"အကြီးကဲလုံ အခြေအနေဘယ်လိုလဲ "
ဟို့ယွိဟောင်က လုံရှောင်ယောင်ကို ခပ်မြန်မြန်ပဲ တွဲထူလိုက်ပါတယ်။
"ငါအဆင်ပြေတယ်၊ ဒီထက်ပိုပြီးကောင်းဖို့လည်း မရှိနိုင်ဘူးလေ။ ဝိညာဉ်စွမ်းအားတွေကို လွှဲပြောင်းနေတဲ့အချိန် ငါ့ရဲ့စိတ်ထဲမှာ အရာအားလုံး ရှင်းလင်းသွားခဲ့တယ်။ ငါ့ဘဝတစ်လျှောက်မှာ နောင်တဆိုတာမရှိတော့ဘူး၊ ရှီးရွှေပြောသလိုပဲ နောက်ဆုံးတော့ ဘာနောင်တမှမရှိဘဲ ထွက်သွားလို့ရပြီ။ "
"ဒီဘဝမှာ ငါ့စိတ်ပျက်စေခဲ့တဲ့ တစ်ယောက် တည်းသောသူက မင်းရဲ့ဆရာပဲ၊ အခုတော့ ငါ့ရဲ့ကျင့်ကြံဆင့်တွေအားလုံး မင်းဆီကို လွှဲပြောင်းပေးလိုက်ပြီ။ ဒါက သူ့အပေါ် ကျေးဇူးဆပ်တာလို့ပဲ သဘောထားလိုက်ပါ့မယ်။ သွားတော့ မင်းလုပ်ချင်တာလုပ်၊ မြင့်မြတ်သရဲဘုရားကျောင်းက ဒီလောကကြီးထဲမှာ တကယ်ပဲ တည်ရှိမနေသင့်ဘူး။ နောက်ထပ်ထပ်ပြီး အဖြစ်ဆိုးတွေ ထပ်မရှိသင့်ဘူး။ "
"မင်းမြန်မြန်လေ့ကျင့်ပြီး ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေကို သေချာထိန်းချုပ်၊ ကိုယ့်ကိုယ်ကိုယ် ချိန်ညှိလို့ပြီးသွားပြီဆိုရင် တတိယဝိညာဉ်အူတိုင်ကို အပြည့်အဝ ထိန်းချုပ်လို့ရသွားမယ်။ အများကြီး စိတ်ပူပန်မနေနဲ့၊ မင်းရွေးချယ်လို့ရတဲ့ တစ်ခုတည်းသော လမ်းစဉ်က လေဟာနယ်ပဲ။ တတိယဝိညာဉ်အူတိုင်ကိုက လေဟာနယ်ရဲ့ ခိုင်မာတဲ့သဘောတရားကို နားလည်သွားရင် ဖန်တီးနိုင်လိမ့်မယ်။ မင်းတို့နှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အကူအညီပေးပြီး ကာကွယ်ကြ၊ မင်းတို့နှစ်ယောက်စလုံး လူ့သမိုင်းတစ်လျှောက်မှာ ပထမဆုံး ဝိညာဉ်အူတိုင်သုံးခုနဲ့ အောင်မြင်တဲ့သူတွေ ဖြစ်လာနိုင်ဖို့ မျှော်လင့်တယ်။ ဒီလိုနည်းနဲ့ မုအန်းပေးခဲ့တဲ့ ညွှန်ကြားမှုတွေရော ငါမင်းကိုပေးခဲ့တဲ့ သင်ကြားမှုတွေကိုရော အလဟဿမဖြစ်စေနဲ့။ "
" ဟုတ်ကဲ့ပါ အကြီးကဲလုံ "
ဟို့ယွိဟောင်က တလေးတစားနဲ့ သူ့စကားတွေကို မှတ်သားနေခဲ့ပါတယ်။
လက်ရှိအချိန်မှာ လုံရှောင်ယောင်ရဲ့အဖြစ်ကို ကြားမြင်သိရှိရတာက သူ့အတွက် အတော်လေးကို စာနာစိတ်တိုးစေခဲ့တယ်၊ ဒါပေမဲ့လည်း တစ်ဖက်လူရဲ့ နည်းလမ်းကို သူအပြည့်အဝတော့ သဘောမတူပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ သူက ယဲ့ရှီးရွှေနဲ့ ဆက်ဆံရေးကြောင့် မြင့်မြတ်သရဲဘုရားကျောင်းရဲ့ တိုးတက်မှုကို အကူအညီပေးခဲ့တဲ့သူပါ၊ ဒါပေမဲ့ လုံရှောင်ယောင်က သေမင်းကတွင်းဝကို ရောက်နေပြီဖြစ်တာကြောင့် သူ့ကို အပြစ်တင်နေဖို့က မလိုအပ်တော့ပါဘူး။ ဒါ့အပြင် သူ့ကိုလည်း အများကြီး ကူညီပေးခဲ့ပါသေးတယ်။
" အကြီးကဲလုံမှာ နောက်ဆုံးဆန္ဒများ ရှိသေးသလား "
" မရှိတော့ဘူး၊ ငါကဒီလောကကြီးထဲကနေ ထွက်ခွာသွားရတော့မယ်၊ နောက်ဆုံးတော့ လွတ်မြောက်တော့မယ်။ အကယ်၍ နောက်ဘဝသာရှိမယ်ဆိုရင် ငါနဲ့ရှီးရွှေနှစ်ယောက် သာမန်လူတွေသာ ဖြစ်ကြလို့ကတော့ ကောင်းမှာပဲ။ ရှီးရွှေ... "
သူ့ရဲ့ခေါ်သံကို ကြားပြီးတဲ့နောက် ယဲ့ရှီးရွှေက မြန်မြန်ဆန်ဆန် ပျံသန်းလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်အလင်းတန်းက သူ့ရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစည်းလို့ သွားပါတော့တယ်။
အဲဒီနောက်မှာတော့ လေဝေ့တစ်ချက်နဲ့အတူ လုံရှောင်ယောင်ရဲ့ ခန္ဓာကိုယ်က လေပေါ်ကို ပျံဝဲလို့သွားခဲ့ပါတယ်။ အရာရာက မရေမတွက်နိုင်တဲ့ လိပ်ပြာလေးတွေလို အသွင်ပြောင်းသွားသလိုပါပဲ။ အဲဒီနောက်မှာတော့ သူတို့ရဲ့ခန္ဓာကိုယ်တွေက အမှုန့်ဖြစ်ပြီး ပျောက်ကွယ်လို့ သွားပါတော့တယ်။ မရေမတွက်နိုင်တဲ့ အလင်းစက်ကလေးတွေကသာ ကောင်းကင်ပေါ်ထိ ထိုးတက်လို့သွားခဲ့ပါတယ်။
လေထဲမှာတော့ အနက်ရောင်နဲ့ ရွှေရောင်အလင်းတန်းတွေက တစ်ဖက်နဲ့တစ်ဖက် တွဲယှက်ရင်းနဲ့ တည်ရှိလို့နေခဲ့တယ်။
ဟို့ယွိဟောင်နဲ့ ထန်ဝူထုံကတော့ ဒီအလင်းစက်ကလေးတွေကိုကြည့်ရင်း ဦးညွှတ်ကာ အရိုအသေပြုလိုက်ပါတယ်။
သူတို့တွေအတိတ်ချိန်က ဘာတွေပဲလုပ်ခဲ့ပါစေ နောက်ဆုံးမှာတော့ ဒီလောကကြီးထဲက ထွက်ခွာတော့ သွားခဲ့ပြီ၊ သူတို့တွေကို အရိုအသေပေးသင့်ပါတယ်။
ဒါ့အပြင် ဟို့ယွိဟောင်နဲ့ ထန်ဝူထုံကို ရှိရှိသမျှ ဝိညာဉ်စွမ်းအားတွေ အားလုံးနီးပါးကို သူတို့က ပေးခဲ့ပါသေးတယ်။
အနာဂတ်မှာ သူတို့ရဲ့ အပြစ်မှုတွေအတွက် ပြန်လည်ပြင်ဆင်ဖို့ရာ ကူညီပေးရမှာပါ။
"ကန့်သတ်မဲ့သော့်လော့နှစ်ဦး ဒီကမ္ဘာလောကကြီးကနေ ဒီအတိုင်း ပျောက်ကွယ်သွားပြီ။ တကယ်ကို မတွေးဝံ့စရာပဲ။ "
" ဒီသော့်လော့တိုက်ကြီးတစ်ခွင်လုံးမှာ အကြီးကဲရွှမ်တစ်ယောက်ပဲ ကန့်သတ်မဲ့သော့်လော့အဖြစ် ကျန်ရှိတော့မယ်ထင်တယ် "
ထန်ဝူထုံက လေးလံတဲ့စိတ်နဲ့ ပြောနေခဲ့ပါတယ်။
" စိတ်မပူနဲ့၊ မဝေးတော့တဲ့ အနာဂတ်မှာ ကိုယ်တို့တွေလည်း ကန့်သတ်မဲ့သော့်လော့တွေ ဖြစ်လာကြမှာ။ ဒီတစ်ခေါက် ကြိုးစားရမှာက မရိုးရှင်းပေမဲ့ မင်းသာကိုယ်ဘေးမှာ ရှိနေမယ်ဆို ယုံကြည်ချက်အပြည့်ရှိတယ် "
" ဟုတ်ပါတယ် "
ထန်ဝူထုံက သူ့ကို ချိုသာတဲ့အပြုံးလေးနဲ့ ပြုံးပြနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူမရဲ့ ခန္ဓာကိုယ်အခြေအနေက သူနဲ့အတူတူပါပဲ။ သူမရဲ့အခြေအနေကတော့ အနည်းငယ် ပိုပြီးကောင်းပါတယ်။
ယဲ့ရှီးရွှေက မလိမ်ညာခဲ့ပါဘူး၊ သူမရဲ့ မိစ္ဆာဝိညာဉ်ပညာရှင်တွေနဲ့ ပတ်သက်တဲ့ အစွမ်းအစတွေအားလုံးက အဲဒီကြီးမားတဲ့ ပေါက်ကွဲမှုကြီးအောက်မှာ ပျောက်ကွယ်လို့ သွားခဲ့ပါပြီ။ ဒါ့အပြင် တောက်ပရောင်စဥ်နတ်မီးငှက်ရဲ့ ဝိညာဉ်စွမ်းအားကလည်း အလင်းအမျိုးအစားပါပဲ။ ဒါက ထန်ဝူထုံနဲ့ လုံးဝကို အပြည့်အဝကြီး လိုက်လျောညီထွေရှိနေခဲ့တယ်။ ဒါကြောင့်လည်း ပေါင်းစည်းမှုတစ်ခုလုံးက သူမတူအောင် ချောမွေ့လို့နေခဲ့ပါတယ်။
ထန်ဝူထုံရဲ့ တတိယဝိညာဉ်အူတိုင်အပြင်တစ်ခြမ်းကလည်း ဖန်တီးခံလိုက်ရပါပြီ။ မကြာခင်မှာပဲ လေဟာနယ် ဓာတ်သဘောတရားတွေကို လက်ခံရတော့မှာပါ။ ယဲ့ရှီးရွှေက အလင်းတန်းဓာတ်သဘောတရားတွေကိုသာ တတိယဝိညာဉ်အူတိုင်ထဲမှာ ထည့်ပေးထားခဲ့ပါတယ်။ ထန်ဝူထုံ ထိန်းချုပ်နိုင်ဖို့ ဒါက အထောက်အပံ့ ဖြစ်စေမှာပါ။
" အနာဂတ်မှာ ငါတို့တွေ ဟောင်သုန့်စွမ်းအား သုံးလို့မရတော့မှာ စိတ်ပူမိတယ် "
ထန်ဝူထုံက အနည်းငယ် မကျေနပ်နေတဲ့ပုံစံပါပဲ။
ဟို့ယွိဟောင်က ပြုံးပြရင်း ပြောလာခဲ့ပါတယ်။
" ကိုယ်တို့တွေက ဒီလောကကြီးရဲ့ ထိပ်ဆုံးနေရာကို နီးကပ်လာခဲ့လို့လေ၊ ဒါပေမဲ့လည်း ပေါင်းစည်းစွမ်းရည်တွေကိုတော့ ထပ်ပြီး သုံးနိုင်နေဦးမှာ။ အကယ်၍ မင်းကိုယ်ပြောတာကို မယုံဘူးဆိုရင် တစ်ယောက်ယောက်ကို ရှာပြီး စမ်းသပ်ကြည့်လို့ရတယ် "
ထန်ဝူထုံက စိတ်ရှုပ်ထွေးမှုအပြည့်နဲ့ ကြည့်ကာ ပြောလာနေခဲ့ပါတယ်။
" ဘယ်သူ့သွားရှာရမှာလဲ၊ ရွှီချန်းယန်ကို သွားရှာရမှာလား "
"အခု တောက်ပရောင်စဉ် မြို့တော်ကြီးတစ်ခုလုံးက လုံးဝကို အထိတ်တလန့်ဖြစ်နေတယ်။ ရွှီချန်းယန်ကို မထိတာ အကောင်းဆုံးပဲ။ မင်းလည်း မြင်ခဲ့ပြီးပြီပဲလေ၊ သူက အခုအချိန်မှာ အရမ်းကို အစွမ်းထက်နေတယ်။ ကိုယ်တို့ ဒီနေရာမှာ ရှိနေတာတောင် ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ တောက်ပရောင်စဉ် မြို့တော်ထဲမှာ ကိုယ်တို့ နေရဦးမှာပဲ၊ အကြီးကဲလုံကလည်း ကိုယ့်ကို မြေပုံတစ်ခု ပေးသွားတယ်။ မြင့်မြတ်သရဲဘုရားကျောင်းရဲ့ ဌာနချုပ်က ဘယ်နေရာမှာ ရှိလဲဆိုတာ ကိုယ်နားလည်သွားပြီ၊ သူမသေခင်အချိန် နောက်ဆုံးပြောသွားခဲ့သလောက်ဆိုရင် မြင့်မြတ်သရဲဘုရားကျောင်းကို ကိုယ်တို့တွေ ရင်ဆိုင်ချင်တဲ့အတိုင်း စိတ်ရှိသလို ရင်ဆိုင်လို့ရတယ်တဲ့ "
" ဒါဆို ဌာနချုပ်ကြီးက ဘယ်မှာလဲ "
အခုအချိန်မှာ ယဲ့ရှီးရွှေနဲ့ လုံရှောင်ယောင် နှစ်ယောက်စလုံး ကွယ်လွန်သွားခဲ့ပါပြီ။ ကျုံးလီဝူက မြင့်မြတ်သရဲဘုရားကျောင်းမှာ အသန်မာဆုံးသူပါ။ ဟို့ယွိဟောင်ကလည်း သူ ထူးကဲသာလွန်သော့်လော့ မဖြစ်ခင်ကတည်းက ကျုံးလီဝူကို အနိုင်ယူနိုင်ခဲ့ပြီးသားပါ။ ဒါကြောင့် လက်ရှိအချိန်မှာ သူ့အတွက် အများကြီးပိုပြီး လွယ်ကူပါလိမ့်မယ်။ မြင့်မြတ်သရဲဘုရားကျောင်းကို အပြတ်ရှင်းထုတ်ပစ်ဖို့က လက်ရှိအချိန်မှာ နံပါတ်တစ် အရေးကြီးဆုံး ကိစ္စပါပဲ။
" ဒါဆို ငါတို့တွေ ဘာတွေစောင့်နေရဦးမှာလဲ၊ သွားကြစို့လေ "
သူတို့နှစ်ယောက်စလုံးက အဆင့်ကိုးဆယ်ရှစ်ကို ရောက်နေခဲ့ပါပြီ။ အဆင့်ကိုးဆယ်ရှစ်ထူးကဲသာလွန်သော့်လော့တွေအတွက် မြင့်မြတ်သရဲဘုရားကျောင်းထက် ပိုပြီးစွမ်းအင်ကို စမ်းသပ်စရာကောင်းမယ့် ရန်သူတွေက ဘယ်မှာထပ်ရှိဦးမှာလဲ။
နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း လေထဲကို ခုန်ပျံကျော်လွှားသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ထားကြဆဲပါ။ ဟောင်သုန့်စွမ်းအားက သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ မစီးဆင်းတော့ပေမဲ့ ချက်ချင်းဆိုသလို အရှိန်နှုန်းက မြင့်တက်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာ သူတို့ရဲ့ ခန္ဓာကိုယ်တွေက ဝိညာဉ်လက်နက်တွေကို မလိုအပ်တော့ပါဘူး။ သူတို့ရဲ့ ဝိညာဉ်စွမ်းအားတွေက ခန္ဓာကိုယ်ထဲမှာ မြန်မြန်ဆန်ဆန် လည်ပတ်နေခဲ့ပါပြီ၊ ဒါ့အပြင် သူတို့ကလည်း လေကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အသံလှိုင်းနှစ်ခုက ကောင်းကင်ပေါ်ကို ဝုန်းခနဲ ထိုးတက်လာပြီးတဲ့နောက် အသံထက်မြန်တဲ့ အရှိန်နှုန်းနဲ့ သူတို့နှစ်ယောက်က ကောင်းကင်ကို ဖြတ်ကျော်သွားခဲ့ပါတယ်။
°°°
" ဘာရှာတွေ့လဲ "
ရွှီချန်းယန်က မေးနေခဲ့ပါတယ်။
ကျွီးကျင့်က ခေါင်းညိတ်ရင်နဲ့ ပြန်ဖြေလာခဲ့ပါတယ်။
" အားလုံးကို အင်အားဖြန့်ပြီး ရှာဖွေပြီးပါပြီ၊ မြင့်မြတ်သရဲဘုရားကျောင်းရဲ့ ဌာနချုပ်ကြီးက တည်ရှိနေတဲ့နေရာ ထူးဆန်းလွန်းလှပါတယ်။ ဒါကြောင့် အကြမ်းဖျင်းနေရာကိုသာ သိရှိခဲ့ရတယ်။ ယဲ့ရှီးရွှေ ပြောသလောက်ဆိုရင် မြင့်မြတ်သရဲဘုရားကျောင်းက နေရာရွှေ့ပြောင်းလောက်ပါပြီ၊ ဒါပေမဲ့ သူတို့ရဲ့လက်ရှိနေရာက ဘယ်နေရာမှာ ရှိနေမလဲဆိုတာ မသိရသေးပါဘူး။ ဒါကြောင့် အဲဒီနေရာကို တပ်ဖွဲ့စေလွှတ်ပြီး ရှာခိုင်းထားပါတယ်။ သူတို့ကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ပါတယ် "
" ကောင်းပြီလေ "
ရွှီချန်းယန်က ခေါင်းငြိမ့်နေခဲ့တယ်။ သူ့ရဲ့မျက်နှာကတော့ အတော်လေး မှောင်မည်းနေဆဲပါပဲ။ ယဲ့ရှီးရွှေနဲ့ လုံရှောင်ယောင် နှစ်ယောက် အမှန်တကယ် သေမသေ သူ အတည်မပြုနိုင်သေးပါဘူး။ သူတို့ရဲ့ သေဆုံးမှုက အရမ်းကို အရေးပါအရာရောက်လွန်းနေခဲ့တယ်။ အကယ်၍ သူတို့သာ အသက်ရှင်နေမယ်ဆိုရင် အချိန်မရွေး လက်စားချေကြမှာပါ။ နေလနိုင်ငံတော်ကလည်း ပြဿနာတက်လာနိုင်ပါတယ်။
" ကန့်သတ်မဲ့သော့်လော့တွေ ဒီလောက်ထိ အင်အားကြီးမယ်လို့ ငါကိုယ်တော် မမျှော်လင့်ထားခဲ့မိဘူး။ သူတို့တွေ မသေနိုင်တဲ့ အနေအထားတောင် ရှိနေသေးတယ်။ ငါတကယ်ပဲ ဝိညာဉ်ပညာရှင်တွေကို အထင်သေးလျှော့တွက်မိခဲ့တယ်၊ အမျက်ဒေါသကျောင်းတော် ဒီလောက်ထိ နှစ်တွေအကြာကြီး ကောင်းကောင်း ရပ်တည်နိုင်တာ ဘယ်အံ့ဩစရာရှိမလဲ။ ဒါက ဝိညာဉ်ပညာရှင်တွေရဲ့ အခြေခံဖြစ်နေခဲ့တာကိုး။ ငါကိုယ်တော်တို့တွေမှာ ဒီလို ပါရမီတွေ အခွင့်အရေးတွေ မရှိတာ နှမြောစရာကြီးပဲ။ အကယ်၍ သူတို့ကိုသာ ထိခိုက်အောင် မလုပ်ခဲ့ဘူးဆိုရင် အခွင့်အရေးရှိနိုင်သေးတယ်၊ ဒါပေမဲ့ အခုတော့ အခွင့်အရေးမရှိတော့ဘူး။ "
" ဒီတစ်ကြိမ်မှာ အကယ်၍ သူတို့နှစ်ယောက်စလုံး သေဆုံးသွားပြီဆိုရင် ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အကြီးကဲရွှမ်တစ်ယောက်တည်းကပဲ တစ်ဦးတည်းသော ကျန်ရှိနေတဲ့ ကန့်သတ်မဲ့သော့်လော့ ဖြစ်သွားလိမ့်မယ်။ နေလနိုင်ငံတော်မှာ ဘယ်တော့များမှ ကိုယ်ပိုင် ကန့်သတ်မဲ့သော့်လော့ ရှိလာမလဲဆိုတာ တကယ်ပဲ သိချင်မိတယ်။ ဒီလိုသာ ဖြစ်လာမယ်ဆိုရင် ငါကိုယ်တော်တို့ရဲ့ နိုင်ငံက တကယ်ကြီးကို သန်မာလာမှာပဲ "
ကျွီးကျင့်ကတော့ ပြုံးပြကာ သူ့နားကို လျှောက်လာရင်း သူ့ရဲ့ဦးခေါင်းကို ခပ်ဖွဖွလေး နှိပ်နယ်ပေးနေခဲ့ပါတယ်။
" ဒီလိုဖြစ်လာဖို့က အချိန်သိပ်မကြာတော့ပါဘူး၊ အရှင်မင်းမြတ် တိုက်ကြီးတစ်ခွင်လုံးကို အုပ်ချုပ်တဲ့အချိန်ကနေစလို့ ကန့်သတ်မဲ့သော့်လော့တစ်ယောက်ကို သော့်လော့တိုက်ကြီးတစ်ခုလုံးရဲ့ အရင်းအမြစ်တွေနဲ့အတူ မွေးမြူလို့ ပြုစုပျိုးထောင်လို့ ရနိုင်ပါတယ် "
ရွှီချန်းယန်က အနည်းငယ် စိတ်အေးလို့သွားခဲ့တယ်။ ကျွီးကျင့်ရဲ့လက်ကို ခပ်ဖွဖွလေး ပုတ်လိုက်ရင်း သူပြောလာခဲ့ပါတယ်။
" ပြောတာကောင်းတယ်၊ အခု သွားပြီး ပြင်ဆင်လို့ရပြီ။ ငါကိုယ်တော် မင်းကို နှစ်တစ်ဝက်အချိန်ပေးမယ်၊ တပ်ဖွဲ့ကြီးတစ်တပ်လုံးကိုလည်း ကောင်းကောင်းပြင်ဆင်ထားလိုက်၊ အရင်းအမြစ်တွေအားလုံးကို ထုတ်သုံး။ နောက်တစ်ကြိမ် တိုက်ခိုက်ရင် ကျန်ရှိတဲ့ နိုင်ငံတော်ကြီးနှစ်ခုလုံးကို အပြည့်အဝ ရှင်းထုတ်ပစ်စေချင်တယ်။ ဒါ့အပြင် မင်းရဲ့ အကြီးမားဆုံးရန်သူဖြစ်တဲ့ ကြယ်တာရာလော့နိုင်ငံတော်ကိုလည်း ရှင်းထုတ်ပစ်ရမယ်။ သူတို့ကို ဘယ်တော့လောက် ရင်ဆိုင်ဖို့ စိတ်ကူးထားလဲ "
ကျွီးကျင့်ရဲ့ မျက်လုံးတွေက အေးစက်လို့သွားခဲ့ပြီး ပြန်ဖြေလာခဲ့ပါတယ်။
" သူတို့ကို နောက်ဆုံးမှ ရင်ဆိုင်ဖို့ ကျွန်တော်မျိုး မ တွေးထားပါတယ်။ နေလနိုင်ငံတော်ရဲ့ တပ်ဖွဲ့ကြီးလက်ထဲမှာ အဲဒီလူရဲ့ နိုင်ငံတော် အပြည့်အဝ ပျက်သုဉ်းသွားမှာကို မြင်စေချင်ပါတယ်။ နောက်ဆုံး အဲဒီလူ မသေဆုံးခင်အချိန်အထိ နာကျင်မှုတွေ အပြည့်နဲ့ ရှင်သန်စေချင်ပါတယ် "
" ဟားဟားဟား... ကောင်းတယ်၊ ပြောတာကောင်းတယ်။ သူ့ကို မသေဆုံးခင်အချိန် ဒုက္ခပေးခံရတာပေါ့ "
ရွှီချန်းယန်က ရယ်မောလို့ နေခဲ့ပါတယ်။
အရမ်းကို မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ပျံသန်းရတာနဲ့ လေကို ထိန်းချုပ်ရတာက မတူညီတဲ့ ကိစ္စနှစ်ခုပါ။ ဟို့ယွိဟောင်နဲ့ ထန်ဝူထုံတို့ နှစ်ယောက်ကတော့ အခုလက်ရှိအချိန်မှာ အတွေးတူရှိနေခဲ့တယ်။ အဆင့်ကိုးဆယ်ရှစ်မှာ သူတို့က ပျံသန်းဖို့ ဝိညာဉ်စွမ်းအား မလိုအပ်တော့ပါဘူး။ သူတို့က လေစီးကြောင်းတွေကို ထိန်းချုပ်ရင်း အရှိန်နှုန်းတွေကို ကြိုက်သလို ပြောင်းလဲနိုင်ပါတယ်။
သူတို့နှစ်ယောက်ဘယ်လောက် မြန်မြန်သွားနိုင်လဲဆိုတာ သူတို့ကိုယ်တိုင်တောင် မသိပါဘူး၊ ဒါပေမဲ့လည်း အချိန်တိုလေးအတွင်း ကီလိုမီတာ ထောင်ချီကို ဖြတ်ကျော်နေတယ်လို့ ခံစားရပါတယ်။
မြင်ကွင်းတွေက အရမ်းကို မြန်မြန်ဆန်ဆန် ပြောင်းလဲလို့နေခဲ့တယ်။
အဝေးကနေ ဟို့ယွိဟောင်လည်း တောင်ကြောကြီးတစ်ခုကို မြင်လိုက်ရပါတယ်။
"ဒီနေရာကို ဒီလောက်မြန်မြန်ကြီး ရောက်လာတယ်လား၊ ဒါဆိုရင် သွားချင်တဲ့နေရာကလည်း မကြာခင်ရောက်တော့မှာ။ ဝူထုံ... ကိုယ်တို့ရဲ့အင်အားက ကန့်သတ်မဲ့သော့်လော့တွေ အဆင့်နား နီးလာပြီ။
" အာ... ဘယ်လိုလုပ်သိတာလဲ "
ထန်ဝူထုံက ဟို့ယွိဟောင်ကို မေးလာခဲ့ပါတယ်။
" မမေ့လိုက်နဲ့ဦးလေ ကိုယ့်မှာ ယင်ယန်ဝိညာဉ်အူတိုင်တွေ ရှိတယ်။ ဒါ့အပြင် လေကိုလည်း ထိန်းချုပ်တဲ့ ပုံစံအရ ကိုယ်တို့တွေက အစောပိုင်းတုန်းက အဆင့်ကိုးဆယ်ငါးထူးကဲသာလွန်သော့်လော့တွေ ဖြစ်ခဲ့ပေမဲ့ ခံစားချက်က မတူတော့ဘူး။ ဝိညာဉ်စွမ်းအားတွေ မြင့်မားလာတာမဟုတ်ဘဲ ကိုယ့်ရဲ့အဖက်ဖက်က အစွမ်းအစတွေလည်း တိုးတက်လာတယ်။ ဘယ်လိုအရာကမှ ဒီလိုအဆင့်ကို တိုးတက်နိုင်မှာလဲ တွေးကြည့်လိုက်လေ၊ ကိုယ်တို့တွေ ကန့်သတ်မဲ့သော့်လော့တွေ ဖြစ်လာမှသာ ဒီလိုမျိုးအဆင့်က တိုးတက်လာမှာ။ ကိုယ်တို့ရဲ့ ခန္ဓာကိုယ်က
ကန့်သတ်မဲ့သော့်လော့တွေ နီးပါးလောက် သန်မာနေပြီ။ အဆင့်ကိုးဆယ်ကိုးကို မရောက်သေးပေမဲ့ ယင်ယန်ဝိညာဉ်အူတိုင်တွေကြောင့် ကန့်သတ်မဲ့သော့်လော့တွေရဲ့ အဆင့်ကို ရောက်နေခဲ့တာ။ "
အပိုင်း ၆၀၄.၂ ပြီး၏။
***