ချန်းလန်လျှို့ဝှက်နယ်မြေမှာ နှစ် ၅၀ လျှင် တစ်ကြိမ်သာ ပွင့်လေ့ရှိပြီး ပွင့်တိုင်း ဝိညာဉ်ရည် တစ်သုတ် ထွက်ပေါ်လေ့ရှိသည်။ ဤခန်းမမှာ ထိုဝိညာဉ်ရည်များကို စုဆောင်းရာ နေရာဖြစ်သည်။ လျှို့ဝှက်နယ်မြေပွင့်ပြီး ၅ ရက်မြောက်နေ့ မွန်းတည့်ချိန်တွင် ဝိညာဉ်ရည်များသည် ကျောက်ခွက်များအတွင်း၌ ဖြစ်တည်လာမည် ဖြစ်သည်။ ကျောက်ဖျာပေါ်တွင် ထိုင်ခြင်းမှာ ထိုကျောက်ဖျာရှေ့ရှိ ကျောက်ခွက်မှ ဝိညာဉ်ရည်သည် မိမိပိုင်ဆိုင်သည်ဟု ကြေညာခြင်းပင် ဖြစ်သည်။ လျှို့ဝှက်နယ်မြေပွင့်သည်မှာ နာရီပေါင်း ၉၀ ကျော် ရှိနေပြီဖြစ်သဖြင့် ဝိညာဉ်ရည် ပေါ်လာရန် ၁ ရက်ကျော်သာ လိုတော့သည်။ ဝိညာဉ်ရည်ကို လိုချင်သော ကျင့်ကြံသူ အားလုံးနီးပါး ခန်းမအတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့သော် ကျန်ရှိသော တစ်ရက်အတွင်း နောက်ထပ် ကျင့်ကြံသူများ ရောက်လာဦးမည် ဖြစ်သည်။ ထို့ကြောင့်လည်း အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများသည် ကျောက်ဖျာ လွတ်နေလျှင်ပင် အခြားသူနှင့် ခွဲဝေထိုင်ခြင်း ဖြစ်သည်။ သူတို့သည် ယခု ကျောက်ဖျာကို ယူထားလျှင်ပင် နောက်ပိုင်းတွင် ထိန်းထားနိုင်မည် မဟုတ်ကြောင်း သိကြသည်။
ထို့ကြောင့်ပင် အခြေတည် အလယ်အဆင့်သာရှိသော စုန့်ဝမ် ကျောက်ဖျာတစ်ခုအား တစ်ယောက်တည်း ယူထားသည်ကို မြင်သောအခါ လှောင်ပြောင်နေကြခြင်း ဖြစ်သည်။ လူအများ၏ အမြင်တွင် ဤလုပ်ရပ်မှာ သေလမ်းရှာခြင်းနှင့် အတူတူပင်။ သူတို့အားလုံးမှာ စုန့်ဝမ် ဘာဖြစ်မလဲဆိုသည်ကို စောင့်ကြည့်နေကြသည်။
ဝိညာဉ်ရည် ပေါ်လာရန် ၃ နာရီခန့်သာ လိုတော့သည့်တိုင် နောက်ထပ် ကျင့်ကြံသူများ ရောက်မလာကြပေ။ ယင်းက လူအများ၏ လောဘကို နှိုးဆွပေးသလို ဖြစ်သွားပြီး လွတ်နေသော ကျောက်ဖျာကိုရော၊ စုန့်ဝမ် ထိုင်နေသော ကျောက်ဖျာကိုပါ လုယူချင်စိတ်များ ပေါက်လာကြသည်။
ထိုအချိန်တွင် ဖုန်ချီတို့အဖွဲ့ ရောက်လာကြသည်။ ဖုန်ချီက ကျောက်ဖျာ တစ်ခု လွတ်နေသည်ကို မြင်သည်နှင့် ချက်ချင်းပင် ထိုနေရာသို့ သွားကာ နေရာယူလိုက်သည်။ သူ့ကျောက်ဖျာမှာ စုန့်ဝမ်ဘေးတွင် ကပ်လျက် ရှိသည်။ သူ့ဘေးရှိ ကျောက်ဖျာပေါ်တွင် တစ်ယောက်တည်း ထိုင်နေသူမှာ စုန့်ဝမ် ဖြစ်နေသည်ကို သိလိုက်ရသဖြင့် ဖုန်ချီ အနည်းငယ် အံ့ဩသွားသော်လည်း ဘာမှမပြောဘဲ တစ်ချက်သာ ကြည့်လိုက်သည်။
ဖုန်ချီ နောက်မှ လျန်ထျန်းလုနှင့် မျက်နှာဖုံးစွပ်ထားသူတို့သည် စုန့်ဝမ် ကျောက်ဖျာတစ်ခုကို ယူထားသည်ကို မြင်သောအခါ မနှစ်မြို့သော အမူအရာများ ပေါ်လာသည်။ လျန်ထျန်းလုက စုန့်ဝမ်ကို ဒေါသတကြီး စိုက်ကြည့်သော်လည်း ဘာမှ မလုပ်ဘဲ ဖုန်းချီ၏ နောက်တွင် သွားရပ်လိုက်သည်။
မျက်နှာဖုံးစွပ်ထားသူကမူ စုန့်ဝမ်ထံ လျှောက်လာသည်။ "အခြေတည် အလယ်အဆင့်လေးလား... မင်းကို ဘယ်သူက ကျောက်ဖျာတစ်ခုလုံး တစ်ယောက်တည်း ယူဖို့ သတ္တိပေးလိုက်တာလဲ"
ထိုလှုပ်ရှားမှုကြောင့် ခန်းမအတွင်းရှိ လူအားလုံး၏ အာရုံမှာ ၎င်းတို့ဆီသို့ ရောက်သွားခဲ့သည်။ မျက်နှာဖုံးစွပ်ထားသူ မေးလိုက်သော မေးခွန်းမှာ လူတိုင်း သိချင်နေသော မေးခွန်း ဖြစ်သည်။
စုန့်ဝမ်က ထိတ်လန့်သွားဟန်ဖြင့် ကျောက်ဖျာပေါ်မှ ဆင်းကာ ဖယ်ပေးလိုက်သည်။ "လွတ်နေလို့ ဝင်ထိုင်လိုက်တာပါ။ ခင်ဗျား လိုချင်ရင် ယူလိုက်လေ"
စုန့်ဝမ် ၏ တုံ့ပြန်မှုကြောင့် ခန်းမအတွင်းရှိ လူတိုင်းမှာ မှင်သက်သွားကြသည်။ ၎င်းတို့ထဲမှ အများစုမှာ စုန့်ဝမ် တွင် အခြေတည်အဆင့် အထွတ်အထိပ်နှင့် ယှဉ်နိုင်သော ဝှက်ဖဲတစ်ခု သို့မဟုတ် အင်အားကြီးသော နောက်ခံတစ်ခု ရှိလိမ့်မည်ဟု ထင်ထားကြခြင်း ဖြစ်သည်။ ထိုသို့ အခွင့်ကောင်းယူရုံသက်သက်သာ ဖြစ်လိမ့်မည်ဟု သူတို့ မထင်ထားကြပေ။ ထို့ပြင် စုန့်ဝမ်၏ အမူအရာမှာ ကျင့်ကြံသူတစ်ဦးအတွက် သိက္ခာကျလောက်အောင် သူရဲဘောကြောင်လွန်းနေသည်။ မျက်နှာဖုံးစွပ်ထားသူက မေးခွန်းတစ်ခု မေးရုံ၊ ဘာမှပင် မလုပ်ရသေးဘဲ လက်လွှတ်ပေးလိုက်ခြင်းက သိက္ခာမဲ့လှသည်။ လူတိုင်း၏ အကြည့်များတွင် စုန့်ဝမ် အပေါ် အထင်အမြင်သေးမှုများ ပြည့်နှက်သွားသည်။
မျက်နှာဖုံးစွပ်ထားသူမှာလည်း ကြောင်သွားခဲ့သည်။ သို့သော် သူက ထိုကျောက်ဖျာပေါ်တွင် ချက်ချင်း မထိုင်သေးဘဲ စုန့်ဝမ်ကို သတ်ချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ထိုအခိုက် သူ့နောက်မှ ပြင်းထန်သော လေလှိုင်းတစ်ခု တိုက်ခတ်လာသည်ကို မျက်နှာဖုံးနှင့်လူ ခံစားမိလိုက်သည်။ ထိုလေပြင်းမှာ အန္တရာယ် မရှိသလို သူ့ကိုလည်း ထိခိုက်စေခြင်း မရှိပေ။ မျက်နှာဖုံးစွပ်ထားသူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့ကို ခေါင်းခါပြနေသော ဖုန်ချီကို တွေ့လိုက်ရသဖြင့် စိတ်လျှော့ပြီး ကျောက်ဖျာပေါ်တွင် ဝင်ထိုင်လိုက်သည်။
ခန်းမအတွင်းရှိ ကျင့်ကြံသူများ၏ အာရုံမှာ စုန့်ဝမ်ထံမှ မျက်နှာဖုံးစွပ်ထားသူထံသို့ ပြောင်းသွားသည်။ ယခုအခါ သူနှင့် ကျိရုရွယ်အပြင်၊ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးသာလျှင် ကျောက်ဖျာတစ်ခုကို တစ်ယောက်တည်း ယူထားကြခြင်း ဖြစ်သည်။ ဝိညာဉ်ရည် ပိုမိုလိုချင်နေသော ကျင့်ကြံသူများသည် ကျိရုရွယ်နှင့် မျက်နှာဖုံးစွပ်ထားသူတို့ကို အကဲခတ်လာကြသည်။ အထူးသဖြင့် ကျောက်ဖျာတစ်ခုကို ခွဲဝေယူထားကြသော လေ့မိသားစုမှ လူ ၄ ဦးနှင့် ဓားပြ ၆ ဦးတို့ ဖြစ်သည်။ ဓားပြ ၆ ဦးထဲတွင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်သည်။ အမျိုးသမီး ၂ ဦးမှာ ဟယ်ဟွမ်းဂိုဏ်းမှ ဖြစ်ကြသည်။ အမျိုးသား ၄ ဦးမှာ မဟာကောင်းကင်ဓားဂိုဏ်းမှ ဖြစ်ကြရာ ၎င်းတို့သည် ဂိုဏ်းတူဖြစ်သော ကျိရုရွယ်အပေါ် ရန်လိုခြင်း မရှိသော်လည်း မျက်နှာဖုံးစွပ်ထားသူကိုမူ ရန်လိုသော အကြည့်များဖြင့် ကြည့်နေကြသည်။
လူတိုင်းက စိတ်ဝင်စားနေကြသော်လည်း မည်သူမျှ မလှုပ်ရှားသေး။ တိုက်ပွဲတစ်ခုကို အရင်စတင်သူ မဖြစ်ချင်သဖြင့် မတိုက်ခိုက်သေးဘဲ တစ်စုံတစ်ယောက် စတင်လှုပ်ရှားမည်ကို စောင့်နေကြခြင်း ဖြစ်သည်။
အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဝိညာဉ်ရည် ပေါ်လာရန် မိနစ် ၃၀ ခန့်သာ လိုတော့သည်။ ထိုအချိန်အတွင်း၌ မည်သူမျှ ရောက်မလာကြပေ။ ယင်းမှာ ဝိညာဉ်ရည်ကို လိုချင်သော ကျင့်ကြံသူ အားလုံး ခန်းမထဲသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ ဝိညာဉ်ရည် ပိုမိုလိုချင်နေကြသော ကျင့်ကြံသူများသည် ကျိရုရွယ်နှင့် မျက်နှာဖုံးစွပ်ထားသူတို့ကို ကြည့်ကာ လူသတ်လိုသော အရှိန်အဝါများ ပိုမို ပြင်းထန်လာခဲ့သည်။ ဓားပြ ၆ ဦးထဲမှ တစ်ဦးမှာ စိတ်မရှည်နိုင်တော့ပေ။ ထိုလူမှာ အသားညိုညို၊ ဗလတောင့်တောင့်နှင့် ကျင့်ကြံသူထက် လယ်သမားတစ်ဦးနှင့် ပိုတူသည်။ သူသည် မဟာကောင်းကင်ဓားဂိုဏ်းမှ ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထိုသူက ဓားပျံတစ်လက်ကို ဆင့်ခေါ်ပြီး မျက်နှာဖုံးစွပ်ထားသူထံသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။ "ကျောက်ဖျာကို လက်လွှတ်ပေးမလား၊ သေမလား"
ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် လူတိုင်း၏ အာရုံမှာ မျက်နှာဖုံးစွပ်ထားသူဆီသို့ ထပ်မံ ရောက်သွားခဲ့သည်။ အစောပိုင်းက သူသည် သူတစ်ပါးကို ခြိမ်းခြောက်ခဲ့သူ ဖြစ်သော်လည်း ယခုအခါ သူကိုယ်တိုင် ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။
မျက်နှာဖုံးစွပ်ထားသူလည်း မတ်တတ်ရပ်လိုက်ပြီး သူ့ခါးရှိ ဝိညာဉ်သားရဲအိတ်ကို ပုတ်လိုက်သည်။ ကြီးမားသော ဝံပုလွေတစ်ကောင် ပေါ်လာသည်။ ယင်းမှာ ဒုတိယအဆင့် နှောင်းပိုင်းရှိ ဝိညာဉ်သားရဲပင် ဖြစ်လေတော့သည်။
ထိုခန့်ညားထည်ဝါသော ဝံပုလွေကြီးကို ကြည့်ပြီး လယ်သမားနှင့်တူသော အမျိုးသားကျင့်ကြံသူက အထင်သေးသော အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ "တိရစ္ဆာန်လေးတစ်ကောင်ကများ ငါ့ရှေ့မှာ လာကြွားနေသေးတယ်" စကားဆုံးသည်နှင့် ဓားကွက်ဖော်ရန် လက်ဟန်များ လှုပ်ရှားလိုက်ရာ ဓားပျံသည် ဝံပုလွေဆီသို့ အရှိန်ပြင်းစွာ တိုးဝင်သွားသည်။
"ဝူး..." ဝံပုလွေကြီးသည် ရုတ်တရက် ခုန်တက်လိုက်ပြီး ဓားသွားကဲ့သို့ ထက်မြက်သော ခြေသည်းများဖြင့် တိုက်ခိုက်လိုက်သည်။
"ချွန်း" ခြေသည်းများနှင့် ဓားရှည်တို့ ထိမှန်သံ ထွက်ပေါ်လာပြီး မီးပွားများ စင်ထွက်သွားသည်။ ဓားရှည်မှာ ထိန်းချုပ်မှု လွတ်သွားကာ အဝေးသို့ လွင့်စဉ်သွားသလို၊ ဝံပုလွေကြီးမှာလည်း မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။ ၎င်း၏ခြေဖဝါးများတွင် ဓားချီကြောင့် အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာများ ရသွားပြီး အမွှေးအမျှင်များမှာ သွေးရောင် လွှမ်းသွားသည်။
လယ်သမားပုံစံကျင့်ကြံသူက ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ လွင့်စဉ်သွားသော ဓားရှည်ကို ပြန်လည် ထိန်းချုပ်ကာ ဝံပုလွေကြီးထံသို့ ထပ်မံ ခုတ်ပိုင်းလိုက်ပြန်သည်။ အစောပိုင်းက တိုက်ခိုက်မှုမှာ စမ်းသပ်ရုံမျှသာ ဖြစ်သော်လည်း ယခုတစ်ကြိမ်မှာမူ အားကုန်သုံး၍ တိုက်ခိုက်ခြင်း ဖြစ်သည်။ ဓားချီမှာ ကောင်းကင်ယံကို ဖြတ်သန်းသွားသော သက်တံတစ်ခုအလား အားကောင်းလှသည်။
မျက်နှာဖုံးစွပ်ထားသူ၏ အမူအရာမှာ တင်းမာသွားသည်။ ဤဓား၏ အစွမ်းမှာ ဝံပုလွေကြီး၏ ခုခံနိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။ လက်ကိုမြှောက်ကာ ဒိုင်းလွှားတစ်ခုကို ပစ်လွှတ်၍ ကူညီရန် ကြိုးစားသော်လည်း၊ ဓားပျံမှာ ဒိုင်းလွှားမရောက်မီ ဝံပုလွေထံသို့ ရောက်ရှိသွားခဲ့သည်။ ဝံပုလွေကြီး၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသော်လည်း ရှောင်လွှဲမရသည့်အဆုံး ရှေ့ခြေနှစ်ဖက်ဖြင့် အတင်း ခုခံလိုက်ရသည်။ ဓားပျံက ခြေသည်းများကို ဖြတ်တောက်ကာ ဝံပုလွေ၏ ခြေထောက်ကို ခုတ်ပိုင်းသွားသည်။
"ဝူး..." ဝံပုလွေကြီး၏ ဘယ်ဘက်ရှေ့ခြေထောက် တစ်ဝက်ခန့် ပြတ်တောက်သွားသည်။ ထို့ပြင် ဓားချီမှာ ဝမ်းဗိုက်သို့ ဆက်လက် တိုးဝင်သွားပြီး နှစ်ပေကျော် ရှည်လျားသော ဒဏ်ရာကြီးတစ်ခုကို ဖန်တီးလိုက်ရာ ကလီစာများပင် ထွက်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ ဝံပုလွေကြီးလည်း ပြင်းထန်သော ဓားချီအရှိန်ကြောင့် လွင့်စင်သွားတော့သည်။
မျက်နှာဖုံးစွပ်ထားသူမှာ ဒဏ်ရာရသွားသော ဝိညာဉ်သားရဲကို ဆေးလုံးများ အလျင်အမြန် တိုက်ကျွေးပြီး သားရဲအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ ပြတ်ထွက်သွားသော ခြေထောက်လည်း ကောက်ယူလိုက်သည်။ ဓားပျံတိုက်ခိုက်မှုကို ကာကွယ်ရန် သူသည် ဒိုင်းလွှားဖြင့် ကာကွယ်ထားသော်လည်း၊ ဓားပျံက ပြန်လှည့်လာပြီး မျက်နှာဖုံးစွပ်လူထံ တိုးဝင်လာသည်။
“ချွမ်..” ဓားမြှောင်တစ်လက်၏ ကြားဝင်ဟန့်တားမှုကြောင့် ဓားပျံမှာ ဘေးသို့ လွှင့်စင်သွားသည်။ ၎င်းမှာ လျန်ထျန်းလု ဝင်ရောက် ကူညီလိုက်ခြင်း ဖြစ်သည်။
လယ်သမားဟန်နှင့်ကျင့်ကြံသူက ရယ်မောလိုက်သည်။ "မင်းတို့ သားရဲသခင်ဂိုဏ်းက မနိုင်ရင် လူအင်အားနဲ့ ဖိတိုက်တတ်တာပဲလား၊ ဒါပေမဲ့ မင်းတို့က ငါတို့လောက် လူမများဘူး ထင်တယ်"
သူ၏ စကားဆုံးသည်နှင့် ဓားပြ ၆ ဦးထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှေ့သို့ ထွက်လာကြသည်။ အမျိုးသားက ဓားပျံတစ်လက်ကို ဆင့်ခေါ်ကာ မျက်နှာဖုံးစွပ်ထားသူထံ ပစ်လွှတ်လိုက်သည်။ အမျိုးသမီးမှာမူ ကျောက်စိမ်းတုတ်တံ တစ်ခုကို ထုတ်ကာ လေထဲတွင် ဝှေ့ယမ်းလိုက်သည်။ လှပသော ပန်းပွင့်ချပ်များနှင့် ပန်းရောင် မြူခိုးများမှာ ဟင်းလင်းပြင်မှ ပေါ်ထွက်လာပြီး မျက်နှာဖုံးစွပ်ထားသူထံသို့ လွင့်မျောသွားခဲ့သည်။ သူတို့နှစ်ဦးမှာ မျက်နှာဖုံးစွပ်ထားသူကို အရင်သတ်ပြီးမှ လျန်ထျန်းလုကို ရင်ဆိုင်စရန် ကြံစည်ထားခြင်း ဖြစ်သည်။
မျက်နှာဖုံးစွပ်ထားသူမှာ အခြေအနေကို မဟန်သည်နှင့် ဒိုင်းလွှားကို အစွမ်းကုန် အသက်သွင်းလိုက်သည်။ ဒိုင်းလွှား၏ ပုံရိပ်ယောင်များစွာ ထွက်ပေါ်လာပြီး ဓားပျံ၏ စွမ်းအားကို လျှော့ချရန် ကြိုးစားသော်လည်း၊ ဓားရှည်မှာ ထိုပုံရိပ်ယောင်များကို ဖောက်ထွက်ကာ ဒိုင်းလွှားကို အရှိန်ပြင်းစွာ ထိမှန်သွားခဲ့သည်။ မျက်နှာဖုံးစွပ်ထားသူမှာ ဒိုင်းလွှားနှင့်အတူ အနောက်သို့ လွင့်စဉ်သွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
သို့သော် မြေပြင်ပေါ် ဆင်းသက်ပြီး ဟန်ချက် ပြန်ထိန်းနေစဉ်မှာပင် ပန်းရောင်မြူခိုးများ သူ့ထံသို့ ရောက်ရှိလာသည်။ ပန်းပွင့်ချပ်များမှာ သူ့ခန္ဓာကိုယ်တွင်းသို့ စီးဝင်သွားသည်နှင့် မျက်နှာဖုံးစွပ်ထားသူမှာ ရုတ်တရက် တောင့်ခဲသွားပြီး မိန်းမောတွေဝေသွားခဲ့သည်။ ထပ်မံ ဦးတည်လာသော ဓားပျံကို မြင်သော်လည်း မည်သို့ရှောင်ရမည်၊ ကာကွယ်ရမည်ကို မသိသည့်အလား ဖြစ်နေသည်။
ဓားချီက သူ့နဖူးကို ခွဲတော့လုဆဲဆဲတွင်မှ ရုတ်တရက် သတိပြန်ဝင်လာပြီး ကိုယ်ကို အမြန်ငုံ့ချကာ ဒိုင်းလွှားကို မြှောက်၍ ခုခံလိုက်သည်။ ဓားရှည်မှာ ဒိုင်းလွှား၏ အနားသတ်ကို ထိမှန်သွားပြီး ဓားချီမှာ ဦးခေါင်းဘေးမှ ဖြတ်ကျော်သွားရာ ဦးရေခွံပင် ပြတ်ထွက်သွားသည်။ ဦးရေခွံနှင့်အတူ အသားများ ပြတ်ပါသွားပြီး ဖြူဖွေးနေသော ဦးခေါင်းခွံကြီး ပေါ်ထွက်လာခဲ့သည်။ ပြင်းထန်သော အားလှိုင်းရိုက်ခတ်မှုကြောင့် လူရော၊ ဒိုင်းလွှားပါ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ တစ်ဖက်ရန်သူက ထပ်မံ တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်သောအခါ မျက်နှာဖုံးစွပ်ထားသူမှာ ထိတ်လန့်သွားပြီး ဖုန်ချီထံသို့ အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဖုန်ချီက ကျောက်ဖျာပေါ်တွင် တည်ငြိမ်စွာ ထိုင်နေရင်း လက်ကိုမြှောက်ကာ မီးနဂါးတစ်ကောင်ကို လွှတ်၍ မျက်နှာဖုံးစွပ်ထားသူထံ ဦးတည်နေသော ဓားပျံကို တားဆီးပေးလိုက်သည်။ ထို့နောက် ချောင်းတစ်ချက်ဟန့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "မဟာကောင်းကင်ဓားဂိုဏ်းနဲ့ ဟယ်ဟွမ်ဂိုဏ်းက မိတ်ဆွေတို့ ... ငါ့မျက်နှာ ထောက်ပြီး သူ့ကို အသက်ချမ်းသာပေးလို့ မရဘူးလား။ ကျောက်ဖျာကို လိုချင်ရင်လည်း ယူသွားကြပါ"
"ဟား... ဟား... ဖုန်ချီ... နင်က ကိုယ့်ကိုယ်ကိုယ် တော်တော် အထင်ကြီးနေတာပဲ။ သူက နှစ်တစ်သောင်းဝိညာဥ်ရည်ကို လုရဲတယ်ဆိုကတည်းက သေဖို့လည်း ပြင်ဆင်ထားရမှာပေါ့" ကျိရုရွယ်က ရယ်မောရင်း လှောင်ပြောင်သံဖြင့် ဆိုလာသည်။
ဖုန်ချီ၏ မျက်နှာမှာ မည်းမှောင်သွားသည်။ အခြားသူများက သူ့ကို လှောင်ပြောင်လျှင် ထားပါဦး၊ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူလေးက သူ့ကို ရန်စရဲသည်မှာ အတော်လေး လွန်လှသည်။ "ငါ မှတ်မိတာ မလွဲရင် မင်းက အရှေ့ဟွာဖန်းဈေးမှာ ငါ့ငယ်သားတွေ လိုက်ဖမ်းတာ ခံရလို့ အရှက်တကွဲ ထွက်ပြေးခဲ့ရတဲ့ ကျိရုရွယ် မဟုတ်လား။ မင်းရဲ့ဆရာကသာ မကူညီရင် သေနေတာ ကြာလှပြီ။ အခု ဒီမှာလာပြီး ဟောင်ရဲသေးတယ်ပေါ့"
ကျိရုရွှယ်က အေးစက်စွာ ပြန်ပြောသည်။ "ဖုန်ချီ... နင့်လူတွေက ကိုယ့်လူအချင်းချင်း အနိုင်ကျင့်ပြီး ကျောက်ဖျာကို လုခဲ့တာပဲ။ ငါတို့ ရွှမ်ထျန်းဓားဂိုဏ်းက တပည့်တွေကိုတောင် မယှဉ်နိုင်ဘဲ သေရတာကတော့ အသုံးမကျလို့ပဲပေါ့။ ဒါက သားရဲသခင်ဂိုဏ်းအတွက် ငါတို့ မဟာကောင်းကင်ဓားဂိုဏ်းက အမှိုက်ရှင်းပေးလိုက်တာလို့ပဲ သဘောထားလိုက်ပါ"
ဖုန်းချီက အံကြိတ်ကာ "ကျိရုရွယ်... မင်းက ငါနဲ့ ရန်သူဖြစ်ဖို့ တကယ်ပဲ ဆုံးဖြတ်ထားတာပေါ့"ဟု ပြောလိုက်သည်။
ကျိရုရွယ်က မျက်ခုံးပင့်လိုက်ပြီး "ငါက နင့်ကို ကြောက်မယ် ထင်လို့လား"ဟု ခွန်းတုံ့ပြန်လိုက်သည်။
"မင်း သေချင်တယ်ဆိုလည်း ငါက ဖြည့်ဆည်းပေးရတာပေါ့" ဖုန်းချီက လက်ကိုမြှောက်၍ ကြီးမားသော မီးနဂါးနှစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ ခန်းမတစ်ခုလုံး၏ အပူချိန်မှာ ရုတ်တရက် မြင့်တက်သွားပြီး လူသတ်လိုသော အရှိန်အဝါများမှာ ပျံ့နှံ့သွားခဲ့သည်။
"ဖုန်ချီ... ငါတို့ မဟာကောင်းကင်ဓားဂိုဏ်းကို အနိုင်ကျင့်ရင် မင်းကို တားမယ့်သူ မရှိဘူး ထင်နေတာလား" မဟာကောင်းကင်ဓားဂိုဏ်းမှ မုတ်ဆိတ်ဗရပွနှင့် ကျင့်ကြံသူ မနေသာတော့ဘဲ ဝင်ပါလာသည်။ အကယ်၍ ဖုန်ချီသာ ကျိရုရွယ်ကို တိုက်ခိုက်မည်ဆိုပါက သူနှင့် ရင်ဆိုင်ရမည်မှာ မလွဲပင်။
ဖုန်ချီက ထိုကျင့်ကြံသူကို အေးစက်စွာ ကြည့်လိုက်ပြီး "မဟာကောင်းကင်ဓားဂိုဏ်းရဲ့ ဓားပညာကို မင်းဆီကနေ သင်ယူကြည့်ချင်ပါသေးတယ်" ဟု ဆိုသည်။
ထိုစဉ်မှာပင် ညှို့ဓာတ်ပြင်းသော အသံချိုချိုလေးတစ်ခု ထွက်ပေါ်လာပြန်သည်။ "ဖုန်ချီ... ရှင်က ကျွန်မ ရှိနေတာကို မေ့နေပုံရတယ်။ ရှင့်တစ်ယောက်တည်းနဲ့ ကျွန်မရယ်၊ အစ်ကိုတော်ရွှယ်ကူးရယ်၊ ညီမလေးကျိရယ်ကို အနိုင်တိုက်နိုင်မယ် ထင်နေတာလား"
ယခုတစ်ခါ ကြားဝင်လာသူမှာ ဖုန်ချီ၏ အချစ်ဟောင်း မုယွမ်ရှင်းပင် ဖြစ်သည်။ မဟာကောင်းကင်ဓားဂိုဏ်းမှ မုတ်ဆိတ်ဗလပွနှင့် အခြေတည်အဆင့် အထွတ်အထိပ် ကျင့်ကြံသူမှာ သူမပြောသော အစ်ကိုတော်ရွှယ်ကူးပင် ဖြစ်သည်။
ဖုန်ချီသည် တစ်ချိန်က မုယွမ်ရှင်း၏ အခန်းဆောင်တွင် အမြဲတမ်း ဧည့်သည်တော်ဖြစ်ခဲ့ဖူးသည်။ သို့သော် ဖုန်ချီသည် ကျိရုရွယ်ကို ဖမ်းဆီးစဉ် မုယွမ်ရှင်းကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းတို့ နှစ်ဦးမှာ ရန်သူများ ဖြစ်သွားခဲ့ကြသည်။ ယခုအခါ ဖုန်ချီသည် သူမအတွက် သူစိမ်းတစ်ယောက်သာ ဖြစ်သည်။ သူမ၏ ကျောက်စိမ်းရောင် လက်မောင်းများသည် ယခုအခါ အခြားသူ၏ ခေါင်းအုံးပေါ်တွင် နားခိုနေပြီး၊ သူမ၏ နှုတ်ခမ်းနီအလှကိုလည်း အခြားသူက မြည်းစမ်းနေပြီ ဖြစ်သည်။ ညတိုင်းတွင်လည်း သူမသည် နောက်ဖေးဥယျာဉ်မှ ပန်းများအကြောင်း သီချင်းများကို ဆက်လက် သီဆိုနေဆဲ ဖြစ်သည်။
***