လေ့ယွီဟွာလည်း မတတ်သာသည့်အဆုံး ဓားရှည်တစ်လက်ဖြင့် လမ်းပိတ်နေသော ငါးများကို တစ်ကောင်ပြီး တစ်ကောင် ခုတ်ချလိုက်သည်။ ငါးများအား တိုက်ခိုက်ဖယ်ရှားရသဖြင့် သူ့အရှိန်မှာလည်း များစွာ လျော့ကျသွားခဲ့သည်။ ချော်ရည်မီးလျှံငါးများမှာ မာကြောကာ ခံနိုင်ရည် မြင့်မားသဖြင့် ဆက်တိုက် ခုတ်ပြီးနောက် သူ့လက်မောင်းများပင် ထုံကျင်လာခဲ့သည်။ သို့သော် ငါးများမှာမူ အဆက်မပြတ် တက်လာနေဆဲ ဖြစ်သည်။
ချော်ရည်မီးလျှံငါး အုပ်စုကြီး၏ ဝိုင်းရံခြင်းကို ခံနေရချိန် ကျဲ့ဝူနှင့် ကျဲ့စဲတို့မှာလည်း ပို၍ နီးကပ်လာခဲ့သည်။ ဤအတိုင်း ဆက်သွားပါက အသက်အန္တရာယ် ရှိနိုင်ကြောင်း လေ့ယွီဟွာ နားလည်လိုလာပြီး လင်မီးလျှံသစ်ပင် လုပွဲမှ နှုတ်ထွက်ရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ လေ့ယွီဟွာလည်း ဦးတည်ချက်ကို ပြောင်းလဲကာ ချော်ရည်ဂူ၏ အစွန်းဘက်သို့ ပြေးထွက်သွားခဲ့သည်။ ဤချော်ရည်ဂူတွင် အဝင်အထွက် လမ်း နှစ်ခု ရှိသည်။ ကျဲ့ဟွေတို့ ဝင်လာသော လမ်းအပြင် ဆန့်ကျင်ဘက်တွင် အခြားသော အဝင်ပေါက်တစ်ခု ရှိသေးသည်။
ချက်ချင်းပင် လေ့ယွီဟွာထံမှ ပြင်းထန်သော မိုးကြိုးစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။
မိုးကြိုးမုန်တိုင်းနည်းစနစ် …. လျှပ်စီးများသည် လျင်မြန်စွာ စီးဆင်းပြီး အနီးဝန်းကျင်ကို ချက်ချင်း လွှမ်းမိုးသွားသည်။ ထိုဧရိယာအတွင်းရှိ ချော်ရည်မီးလျှံငါးများမှာ ရှော့ခ်ရိုက်ခံရသလို ဖြစ်ကုန်ပြီး အဆက်မပြတ် ပြုတ်ကျသွားကြသည်။ ထိုအခွင့်အရေးကို အသုံးချကာ လေ့ယွီဟွာလည်း ထွက်ပေါက်ဆီသို့ အမြန်ဆုံး ပြေးထွက်သွားခဲ့သည်။ သူ့အရှိန်နှုန်းမှာ လျင်မြန်လွန်းသဖြင့် ကျဲ့ဝူနှင့် ကျဲ့စဲတို့ လုံးဝ လိုက်မမီတော့ပေ။
လေ့ယွီဟွာ ထွက်ပြေးသွားသောအခါ သူ့ကို မမီတော့သော ချော်ရည်မီးလျှံငါးများသည် ကျဲ့ဝူနှင့် ကျဲ့စဲထံသို့ အာရုံပြောင်းသွားပြီး၊ ၎င်းတို့ နှစ်ဦးထံသို့ တိုးဝင်သွားသည်။ ကျဲ့စဲလည်း သူ့ဝတ်ရုံကို အသက်သွင်းလိုက်ရာ ရွှေရောင်အလင်းတန်းများက နှစ်ဦးလုံးကို ဖုံးလွှမ်းပြီး ကာကွယ်ပေးခဲ့သည်။ ကျဲ့ဝူမှာ လက်သီးဖြင့် ငါးများကို ချော်ရည်အတွင်းသို့ တစ်ကောင်ပြီးတစ်ကောင် ပြန်လည် ရိုက်ချနေသည်။ ကျဲ့စဲမှာလည်း နတ်ဆိုးနှိမ်တုတ်ကို ကိုင်ကာ ရှေ့နောက် ပြေးလွှားလျက် မီးလျှံငါးများ၏ တိုက်ခိုက်မှုကို တားဆီးပေးနေသည်။
ထိုအခိုက်အတန့်ကို အမိအရ ဆုပ်ကိုင်ကာ ကျဲ့ဟွေ့နှင့် ဖုန်ချီတို့ လေထဲ ခုန်တက်ပြီး ချော်ရည်ဂူ၏ အလယ်ဗဟိုဆီသို့ ပျံသန်းသွားကြသည်။ ထိုနေရာတွင် ပေ ၃၀ ခန့် ကျယ်ဝန်းသော၊ ကျွန်းငယ်လေးတစ်ခုနှင့် တူသည့် လင်မီးလျှံသစ်ပင်များ ရှိရာ ကျောက်ဆောင် ရှိသည်။ နှစ်ပေါင်းများစွာ အပူဒဏ် ခံခဲ့ရသဖြင့် ထိုကျောက်ဆောင်၏ မျက်နှာပြင်မှာ ဖန်သားပြင်ကဲ့သို့ ချောမွေ့နေသည်။ လင်မီးလျှံအပင်များမှအပ အခြား မည်သည့်အရာမျှ ထိုပေါ်တွင် မရှိပေ။
ကျဲ့ဟွေ့နှင့် ဖုန်းချီတို့မှာ ဆန့်ကျင်ဘက် အရပ်မျက်နှာများမှ နေ၍ ထိုကျောက်ဆောင်ဆီသို့ ချဉ်းကပ်သွားကြသည်။ ရုတ်တရက် ကျွန်း၏ အောက်ရှိ ချော်ရည်များသည် ပြင်းထန်စွာ လှုပ်ရှားလာပြီး သားရဲတစ်ကောင် ချော်ရည်များကို ထိုးဖောက်ကာ ကျဲ့ဟွေကို အမြီးဖြင့် ရိုက်ချလိုက်သည်။ သို့သော် ကျဲ့ဟွေမှာ ကြိုတင် ခန့်မှန်းထားသည့်အလား လုံးဝ တည်ငြိမ်နေသည်။ သူ့ပုတီးကို လှည့်လိုက်ရာ တစ္ဆေငါးကောင် ထွက်ပေါ်လာပြီး၊ တစ္ဆေများက ဓားရှည်ကိုယ်စီ ကိုင်ကာ ငါးအမြီးကို ခုတ်ချလိုက်ကြသည်။ သို့သော် ဓားချက်မထိခင်မှာပင် မရေမတွက်နိုင်သော ချော်ရည်စက်များ တစ္ဆေများအပေါ် ကျရောက်သွားခဲ့သည်။ ထိုချော်ရည်စက်များကြောင့် တစ္ဆေများထံမှ ယင်စွမ်းအားများ ယိုစိမ့်ထွက်ပေါ်လာပြီး လေထဲသို့ ပျံ့လွင့်သွားသည်။ ချော်ရည်များမှာ အလွန်ပူပြင်းပြီး သဘာဝယန်စွမ်းအင် ပါဝင်နေသဖြင့် တစ္ဆေများအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိနေခြင်းပင်။
သို့သော် ထိုဒဏ်ရာများမှာ တစ္ဆေများကို သေစေလောက်သော ဒဏ်ရာ မပေးနိုင်ပေ။ တစ္ဆေငါးကောင်က ဓားများဖြင့် ငါးအမြီးကို ဆက်လက် ခုတ်ချလိုက်ကြသည်။ ချော်ရည်အောက်ရှိ သားရဲမှာ ထိုတစ္ဆေများကို ရန်စရန် မလွယ်ကူကြောင်း နားလည်သွားပုံ ရပြီး သူ့အမြီးကို ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူကိုယ်တိုင် ချော်ရည်များအပြင်သို့ ထွက်ပေါ်လာသည်။ ထိုသားရဲတွင် ခြေလက် လေးဖက် ရှိပြီး မိကျောင်းနှင့် တူကာ ရှည်လျားပြားချပ်သော ခန္ဓာကိုယ်နှင့် ပြူးကျယ်သော မျက်လုံးများ ရှိသည်။ ၎င်းမှာ လင်မီးလျှံသစ်ပင်ကို စောင့်ကြပ်နေသော နတ်ဆိုးသားရဲ မီးလျှံပုတ်သင်ညိုပင် ဖြစ်သည်။ မီးလျှံပုတ်သင်ညိုက ပါးစပ် ဟကာ ချော်ရည် အမြောက်အမြားကို မှုတ်ထုတ်လိုက်သည်။
တစ္ဆေငါးကောင်မှာ ထိုချော်ရည်မှုတ်ထုတ်မှုနှင့် တိုက်ရိုက် ထိမှန်သွားပြီး ချော်ရည်များက တစ္ဆေစွမ်းအင် အမြောက်အမြားကို ဝါးမြိုသွားသဖြင့် ပျောက်ကွယ်လုနီးနီး ဖြစ်သွားသည်။ ကျဲ့ဟွေလည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။ ချော်ရည်များအတွင်း ပုန်းအောင်းနေသော မီးလျှံပုတ်သင်ညိုကို တိုက်ခိုက်ရန် ဆိုသည်မှာ တစ္ဆေများအတွက် မဖြစ်နိုင်သလောက်ပင် ဖြစ်နေသည်။
အသက်တစ်ရှိုက်စာအတွင်း တစ္ဆေများမှာ ချော်ရည်များ၏ တိုက်စားမှုကြောင့် ပျောက်ကွယ်ပြယ်လွင့်ကုန်သဖြင့် ကျဲ့ဟွေလည်း လက်ကျန်တစ်ကောင်ကိုသာ ပြန်သိမ်းနိုင်ခဲ့သည်။ ဒေါသအကြီးအကျယ် ထွက်သွားသော ကျဲ့ဟွေ ဗုံငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။ ဗုံငယ်မှာ လူဦးခေါင်းခွံဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး မျက်နှာပြင်မှာ လူ့အရေခွံဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ကျဲ့ဟွေက ဗုံကို ဘယ်လက်ဖြင့် ကိုင်ရင်း ညာလက်ဖြင့် ခပ်ဖွဖွ ပုတ်လိုက်သည်။
“ဘုန်း..” ခပ်ဖွဖွသာ ပုတ်လိုက်ခြင်း ဖြစ်သော်လည်း ဗုံသံမှာမူ ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။ မီးလျှံပုတ်သင်ညိုမှာ ချော်ရည်များကို ထပ်မံမှုတ်ထုတ်မည့်ဆဲဆဲမှာပင် ရုတ်တရက် တောင့်ခဲသွားသည်။ ထို့နောက်တွင်မူ ကြောက်မက်ဖွယ် အရာတစ်ခုကို မြင်လိုက်ရသည့်အလား မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာပြီး၊ ခြေလက်များကို အတင်းယမ်းခါကာ အမြီးကို ဝှေ့ယမ်းလျက် ချော်ရည်များအတွင်း အလျင်အမြန် ငုပ်လျှိုး ပျောက်ကွယ်သွားတော့သည်။
ကျဲ့ဟွေက နှာခေါင်းရှုံ့လိုက်သည်။ "ဒီလို အသိဉာဏ်နည်းတဲ့ သားရဲမျိုးအတွက်ဆို စိတ်ဝိညာဉ်တိုက်ခိုက်မှုက အရမ်းထိရောက်တယ်"
ကျဲ့ဟွေ့က မီးလျှံပုတ်သင်ညိုနှင့် တိုက်ခိုက်နေစဉ် ဖုန်ချီက အခွင့်ကောင်းယူကာ လင်မီးလျှံအပင်ကို သိမ်းယူလိုက်သည်။ သူ့လက်နှစ်ဖက်စလုံးမှ မီးလျှံကြိုး တစ်ခုစီ ပစ်လွှတ်ပြီး လင်မီးလျှံအပင် နှစ်ပင်ကို ရစ်ပတ်လိုက်သည်။ မီးလျှံကြိုးများက တင်းကျပ်စွာ ရစ်ပတ်ထားသော်လည်း အပင်မှာမူ အနည်းငယ်မျှ ပျက်စီးစေခြင်း မရှိပေ။ ဖုန်ချီလည်း မီးလျှံကြိုးကို ဂရုတစိုက် ဆွဲယူလိုက်ရာ လင်မီးလျှံအပင် နှစ်ပင်မှာ အမြစ်မှ ကျွတ်ထွက်ပါလာပြီး သူ့လက်တွင်းသို့ ကျရောက်လာသည်။
ထိုအချိန်တွင် ကျဲ့ဟွေသည် မီးလျှံပုတ်သင်ညိုကို မောင်းထုတ်ပြီးသွားသဖြင့် လှည့်ကြည့်လိုက်ရာ ဖုန်ချီက လင်မီးလျှံအပင် နှစ်ပင်စလုံး ကိုင်ထားသည်ကို မြင်သွားသည်။ "ဒကာဖုန်... ငါတို့ ပူးပေါင်းပြီး တစ်ယောက်တစ်ပင် ခွဲယူဖို့ သဘောတူခဲ့ကြတယ် မဟုတ်လား။ မင်း ကတိဖျက်မှာတော့ မဟုတ်ပါဘူးနော်"
ပြောနေစဉ်မှာပင် ကျဲ့ဟွေလက်ထဲမှ ပုတီးမှာ အဆက်မပြတ် လည်ပတ်နေပြီး ထူထပ်သော တစ္ဆေစွမ်းအင်များ ထွက်ပေါ်လာနေသည်။ ပြင်းထန်သော တစ္ဆေစွမ်းအင်များမှာ တစထက်တစ ဖုန်ချီထံသို့ ဦးတည်လာသည်။ ကျဲ့စဲ နှင့် ကျဲ့ဝူတို့ကလည်း ချော်ရည်မီးလျှံငါးများကို တိုက်ထုတ်ကာ တဖြည်းဖြည်း နီးကပ်လာကြသည်။
ဖုန်ချီသည် မျက်မှောင်ကြုတ်ကာ တွေဝေသွားသော်လည်း နောက်ဆုံးတွင် လင်မီးလျှံအပင် တစ်ပင်ကို ကျဲ့ဟွေထံသို့ လှမ်းပစ်ပေးလိုက်သည်။ တစ်ဖက်လူက ပို၍ အင်အားကြီးသဖြင့် ဖုန်ချီသည် လောဘကို ထိန်းချုပ်ကာ သဘောတူညီချက်ကို လေးစားလိုက်ခြင်း ဖြစ်သည်။
ဝေစုခွဲပြီးသည်နှင့် ဖုန်ချီသည် အဝေးတွင်ရှိနေသော လျန်ထျန်းလု နှင့် မျက်နှာဖုံးစွပ်ထားသူကို အချက်ပြလိုက်ပြီး လေ့ယွီဟွာ ထွက်သွားသော လိုဏ်ခေါင်းလမ်းအတိုင်း လိုက်ပါသွားသည်။ လျန်ထျန်းလုနှင့် မျက်နှာဖုံးစွပ်လူလည်း ဖုန်ချီနောက်သို့ ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။
ကျဲ့ဟွေက လင်မီးလျှံအပင်ကို လက်ခံရရှိလိုက်ပြီး ဖုန်ချီတို့ ထွက်သွားသည်ကို မတားဆီးဘဲ ကြည့်နေလိုက်သည်။ ထိုအချိန်တွင် ကျဲ့စဲနှင့် ကျဲ့ဝူတို့ ရောက်လာကြပြီး ကျဲ့စဲက "ကျဲ့ဟွေ... သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်မှာလား" ဟု မကျေမနပ် ပြောလိုက်သည်။
"ဒီလူရဲ့ မီးဓာတ်ပညာရပ်က ချော်ရည်ဂူထဲမှာဆို အားကောင်းနေတာ။ သူနဲ့ ထိပ်တိုက်တွေ့တာက အကျိုးမရှိဘူး။ ငါတို့ လင်မီးလျှံအပင်ကို ယူတာက ဆရာကြီးဟွေ့မင် ခိုင်းထားလို့ပဲ။ အခု တစ်ပင်ရပြီဆိုတော့ တာဝန်ကျေပြီ။ အသုံးမဝင်တဲ့ အရာတစ်ခုအတွက်နဲ့ မလိုအပ်ဘဲ ပြဿနာ မရှာသင့်ဘူး။ နှစ်တစ်သောင်းဝိညာဉ်ရည် ယူဖို့ပဲ အာရုံစိုက်ရမယ်" စကားဆုံးသည်နှင့် ကျဲ့ဟွေလည်း ကျဲ့ဝူနှင့် ကျဲ့စဲတို့ကို ခေါ်ကာ ထွက်ခွာသွားကြသည်။
အရိပ်ထဲတွင် ခဏကြာ ပုန်းအောင်းနေသော်လည်း ဘာမှအကျိုးအမြတ်မရရှိသဖြင့် စုန့်ဝမ်လည်း ချော်ရည်ဂူမှ ထွက်ခွာခဲ့သည်။ ဂူ၏အလယ်ဗဟိုရှိ ကျွန်းငယ်လေးပေါ်တွင် လင်မီးလျှံအပင်ငယ် ၂၀ ခန့် ရှိသေးသော်လည်း ဤနေရာမျိုးတွင်သာ ပေါက်ရောက်နိုင်သဖြင့် ယူတောင်သွားရန် မဖြစ်နိုင်ပေ။ အခြားနေရာတွင် စိုက်ပျိုးပါက လိုအပ်သော အရင်းအနှီးမှာ အပင်၏ တန်ဖိုးထက် များစွာ ကျော်လွန်နေပေလိမ့်မည်။ ဤအချက်ကြောင့် ဂိုဏ်းကြီးများပင် ရွေ့ပြောင်း စိုက်ပျိုးရန် မစဥ်းစားကြခြင်း ဖြစ်သည်။
စုန့်ဝမ်လည်း ကျဲ့ဟွေတို့နောက်မှ ခပ်ခွာခွာ လိုက်ပါပြီး နှစ်တစ်သောင်းဝိညာဉ်ရည်ခန်းမဆီ ဦးတည်ခဲ့သည်။ လမ်းခရီးမှာ ရှုပ်ထွေးပြီး ကွေ့ကောက်နေသော်လည်း ကျဲ့ဟွေမှာ တွေဝေခြင်းမရှိဘဲ လျင်မြန်စွာ သွားလာနေသည်။ ဤလမ်းခရီးကို ကျွမ်းကျင်နေပုံရသည်။ ကျဲ့ဟွေတို့နောက်မှ လိုက်ပါခြင်းက စုန့်ဝမ်အတွက် အချိန်များစွာ သက်သာစေခဲ့သည်။ မကြာမီမှာပင် ကြီးမားသော မြေအောက်ဂူကြီးတစ်ခုဆီ ရောက်လာသည်။ ထိုဂူကြီးမှာ ပေရာချီ ကျယ်ဝန်းပြီး ပတ်လည်တွင် မှောင်မိုက်နေသော ချောက်ကမ်းပါးကြီးများ ရှိသည်။ ဂူ၏ အလယ်ဗဟိုတွင် မြင့်မားသော ကျောက်တောင်ကြီးတစ်ခု ထီးထီးကြီး ပေါ်ထွက်နေသည်။ ထိုကျောက်တောင်၏ ထိပ်တွင် ခန့်ညားထည်ဝါသော ခန်းမဆောင်ကြီးတစ်ခု ရှိသည်။ ခန်းမ၏ ကျောက်တံခါးကြီးများမှာ ဟင်းလင်းပွင့်နေပြီး အတွင်း၌ တောက်ပသော မီးလျှံများကို မြင်တွေ့ရသည်။ မီးရောင်များကြားမှ ခန်းမအတွင်း လှုပ်ရှားနေသော လူရိပ်များကိုလည်း မထင်မရှား မြင်နေရသည်။
စုန့်ဝမ်လည်း လေထဲသို့ ခုန်တက်ကာ ကျောက်ခန်းမ၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ တံခါးအပြင်ဘက်တွင် ရပ်နေစဉ်မှာပင် ရှေးဟောင်းဆန်သော အရှိန်အဝါနှင့်အတူ အလွန်စင်ကြယ်သော ဝိညာဉ်စွမ်းအားများ တိုးဝင်လာသည်။ စုန့်ဝမ် ခန်းမကြီးအတွင်းသို့ ဝင်ရောက်လိုက်သည်။ ခန်းမဆောင်ကြီးအတွင်း၌ အမိုးကို ထောက်မထားသော တိုင်လုံးကြီးများမှအပ အခြား အသုံးအဆောင် ပရိဘောဂများ မရှိပေ။ ခန်းမကို ပတ်လည်ဝန်းရံထားသော နံရံများပေါ်တွင် ဆီမီးခွက်အချို့ ရှိနေပြ ခန်းမတစ်ခုလုံးကို အလင်းပေးထားသည်။ ခန်းမ၏ ကြမ်းပြင်အစွန်းများတွင် ကျောက်ဖျာ ၁၀ ခုကို စက်ဝိုင်းပုံစံ စီထားသည်။ ထိုကျောက်ဖျာများသည် တစ်ခုနှင့်တစ်ခု ၄ ပေခန့် ကွာဝေးကြသည်။ ကျောက်ဖျာတစ်ခုစီ၏ ရှေ့တွင် ကျောက်ခွက်တစ်ခုစီ ရှိသည်။ ကျောက်ဖျာများနှင့် ကျောက်ခွက်များမှာ ကြမ်းပြင်နှင့် တစ်ဆက်တည်း ဖြစ်နေသဖြင့် ရွှေ့ပြောင်းရန် ခက်ခဲသည်။
ခန်းမအတွင်း၌ ကျင့်ကြံသူ ၁၀ ဦးခန့် ရှိနေသည်။ ၎င်းတို့သည် ကျောက်ဖျာတစ်ခုပေါ်တွင် တစ်ယောက်တည်း ထိုင်နေကြသလို အချို့ကလည်း ပူးပေါင်းကာ မျှဝေသုံးစွဲနေကြသည်။ ၎င်းတို့အထဲတွင် စုန့်ဝမ် သိကျွမ်းသူများစွာ ပါဝင်နေသည်။
ရုန်ကျင့်ယွင်က ကျောက်ဖျာတစ်ခုပေါ်တွင် ထိုင်နေပြီး နောက်တွင် ဟန်ချန်းက တိတ်ဆိတ်စွာ ရပ်နေသည်။ ကျဲ့ဟွေ့နှင့် သူ့အဖွဲ့က အခြားကျောက်ဖျာတစ်ခုကို ယူထားသည်။ လေ့ယွီဟွာသည်လည်း ကျောက်ဖျာတစ်ခုတွင် ထိုင်နေသည်။ မုယွမ်ရှင်းလည်း ကျောက်ဖျာတစ်ခုပေါ်တွင် တစ်ယောက်တည်း ရှိနေသည်။ ယခင်က စုန့်ဝမ် ကို ဓားပြတိုက်ခဲ့သော ကျင့်ကြံသူ ၆ ဦးမှာမူ ကျောက်ဖျာတစ်ခုကို စုပေါင်းသုံးစွဲနေကြသည်။
ကျိရုရွယ်သည်လည်း မုယွမ်ရှင်း ဘေးရှိ ကျောက်ဖျာပေါ်တွင် တစ်ယောက်တည်း ထိုင်နေသည်။ နောက်ဆုံးတွေ့ခဲ့စဉ်က သူမမှာ အခြေတည် အလယ်အဆင့်သာ ရှိသော်လည်း ယခုအခါ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လေ့မိသားစုမှ အခြေတည် နှောင်းပိုင်းအဆင့် ၄ ဦးမှာ လေ့ယွီဟွာ၏ ညာဘက်ရှိ ကျောက်ဖျာကို ယူထားကြသည်။ မဟာကောင်းကင်ဓားဂိုဏ်းမှ အခြေတည် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးမှာလည်း ကျောက်ဖျာတစ်ခုတွင် ထိုင်နေသည်။
ကျောက်ဖျာ ၁၀ ခုအနက် ၈ ခုမှာ လူရှိနေပြီး ၂ ခုမှာ လွတ်နေသည်။ ခန်းမအတွင်းရှိ လူ ၁၉ ဦးထဲတွင် အနိမ့်ဆုံး ကျင့်ကြံဆင့်မှာ အခြေတည် နှောင်းပိုင်းအဆင့် ဖြစ်သည်။ ကျိရုရွယ်မှအပ တစ်ဦးတည်း ထိုင်သူများမှာ အခြေတည်အဆင့် အထွတ်အထိပ်များသာ ဖြစ်ကြသည်။ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများမှာ ကျောက်ဖျာကို ခွဲဝေသုံးစွဲကြသည်။ ကျောက်ဖျာ လွတ်နေလျှင်ပင် အလွယ်တကူ ဝင်မထိုင်ရဲကြပေ။
စုန့်ဝမ် ခန်းမအတွင်းသို့ ဝင်လာသည်နှင့် လူတိုင်း၏ အာရုံမှာ သူ့ထံသို့ ရောက်ရှိသွားခဲ့သည်။ စုန့်ဝမ် ပြသထားသော ကျင့်ကြံဆင့်မှာ အခြေတည် အလယ်အဆင့်သာ ဖြစ်နေခြင်းကြောင့်ပင်။ လူအများ၏ အကြည့်အောက်တွင် စုန့်ဝမ်သည် လွတ်နေသော ကျောက်ဖျာတစ်ခုဆီသို့ လျှောက်သွားခဲ့သည်။ ယင်းကို မြင်သောအခါ အချို့လူများ၏ မျက်နှာတွင် လှောင်ပြောင်သော အမူအရာများ ပေါ်လာသည်။ စုန့်ဝမ်သည် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းနေသည်ဟု သူတို့က ထင်နေကြသည်။ အချို့ကမူ တွေးတောနေသော မျက်နှာထားရှိပြီး ထိုသူသည် စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားသလားဟု ဝိညာဉ်အာရုံဖြင့် အဆက်မပြတ် စစ်ဆေးနေကြသည်။ အချို့ကမူ ဂရုမစိုက်ဘဲ တစ်ချက်နှစ်ချက် ကြည့်ပြီးနောက် အကြည့်လွှဲသွားကြသည်။ ရုန်ကျင့်ယွင်မှာမူ အခြေတည် အလယ်အဆင့်သာရှိသော ဝူရှန်းက နှစ်တစ်သောင်းဝိညာဉ်ရည် လာယူသည်ကို အံ့ဩနေပုံရသည်။ စုန့်ဝမ်ကို စိုက်ကြည့်ကာ တစ်စုံတစ်ခု ပြောချင်ပုံရသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ မျက်နှာလွှဲသွားခဲ့သည်။
***