ဟို့ယွိဟောင်နဲ့ ထန်ဝူထုံတို့က ဆယ့်ငါးမိနစ်ကြာပြီးအချိန်မှာပဲအအဆင့်ကိုးဆယ်ခြောက်ကို ရောက်ရှိသွားပါတယ်။ နောက်တစ်နာရီ ကြာပြီးအချိန်မှာတော့ အဆင့်ကိုးဆယ်ခုနှစ်ကို ရောက်ရှိလို့ သွားတော့တယ်။ နှစ်နာရီကြာပြီးအချိန်မှာတော့ အဆင့်ကိုးဆယ်ရှစ်ကို ရောက်နေခဲ့ပါပြီ။
လေးနာရီမပြည့်ခင်အတွင်း ကန့်သတ်မဲ့သော့်လော့နှစ်ဦးရဲ့ အကူအညီနဲ့အတူ ကျင့်ကြံဆင့်က အဆင့်ကိုးဆယ်ရှစ်အထိကို ရောက်သွားခဲ့ပါတယ်။ ဒီအဆင့်ထိ ရောက်ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦးသားက သူတို့နှစ်ယောက်စလုံး တစ်ယောက်လက်ကို တစ်ယောက် ထပ်ပြီးမကိုင်ထားတော့ပါဘူး။
အစောပိုင်းတုန်းက ခန့်မှန်းထားခဲ့တဲ့အတိုင်း ဟောင်သုန့်စွမ်းအားက သူတို့ရဲ့ကျင့်ကြံဆင့် အတိုင်းအတာ သတ်မှတ်ချက်တစ်ခုစီ ရောက်ရှိပြီးအချိန်မှာတော့ ကောင်းကောင်းမွန်မွန် မစီးဆင်းနိုင်ဘဲ ရှိပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဦးရဲ့ ဝိညာဉ်အူတိုင် ပွတ်တိုက်မှုက အရမ်းကို အင်အားကြီးမားလာခဲ့လို့ပါ။ ဒီအင်အားက အရမ်းကို သန်မာလွန်းတာကြောင့် သူတို့အတွက် ကိုင်တွယ်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။
လက်တွေကို ဖြုတ်ထားမှသာ ဝိညာဉ်စွမ်းအားတွေက အနည်းငယ် အားနည်းသွားပြီး လှည့်ပတ်ရတာ ပိုအဆင်ပြေနိုင်ပါလိမ့်မယ်။ ဒါကြောင့်သာ ကန့်သတ်မဲ့သော့်လော့တွေဆီကနေ ရောက်ရှိလာတဲ့ များပြားလွန်းလှတဲ့ ဝိညာဉ်စွမ်းအားတွေကို ခန္ဓာကိုယ်က လက်ခံပြီး လှည့်ပတ်နိုင်မှာပါ။
လုံရှောင်ယောင်နဲ့ ယဲ့ရှီးရွှေတို့က သန့်စင်ထားပြီးသား ဝိညာဉ်စွမ်းအားတွေကို ကူးပြောင်းပေးနေတာ ဖြစ်ပေမဲ့ ဟို့ယွိဟောင်နဲ့ ထန်ဝူထုံတို့လည်း ကန့်သတ်မဲ့သော့်လော့တွေရဲ့ စွမ်းအင်က ဘယ်လောက်အထိ သိပ်သည်းနက်ရှိုင်းလဲဆိုတာကို ဒီအချိန်မှာသာ နားလည်သဘောပေါက်လာခဲ့ပါတယ်။ သူတို့ရဲ့ ဝိညာဉ်စွမ်းအားတွေက လုံးဝကို အဆုံးအစမရှိလှပါဘူး။
အကယ်၍ သူတို့နှစ်ယောက် ပူးပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင်တောင် ဒီကန့်သတ်မဲ့သော့်လော့နှစ်ယောက်ထဲက တစ်ယောက်ကိုမှ အနိုင်မယူနိုင်မှန်း ဟို့ယွိဟောင်လည်း နားလည်သဘောပေါက်လို့ သွားခဲ့တယ်။ သေချာပေါက်ကို သူတို့ အရှုံးကြီးရှုံးမှာပါ။
ဒီနှစ်ယောက်ရဲ့ ကျင့်ကြံဆင့်က အရမ်းကို အံ့ဩထိတ်လန့်စရာ ကောင်းလွန်းလှပါတယ်။
ဝိညာဉ်စွမ်းအားတွေ ပိုပိုပြီးသန်မာလာတာကြောင့် ဟိုယွိဟောင်ရဲ့ ဝိညာဉ်အူတိုင်တွေကလည်း ဖြည်းဖြည်းချင်း အရှိန်လျော့လာခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကြီးကလည်း ပိုပိုဖောင်းပွလာပြီး မကြာခင်မှာ ပေါက်ကွဲထွက်တော့မလို ခံစားနေခဲ့ရတယ်။
"တတိယဝိညာဉ်အူတိုင်အတွက် ငါက ကောင်းမွန်တဲ့ အခြေခံတစ်ခုကို ဖန်တီးပေးချင်ခဲ့တာ။ ဒါပေမဲ့ မင်းက အခြေခံကောင်းလွန်းပြီးသား။ ပထမဝိညာဉ်အူတိုင်က မင်းရဲ့မျက်ခုံးလယ်မှာ ရှိနေတယ်။ ဒုတိယဝိညာဉ်အူတိုင်က ရင်ဘတ်မှာ ရှိနေတယ်။ တတိယဝိညာဉ်အူတိုင်က စွမ်းအင်ဗဟိုချက်မှာရှိဖို့အတွက် အဆင်ပြေဆုံးပဲ။
မင်းရဲ့ တတိယဝိညာဉ်အူတိုင်ကလည်း လေဟာနယ်အမျိုးအစားပဲ ဖြစ်နိုင်မယ်။ ဒါအပြင် တတိယဝိညာဉ်အူတိုင်က အထက်အောက် ရွေ့လျားနေတဲ့ ပုံသဏ္ဌာန်တစ်ခုနဲ့အတူ ရစ်ပတ်ရင်းနဲ့ပဲ ဖန်တီးနိုင်လိမ့်မယ်။ နောက်ဆုံးမှာတော့ ဝိညာဉ်အူတိုင် သုံးခုစလုံး ကောင်းကောင်းပေါင်းစည်းပြီး ချိတ်ဆက်သွားနိုင်ရင် တကယ့်စွမ်းအင်အစစ်အမှန်ကို အမြင့်ဆုံးထိ တိုးမြှင့်ပေးနိုင်လိမ့်မယ်။ နောက်ဆုံးတစ်ကြိမ် လှည့်ပတ်မှုအတွက် ငါကမကူညီပေးနိုင်တော့ဘူး။ ဒါပေမဲ့ မင်းရဲ့စွမ်းအင်ဗဟိုချက်မှာ အခြေခံတစ်ခုကိုတော့ တည်ဆောက်ပေးနိုင်တယ်။ အနာဂတ်မှာ မင်းလုပ်ဖို့လိုတာက ဒီတတိယဝိညာဉ်အူတိုင်ကို ကျန်တဲ့ဝိညာဉ်အူတိုင်နှစ်ခုနဲ့ ချိတ်ဆက်ဖို့ပဲ။ "
"ဒီလိုနည်းမျိုးနဲ့မှသာ ကန့်သတ်မဲ့သော့်လော့ ဖြစ်လာနိုင်လိမ့်မယ်။ အဲဒါ ဘယ်လောက်အထိ သန်မာမလဲဆိုတာကတော့ ငါလည်းမသိနိုင်ဘူး။ တမလွန်ဘဝကနေ မင်းနဲ့မုအန်းအတွက် ငါဆုတောင်းပေးပါမယ်။ "
လုံရှောင်ယောင်ရဲ့အသံက ဟို့ယွိဟောင်ရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲမှာ ပေါ်ထွက်လာခဲ့တယ်။ အဲဒီနောက်မှာတော့ လုံရှောင်ယောင် လက်ဆင့်ကမ်းပေးနေတဲ့ ဝိညာဉ်စွမ်းအားတွေက သူ့ရဲ့စွမ်းအင်ဗဟိုချက်ဆီ ဝင်ရောက်လာမှန်း အာရုံခံလိုက်ရပါတယ်။ ဒါ့အပြင် တစ်ချိန်တည်းမှာပဲ ဒီဝိညာဉ်စွမ်းအားတချို့က သူ့ရဲ့ရင်ဘတ်နဲ့ မျက်ခုံးနားက လှည့်ပတ်နေတဲ့ ဝိညာဉ်အူတိုင်တွေကို အောက်ဘက်ဆီ မနှောင့်ယှက်နိုင်အောင် တားဆီးလိုက်တယ်။
သူ့ရဲ့ကျင့်ကြံဆင့်က တကယ်ကြီးကို အဆုံးအစမဲ့ နက်ရှိုင်းလွန်းတာပဲ။ အင်အားကောင်းလိုက်တာ။
မကြာခင်မှာပဲ သေးငယ်တဲ့ ဝိညာဉ်အူတိုင်လေးတစ်ခုရဲ့ ပြင်ပပုံသဏ္ဌာန်က မြန်မြန်ဆန်ဆန် တည်ဆောက်လို့ ပြီးသွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ တခြားသော ဝိညာဉ်အူတိုင်နှစ်ခုကတော့ သီးခြားပိုင်းခြားခံထားရတဲ့အတွက် ဘာကိုမှမခံစားရပါဘူး။ သူ့ရဲ့စွမ်းအင်အူတိုင် ဗဟိုချက်ထဲမှာရှိနေတဲ့ ဝိညာဉ်စွမ်းအား လှည့်ပတ်မှုကတော့ မျက်ခုံးကအတိုင်း ရှိနေခဲ့တယ်။
ဟို့ယွိဟောင်လည်း ဒီဝိညာဉ်အူတိုင် သုံးခုကို ဘယ်လိုမျိုး ယဉ်ပါးအောင်ထိန်းကွပ်ပြီး တစ်ဖက်နဲ့တစ်ဖက် ချိတ်ဆက်ရမလဲဆိုတာမျိုးကို မစဉ်းစားဖူးပါဘူး။ အခုအချိန်မှာတော့ စဉ်းစားစရာကိစ္စ ဖြစ်လာနေပါပြီ။
လုံရှောင်ယောင်က ဒီအကြောင်းအရာကို သေချာမပြောပြခဲ့ပေမဲ့ ဒီဝိညာဉ်အူတိုင် သုံးခုက အကယ်၍ သေချာမထိန်းသိမ်းဘူးဆိုရင် ပြဿနာဖြစ်လာနိုင်မှန်း သူသိနေခဲ့တယ်။
ထန်ဝူထုံရဲ့ ခန္ဓာကိုယ်ကလည်း ဝိညာဉ်စွမ်းအားတွေနဲ့ ပြည့်နေခဲ့ပါပြီ။ သူမကတော့ ပိုပြီးပြဿနာများနေခဲ့တယ်။ သူ့ရဲ့ပထမဝိညာဉ်အူတိုင်က သူမရဲ့စွမ်းအင်ဗဟိုချက်ထဲမှာ ရှိနေပြီးဖြစ်သလို ဒုတိယဝိညာဉ်အူတိုင်က မျက်ခုံးလယ်မှာ ရှိနေတာဖြစ်တဲ့အတွက် ရင်ဘတ်တည့်တည့်မှာသာ တတိယဝိညာဉ်အူတိုင်ကို ထည့်သွင်းလို့ရမှာပါ။
ရင်ဘတ်နေရာက ဝိညာဉ်အူတိုင်နှစ်ခု အဓိကချိတ်ဆက်တဲ့နေရာ ဖြစ်နေခဲ့တာကြောင့် သူမရဲ့ လေဝဲလိုဝိညာဉ်စွမ်းအားတွေက အဲဒီနေရာမှာ အဓိကလှည့်ပတ်နေပါတယ်။ သူမ ဘယ်လိုလုပ် တတိယဝိညာဉ်အူတိုင်ကို ဖန်တီးမှာလဲ။
ဒီအကြောင်းအရာကို တစ်ခဏသာ တွေးပြီးတဲ့နောက် ယဲ့ရှီးရွှေက သူမအတွေးကို လုံရှောင်ယောင်နဲ့ မျှဝေလာခဲ့တယ်။ လုံရှောင်ယောင်က ဟို့ယွိဟောင်ကို တတိယဝိညာဉ်အူတိုင် ဖန်တီးဖို့ ကူညီပေးနေခဲ့တာပါ။ ယဲ့ရှီးရွှေရဲ့စကားကို သူကြားပြီးတဲ့နောက်မှာတော့ ထန်ဝူထုံရဲ့ ရှေ့ကို ချက်ချင်းသူသွားရပ်ပါတော့တယ်။
သူမရဲ့ရှေ့မှာ တင်ပျဉ်ခွေ ချိတ်ထိုင်လိုက်ရင်း လက်ဖဝါးချင်း ထိတွေ့ကာ နေရာယူလိုက်ပါတယ်။ သူက ရှေ့မှာနေရာယူထားပြီး ယဲ့ရှီးရွှေက နောက်မှာနေရာယူထားကာ ထန်ဝူထုံကို အလယ်မှာ ထားထားခဲ့တယ်။
"တတိယဝိညာဉ်အူတိုင်ကို ဒီအခြေအနေမျိုးနဲ့ ဒီကလေးမ ဖန်တီးလို့မရနိုင်ဘူး။ ယွိဟောင်လို အခြေအနေမျိုး ဖန်တီးမှရမယ်။ ဒါကြောင့် သူ့ဝိညာဉ်အူတိုင်တွေကို နေရာရွှေ့ပေးရမယ်။ "
လုံရှောင်ယောင်ရဲ့စကားကို ကြားပြီးအချိန်မှာ ယဲ့ရှီးရွှေက ရယ်မောလိုက်ပါတယ်။
" ဒါအကြံကောင်းပဲလေ။ နောက်ဆုံးတော့ ဒီလိုမျိုး နေ့ကောင်းရက်သာ တစ်နေ့မှာ ငါတို့တွေ အတူတူပူးပေါင်းပြီး တစ်ခုခုလုပ်ရမယ်ဆိုတဲ့ ကိစ္စမျိုး ထင်မထားခဲ့မိဘူး။ အတူတူ အလုပ်လုပ်ရတာ ကောင်းတာပဲနော်။ တကယ်ခံစားချက်က ကောင်းလိုက်တာ။ စကြစို့။ နင် သူ့ကို ကာကွယ်ပေးနေတဲ့အချိန် ငါက သူ့ကို မတင်ထားမယ်။ အကယ်၍ ငါတို့ မအောင်မြင်နိုင်ဘူးဆိုရင် ဒီလောကကြီးမှာ အောင်မြင်နိုင်တဲ့သူ ထပ်ရှိတော့မှာမဟုတ်ဘူး။ အကယ်၍ ငါတို့မအောင်မြင်ဘူးဆိုလည်း အန္တရာယ်မှရှိမှာမဟုတ်ဘဲ။ "
"ဒီလောကကြီးထဲမှာ တိထျန်းသာ သူတို့နဲ့ တစ်ယောက်ယောက်ချင်း ယှဉ်ရင် အနိုင်ရနိုင်မှာပါ။ ဒါပေမဲ့ အကယ်၍ သူတို့နှစ်ယောက်သာ ပေါင်းစည်းပြီး တိုက်ခိုက်နိုင်မယ်ဆိုရင်တော့ တိထျန်းလည်း မနိုင်နိုင်လောက်ပါဘူး။ "
ထန်ဝူထုံရဲ့ ဝိညာဉ်အူတိုင်က ဖြည်းဖြည်းချင်း သူမရဲ့စွမ်းအင်ဗဟိုချက်ကနေ အပေါ်ကို မတင်ခံလိုက်ရပါတယ်။ ရင်ဘတ်ဆီကို စတင်ကာ ကူးပြောင်းခံနေရတယ်။
လုံရှောင်ယောင်ရဲ့ အကြေးခွံတွေက သွေးနီရောင် ပိုတောက်လာခဲ့သလို ယဲ့ရှီးရွှေရဲ့ ခန္ဓာကိုယ်ကလည်း ပိုပိုပြီး ဝေဝါးလာခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ တင်ပျဉ်ခွေချိတ်ကာ ထိုင်နေခဲ့ရင်း ခန္ဓာကိုယ်ရဲ့ အပြောင်းအလဲတွေကို အာရုံခံနေခဲ့တယ်။
ဝိညာဉ်အူတိုင်ထဲမှာ ရှိနေတဲ့ ဝိညာဉ်စွမ်းအားတွေက အပြည့်အဝ အာဟာရ ဖြည့်တင်းပေးနေပါပြီ။ သူ့ရဲ့တတိယဝိညာဉ်အူတိုင်ကလည်း စတင်ဖြစ်ပေါ်လာပြီဖြစ်ပေမဲ့ ပိုင်းခြားခံထားရဆဲပါ။
ဒီတတိယဝိညာဉ်အူတိုင်ကို ပိုင်းခြားထားတဲ့ စွမ်းအင်တွေက လုံရှောင်ယောင် သူ့ခန္ဓာကိုယ်ထဲမှာ ချိတ်ပိတ်စည်းတစ်ခုလို ဖန်တီးပေးထားခဲ့တာ။ ဒါကို လက်ရှိအချိန်မှာ မဖယ်ရှားသေးဘဲ တတိယဝိညာဉ်အူတိုင်ကို သူဆက်ပြီးလှည့်ပတ်နေစေခဲ့တယ်။ အကယ်၍ ဒီချိတ်ပိတ်စည်းသာ ပျက်စီးသွားခဲ့မယ်ဆိုရင်တော့ သူက ဝိညာဉ်အူတိုင် သုံးခုကို ပေါင်းစည်းရတော့မှာပါ။ မဟုတ်ရင် ခန္ဓာကိုယ်ထဲမှာ ပဋိပက္ခတွေ ဖြစ်ကုန်ပါလိမ့်မယ်။
သူက လုံရှောင်ယောင်ရဲ့ ဝိညာဉ်စွမ်းအားတွေကို တိုက်ရိုက် စုပ်ယူထားတာ အများကြီးဖြစ်ပေမဲ့ မစုပ်ယူရသေးတဲ့ အပိုင်းကတော့ မနည်းလှပါဘူး။
ကန့်သတ်မဲ့သော့်လော့ဖြစ်တဲ့ လုံရှောင်ယောင်ရဲ့ ဝိညာဉ်စွမ်းအားတွေက အဆီအနှစ်တွေလိုမျိုး တည်ရှိလွန်းနေခဲ့ပြီး သူ့ဝိညာဉ်စွမ်းအားရဲ့ ဓာတ်သဘောကို ဖယ်ထုတ်ကာ အသန့်စင်ဆုံး စွမ်းအင်တွေကိုသာ ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲ လွှဲပြောင်းပေးထားတာပါ။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲ သန်မာပါစေ ဒါကို ဆက်ပြီးတော့ မခံယူနိုင်သေးပါဘူး။ အဆင့်ကိုးဆယ်ရှစ်ကတောင် လူသားတစ်ယောက်ရဲ့ အကန့်အသတ် အဆုံးနီးပါးကို ရောက်နေပါပြီ။ အဆင့်ကိုးဆယ်ကိုးက လူသားတစ်ယောက်ရဲ့ ကန့်သတ်မှု အဆုံးပါပဲ။
ဒီအဆင့်ကို ရောက်သွားပြီဆိုရင်တော့ များပြားတဲ့စွမ်းအင်နဲ့အတူ များပြားတဲ့ ပြဿနာတွေကို သူနားလည်လာရမှာပါ။ ဟို့ယွိဟောင်လည်း သူ့ရဲ့အာရုံခံနိုင်စွမ်းတွေက ပိုပိုပြီး တိကျလာတာကို ခံစားနေခဲ့ရပါတယ်။ သူ့ရဲ့အတွင်းပိုင်း ဝိညာဉ်စွမ်းအင်တွေကတောင် သေးငယ်တဲ့ အပြောင်းအလဲလေးတွေ ဖြစ်နေတာကို သိနေခဲ့တယ်။ အကယ်၍ သူသာ ဝိညာဉ်စွမ်းအားကို ကောင်းကောင်းမထိန်းချုပ်နိုင်ခဲ့ဘူးဆိုရင် ပေါက်ကွဲပြီး သေဆုံးမှာပါ။
အပေါ်ရောက်လာနေတဲ့ ဝိညာဉ်စွမ်းအားတွေကိုက လုံရှောင်ယောင် သူ့ရဲ့စွမ်းအင်ဗဟိုချက်ထဲမှာ ဖိသိပ်ပေးထားတာ ဖြစ်တဲ့အတွက် တတိယဝိညာဉ်အူတိုင်ထဲမှာ ဝိညာဉ်စွမ်းအင် ဘယ်လောက်များများ ရှိနေလဲ သူမသိပါဘူး။
စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီးတော့တောင် မစစ်ဆေးဝံ့ဘဲ ရှိနေခဲ့ပါတယ်။
အဆင့်ကိုးဆယ်ရှစ် ဝိညာဉ်စွမ်းအားကို အသုံးပြုပြီးတော့ ဒီအရာကို သူဖြည်းဖြည်းချင်း ထိန်းချုပ်ရပါလိမ့်မယ်။ တတိယဝိညာဉ်အူတိုင် ကိစ္စတွေအားလုံး ရှင်းလင်းသွားပြီး ကောင်းကောင်းမွန်မွန် ပုံစံပေါ်လာပြီဆိုမှသာ ဝိညာဉ်အူတိုင်နှစ်ခုနဲ့ ပြန်လည်ချိတ်ဆက်ဖို့ လုပ်ရမှာပါ။ အကယ်၍ သူသာ မလုပ်နိုင်ခဲ့ဘူးဆိုရင် ဒုက္ခခံရမှာ သူကိုယ်တိုင်ပါပဲ။
လုံရှောင်ယောင်၊ ယဲ့ရှီးရွှေ နှစ်ယောက်စလုံးက တတိယဝိညာဉ်အူတိုင် ပြဿနာကို မကြုံတွေ့ဖူးပါဘူး။
သူတို့အနေနဲ့ လက်ရှိအချိန်မှာ ဟို့ယွိဟောင်နဲ့ ထန်ဝူထုံတို့ရဲ့ ခန္ဓာကိုယ်ကို စမ်းသပ်တဲ့ အရာတွေလိုသာ အသုံးပြုပြီး ကြိုးစားပေးရုံသာ တတ်နိုင်ခဲ့တယ်။ အကယ်၍ သူတို့သာ ကျရှုံးသွားမယ်ဆို ဒီလောကကြီးထဲက သူတို့နှစ်ယောက် ပေါက်ကွဲပြီး ပျောက်ကွယ်သွားပါလိမ့်မယ်။
ထန်ဝူထုံရဲ့ အခြေအနေက ဖြည်းဖြည်းချင်း တည်ငြိမ်နေခဲ့ပါပြီ။ ယဲ့ရှီးရွှေနဲ့ လုံရှောင်ယောင်တို့လည်း အတော်လေး ထူးဆန်းနေတယ်လို့ ခံစားနေခဲ့ရတယ်။ ထန်ဝူထုံရဲ့ စွမ်းအင်ဖြတ်သန်းစီးဆင်းမှု လမ်းကြောင်းတွေက အရမ်းကို ချောမွေ့လွန်းနေပြီး သူတို့ဘာပြဿနာမှ မတွေ့ခဲ့ပါဘူး။
ဒါ့အပြင် ထန်ဝူထုံရဲ့ ထိန်းချုပ်နိုင်စွမ်းကလည်း အရမ်းကိုကြီးမားတဲ့အတွက် သူမလည်း ပြဿနာမရှိခဲ့ပါဘူး။ ဒါကြောင့်သာ သူတို့နှစ်ယောက်အနေနဲ့ သူမထဲ ဝိညာဉ်စွမ်းအား ထည့်သွင်းပေးရတာ အများကြီး ပိုလွယ်ကူနေခဲ့တာပါ။
အဲဒီနောက်မှာတော့ လုံရှောင်ယောင်က ဟို့ယွိဟောင်ဘက်ကို ပြန်သွားရင်း သူ့ရဲ့ကျန်ရှိနေတဲ့ ဝိညာဉ်စွမ်းအားတွေ အားလုံးကို ထည့်ပေးလိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့ တတိယဝိညာဉ်အူတိုင်ကလည်း ဖြည်းဖြည်းချင်း သေချာပုံပေါ်လာခဲ့ပါပြီ။ လေဝဲက ကြီးသထက် ကြီးမားလာခဲ့ရင် အတွင်းဘက်ကို စတင်ကာ ဖိသိပ်ပါတော့တယ်။
ဟို့ယွိဟောင်လည်း ဒီအချိန်မှာပဲ သန့်စင်လွန်းလှတဲ့ အဖြူရောင် အစိုင်အခဲလေးတစ်ခု ပေါ်လာနေတာကို မြင်လိုက်ရတယ်။ ဒီအရာက အဖြူရောင်ဖြစ်နေခဲ့တဲ့အတွက် ဘာဓာတ်သဘောမှ မရှိပါဘူး။ ဘယ်လိုဓာတ်သဘော ရှိမလဲဆိုတာကတော့ အနာဂတ်မှာ ဖန်တီးရမှာပါ။
အတော်လေးကို ကြောက်စရာကောင်းသလို ဟို့ယွိဟောင်ရဲ့အတွေးထဲမှာ အကယ်၍ သူသာ ကျရှုံးသွားခဲ့ရင် ဘာဖြစ်မလဲလို့ သူတွေးနေခဲ့မိတယ်။ ကန့်သတ်မဲ့သော့်လော့တစ်ယောက် ဖြစ်လာဖို့အတွက် အခုအချိန်မှာ သူအခြေခံခိုင်သွားပြီဖြစ်ပေမဲ့ ဒီစွမ်းအင်တွေက ခန္ဓာကိုယ်ထဲမှာ အရမ်းကို များပြားလွန်းလှပါတယ်။
အရာအားလုံးက ချိတ်ဆက်နေတာဖြစ်သလို သူ့အနေနဲ့ တတိယဝိညာဉ်အူတိုင်ကို သူဘာသာသူ ကြိုးစားပြီး ဖန်တီးနေမယ်ဆိုရင် ဝိညာဉ်စွမ်းအား မလုံလောက်တဲ့ ပြဿနာကို ရင်ဆိုင်ရနိုင်မှန်း သူသိနေခဲ့တယ်။ ကန့်သတ်မဲ့သော့်လော့တစ်ယောက်က သူ့အတွက် အခြေခံတစ်ခု၊ အုတ်မြစ်ကို ချပေးပြီးသား ဖြစ်တဲ့အတွက် အနာဂတ်မှာတော့ ဒီပြဿနာကို ကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။
သူဆုံးဖြတ်ပြီးသား ဖြစ်တဲ့အတွက် ဒီအတိုင်း ဆက်သွားရတော့မှာပါ။ ဟို့ယွိဟောင်အတွက်တော့ ဒါက သိပ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိစ္စမဟုတ်ဘဲ အရမ်းကို ဂရုစိုက်ရမယ့် အရာသာ ဖြစ်နေခဲ့တယ်။
အချိန်တွေက တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးလို့နေခဲ့ပါတယ်။ အရာအားလုံးကလည်း ချောချောမောမော ရှိနေခဲ့တယ်။ လုံရှောင်ယောင် သူ့ရဲ့ရင်ဘတ်ထဲမှာ ထည့်ထားတဲ့ အတားအဆီးက အတော်ကြီးကို ခိုင်မာလွန်းလှပြီး လုံးဝမယိမ်းယိုင်ခဲ့ပါဘူး။
ခန္ဓာကိုယ်ထဲကို ရောက်ရှိလာတဲ့ ဝိညာဉ်စွမ်းအားတွေကလည်း ဖြည်းဖြည်းချင်း အားနည်းဖျော့တော့လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဟိုယွိဟောင်ရဲ့ ခန္ဓာကိုယ်က လုံးဝကို တည်ငြိမ်လို့သွားခဲ့ပြီး ဝိညာဉ်စွမ်းအားလှိုင်းက နောက်ဆုံးတစ်မျှင်သာ ကျန်ရှိတော့တယ်။
မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ဟို့ယွိဟောင်လည်း ပြုံးနေတဲ့ လုံရှောင်ယောင်ကိုသာ မြင်လိုက်ရပါတယ်။ အခုအချိန်မှာ လုံရှောင်ယောင်က အရင်ကထက် ပိုပြီးတော့တောင်ကို အိုမင်းသွားခဲ့တယ်။ ယဲ့ရှီးရွှေကတော့ အခုအချိန်မှာ မှိန်ဖျော့ဖျော့ ပုံရိပ်ယောင်တစ်ခုအဖြစ်သာ ကျန်ရှိခဲ့ပါတယ်။ သူမရဲ့ ရုပ်သွင်ကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပါဘူး။
အပိုင်း ၆၀၄.၁ ပြီး၏။
***