နင်ဝေ့၏ စကားများကို နားထောင်ပြီးနောက် ရှောင်မိုက ခေါင်းငုံ့သွားကာ သူ၏မျက်လုံးများထဲတွင် ဖော်ပြ၍မရနိုင်သော စိတ်ခံစားချက်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"အစ်ကိုကြီးရှောင်"
ရှောင်မို တိတ်ဆိတ်နေသည်ကို မြင်သောအခါ နင်ဝေ့က သူ၏ အင်္ကျီလက်စကို စိုးရိမ်တကြီးဖြင့် ဆွဲလိုက်သည်။
"အစ်ကို ဘာမှမဖြစ်ပါဘူး" ရှောင်မိုက ပြုံးကာ ခေါင်းခါပြလိုက်သည်။
နင်ဝေ့က ဖုန်းယဲ့မြို့တော် အစီအရင်၏ သွေးချီများကို မြင်နိုင်စွမ်းရှိကြောင်း ရှောင်မို သိလိုက်ရချိန်တွင် သူမ၏ ကျင့်ကြံခြင်းပါရမီက သာမန် ယင်ယန်မျက်လုံးများထက် သာလွန်ကာ အမှန်တကယ်ပင် ထူးကဲလှကြောင်း သူ သိရှိသွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ယင်ယန်မျက်လုံး အများစုက ဝိညာဉ်အချို့ကိုသာ မြင်နိုင်ပြီး ဖုန်းယဲ့မြို့တော်၏ သွေးချီများကို မမြင်နိုင်ကြပေ။
နင်ဝေ့၏ ယင်ယန်မျက်လုံးများက ဤမျှအထိ စွမ်းစွမ်းတမန် ရှိနေကြောင်းကိုသာ ဝမ်ချွမ်ဂိုဏ်းက သိခဲ့ပါက သူတို့က ဒီထက်ပိုပြီး ပြင်းထန်တဲ့ လုပ်ရပ်တွေကို စောစောစီးစီးကတည်းက လုပ်ဆောင်ခဲ့ပြီးလောက်ပြီဖြစ်သည်။
မမျှော်လင့်ဘဲ နင်ဝေ့၏ ယင်ယန်မျက်လုံးများက အစီအရင်၏ သွေးချီများကို မြင်နိုင်ရုံသာမက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားခဲ့သော အစ်ကိုသုံး၏ ကြွင်းကျန်ရစ်သော ဝိညာဉ်ကိုပါ မြင်နိုင်စွမ်းရှိနေခဲ့သည်။
ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ မလျှောက်လှမ်းရသေးသော သာမန်လူတစ်ယောက်အနေဖြင့် ဂူဗိမာန်အဆင့် ကျင့်ကြံသူတစ်ဦး သန့်စင်ထားသော ကြွင်းကျန်ရစ်သည့် ဝိညာဉ်တစ်ခုကို မြင်တွေ့နိုင်ရန်မှာ အလွန်ခက်ခဲလှသည်။
သို့သော် ယခုအချိန်တွင် နင်ဝေ့၏ မြင့်မားလှသော ပါရမီကို လေ့လာစူးစမ်းနေရန် ရှောင်မို၌ အချိန်သိပ်မရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော် သာမန်လူတစ်ယောက်ဖြစ်သည့် နင်ဝေ့အနေဖြင့် အစ်ကိုသုံး၏ ဝိညာဉ်ကို မြင်တွေ့နိုင်ရန်မှာ နောက်ထပ် အခြေအနေတစ်ခု ပြည့်စုံရန် လိုအပ်သောကြောင့်ဖြစ်သည်။ ယင်းမှာ ကြွင်းကျန်ရစ်သော ဝိညာဉ်တွင် လုံလောက်သော ရန်ငြိုးများ ရှိနေရမည် ဖြစ်သည်။
အစ်ကိုသုံး၏ ရန်ငြိုးများက အလွန်နက်ရှိုင်းလှပြီး သူ၏ နာကြည်းမှုများကလည်း ပြင်းထန်လှကာ သူက လုံးဝ ကျေနပ်မှုမရှိဘဲ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် အစ်ကိုသုံးက သူ့ကို မြင်လိုက်ရချိန်တွင် အစ်ကိုသုံး၏ ကြွင်းကျန်ရစ်သော ဝိညာဉ်တွင် အသိစိတ် မရှိတော့လျှင်တောင်မှ အစ်ကိုသုံးက မသိစိတ်၏ စေ့ဆော်မှုကြောင့် သူ့ကို တွေ့ချင်နေသေးပြီး တစ်ခုခု ပြောပြချင်နေခဲ့သည်... "အစ်ကိုသုံး"
ငယ်ဘဝတုန်းက အခြားညီအစ်ကိုတွေ ပင်ပန်းမှာစိုးလို့ အရာအားလုံးကို သူ့ပခုံးပေါ်မှာပဲ ထမ်းတင်ထားခဲ့တဲ့ အကိုကြီးကို ပြန်အမှတ်ရမိပြီး ရှောင်မိုတစ်ယောက် မျက်လွှာချသွားခဲ့ရသည်။
ရှောင်မိုက သက်ပြင်းပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး မြေကြီးပေါ်တွင် ရေးဆွဲထားသော ပုံတူကို ဓားအိမ်ဖြင့် ဖျက်ပစ်လိုက်သည်။ ထို့နောက် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ကာ နင်ဝေ့အား ကမ်းပေးလိုက်သည်။ "ဝေ့ဝေ့... ဒါလေး ယူထားလိုက်။ အန္တရာယ်တစ်ခုခုကြုံလာရင် ဒါလေးကိုသာ ရိုက်ခွဲပစ်လိုက်။ ညီမလေး ဘာမှမဖြစ်စေရဘူး"
"ဟုတ်ကဲ့... အစ်ကိုကြီးရှောင်" နင်ဝေ့က ခေါင်းညိတ်ကာ ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပြီး သူမ၏ အဖိုးတန်ဆုံး ရတနာတစ်ခုကဲ့သို့ ရင်ဘတ်တွင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
သို့သော် အစ်ကိုကြီးရှောင်၏ ပုံစံကို ကြည့်ကာ နင်ဝေ့က အလွန်စိုးရိမ်နေဆဲပင်။ "အစ်ကိုကြီးရှောင်... တကယ်ပဲ ဘာမှမဖြစ်ဘူးမလား"
"အစ်ကို ဘာမှမဖြစ်ပါဘူး"
ရှောင်မိုက နင်ဝေ့၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး မတ်တတ်ရပ်ကာ ခြံဝင်းအပြင်သို့ လျှောက်ထွက်သွားခဲ့သည်။
သို့သော် မိန်းကလေးငယ်က အစ်ကိုကြီးရှောင်၏ ကျောပြင်ကို ကြည့်ရင်း ဓားအိမ်ကို ဆုပ်ကိုင်ထားသော သူ၏လက်က ပို၍တင်းကျပ်သွားသည်ကို သတိထားမိလိုက်သည်။
"ဂုဏ်ယူပါတယ် မြို့သခင်။ ကွဲကွာနေတဲ့ ညီအစ်ကိုကို ပြန်တွေ့ရလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"
ယွင်လျို စားသောက်ဆိုင်၏ နွေဦးခန်းမဆောင်ထဲတွင် နင်ဖူကွေ့က ချန်ကျိန်းဟောင်အား အလျင်အမြန် ဂုဏ်ပြုစကား ဆိုလိုက်သည်။
သူ၏ခယ်မဖြစ်သူနှင့် ထိုအမျိုးသားတို့ကြားတွင် ဖောက်ပြန်မှုများ ရှိနိုင်သည်ဟု တွေးမိသောအခါ သူ၏ရင်ထဲတွင် အလွန်မသက်မသာ ဖြစ်သွားရသော်ငြားလည်း။
သို့သော် တစ်ဖက်လူက မြို့သခင်၏ ညီဖြစ်နေသောကြောင့် သူ ဘာထပ်ပြောနိုင်မည်နည်း။
"မင်းရဲ့ မြှောက်ပင့်စကားတွေ မလိုပါဘူး" ချန်ကျိန်းဟောင်က နင်ဖူကွေ့ကို ခံစားချက်ကင်းမဲ့စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး "သွား... အဲဒီသားအမိနှစ်ယောက်ကို စောင့်ကြည့်ထားလိုက်"
"သူတို့ကို ဖုန်းယဲ့မြို့တော်ကနေ ထွက်မသွားစေနဲ့... ကြားလား"
"ဗျာ" နင်ဖူကွေ့မှာ တစ်ခဏမျှ ကြက်သေသေသွားပြီး "မြို့သခင်... ဘာကို ဆိုလိုတာလဲဗျ"
"အလုပ်က အလုပ်ပဲ။ ကိုယ်ရေးကိုယ်တာက ကိုယ်ရေးကိုယ်တာပဲ။ အဲဒီ နင်ဝေ့က ငါ့ရဲ့ ဂိုဏ်းတူအစ်မ လိုချင်နေတဲ့သူပဲ။ သူမကို ဝမ်ချွမ်ဂိုဏ်းဆီ ပြန်မခေါ်သွားနိုင်ရင် ငါ ဒုက္ခကြီးကြီး ရောက်လိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ခယ်မကတော့ ငါ့ကို မျက်နှာသာပေးဖို့ လုံးဝ စိတ်ကူးမရှိပုံရတယ်"
စကားပြောနေစဉ်အတွင်း ချန်ကျိန်းဟောင်၏ မျက်လုံးများထဲတွင် ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူ၏ဘေးရှိ အပြင်စည်းတပည့်နှစ်ဦးကို ပြောလိုက်သည်။
"နောက်လေးရက်နေရင် မင်းတို့နှစ်ယောက် မျက်နှာဖုံးစွပ်ပြီး နင်ဝေ့ကို သတိလစ်အောင်ရိုက်ပြီး မြို့သခင်အိမ်တော်ကို ခေါ်လာခဲ့။ မှတ်ထား... အဲဒီလုပ်ရပ်ကို ငါတို့လုပ်မှန်း ကောင်မလေး နင်ဝေ့ကို မသိစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဂိုဏ်းတူအစ်မက နင်ဝေ့ကို ဂူဗိမာန်အဆင့်ရောက်တဲ့အထိ သေချာကျင့်ကြံစေချင်သေးတယ်လေ... ကြားလား"
ဝမ်ချွမ်ဂိုဏ်း၏ အပြင်စည်းတပည့် အများအပြားက တပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။ "ဟုတ်ကဲ့ပါ"
"ကောင်းပြီ... မင်းတို့အားလုံး အရင်ထွက်သွားလို့ရပြီ။ ငါ့ညီငါးနဲ့ ငါနဲ့က အေးအေးဆေးဆေး စကားပြောကြဦးမှာဆိုတော့ မင်းတို့ ဒီမှာ ရှိနေစရာ မလိုတော့ဘူး" ချန်ကျိန်းဟောင်က လက်ယမ်းကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကို"
"ဟုတ်ကဲ့ပါ မြို့သခင်"
အားလုံးက ဦးညွှတ်ကာ သီးသန့်ခန်းထဲမှ ထွက်ခွာသွားကြသည်။
သီးသန့်ခန်းထဲတွင် တစ်ယောက်တည်း ထိုင်ရင်း ချန်ကျိန်းဟောင်က သူ၏ မေးစေ့ကို ပွတ်သပ်ကာ ဤကိစ္စကို သူ၏ ညီငါးသိအောင် မည်သို့ဖုံးကွယ်ရမည်နည်းဟု တွေးတောနေသည်။
ညီငါးက ကလေးဘဝတုန်းကလို ကြင်နာတတ်တုန်းပဲ။ သူ့ရဲ့ စရိုက်က မပြောင်းလဲသေးဘူး။
နောက်ခုနစ်ရက်နေရင် လုပ်မယ့် သွေးပူဇော်ခြင်း အစီအရင်က ငါ့လက်ချက်ဆိုတာကိုသာ ညီငါးသိသွားရင် သူ အနည်းငယ် စိတ်ပျက်သွားလောက်တယ်။
သို့သော် ဤသွေးပူဇော်ခြင်း အစီအရင်က သူ ဂူဗိမာန်အဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန်နှင့် အနာဂတ်တွင် နဂါးတံခါးအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အုတ်မြစ်ချပေးရန် အလွန်အရေးကြီးလှသည်။
သူ ဤမြို့ရှိ လူများကို မဖြစ်မနေ ယဇ်ပူဇော်ရမည်ဖြစ်သည်။
"သခင်... သခင်လေးရှောင် ရောက်လာပါပြီ"
ချန်ကျိန်းဟောင်တစ်ယောက် အတွေးနယ်လွန်နေစဉ်မှာပင် သီးသန့်ခန်းအပြင်ဘက်မှ စားသောက်ဆိုင် ဝန်ထမ်းမိန်းကလေး၏ အသံ ထွက်ပေါ်လာသည်။
"သူ့ကို အမြန်ဖိတ်ခေါ်လိုက်ပါ" ချန်ကျိန်းဟောင်က ဝမ်းသာအားရ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ" စားသောက်ဆိုင် ဝန်ထမ်းမိန်းကလေးက ပြန်ဖြေလိုက်ပြီးနောက် တံခါးအပြင်ဘက်ရှိ ရှောင်မိုအား တိုးတိုးလေး ပြောလိုက်သည်။ "သခင်လေးရှောင်... ကျေးဇူးပြုပြီး အထဲဝင်ပါရှင်"
"လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေး"
ရှောင်မိုက ယဉ်ကျေးစွာ တုံ့ပြန်လိုက်ပြီး တံခါးကို တွန်းဖွင့်ကာ သီးသန့်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
"ဟားဟားဟား... ညီငါး... မင်းရောက်လာပြီပဲ" ချန်ကျိန်းဟောင်က အလျင်အမြန် မတ်တတ်ရပ်ကာ လျှောက်သွားပြီး ရှောင်မို၏ လက်ကိုဆွဲကာ ထိုင်ခုံတွင် ထိုင်စေလိုက်သည်။ "ဒီနေ့ ငါတို့ညီအစ်ကိုတွေ ဆုံရတာ ရှားပါတယ်... သေချာပေါက် သောက်ကြရအောင်"
ရှောင်မိုက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... ကျွန်တော်တို့ ညီအစ်ကိုတွေ သောက်သင့်ပါတယ်"
ထို့နောက် ရှောင်မိုက စားပွဲပေါ်ရှိ ဝိုင်အိုးကို ကောက်ကိုင်ကာ သူနှင့် ချန်ကျိန်းဟောင်အတွက် ဝိုင်တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။ "အစ်ကိုလေး... ကျွန်တော် ဂါရဝပြုပါတယ်"
"ဟားဟားဟား။ လာ... သောက်ကြရအောင်"
ချန်ကျိန်းဟောင်က သူ၏ ဝိုင်ခွက်ကို မြှောက်ကာ ရှောင်မို၏ ဝိုင်ခွက်နှင့် ခတ်လိုက်ရာ ခွက်ထဲရှိ ကြည်လင်သော ဝိုင်အရည်များက ညင်သာစွာ လှိုင်းထသွားကြသည်။
ချန်ကျိန်းဟောင်မှာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။
ဒီနှစ်တွေအတွင်းမှာ ဝမ်ချွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် တစ်ယောက်ဖြစ်လာပြီးတဲ့နောက် သူ ဘယ်လောက်တောင် သြဇာအာဏာ ကြီးမားလာခဲ့ကြောင်းတွေကို သူ ပြောပြခဲ့သည်။
လူဘယ်နှယောက်လောက်က သူ့ကို ဖားယားနေကြကြောင်းတွေကိုလည်း သူ ပြောပြခဲ့သည်။
ရတနာလေးတစ်ခုအတွက်နဲ့ လှပတဲ့ မိန်းမဘယ်နှယောက်က သူ့ခုတင်ပေါ်ကို ကိုယ့်သဘောနဲ့ကိုယ် ရောက်လာခဲ့ကြကြောင်းနဲ့ အဲဒီရတနာတွေဆိုတာကလည်း သူ သုံးလို့ပိုနေတဲ့ အရာတွေသာ ဖြစ်ကြောင်းတွေကိုလည်း သူ ပြောပြခဲ့သည်။
သူ့ဆီမှာ အခုဆိုရင် ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေ၊ ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာနဲ့ သူ ဘယ်လောက်တောင် ချမ်းသာနေပြီလဲဆိုတာတွေကိုလည်း သူ ပြောပြခဲ့သည်။
မည်သို့ပင်ဆိုစေ ချန်ကျိန်းဟောင်အတွက် သူ၏ လက်ရှိအောင်မြင်မှုများကို သူ၏ မိသားစုဝင်များအား ပြသခွင့်ရခြင်းက အောင်ပွဲခံ၍ အိမ်ပြန်လာရခြင်းနှင့် တူညီလှသည်။ သို့သော် ထမင်းစားပွဲတွင် ရှောင်မို၏ အမူအရာကမူ အလွန်တည်ငြိမ်နေပြီး ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း အလျဉ်းမရှိပေ။
ရှောင်မိုက နားထောင်နေပုံရသော်လည်း သူက အခြားအရာများကို တွေးတောနေပုံရသည်။
သို့သော် ချန်ကျိန်းဟောင်ကမူ သူ၏ ညီငါး၏ တည်ငြိမ်မှုအပေါ် သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ညီငါးက ငယ်ငယ်လေးကတည်းက ဤကဲ့သို့သော စရိုက်မျိုး ရှိခဲ့သောကြောင့်ဖြစ်သည်။
ဒီနှစ်တွေအကုန်လုံး ကြာသွားခဲ့ပေမယ့်လည်း ညီငါးက မပြောင်းလဲသေးဘူးလို့ပဲ ဆိုရမှာပေါ့။
ဤအချက်က ချန်ကျိန်းဟောင်ကို ကျေနပ်စေသော်လည်း တစ်ချိန်တည်းမှာပင် မကျေမနပ်လည်း ဖြစ်စေခဲ့သည်။
ဝိုင်သုံးခွက် သောက်ပြီးနောက် ချန်ကျိန်းဟောင်က သူ အလုံအလောက် သောက်ပြီးပြီဟု ခံစားလိုက်ရသည်။ ထို့ပြင် ဤနှစ်များတစ်လျှောက်လုံး သူ၏ ကျင့်ကြံခြင်းတွင် ရရှိခဲ့သော အောင်မြင်မှုများအကြောင်းကိုလည်း အတော်များများ ပြောပြခဲ့ပြီးပြီဖြစ်သဖြင့် သူ၏ ရင်ထဲတွင် အတော်လေး လန်းဆန်းသွားခဲ့သည်။
"ညီငါး... သွားကြရအောင်။ ငါ မင်းကို ဖုန်းယဲ့မြို့တော်က မြို့သခင်အိမ်တော်ဆီ ခေါ်သွားပြမယ်။ မင်းက အခု တကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပေမယ့် အုတ်မြစ်ချခြင်းအဆင့်ကို ရောက်နေပြီပဲ"
"ဒါဆို ငါ မင်းကို မိတ်ဆက်ပေးပြီး ဝမ်ချွမ်ဂိုဏ်းထဲကို ဝင်ကျင့်ကြံခွင့်ရအောင် လုပ်ပေးမယ်"
ချန်ကျိန်းဟောင်က ရှောင်မို၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် တကိုယ်တော်ကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်းမှာ အကန့်အသတ်တွေ ရှိနေမှာပဲ။ မင်းရဲ့နောက်ခံအဖြစ် ဂိုဏ်းတစ်ခုတော့ လိုအပ်တယ်။ အဲဒီအခါကျရင် မင်းလည်း မင်းရဲ့အစ်ကိုလေးလိုပဲ ဂူဗိမာန်အဆင့်ကို ရောက်ရှိလာနိုင်မှာပါ"
"ကောင်းပါပြီ" ရှောင်မိုက အလွန်တည်ငြိမ်သော လေသံဖြင့် ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင် အစ်ကိုလေးကို ဒုက္ခပေးရတော့မှာပေါ့"
***