ထန်ဝူထုံက သက်ပြင်းချရင်းနဲ့ ပြောလာခဲ့ပါတယ်။
" အကယ်၍ အကြီးကဲလုံနဲ့ ယဲ့ရှီးရွှေတို့နဲ့
မတွေ့ခဲ့ဘူးဆိုရင် ငါလည်း ဒီလိုပဲ တွေးမိလောက်တယ်၊ ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူတော့ဘူး။ ကန့်သတ်မဲ့သော့်လော့တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် အသေသတ်တိုက်ကွက်တွေရှိတယ်။ ဒါ့အပြင် ဒီလောကကြီးပေါ် သူတို့ရဲ့ နားလည်မှုတွေကလည်း မတူညီကြဘူး။ ငါတို့ရဲ့ ကျင့်ကြံဆင့်က အဲဒီလောက် အဆင့်ကို ရောက်ကောင်းရောက်နေပေမဲ့လည်း ကိုယ်ပိုင်နားလည်သဘောပေါက်မှုတွေ မရှိသေးဘူးဆိုရင် ကန့်သတ်မဲ့သော့်လော့တွေအဖြစ် သတ်မှတ်လို့မရနိုင်သေးဘူး။ ဒါကြောင့်သာ ဆက်ပြီး ကြိုးကြိုးစားစား လေ့ကျင့်ဖို့ လိုနေဦးမှာပဲ။ သေချာပေါက် အဲဒီလို အခြေအနေမျိုး အဆင့်အတန်းမျိုးကို ရောက်အောင်သွားရမယ်။ ဒီလိုသာ ဖြစ်လာမယ်ဆိုရင် ဒီလောကကြီးကလည်း အများကြီး ကွာခြားသွားလိမ့်မယ် "
" ဟုတ်တယ်၊ ဘယ်လိုပဲဖြစ်ပါစေ ကိုယ်ကတော့ မင်းနဲ့အတူ ရှိနေမှာ။ အဲဒီအဆင့်အတန်း၊ အဲဒီလောကကြီးရဲ့ အခြေအနေကို ရောက်ဖို့ အတူတူ ဖောက်ထွက်ကြတာပေါ့ "
ကန့်သတ်မဲ့သော့်လော့တစ်ယောက်နဲ့ အဆင့်အတန်းတူနေပြီဖြစ်တဲ့ ကျင့်ကြံဆင့်ကို ရောက်ရှိသွားချိန်မှာတော့ သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေမလဲ။ ဒါက သူတစ်ဘဝတာလုံး ရယူချင်နေတဲ့ အရာပါ။
" အဲဒီနေရာကို ရောက်တော့မယ်။ တစ်ချက်လောက်ကြည့်လိုက်ဦး "
ဟို့ယွိဟောင်က အရှိန်နှုန်းကို လျှော့ကာ ထန်ဝူထုံရဲ့လက်ကို ကိုင်ရင်းနဲ့ ပြောလာခဲ့ပါတယ်။
သူ အမှန်တကယ်ပဲ ဒီနေရာကို ရောက်ဖူးခဲ့ပါတယ်။ သူ့ရှေ့မှာရှိနေတဲ့ သစ်တောကြီးက အစိမ်းရင့်ရောင်ကနေ အနက်ရောင် ပြောင်းသွားခဲ့ပါပြီ။ တိုက်ကြီးတစ်ခွင်လုံးမှာ ဒီလိုမျိုး အခြေအနေနဲ့ သစ်တောက တစ်ခုသာ ရှိပါတယ်။ အဲဒါကတော့ မိစ္ဆာနတ်ဆိုးသစ်တောပါပဲ။
မြင့်မြတ်သရဲဘုရားကျောင်းရဲ့ ဌာနချုပ်က ဒီသစ်တောထဲမှာ ရှိနေခဲ့တယ်။ လုံရှောင်ယောင်ရဲ့ သတင်းအချက်အလက်ကြောင့်သာ မဟုတ်ရင် ဘယ်သူကမှ ထင်မိမှာ မဟုတ်ပါဘူး။
နေလနိုင်ငံတော်ရဲ့ မိစ္ဆာနတ်ဆိုးသစ်တောက သော့်လော့တိုက်ရဲ့ မဟာကြယ်တာရာသစ်တောလိုပါပဲ။ နေလနိုင်ငံတော်ရဲ့ အသန်မာဆုံး ဝိညာဉ်သားရဲကောင်က ဒီနေရာမှာ နေထိုင်ပါတယ်။ အဲဒီထဲမှာ ထိပ်တန်းရူးသွပ်သားရဲကောင် ဆယ်ကောင်ထဲက နံပါတ်နှစ်နေရာမှာ ရပ်တည်နေတဲ့ မိစ္ဆာမျက်ဝန်း သားရဲဘုရင်လည်း ရှိနေခဲ့တယ်။
ဟို့ယွိဟောင်က သူ့ရဲ့ စိတ်ဝိညာဉ်မျက်လုံးရဲ့ ခုနှစ်ခုမြောက်ဝိညာဉ်စက်ကွင်းကို ဒီနေရာမှာ ရရှိခဲ့ပါတယ်။ သူက နှစ်တစ်သိန်း မိစ္ဆာမျက်ဝန်း သားရဲကို သတ်ဖြတ်ခဲ့ပြီး မိစ္ဆာမျက်ဝန်း သားရဲဘုရင်က သူ့ကိုတွေ့သွားခဲ့ပြီးနောက် သေခြင်းတရားကနေ သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။
အခုအချိန်မှာ သူက အရင်နဲ့ မတူတော့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ အဲဒီမိစ္ဆာမျက်ဝန်း သားရဲကို ကြောက်စရာ မလိုတော့တာ အမှန်ပါ။ ဒါပေမဲ့ ဘာကြောင့်များ မြင့်မြတ်သရဲဘုရားကျောင်းက အဲဒီနေရာမှာ ဌာနချုပ်သွားထားရလဲ သူ နားမလည်နိုင်ခဲ့ပါဘူး။ အင်အားကြီး မိစ္ဆာဝိညာဉ်ပညာရှင်တွေအတွက် ကိစ္စမရှိပေမဲ့ အားနည်းတဲ့ မိစ္ဆာဝိညာဉ်ပညာရှင်တွေအနေနဲ့ သေချာပေါက် ဒီဝိညာဉ်သားရဲကောင်တွေကြောင့် အသက်အန္တရာယ် များမှာပါ။
ဘယ်လိုပဲဖြစ်ပါစေ ဒီနေရာမှာ မိစ္ဆာဝိညာဉ်ပညာရှင်တွေကို တွေ့နိုင်မယ်ဆိုရင် လုံလောက်နေပါပြီ။ သေခြင်းနတ်ဘုရားသော့်လော့ရဲ့ အကာအကွယ်မရှိဘူးဆိုရင် ဒီနေရာမှာ သူ့ကို ဘယ်သူကမှ တားဆီးနိုင်မှာ မဟုတ်တော့ပါဘူး။
ဟို့ယွိဟောင်က မြေပြင်ပေါ်ကို ဆင်းသက်လာပြီးတဲ့နောက် စိတ်ဝိညာဉ်ထောက်လှမ်းမှုကို ချက်ချင်းဆိုသလို ဖြန့်ကျက်လိုက်ပါတော့တယ်။ ကြီးမားတဲ့ကွန်ယက်ကြီးက သစ်တောတစ်ခုလုံးကို လွှမ်းခြုံလို့သွားခဲ့တယ်။
လုံရှောင်ယောင်က သူ့ကို ဒီသစ်တောအကြောင်းသာ ပြောခဲ့ပေမဲ့ နေရာအတိအကျကို မပြောခဲ့ပါဘူး။
အရမ်းကို သတိကြီးကြီးနဲ့ ဟို့ယွိဟောင် ဒီနေရာကို လေ့လာနေခဲ့ပါတယ်။ ဒီနေရာမှာ တိထျန်းထက် တစ်ဆင့်သာနိမ့်တဲ့ ထိပ်တန်းရူးသွပ်သားရဲကောင်တစ်ကောင်က နေနေခဲ့တာပါ။ အဲဒီသားရဲကောင်ဘုရင်ကို အပြစ်မပြုမိဖို့က အကောင်းဆုံးပါပဲ။
ဟို့ယွိဟောင်လည်း သူတိုက်ခိုက်တာ မခံရသရွေ့ နောက်ထပ် ဘယ်ဝိညာဉ်သားရဲကောင်ကို မသတ်ဖြတ်ဖို့ အကြံပြုခဲ့တယ်။ ဒါကြောင့်သာ မိစ္ဆာမျက်ဝန်း သားရဲဘုရင်ကို မကြောက်ပေမဲ့ ရန်မစဖို့ တွေးထားတာပါပဲ။
သူ့ရဲ့စိတ်ဝိညာဉ်လှိုင်းတွေက မကြာခင်မှာ ပြန့်သွားခဲ့ပါတယ်။ အဲဒီနောက် ဟို့ယွိဟောင်လည်း သူ့ရဲ့ပစ်မှတ်ကို ရှာတွေ့သွားတော့တယ်။
ဒီတစ်ခါ ထောက်လှမ်းမှုမှာ သူ့ရဲ့အကန့်အသတ်ကို သူ သိပါတယ်။ မြင့်မြတ်သရဲဘုရားကျောင်းရဲ့ အဓိက ဌာနချုပ်ကြီးက သစ်တောထဲမှာ ဖြစ်တဲ့အတွက် သေချာပေါက် သူတို့တွေက အရင်းအမြစ်တွေကို လိုအပ်မှာပါ။
တောက်ပရောင်စဉ် မြို့တော်က နေလနိုင်ငံတော်ရဲ့ အဓိကအူတိုင် ဖြစ်နေခဲ့တဲ့အတွက် အကယ်၍ ဌာနချုပ်သာ ဒီနေရာမှာ ရှိမယ်ဆိုရင် တောက်ပရောင်စဉ် မြို့တော်နဲ့ နီးတဲ့ဘက်မှာ ရှိမှာပါပဲ။
ဒီသစ်တောကြီးတစ်ခုလုံးက အန္တရာယ်တွေ ပြည့်နေခဲ့ပါတယ်။ အန္တရာယ်တွေကို ရှောင်ရှားဖို့အတွက် အလယ်ဗဟိုချက်သစ်တောနဲ့ ခပ်ဝေးဝေးနေရာမှာ ဌာနချုပ်ကို တည်ဆောက်ထားတာက အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့်သာ သူက တောက်ပရောင်စဉ် မြို့တော်နဲ့ မျက်နှာချင်းဆိုင်နေတဲ့ ဘက်ခြမ်းအဝန်းအဝိုင်းကို အဓိက ရှာဖွေခဲ့ပါတယ်။
အမှန်တကယ်ပဲ တောထဲမှာ အလုပ်ကြိုးစားနေတဲ့ သူအချို့ကို ရှာတွေ့လို့သွားခဲ့တယ်။ သူတို့တွေက ရှိရှိသမျှ အရင်းအမြစ်တွေကို သယ်ယူပို့ဆောင်ဖို့ လုပ်နေခဲ့ကြပါတယ်။ မြေပြင်ပေါ်မှာ ပစ္စည်းပေါင်းစုံကို သူတို့က ချထားပြီး သိုလှောင်ရေး ဝိညာဉ်လက်နက်တွေထဲကို ထည့်နေခဲ့ကြတယ်။
ဒီနေရာမှာ သိုလှောင်ရေး ဝိညာဉ်လက်နက်တွေ ဘယ်လောက်အများများ ရှိနေလဲဆိုတာကို မသိရပါဘူး၊ ဒါပေမဲ့လည်း မြေပြန့်ကျယ်ပေါ်မှာ ပစ္စည်းအပြည့်အစုံကို ပုံထားရာကနေ မြန်မြန်ဆန်ဆန်ပဲ အရင်းအမြစ်တွေကို သူတို့တွေ သိမ်းယူလို့နေခဲ့ပြီး နောက်တစ်ကြိမ် အရင်းအမြစ်တွေကို ထုတ်လာလိုက် သိမ်းလာလိုက် လုပ်နေခဲ့တယ်။
ဌာနချုပ်က မြေအောက်ထဲမှာ ရှိနေမယ်လို့ ဟို့ယွိဟောင် ပထမဆုံး ခန့်မှန်းမိပါတယ်။ ရှိရှိသမျှ အရင်းအမြစ်တွေ အားလုံးကို သူတို့ မြေအောက်ထဲက ထုတ်လာနေတာ မြင်လိုက်ရလို့ပါ။
ဟို့ယွိဟောင်လည်း သူ့ရဲ့ စိတ်ဝိညာဉ်ထောက်လှမ်းမှုကို မြေအောက်ဆီ ရွှေ့လိုက်ပါတယ်။ သူ့ရဲ့ လက်ရှိ စိတ်ဝိညာဉ်စွမ်းအားကြောင့် မြေအောက်ဘက်ကို ရှာဖွေတာက ပြဿနာမဟုတ်ခဲ့ပါဘူး။
ဒီလိုရှာဖွေရင်းနဲ့ သူ လန့်သွားခဲ့ရတယ်။ ဒါက ဘာကြီးလဲ။ သစ်တောရဲ့ အောက်ဘက်မှာ နန်းတော်တစ်ခုနဲ့ တူညီနေတဲ့ အဆောက်အအုံကြီး ရှိနေခဲ့ပါတယ်။ ဒီမြေအောက် အဆောက်အအုံကြီးက ဧကတစ်ထောင်ကျော် ကျယ်ဝန်းပြီး မဟူရာ ကျောက်ဆိုင်သားတွေနဲ့ ပြုလုပ်ထားရုံတင်မက တည်ဆောက်ထားတဲ့ လက်ရာက အရမ်းကို သေသပ်လှပလွန်းလှပါတယ်။
ဒီအဆောက်အအုံထဲမှာ လူတစ်ထောင်ကျော် ရှိနေခဲ့ပြီး အများစုက လူများနေခဲ့ပါတယ်။ တော်တော်များများကတော့ အားနည်းပြီး ဝိညာဉ်စက်ကွင်းသုံးကွင်းနဲ့ ခြောက်ကွင်းရှိတဲ့သူတွေပါ။ ဒါပေမဲ့ လူတစ်ရာ နှစ်ရာလောက်ကတော့ အတော်လေး ကျင့်ကြံဆင့် မြင့်ပါတယ်။ သူတို့တွေက အားနည်းတဲ့သူတွေကို အဓိက အမိန့်ပေးပြီး အရင်းအမြစ်တွေကို ရွှေ့ပြောင်းလို့နေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ မှန်ကန်တဲ့နေရာကို ရှာတွေ့ခဲ့ပါပြီ။ မြင့်မြတ်သရဲဘုရားကျောင်းကလွဲလို့ ဘယ်သူကများ ဒီလောက်ထိ ချမ်းသာနိုင်မလဲ။ လက်ရှိအချိန်မှာ ရွှေ့ပြောင်းနေတဲ့ အရင်းအမြစ်တွေကို ကြည့်မယ်ဆိုရင် ဒါတွေက ရှားပါးသတ္တုတွေပါ၊ ဒါ့အပြင် တောင်လိုပုံနေတဲ့ ရွှေတွေနဲ့ တန်ဖိုးကြီး ရတနာတွေက အများကြီး ရှိနေခဲ့တယ်။ ဒီတစ်ခေါက် တန်ကြေးကတော့ လုံးဝကို တိုင်းတာလို့ မရနိုင်ပါဘူး။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုက နေလနိုင်ငံတော်နဲ့ ယှဉ်လို့မရပေမဲ့ အမျက်ဒေါသကျောင်းတော်နဲ့တော့ ယှဉ်လို့ရအောင် ချမ်းသာပါတယ်။ ဒီမိစ္ဆာဝိညာဉ်ပညာရှင်တွေက ဒီနှစ်တွေတစ်လျှောက်မှာ လုယက်ခိုးယူ ဓားပြတိုက်ပြီး ရှိရှိသမျှ ပစ္စည်းကောင်းတွေ အားလုံးကို စုစည်းထားတာမှန်း သိသာလွန်းပါတယ်။
ဒီပစ္စည်းတွေနဲ့ အတည်မပြုရင်တောင် လူအုပ်ထဲမှာ ရှိနေတဲ့ ကျုံးလီဝူနဲ့ ဖိန်လင်းနှစ်ယောက်ကို မြင်ရုံနဲ့တင် အရာအားလုံးက သေချာသွားပါတယ်။ နန်ကုန်းဝမ်လည်း ဒီနေရာမှာ ရှိနေခဲ့တယ်။ ရင်းနှီးတဲ့ မျက်နှာတွေကလည်း အများကြီးပါပဲ။ ဒီနေရာက လုံးဝကို သေချာနေပါပြီ။
ကျုံးလီဝူက အလုပ်လုပ်နေတဲ့ သူတွေကိုကြည့်ရင်း နန်ကုန်းဝမ်ကို မေးနေခဲ့ပါတယ်။
" အထွတ်အမြတ် အကြီးကဲဆီကနေ သတင်းရလား "
" မနက်ခင်း ထွက်သွားကတည်းက သတင်းအစအနထပ်ပြီး မရသေးပါဘူး "
" နောက်ဆုံး အရင်းအမြစ်တွေ အားလုံးကို ရွှေ့ပြောင်းပြီးပြီ။ ငါတို့လူတွေလည်း စုပြီးပြီ။ ဒီတစ်သုတ်ကို ရွှေ့ပြောင်းပြီးတာနဲ့ ငါတို့တွေ ထွက်ပေါက်ကို ယာယီချိတ်ပိတ်ထားလိုက်မယ်။ ငါတို့ အခွင့်အရေးရှိရင်တော့ ပြန်လာခဲ့မယ်။ ဒီနေရာက ငါတို့ မြင့်မြတ်သရဲဘုရားကျောင်းရဲ့ အဓိက အခြေခံပဲ။ တစ်နေ့ ငါတို့ ရအောင် ပြန်လာခဲ့မယ် "
" ကျွန်တော်မျိုးတို့ သေချာပေါက် ပြန်လာနိုင်မှာပါ။ မျိုးနွယ်စု ခေါင်းဆောင်၊ ဘယ်တော့ ဘယ်အချိန်စပြီး ထွက်ခွာကြမလဲ "
" ပစ္စည်းတွေ သိမ်းပြီးတာနဲ့ ချက်ချင်းထွက်ခွာမယ် "
" အထွတ်အမြတ် အကြီးကဲနဲ့ အကြီးကဲလုံကို စောင့်ဆိုင်းတာမျိုး မလုပ်တော့ဘူးလား "
" ငါတို့ကို မှာသွားတယ်၊ မစောင့်နဲ့တဲ့။ သူဘာတွေ တွေးနေလဲတော့ ငါလည်းမသိဘူး။ နေလနိုင်ငံတော်က ငါတို့ကို လက်လွှတ်လိုက်ပြီ။ ဘာကြောင့်များ လက်စားချေဖို့အတွက် မညွှန်ကြားတာလဲ။ သူ့ရဲ့ အင်အားနဲ့ဆိုရင် ဘယ်လိုလုပ် သူတို့က တားနိုင်မလဲ။ ငါအမေ အသက်အန္တရာယ် ရှိမှာကိုတော့ စိတ်မပူဘူး။ ဒါကြောင့် ငါတို့ သယ်ပိုးသိမ်းဆည်းပြီးတာနဲ့ အမြန်ဆုံးထွက်မယ်။ ငါတို့ရဲ့ လူအင်အားက ငါတို့ရဲ့ အခြေခံပဲ။ ဒီနေရာကနေ အမြန်ဆုံး ထွက်ပြီး နောက်တစ်ဆင့် အင်အားပြန်စုရမယ် "
" အမိန့်တော်အတိုင်းပါ "
နန်ကုန်းဝမ်က တလေးတစား အရိုအသေပြုနေခဲ့ပါတယ်။ ဒီနေရာမှာ ကျုံးလီဝူတစ်ယောက်တည်းကသာ ဦးစီးဦးဆောင် ပြုနေခဲ့ပြီး နန်ကုန်းဝမ်က ညွှန်ကြားမှုတွေကို လက်ခံရုံပါပဲ။ ဒီအချိန်မှာပဲ ဖိန်လင်းရော ကျုံးလီဝူရော နှစ်ယောက်စလုံးပါ ကောင်းကင်ပေါ်ကို မော့ကြည့်ရင်း အမူအရာ ပြောင်းလဲသွားခဲ့တယ်။
နန်ကုန်းဝမ်တို့လည်း တုံ့ပြန်တာ နှေးပေမဲ့ သူတို့အားလုံး ကောင်းကင်ကို မော့ကြည့်လိုက်မိပါတယ်။
ဘွဲ့အမည်ခံ သော့်လော့တွေအတွက် အာရုံခံနိုင်စွမ်းက အရမ်းကို တိကျလွန်းပါတယ်။ ကြီးမားတဲ့ဖိအားက ရုတ်တရက် ကောင်းကင်မှာ ပေါ်လာတာကြောင့် သူတို့ရဲ့အာရုံကို ဖမ်းစားလိုက်သလို ဖြစ်သွားခဲ့တယ်။
ကြောက်စရာကောင်းတဲ့ ဖိအားကို အာရုံခံမိပြီးချိန်မှာတော့ သူတို့အားလုံး ထိတ်လန့်ရူးသွပ်မတတ်ဖြစ်ကုန်ကြပါတယ်။ ဒီဖိအားရဲ့ မူလအရင်းမြစ်က မသိရပေမဲ့ မသိရတဲ့အရာတွေက ကြောက်စရာ အကောင်းဆုံးပါပဲ။
ကျုံးလီဝူရဲ့ အမိန့်နဲ့အတူ အလင်းတန်း အကာအကွယ်တစ်ခုက ချက်ချင်း ပေါ်လို့လာခဲ့ပြီး အထဲမှာရှိရှိသမျှ မိစ္ဆာဝိညာဉ်ပညာရှင်တွေ အားလုံးကို ဖုံးလွှမ်းလို့သွားခဲ့ပါတယ်။
နေလနိုင်ငံတော် တစ်ခုတည်းနဲ့ ချိတ်ဆက်ထားတဲ့ ဝိညာဉ်လက်နက်ကို သုံးတာမဟုတ်ပါဘူး၊ မြင့်မြတ်သရဲဘုရားကျောင်းကလည်း သူတို့ရဲ့ နိုင်ငံတော် ဘုရားကျောင်း ဖြစ်နေခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းလမ်းတွေက အများကြီး ရှိပါတယ်။ ဒါ့အပြင် ဒီနေရာက သူတို့ရဲ့ ဌာနချုပ်ပါ။
ကောင်းကင်ကြီးက ဖြည်းဖြည်းချင်းပဲ မည်းမှောင်လို့သွားခဲ့ပြီး ကြီးမားတဲ့ တိမ်တိုက်တွေ စုဝေးလို့လာခဲ့ပါတယ်။ ရာသီဥတုကလည်း အေးစက်လို့လာခဲ့တယ်။
" ငါအပေါ်တက်ပြီး ကြည့်လိုက်မယ် "
ဖိန်လင်းက ပြောလာခဲ့ပါတယ်။ ကျုံးလီဝူက ဖိန်လင်းကို ဆွဲခေါ်ထားခဲ့ရင်း ခေါင်းခါနေခဲ့ပါတယ်။
" ရောက်လာတဲ့ သူတွေက နေလနိုင်ငံတော်က မဟုတ်ဘူး။ ဝိညာဉ်လက်နက် အတတ်ပညာရှင်တွေက ငါတို့ကို ဒီလိုမျိုး ဖိအား မပေးနိုင်ဘူး။ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအား ထုတ်နိုင်တဲ့သူက ဒီတိုက်ကြီးတစ်ခွင်မှာ အရမ်းကို နည်းနေပြီ။ အရေးပေါ် အချက်ပြမီးကိုလွှတ် "
" အရေးပေါ် အချက်ပြမီးကို လွှတ်ရတော့မှာလား "
ဖိန်လင်းက လန့်သွားခဲ့တယ်။ ကျုံးလီဝူက ခေါင်းငြိမ့်ပြလိုက်ချိန်မှာ တောက်ပတဲ့ ရွှေရောင်မီးလျှံကြီးက ကောင်းကင်ပေါ်ကို ထိုးတက်လို့ သွားပါတော့တယ်။ အဲဒီနောက်မှာတော့ ကြီးမားတဲ့ ရွှေရောင်ထီးကြီးက လေထဲမှာ ပေါ်လို့လာခဲ့ပါတယ်။
အဲဒီနောက် အဖြူရောင် အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်ကနေ ဆင်းသက်လို့လာခဲ့တယ်။ ဒီအလင်းတန်းက သိပ်ပြီး အားမကောင်းလှပေမဲ့ ဒီအရာ ပေါ်ထွက်လာချိန်မှာတော့ မိစ္ဆာဝိညာဉ်ပညာရှင်တွေ အားလုံးရဲ့ အမူအရာက ပြောင်းလဲလို့သွားခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီတစ်ကြိမ်မှာ ချိတ်ဆက်ထားတဲ့ အကာအကွယ်ကနေ ခုခံတားဆီးလိုက်တဲ့ ဖိအားက အရင်တစ်ကြိမ်ကထက် အများကြီး ပိုအားကောင်းလို့ပါ။
မကြာခင်မှာပဲ အဖြူရောင်အလင်းတန်းက အကာအကွယ်ကို ဖောက်ထွက်ပြီး အောက်ပြုတ်ကျလာပါတယ်။ ကျုံးလီဝူကတော့ အတော်ဝေးတဲ့ နေရာအထိကို ဆုတ်ခွာလို့သွားခဲ့တယ်။
မြင့်မြတ်သရဲဘုရားကျောင်းနဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ အဓိက ကွာခြားချက်ကတော့ အန္တရာယ်ကို ကြုံလာရတဲ့ အချိန်မှာ ကိုယ့်အသက်အတွက် တိုက်ခိုက်ကြတာနဲ့ ကျောင်းတော်အတွက် တိုက်ခိုက်ကြတဲ့ ကွာခြားမှုပါပဲ။
မြင့်မြတ်သရဲဘုရားကျောင်းက ဘယ်သူ့ကိုမှ ထည့်တွက်မစဉ်းစားပါဘူး။
ချက်ချင်းဆိုသလို မြေပြင်ကြီးက ဆွဲဖြဲခံလိုက်ရပါတယ်။ ဒါက ထန်မျိုးနွယ်ရဲ့ အထူးပြုလုပ်ထားတဲ့ အဆင့်ကိုး ရွေ့လျားအမြောက်ဆံဖြစ်တဲ့ ထိုက်အာပါပဲ။
အရင်တုန်းက ဒါကို အသုံးပြုပြီး နေလနိုင်ငံတော် တော်ဝင်နန်းတော်ရဲ့ အကာအကွယ်တားဆီးမှုကို ဟို့ယွိဟောင် ဆွဲဖြဲခဲ့ဖူးပါတယ်။ ဒါကြောင့် မြင့်မြတ်သရဲဘုရားကျောင်းရဲ့ အကာအကွယ်က ဘယ်လိုလုပ် သူ့ကို တားနိုင်မှာလဲ။
အကာအကွယ် ဖောက်ထွက်ခံလိုက်ရပြီးချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးက ဖြစ်ပေါ်လို့လာခဲ့ပါတယ်။
ဘွဲ့အမည်ခံ သော့်လော့တွေတောင် အဆင့်ကိုး ရွေ့လျားအမြောက်ဆံတွေကို ကြောက်လန့်ရမှာပါ။ ဒါက လောကကြီးထဲမှာ တန်ဖိုးအကြီးဆုံး လက်နက်တွေပါပဲ။ ဒါကြောင့်သာ ဝိညာဉ်လက်နက် အတတ်ပညာရှင်တွေက ဝိညာဉ်ပညာရှင်တွေထက် ပိုပြီး သန်မာနိုင်ကြတာပါ။
အပိုင်း ၆၀၄.၃ ပြီး၏။
***