဟိုယွိဟောင်က ယဲ့ရှီးရွှေရဲ့ မေးခွန်းကို ပြန်မဖြေခဲ့ပါဘူး။ အဲဒီအစား လုံရှောင်ယောင်ဆီကိုသာ ခေါင်းညိတ်ပြလိုက်ပါတယ်။
" ကန့်သတ်မဲ့သော့်လော့မဖြစ်ခင် ဒုတိယဝိညာဉ်အူတိုင်ကို ဖန်တီးခဲ့ပြီးပြီဆိုတော့ အဆင့်ကိုးဆယ်ကိုးကို ရောက်တဲ့အချိန်မှာ တတိယဝိညာဉ်အူတိုင်ကို မင်းဖန်တီးရလိမ့်မယ်။ ဒါက အရမ်းကို ခက်ခဲမှန်းကြိုမြင်နေပြီးသား။ ငါအရင်တုန်းက ဒီနောက်ဆုံးတွန်းအားကို ဖန်တီးပေးချင်ခဲ့တာ ဒါပေမဲ့ အခုတော့ ငါ့မှာ မင်းကိုကူညီနိုင်ဖို့ အခွင့်အရေးက ထပ်မရှိတော့ဘူး။ ငါမသေခင်အချိန်မှာ ပိုပိုပြီး အားနည်းလာမှာဖြစ်လို့ ငါ့ရဲ့ဝိညာဉ်စွမ်းအားတွေကလည်း ငါ့ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေရင် အသုံးမဝင်တော့ဘူး။ အကယ်၍ ငါသာမင်းကို ပေးလိုက်မယ်ဆိုရင် တတိယဝိညာဉ်အူတိုင်ကို ဖန်တီးဖို့ အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်။ အနည်းဆုံးတော့ သမိုင်းတစ်လျှောက်မှာ မှတ်တမ်းတစ်ခုဖြစ်လာအောင် ငါမင်းကို ကူညီနိုင်လိမ့်မယ်လေ။ ဒါပေမဲ့ မင်းအဆင့်ကိုးဆယ်ရှစ်ကိုရောက်တဲ့အထိတော့ ငါအသက်ရှင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ငါ့ရဲ့ဝိညာဉ်စွမ်းအားထဲက အသန့်စင်ဆုံး စွမ်းအင်တွေကိုပဲ လက်ဆင့်ကမ်းပေးလို့ ရတော့မယ်။ ဒါ့အပြင် ဒီနှစ်ပိုင်းထဲမှာ ငါနားလည်ထားသမျှ ကိစ္စတချို့ကိုရောပေါ့။ ဒီလိုနည်းနဲ့မှ ငါလည်း မုအန်းကို ကျေးဇူးပြန်ဆပ်နိုင်မှာ။ "
" ကျွန်တော် ဒါကို လက်မခံနိုင်ပါဘူး။ "
ဟိုယွိဟောင်က သူ့ရဲ့လက်နှစ်ဖက်ကို အရှေ့မှာ ယှက်ထားရင်း အရိုအသေပြုကာ ငြင်းဆိုနေခဲ့ပါတယ်။ လုံရှောင်ယောင်က သူ့ကို ဒီအတွက်ရှာဖွေနေတယ်ဆိုတာကို သူမသိခဲ့ရပဲ ကြားသိရချိန်မှာ အံ့အားသင့်သွားခဲ့တာ။
" ငါကမ်းလှမ်းတာကို မငြင်းပယ်နဲ့။ ဒါက ငါ့ရဲ့ နောက်ဆုံးဆန္ဒပဲ။ အကယ်၍ မင်းငါ့ကို ဒီလိုငြင်းပယ်လိုက်မယ်ဆိုရင် ငါလည်း အသေဖြောင့်မှာမဟုတ်ဘူး။ ဒါ့အပြင် တခြားသူတွေကို လက်ဆင့်ကမ်းပေးတာထက်စာရင် ဒီလောကကြီးထဲမှာ ဘာမှမကျန်တော့အောင် ငါ့စွမ်းအင်တွေ ပျောက်သွားတာကိုပဲ လိုလားမှာ။ ငါ့ရဲ့ဝိညာဉ်စွမ်းအားအားလုံးကို မင်းလက်ခံနိုင်ဖို့ လက်မခံနိုင်ဖို့ဆိုတာ စိတ်ပူစရာမလိုဘူး။ ငါက မင်းကို ငါ့ဝိညာဉ်စွမ်းအားရဲ့ အသန့်စင်ဆုံးနဲ့ အခြေခံကျဆုံး စွမ်းအင်အနှစ်သာရကိုပဲ လက်ဆင့်ကမ်းပေးမှာ။ ဒီစွမ်းအင်တွေကို မင်းခန္ဓာကိုယ်ထဲ ထည့်ပေးပြီး ဖြည်းဖြည်းချင်း ချေဖျက်စေလိုက်မယ်။ တစ်ချိန်တည်းမှာပဲ မင်းရဲ့အနာဂတ် တတိယဝိညာဉ်အူတိုင်အတွက် အခြေခံကောင်းတစ်ခုကို ဖန်တီးပေးပြီးသား ဖြစ်သွားလိမ့်မယ်။ "
အဲဒီနောက်မှာတော့ သူက ထန်ဝူထုံဘက်ကို လှည့်လာခဲ့ပါတယ်။
" ရိုးရိုးသားသား ပြောရမယ်ဆို မင်းလည်း ဒုတိယဝိညာဉ်အူတိုင် ဖန်တီးထားမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။ အဲဒါကလည်း ယင်ယန်ဝိညာဉ်အူတိုင်ပဲလား။
" ထန်ဝူထုံက ဟိုယွိဟောင်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ပါတယ်။
" ယွိဟောင်ရဲ့ အကူအညီကြောင့်သာ ဒါကို အောင်မြင်နိုင်ခဲ့တာပါ။ "
" ကောင်းတယ် ကောင်းတယ်။ ရှီးရွှေ ဒီကလေးမလေးကို မင်းရဲ့ဝိညာဉ်စွမ်းအားတွေ လက်ဆင့်ကမ်းပေးဖို့ လုပ်စေချင်တယ်။ ဒါက ကိုယ့်ရဲ့ နောက်ဆုံးတောင်းဆိုမှုပဲ။ ကိုယ်တို့ရဲ့ အစွမ်းတွေကို သူတို့လက်ထဲ ထည့်ပေးကြတာပေါ့။"
ယဲ့ရှီးရွှေက အနည်းငယ် မျက်လုံးပြူးသွားပေမဲ့ သူချက်ချင်း ခေါင်းညိတ်လိုက်ပါတယ်။ ထန်ဝူထုံကတော့ ဆက်တိုက် ပြင်းပြင်းထန်ထန် ခေါင်းခါရင်း ပြောနေခဲ့ပါတယ်။
" မိစ္ဆာဝိညာဉ်ပညာရှင်ရဲ့ အစွမ်းတွေ မလိုချင်ဘူး။ "
ယဲ့ရှီးရွှေကတော့ ခါးသီးတဲ့ အပြုံးနဲ့ ပြောလာခဲ့ပါတယ်။
" ငါ့ရဲ့ မိစ္ဆာဝိညာဉ် ခန္ဓာကိုယ်က မိစ္ဆာဝိညာဉ်ပညာရှင် ခန္ဓာကိုယ်က မရှိခဲ့ဘူး မရှိတော့ဘူးလေ။ သေခြင်းနတ်ဘုရား ဘုံကျောင်းဆောင်နဲ့အတူ အဲဒီနန်းတော်မှာ အကုန်ပျက်စီးသွားပြီ။ ငါ့ရဲ့မူလခန္ဓာကိုယ်ရော သွေးဆာနတ်ဆိုးရုပ်သေးသိုင်းပညာဝိညာဉ်ရော အကုန်ဖျက်ဆီးခံလိုက်ရပြီ။ ငါ့မှာ အခု ရုပ်ခန္ဓာမရှိတော့ဘဲ နာမ်ခန္ဓာပဲ ရှိတော့တယ်ဆိုတာ ကြည့်လိုက်ရုံနဲ့ ပြောနိုင်နေတာ မဟုတ်ဘူးလား။ ငါ့ရဲ့ကျင့်ကြံဆင့်က လုံလောက်အောင် မြင့်နေတာကြောင့်သာ ဝိညာဉ်က မပြိုကွဲဘဲ ရှိနေခဲ့တာ။ အစောပိုင်းတုန်းက ရှောင်ယောင်ကို ကာကွယ်ပြီး အသက်ဘေးကနေ လွတ်အောင် လုပ်ပေးချင်ခဲ့ပေမဲ့ သူက အရင်အကြိမ် တိုက်ခိုက်မှုတွေထဲက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီးသားဆိုတာ ငါမသိခဲ့ဘူး။ ဒါကြောင့် သူ့ရဲ့အသက်ကလည်း အဆုံးသတ်တော့မယ်။ ငါ့ရဲ့တောက်ပရောင်စဉ် နတ်မီးငှက် သိုင်းပညာဝိညာဉ်က ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ သွေးမှမစွန်းထင်ထားသေးဘူးမို့လို့ မင်းစိတ်ချလက်ချ နေလို့ရပါတယ်။ အသန့်စင်ဆုံး အလင်းစွမ်းအင်တွေပဲ ပါဝင်နေတာ။ ဒါက ငါ့ရဲ့နူးညံ့ညင်သာတဲ့ ဖက်ခြမ်းပဲလေ။ ငါက အခုအချိန်မှာ သေခြင်းနတ်ဘုရားသော့်လော့လည်း မဟုတ်တော့ဘူး။ ငါက လုံရှောင်ယောင်ရဲ့ ဇနီးသည်ပဲ။ ယဲ့ရှီးရွှေဆိုတာ သေသွားခဲ့ပြီ။ "
ထန်ဝူထုံက သူ့ရဲ့စကားတွေကို ကြားချိန်မှာ မျက်မှောင်ကြုတ်နေခဲ့ပါတယ်။ သူ့နှလုံးသားထဲက စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို မကျော်လွှားနိုင် ဖြစ်နေချိန်မှာပဲ အရမ်းကို ရင်းနှီးတဲ့ အသံတစ်သံက ခေါင်းထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။
" သူပြောတာမှန်တယ်။ သူက သေခြင်းနတ်ဘုရားသော့်လော့ မဟုတ်တော့ဘူး။ သူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မသန့်စင်တဲ့ အရာအားလုံးက ပေါက်ကွဲမှုနဲ့အတူ သေဆုံးသွားပြီးပြီ။ သူတို့ရဲ့ နောက်ဆုံးဆန္ဒကို ကူညီပြီး ဖြည့်ဆည်းပေးလိုက်။ "
" အဖေ။ "
ထန်ဝူထုံက ရုတ်တရက်ထပြီး အော်လိုက်တဲ့အတွက် အားလုံး လန့်သွားခဲ့ကြပါတယ်။ အခုဒီနေရာမှာ ရှိနေတဲ့သူတွေအားလုံးက ဝိညာဉ်ပညာရှင်တွေရဲ့ လောကမှာ အထွတ်အထိပ်ကို ရောက်နေတဲ့သူတွေချည်းပါပဲ။ အကယ်၍ တစ်ယောက်ယောက်သာ သူတို့နားမှာ ရှိနေမယ်ဆို သူတို့ဘယ်လိုလုပ် မသိဘဲနေမှာလဲ။ ထန်ဝူထုံက ရုတ်တရက် သူတို့ကို သွားဖြဲကာ ပြုံးပြလိုက်ပါတယ်။
" တောင်းပန်ပါတယ်။ အဖေပြောခဲ့တဲ့ စကားတချို့ကို သတိရသွားလို့ပါ။ ကောင်းပါပြီ လက်ခံလိုက်ပါ့မယ်။ ဒါပေမဲ့ ဒီလက်ဆောင်အတွက်တော့ ကျေးဇူးမတင်ဘူးနော်။ "
" ငါက ဘယ်သူ့ကိုမှ ကျေးဇူးကြွေးတင်ခံခဲ့တဲ့ ကိစ္စတွေ မလုပ်ဘူး။ ငါ့ရဲ့ခင်ပွန်း လုပ်စေချင်တဲ့အရာကိုပဲ လုပ်ပေးတာ။ ရှောင်ယောင်ပြောတာ မှန်တယ်။ မုအန်းကို ငါအကြွေးတင်ထားတာ များပြီ။ ဒီတော့ နောက်ဆုံး ငါ့ရဲ့ဘဝ အခိုက်အတန့်မှာ သူ့တပည့်သားတွေအတွက် တစ်ခုခု ချန်ထားပေးနိုင်တာ ကောင်းတဲ့ကိစ္စပဲလေ။ "
ဟိုယွိဟောင်က လုံရှောင်ယောင်ဘက်ကို လှည့်ကြည့်လိုက်ချိန်မှာ တောက်ပနေတဲ့ မျက်ဝန်းတွေကိုသာ မြင်လိုက်ရပါတယ်။ မျက်လုံးသုံးလုံး ရွှေခြင်္သေ့ ကံကြမ္မာဦးခေါင်းခွံကလည်း သူ့ကို အန္တရာယ်အငွေ့အသက် နိမိတ်မပေးခဲ့ပါဘူး။ ဒါကြောင့် သူတို့တွေ လှည့်စားနေတာမဟုတ်မှန်း သူသိနေခဲ့ပါတယ်။
" အကြီးအကဲကို ကယ်တင်နိုင်မယ့် နည်းလမ်းမရှိတော့ဘူးလား။ "
ဟိုယွိဟောင်က ရုတ်တရက် မေးလာခဲ့ပါတယ်။
" ငါရှင်းပြပြီးသား ငါက ယဲ့ရှီးရွှေအရင် သေချင်တယ်။ အဲဒီတော့ မင်းထိုင်လိုက်တော့။ "
သူပြောရင်းနဲ့ ဟိုယွိဟောင်ရဲ့ ပခုံးကို ကိုင်ကာ ဖိချလိုက်ပါတယ်။ ဘယ်လိုပဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေပါစေ နဂါးဧကရာဇ်သော့်လော့က အရမ်းကို သန်မာနေဆဲပါပဲ။ ဟိုယွိဟောင်လည်း ချက်ချင်းဆိုသလို တင်ပျဉ်ခွေထိုင်လိုက်ရပါတယ်။
ထန်ဝူထုံကလည်း ဟိုယွိဟောင်ရဲ့ တစ်ဖက်မှာ ထိုင်ရင်း ရှိနေခဲ့ပါတယ်။ နှစ်ယောက်စလုံးရဲ့ မျက်ဝန်းထဲမှာ ဝမ်းနည်းမှုတွေနဲ့ ထိတ်လန့်မှုတွေက အပြည့်ပါပဲ။
လုံရှောင်ယောင်နဲ့ ယဲ့ရှီးရွှေတို့ကတော့ ဟို့ယွိဟောင်နဲ့ ထန်ဝူထုံတို့ရဲ့အနောက်ဖက်မှာ အသီးသီးရပ်နေခဲ့ပြီ သူတို့ရဲ့ကျောပေါ်မှာလက်ဖဝါးတွေထင်ထားခဲ့ပါတယ်။
"မင်းတို့နှစ်ယောက် သိုင်းပညာဝိညာဉ်စွမ်းအင်တွေ ပေါင်းစည်းနိုင်တယ်မလား။ မင်းတို့နှစ်ယောက်စပြီလေ့ကျင့်လိုက် ငါတို့ရဲ့ဝိညာဉ်စွမ်းအားတွေကို ဖြည်းဖြည်းချင်းလက်ခံလိုက်။ "
ဟို့ယွိဟောင်လည်း သူနဲ့မျက်နှာချင်ဆိုင်ထိုင်နေတဲ့ ထန်ဝူထုံကို လက်ဖဝါးချင်အပ်လိုက်ပါတယ်။ ဟောင်သုန့်စွမ်းအားက စတင်ကာလှည့်ပတ်လာခဲ့တော့တယ်။
စိတ်ဝိညာဉ်ထောက်လှမ်းမှုက ဟို့ယွိဟောင်ရဲ့ပတ်ပတ်လည်မှာ ဖြန့်ကျက်လို့ထားခဲ့ပါတယ်။ သူအန္တရာယ်မရှိဘူးဆိုတာ သူသိပေမဲ့လည်း ယဲ့ရှီးရွှေကို သူစိတ်ပူနေဆဲပါ။ သူက အားလုံးထဲမှာအစွမ်းထက်ဆုံးမိစ္ဆာဝိညာဉ်ပညာရှင်ဖြစ်နေခဲ့လို့ပါပဲ။ ယဲ့ရှီးရွှေသာ ထန်ဝူထုံကိုတစ်ခုခုလုပ်မယ်ဆိုရင် သူက ရွှမ်ဝူနေရာရွှေ့ပြောင်းမှုကို အသုံးပြုပြီး နေရာလဲဖို့သူတွေးထားပြီးသားပါ။
ဒါပေမယ့်လည်း ဟို့ယွိဟောင်ရဲ့ပင်ကိုယ်အသိစိတ်လုပ်ဖို့ကမှန်ကန်ပါတယ်။
လုံရှောင်ယောင်နဲ့ ယဲ့ရှီးရွှေနှစ်ယောက်စလုံးက ဝိညာဉ်စွမ်းအားတွေကို အညင်သာဆုံး ထည့်သွင်းပေးနေခဲ့ပါတယ်။
" ယင်ယန်ဝိညာဉ်အူတိုင်တွေက တကယ် အံ့ဩစရာကောင်းတာပဲ။ ငါတို့လောကရဲ့ အံ့ဖွယ်အရာတွေထဲက တစ်ခုပီသလွန်းတယ်။ ဒီလောက် သန့်စင်ပြီး သိပ်သည်းတဲ့ ဝိညာဉ်စွမ်းအားကို ဘဝမှာ တစ်ခါမှ မမြင်ဖူးဘူး။ ဒါ့အပြင် ကောင်းကောင်းလည်း ပေါင်းစည်းနေသေးတယ်။ တစ်ဖက်နဲ့တစ်ဖက် အင်အားရော အစွမ်းရော နှစ်ခုစလုံး ဖြည့်တင်းပေးနေတာ။ အကောင်းဆုံး လေ့ကျင့်ဖို့နည်းလမ်းပဲ။ "
လုံရှောင်ယောင်ပြောတာကို ယဲ့ရှီးရွှေက ခေါင်းညိတ်ရင်း သဘောတူနေခဲ့ပါတယ်။
" ဟုတ်တယ် ငါ့မှာလည်း အမြွှာသိုင်းပညာဝိညာဉ်ရှိပေမဲ့ ငါက တောက်ပရောင်စဉ် နတ်မီးငှက်ကို မလေ့ကျင့်ဝံ့ဘူး။ အမြဲတမ်း ဖုံးကွယ်ထားခဲ့တာ။ ဒီလိုသာမဟုတ်ရင် ငါလည်း ယင်ယန်ဝိညာဉ်အူတိုင်ကို ဖန်တီးဖို့ အခွင့်အရေး ရနိုင်တယ်လေ။ ဘယ်သူသိနိုင်မှာလဲ။ အကယ်၍ သူတို့တွေသာ ကန့်သတ်မဲ့သော့်လော့တွေ ဖြစ်လာမယ်ဆိုရင် တိထျန်းကို လူသားခန္ဓာကိုယ်နဲ့တောင် စိန်ခေါ်နိုင်ဦးမှာ။ "
"ဒါဆိုရင်လည်း ဒီအံ့ဖွယ်ရာမှာ ငါတို့လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ကြတာပေါ့။ "
အဲဒီနောက် အသန့်စင်ဆုံး စွမ်းအင်တွေကို သူတို့က ဟောင်သုန့်စွမ်းအားနဲ့အတူ ဆက်တိုက် ပေါင်းစည်းကြပါတော့တယ်။
ကန့်သတ်မဲ့သော့်လော့တွေ ပီပီသသ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး တခြားသူတွေကို ဘယ်လိုကူညီရမလဲ သူတို့က ရှင်းရှင်းလင်းလင်းကြီးကို သူတို့သိနေခဲ့တယ်။
လက်ရှိအချိန်မှာ ယင်ယန်ဝိညာဉ်အူတိုင်တွေကြောင့်သာ ထန်ဝူထုံနဲ့ ဟိုယွိဟောင် နှစ်ယောက်က ဒီစွမ်းအင်တွေကို တောင့်ခံနိုင်တာပါ။ ဝိညာဉ်အူတိုင် လေးခုက ဆက်တိုက် လည်ပတ်လို့နေခဲ့ရင်း သူတို့ရဲ့ကျင့်ကြံဆင့်က မြန်မြန်ဆန်ဆန် တိုးတက်လာနေခဲ့ပါတယ်။
အပိုင်း ၆၀၃.၃ ပြီး၏။
***